Wednesday, July 14, 2010

စိတ် အကိုက်ခံရခြင်း


သူတို့ကို သတိထားမိသည်မှာ အတော်လေး ကြာခဲ့ပြီ။ ကြာဆို ဒီအိမ်ကို ပြောင်းလာကာစထဲကပင် ဖြစ်သည်။ အရင်အိမ်မှာတုန်းက သူတို့တွေကို တခါတလေတောင် မတွေ့ခဲ့ရဖူးပါ။ သည်အိမ်ကို ပြောင်းလာပြီးနောက် ရက်အနည်းငယ်အကြာမှာ အိမ်အဝင်ဝနားတွင် လှုပ်လှုပ်ရွရွနှင့် စီတန်း လှည့်လည်သွားလာနေသော သူတို့တွေကို မမျှော်လင့်ပဲ တွေ့လိုက်ရသည်။

သူတို့သည် တဦးချင်း တယောက်ချင်း၏ အရွယ်အစားအားဖြင့် သေးကွေးသလောက် စုပေါင်းလိုက်လျှင် ခွန်အား ကြီးထွားလာကြသူများ ဖြစ်သည်။ မြင်ရ တွေ့ရသလောက် အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြသည်။ ဇွဲ လုံ့လ ဝီရိယ ရှိကြသည်။ သူတို့သည် တနေရာမှ တနေရာသို့ ညီညီညာညာ စီတန်းသွားလာတတ်ကြသည်။ တဦး တယောက်၏ ခေါင်းဆောင်မှုကို အများစုက ကျေကျေနပ်နပ် လက်ခံ ကျင့်သုံးသည် (ဟု ထင်ရသည်)။ တယောက် အားနှင့် မရသည်ကို စုပေါင်းအားနှင့် ဆောင်ရွက်တတ်ကြသည်။

ကိုယ်သည် အင်းဆက်ဆိုလျှင် မည်သည့် အင်းဆက်မျိုးကိုမဆို သေမတတ် ကြောက်ရွံ့သူတယောက် ဖြစ်သည်။ သို့သော် သည်အသေး အကွေးကောင်လေးများကိုတော့ ကြောက်သော်လည်း သူတို့၏ အရွယ်အစားကိုကြည့်ရင်း သနား ကြင်နာသော စိတ်ကလေး အနည်းငယ် ဝင်လာသောကြောင့် အရမ်းကာရော မနှိမ်နင်းချင်။ သည်အတိုင်းသာ ကြည့်နေလိုက်မိသည်။ လွန်လွန်ကဲကဲတွေ ဖြစ်မလာလျှင် တော်လှပြီဟု တွေးထားသည်။ သူတို့ကို စေ့စေ့စပ်စပ် ငုံ့ကြည့်ပြီး နင်တို့ ဒီအိမ်မှာ နေချင်ရင် ကောင်းကောင်းနေ လိမ်လိမ်မာမာနေကြ၊ ငါ့ကို ဒုက္ခမပေးကြရင် နင်တို့ကိုလဲ ငါ ဘာမှ မလုပ်ဘူး ဟူ၍ စိတ်ထဲကနေ ခပ်တိုးတိုး ပြောမိသည်။

သူတို့… သူတို့…
သူတို့ ဆိုသည်မှာ အရောင် နီကျင်ကျင်နှင့် ပုရွက်ဆိတ်ကလေးများ ဖြစ်ကြသည်။

သို့သော် သူတို့သည် ကိုယ့်ပြောစကားကို နဲနဲမှ အလေးမထား၊ နားမထောင်ကြပါ။ သူတို့သည် တအိမ်လုံး နေရာအနှံ့ လျှောက်သွားကြသည်။ ထမင်းစားပွဲနားသို့လဲ လာကြသည်။ မီးဖိုအနားမှာလဲ ဘာပဲ ချထား ချထား ရစ်သီ ရစ်သီ လုပ်တတ်ကြသည်။ အဆိုးဆုံးကတော့ ကိုယ်စားနေကျ သကြားလုံးများ ချောကလက်များ ထည့်ထားသောဗူးနှင့် အာလူးကြော်ထုပ်များကို အပိုင်စီးကြခြင်းပင်။ သူတို့ကို မနှစ်သက်သော ကိုယ်သည် ကိုယ်ထိလက်ရောက် နှိမ်နင်းရန်လဲ အမှန်တကယ် သတ္တိမရှိခဲ့ပါ။ ပြီးတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးကြခြင်းကိုလဲ နဲနဲမှ မလိုလားသောကြောင့် အတတ်နိုင်ဆုံး ရှောင်ကွင်း ဖယ်ရှားကာ သည်းခံနေခဲ့သည်။ သူတို့ကို ကိုယ်ပေးခဲ့သော အပြင်းဆုံး အပြစ်ဒါဏ်မှာ လေနှင့် မှုတ်ထုတ် ဖယ်ရှားခြင်းမျှသာ။

သို့သော် ညနေခင်းတခုမှာ သူတို့အားလုံးကို နာကျည်းမုန်းတီးမိပြီး မေတ္တာထားမရစေသော အကြောင်းတခု ပေါ်လာခဲ့သည်။ ထိုနေ့က သူငယ်ချင်းတယောက်နှင့် ဖုန်းပြောအပြီးမှာ ဖုန်းကို ထမင်းစားပွဲပေါ်တွင် ချထားခဲ့မိသည်။ အနားမှာ စားလက်စ ကျောက်ကျော တပန်းကန်လဲ ရှိနေသေးသည်။ တိုတိုပြောရလျှင် ထိုကျောက်ကျောကို သူတို့ လာစားကြသည်။ သည်လောက်နှင့်ဆို ကိုယ် ခွင့်လွှတ်နိုင်ပါသေးသည်။ သို့သော် ထိုမှတဆင့် ကိုယ်မသိလိုက်ခင်မှာ ကျောက်ကျောပန်းကန်အနီးမှာ ချထားသော ဖုန်းကို လာတက်ပြီး လေ့လာကြသည်။ အဆိုးဆုံးက နောက်တကြိမ် ဖုန်းမြည်လာသောကြောင့် ထိုဖုန်းကို နားဖြင့်ကပ်ကာ ပြောအပြီးမှာ… ... ...

ဖုန်းနံပါတ် မှားခေါ်ခြင်း ဖြစ်သောကြောင့် စုစုပေါင်း တမိနစ်ပြည့်အောင် မပြောဖြစ်လိုက်ပါ။ သို့သော် ဖုန်းချအပြီး နားထဲမှာ တစီစီ မြည်သံတွေ ကြားနေရသလိုလို... ယားကျိကျိ ဖြစ်လာသလိုလို...။ အား…. တစုံတခုသော အသိကြောင့် မှန်ရှေ့သို့ အမြန်ပြေးကြည့်လိုက်ရာ ကိုယ့် နားရွက် အနီး အနားတဝိုက်မှာ သူတို့တွေကို တွေ့လိုက်ရလေသည်။ တချို့က နားရွက် အဝမှာ… ဒါဆို သေချာနေပြီ… သူတို့တွေထဲက တချို့က နားရွက်ထဲသို့ ဝင်သွားသည်မှာ သေချာနေပြီ။

ထိုတခဏမှာ နားထဲမှ အသံမျိုးစုံ ကြားလာရတာ… တဒုန်းဒုန်းနဲ့ လှမ်းလျှောက်နေသော ခြေသံတွေ၊ အားရပါးရ ရယ်မောသံတွေ၊ ခိုးခိုးခစ်ခစ် ခပ်ကျိတ်ကျိတ် ရယ်မောသံတွေ၊ တခါတခါမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သော အသံတွေ၊ တခုခုကို လွှဖြင့် ပွတ်တိုက်ဆွဲနေသလို တဂျစ်ဂျစ် မြည်သံတွေ၊ တခုခုကို လှုပ်ခါယမ်းနေသော ကလောက် ကလောက် မြည်သံတွေ၊ ပစ္စည်းတွေကို တရွတ်တိုက် တွန်းရွှေ့သံတွေ၊ ပြီးတော့ တစစ်စစ် ကိုက်ခဲလာသလိုလို ခံစားမှုတခု… သေချာနေပါပြီ။ သူတို့တွေ နားထဲက တခုခုကိုတော့ ကိုက်ဖြတ်နေကြပြီ။ နားစည်ကို ကိုက်ဖြတ်နေကြတာလား… ဒါဆို မကြာခင် ကိုယ် နားမကြားသူတယောက် ဖြစ်သွားနိုင်သည်။ နားစည်မှာ အပေါက်သေးသေးလေး ဖြစ်သွားရင်တောင် အကြားအာရုံတွေက ၂၀ ကနေ ၃၀ ရာခိုင်နှုန်း လျော့ကျသွားတတ်သတဲ့။ ပြီးတော့ နားထဲမှာ ရှိနေတဲ့ သဘာဝကပေးထားတဲ့ ပစ္စည်းတွေလဲ သူတို့တွေ ဟိုရွှေ့သည်ပြောင်းလုပ်နေတာ အခုလောက်ဆို နေရာထိုင်ခင်း အထားအသိုတွေ မှားယွင်းကုန်လောက်ပြီ ထင်ပါရဲ့…။

ထိုမျှနှင့် မပြီး… မီးခိုးကြွက်လျှောက် ဆက်ကာ ဆက်ကာ စဉ်းစားမိသည်။ ထိုသတ္တဝါလေးတွေသည် နားထဲမှ တဆင့် ဦးနှောက်ဆီသို့ ဆက်လက်ကူးသန်း သွားနေကြပြီလား… ပိန်ပါး သေးကွေးကာ ပေါ့ပါးလှသော သူတို့တွေသည် သွေးကြောတွေ အာရုံကြောတွေ နာ့ဗ်ကြောတွေမှတဆင့် နေရာအနှံ့အပြားကို ဥဒဟို ကူးသန်း သွားလာနေကြလောက်ပြီ…။ ဘုရား… ဘုရား… ခေါင်းနဘမ်းတွေ အတော်ကြီးလာသည်။ ချက်ချင်းပဲ ခေါင်းတွေက တစစ်စစ် ထိုးကိုက်လာကြသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် သူတို့တွေ ကိုယ့်ခေါင်းထဲ ဦးနှောက်ထဲ ရောက်ကုန်ကြတာ သေချာသလောက် ရှိနေပြီ။ ကြောက်အား လန့်အားနှင့် မျက်စေ့ကို စုံမှိတ်ချလိုက်သည်။ အဲဒီအချိန်မှာပဲ မျက်စေ့ထဲမှာလဲ ခိုးလိုးခုလုနှင့်… ထိုအခါ မရဲတရဲနှင့် မျက်စေ့ကိုဖွင့်… ကြည့်မှန်ရှေ့ကိုသွား…။ အားးးးး ကိုယ့်မျက်စေ့ဘေးနားမှာ တရွရွသွားနေသော အသေးကောင် တကောင်… သူက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ…။ သေချာတာကတော့ နားထဲမှ ဝင်ပြီး မျက်စေ့ထဲမှ ပြန်ထွက်လာခြင်းပဲ ဖြစ်ရမည်။ သွားပြီ… သွားပြီ…။ သူတို့တွေ လုပ်နေပုံနှင့် ကိုယ့်ဘဝတော့ ရစရာမရှိ၊ တတိတိနှင့် ဆုံးပါးတော့မည်။ အလွယ်တကူ အသက်မပျောက်နိုင်သော်လည်း အနည်းဆုံး အကြားအာရုံ အမြင်အာရုံတွေ ချို့ယွင်းကာ လူစဉ်မမှီ ဖြစ်သွားနိုင်သည်ပဲ။

စောစောက ပြာလဲ့လဲ့ ညနေခင်းသည် ယခုအခါ မှောင်မိုက်သော ညအဖြစ်သို့ အသွင် ကူးပြောင်းသွားပြီ။ မကြာခင် ကိုယ့်ဆီမှာလဲ အလားတူ မှောင်မိုက်သော အပြောင်းအလဲ ဖြစ်သွားနိုင်သည်။ ဧည့်ခန်းထဲမှ ဆိုဖါပေါ်တွင် မလှုပ်မယှက် ထိုင်နေရင်း တခုခုကို တိတ်တဆိတ် စောင့်ဆိုင်းနေမိသည်။ တယောက်တည်း ဤသို့ ငြိမ်တွေနေသည်မှာ အချိန်အားဖြင့် မည်ရွေ့မည်မျှ ကြာသွားသည် မသိ…။ ကိုယ် သိလိုက်သောအချိန်မှာ မျက်စေ့ကို ဖွင့်ကြည့်လိုက်သောအခါ အပြင်ဖက်တွင် နေရောင်တွေ အလင်းရောင်တွေ နှင့် မိုးစင်စင်လင်းနေပြီ။

ကိုယ် အိပ်ပျော်သွားတာပါလား…။ မအိပ်ခင်က အဖြစ်အပျက်ကို ချက်ချင်း သတိရသွားသည်။ သတိရရချင်း နား အကြားအာရုံကို သတိထားမိသည်။ အခန်းထဲမှ ရေဒီယိုသံ ခပ်တိုးသဲ့သဲ့ကို ကြားနေရသည်ပဲ။ စူးစူးစိုက်စိုက် နားထောင်ကြည့်မိသည်… တိုးသဲ့သော်လည်း ပီပီသသ ကြားနေရသည်က ကိုယ်အလွန်နှစ်သက်သော Celine Dion ၏ Because you Loved me သီချင်းသံ…။ ပြီးတော့ အိမ်အပြင်ဖက်ကို လှမ်းကြည့်လိုက်သောအခါ တိမ်ပြာပြာတွေကြားမှာ ဟိုဟို ဒီဒီ လူးလာ ပျံသန်းနေကြသော အရောင်စုံ ငှက်ငယ်ပိစိလေးများကို တွေ့လိုက်ရသည်။ သည်သို့ဆိုလျှင် ကိုယ့်ရဲ့ အကြားအာရုံ အမြင်အာရုံတွေ ပုံမှန်အတိုင်း ရှိနေသေးသည်ပဲ။ ကိုယ် ဝမ်းသာသွားသည်မှာ ဆိုဖွယ်ရာ မရှိ။

သည့်နောက်တွင်မတော့ မနက်ခင်း၏ လတ်ဆတ်သော လေကို တဝကြီး ရှုရှိုက်ကာ မရောက်ဖူးသော နေရာ အသစ်တခုကို ရောက်နေသူတယောက်ပမာ တအိမ်လုံး ဟိုလျှောက် သည်လျှောက် နေရာအနှံ့ လျှောက်ကြည့်မိသည်။ ဘယ်နေရာမှာများ သူတို့တွေကို တွေ့ရအုံးမလဲဟု မရဲတရဲ ရှာဖွေကြည့်မိသေးသည်။ သည်တခါ သူတို့တွေကို တွေ့လိုက်လျှင် အရင်ကလို မသိကျိုးကျွန်ပြုကာ လက်ပိုက် ကြည့်နေမိမည်လား… သို့မဟုတ် ကိုယ်ထိလက်ရောက် တခုခု လုပ်ဖြစ်မည်လား… သိပ်တော့ မသေချာလှပါ။ သေချာတာတခုကတော့ အရွယ်အစား သေးငယ်သော်လည်း အစွမ်းထက်လှသော သူတို့တွေကို ကိုယ် အရင်ကထက် ပို၍ ကြောက်ရွံ့သွားခြင်းပင် ဖြစ်သည်။ အမှန်ကတော့ သူတို့တွေသည် ကိုယ့်အသားကို ကိုက်သွားခြင်း မဟုတ်၊ ကိုယ့်စိတ်ကို ကိုက်သွားခြင်းသာ…။ အသားကို ကိုက်လိုက်လျှင် တခဏသာ နာကျင်မည်ဖြစ်သော်လည်း စိတ်ကို ကိုက်သွားသောအခါ အချိန် အတော်ကြာကြာအထိ ခံစား နာကျင်နေအုံးမှာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ညနေဈေးသွားဝယ်ရန် ရေးမှတ်ထားသည့် ဈေးစာရင်းထဲတွင် ပုရွက်ဆိတ် နိုင်သော ဆေးဗူး တဗူးကို နောက်တိုး စာရင်းအဖြစ် ဖြည့်စွက် ရေးသားထား လိုက်မိသည်။ အနည်းဆုံးတော့ အရေးကြုံလျှင် သုံးနိုင်ရင် အဆင်သင့် ဆောင်ထားသော် မမှားနိုင် ဟု ထင်မြင်ယူဆ မိပါသည်။



မှတ်ချက်။ ။ ဤပိုစ့်အတွက် ပုရွက်ဆိတ်ပုံလေး ချက်ချင်းရေးဆွဲပေးခဲ့သော ပန်ပန့်ကို ချစ်ခင်စွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ထားပါသည်။


အတူတူ ဖတ်စရာ - ခြားနားခြင်း



31 comments:

  1. အဲ့လိုလား..သိပေါင်ဘူး

    ReplyDelete
  2. ပရွက်ဆိတ် ရှိရင် ဂျပိုး မလာဘူး ပြောကြတာပဲ....ဟုတ်မဟုတ်တော့ သိဘူးရယ်...

    ReplyDelete
  3. ပုရွက်ဆိတ်ကိုက်ခံရတာတောင်..စာတပုဒ် ဖြစ်သေးတာ..
    ဂေါ်ဇီလာကိုက်ခံရရင်တော့...စာ နှစ်အုပ်ဖြစ်လောက်တယ်..

    ReplyDelete
  4. ဂျုးရဲ့ မြွေ.

    ReplyDelete
  5. အတွေးကောင်း အရေးကောင်းတဲ့ အက်ဆေးလေးပဲ..

    ReplyDelete
  6. တို့များက ကြက် ငှက် တွေရဲ့ အမွှေးအတောင်တွေကို ကြောက်ပါတယ်။
    ကြက်တွေကို ရဲရဲ မကြည့်ရဲပါ။
    ငယ်ငယ်က နေမကောင်းဖြစ်နေစဉ် ကြက်ကို ခွေးဆွဲတာ မြင်လိုက်ရကတည်းက ဖြစ်ပါသည်။
    အကိုက်ခံလိုက်ရသည့် စိတ်ကို အခါအခွင့်သင့်လျှင် ကြိုးစား၍ ကုစားကြည့်ပါသော်လည်း မအောင်မြင်သေးပါ။

    ReplyDelete
  7. ဖိနပ်မစီးဘဲသွားချင်ရာသွားထားတာ၊သူတို့တက်ပြီ်းသားသွားမစားနဲ့၊
    နားကိုရေပြန်ဆေးဦးနှောက်ထဲလဲဝင်တက်တယ်၊
    ပန်ပန့်ခေါင်းထဲမှာတောင်တကောင်ရှိတယ်ကြားသလိုလို..

    ReplyDelete
  8. တကယ်လို့များ အင်းဆက် တစ်ကောင်ကောင် နားထဲဝင်ရင်
    ဆီ (အုန်းဆီဖြစ်ဖြစ်) အသာလေး ထည့်ပေးလိုက်ရင် ငြိမ်သွားပါလိမ့်မယ်..
    တစ်ခြား ဘာမှ လုပ်စရာမလိုပါဘူး အစ်မ..
    တကယ်လို့များ နောက်တစ်ခေါက် ဖြစ်လာခဲ့ရင်ပေါ့နော်..

    ReplyDelete
  9. မေဓာဝီJuly 15, 2010 at 3:34 AM

    အမသက်ဝေ ... ကိုယ်ပဲ အကိုက်မခံနဲ့လေ .. ပြန်ကိုက်ပစ်။ :P
    ဟဲ နောက်တာပါ။
    အဲဒီ ပွက်ဆိတ်အနီလေးတွေ တအား အမြင်ကပ်တယ်။ ကိုက်ရင်လဲ နာမှ နာ။ ပန်ပန်ဆွဲတဲ့ အမဲရောင်မျိုးကတော့ မကိုက်ပေမဲ့ ရွစိရွစိ တက်လာရင် မုန်းတာပဲ။ ဒါပေမဲ့ The Ants အဖွဲ့တို့ Ant Z ရုပ်ရှင်တို့တော့ အကြိုက်သား။ :)

    ReplyDelete
  10. စိတ် အကိုက်ခံရခြင်းတဲ့လား..။ ဆန်းသစ်လိုက်တဲ့ အတွေးလေး..။
    တပုဒ်ချင်းတပုဒ်ချင်း ဖတ်ရင်း ဖတ်ရင်း အတွေးအများ ကြီး ဖြစ်သွားတယ်။ ဖတ်ရတာ တအားကြိုက်တယ်။

    နောက်ဆို အမြဲလာဖတ်မယ်နော်။ လင့်ခ်ယူသွားတာ ခွင့်ပြုပါလို့

    ReplyDelete
  11. အကြံပေးချင်လို့ပါ ကိုယ်လဲ ပုရွက်စိတ်မုန်းသူပါ။ သူတို့လာနိုင်တဲ့ နေရာမှာ ပရုတ်လုံးလေး တလုံးလောက်ချထားလိုက်။ ဥပမာ ထမင်းစားပွဲတောင့်ဖြစ်ဖြစ်၊ မီးဖိုချောင်စင်ထောင့်ထောင့်ဖြစ်ဖြစ်။ စိတ်ပိုသန့်ချင်ရင် ပရုတ်လုံးကို ပလတ်စတစ်အိပ်အသေးလေးထဲထည့်ပြီး အိပ်ကို အပေါက်လေးတွေဖောက်ထားလိုက်။ သူတို့ အရမ်းကြောက်တယ် တကောင်မှလာမှာမဟုတ်တော့ဘူး။

    ReplyDelete
  12. ပုရွက်ဆိတ်တွေလာတယ်ဆိုတာ
    ၁) အိမ်မှာညစ်ပတ်တဲ့သဘော
    (ဒါမှမဟုတ်)
    ၂) ရေကြီးမယ့် မိုးရွာမယ့်သဘော ပေပဲ။
    ပြင်ညာချိပီပီ တွေးတွေးဆဆ သုံးသပ်သွားသည်။

    ReplyDelete
  13. ရှယ်ပဲ ရေးထားတာကတော့

    ReplyDelete
  14. အန်တီသက်ဝေရေးတဲ့ အက်ဆေးလေးတွေ အရမ်းကောင်းတယ်။

    ပုရွက်ဆိတ် အိမ်မှာတော့ သိပ်မတွေ့ဘူး။ ငယ်ငယ်က နားထဲဝင်ဘူးတယ်။ အရမ်းခံရဆိုးတယ်နော်။

    ReplyDelete
  15. မြွေနဲ့ဆက်စပ်တွေးသွားသေးတယ်
    တကယ့်မခင်ဦးမေပဲ

    မြွေက ဂမ္ဘီရ နည်းနည်းဆန်တယ်လေ

    ReplyDelete
  16. သဒ္ဓါလည်းအင်းဆက်တွေဆိုကြောက်တတ်တယ်.။
    ပုရွက်ဆိတ်မလာအောင် အုန်းဆီကိုအ၀တ်နဲ့စွတ်ပြီးထားထားရင်
    မလာဘူးလို့ပြောတယ်.။
    ဆန်းကြည့်ပါလားမမသက်ဝေ..
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  17. Very nice post, very good to read. It's exciting also.
    Thet Wai, I looking forward to read more & more like this post.
    You are very good writer.
    Sorry for comment in English. I was away from home & I cannot write in Myanmar.

    ReplyDelete
  18. တော်လိုက်တဲ့အရေး... အတွေးလေးက ကောင်းတာကို လက်ကနေ ခပ်သွက်သွက်ဖန်တီးလိုက်တာ ဖတ်လို့ကောင်းလိုက်တာဗျာ...... ခေါင်းစဉ်လေးကလည်းလှလိုက်တာ... စိတ် အကိုက်ခံရခြင်းတဲ့... အင်း..

    ReplyDelete
  19. တခါတခါ သူတို့ ကို ဒေါသထွက်မိတယ်။
    ဒီမှာတော့ သူတို့ သိပ်မရှိကြဘူး။

    ReplyDelete
  20. အက်ဆေးလေးလာဖတ်သွားပါတယ်။ ဟုတ်တယ် ပရွက်ဆိတ်တွေတက်ရင် စိတ်ဒုက္ခအရောက်ဆုံးပဲ။

    ReplyDelete
  21. ပုရွက်ဆိတ် ပပျောက်ရေး အကြံတွေ ပေးသွားကြသူများကို ကျေးဇူး အထူးတင်ပါတယ်။ အဆင်ပြေသလို နှိမ်နင်းကြည့်ပါအုံးမယ်...း))

    အသားနာတာ ပျောက်သွားပေမယ့် ကြောက်လန့်နာကျင်နေတဲ့ စိတ်ကလေးကတော့ ကျန်နေပါသေးတယ်။ ဒါလဲ အခုလို အားပေးစကားတွေကြားထဲမှာ မကြာခင်မှာ ပျောက်သွားလိမ့်မယ် ထင်ပါတယ်...။

    ကောင်းသော ညပါ...း))

    ReplyDelete
  22. ဦးနှောက် အကိုက်ခံလိုက်ရတာကိုး သွပ်သွပ်သွပ်။

    မအယ်

    ReplyDelete
  23. အစ်မသက်ဝေ အက်ဆေးအရေးကောင်းတာ ထောက်ခံပါ၏။

    ကတ်ကြေးတုန်းက ကတ်ကြေးမို့၊ ပုရွက်ဆိတ် ပုရွက်ဆိတ်မို့ နောက်..ဘာများလာဦးမလဲနော်။

    မကြောက်ပါနဲ့အစ်မရ။ မေတ္တာပို့ပေးလိုက်ပါ။ သူတို့က သေးးးသေးးးလေးးးးးးတွေ၊ အလွန်ဆုံး ကိုက်ရုံပေါ့။ ;)

    ReplyDelete
  24. ကြမ်းပိုးကိုလည်းရေးဖူးတယ်လေ..မဇွန်မိုး

    မသက်ဝေ..
    နောက်တစ်ခါ..ပွက်ဆိတ်(ပရွက်ဆိတ်)
    တွေတွေ့ရင်..လက်လေးနဲ့ ဖိလိုက် ..
    အေးရော..

    ကြမ်းပိုးတွေ တွေ့ရင် ဖနောင့်နဲ့ ဖိလိုက်ပါ..



    လက်တွေ့ အသုံးချဖူးသူ...
    အမျိုးတစ်ယောက်
    Xထုံ

    ReplyDelete
  25. အားးးး ပေါက်ရေ... ကြမ်းပိုး ဟုတ်ပါဘူး...
    ကိုယ်ကြောက်တာ ပိုးဟပ်ပါ...း))

    ဇွန်.. ညီမ... အဲဒီပိုစ့်အောက်မှာ Link လေး ပေးထားတယ်... ဖတ်ကြည့်လေ...း))

    မအယ်... ဟုတ်တယ် ဦးနှောက်အကိုက်ခံလိုက်ရလို့ လူလဲ အခုလို ခပ်ချောင်ချောင် ဖြစ်နေတာလေ... အဟီး..

    ReplyDelete
  26. ကိုယ်သာနာစေ စိတ်မနာစေနဲ့  လို့ တော့ ကြားဖူးတယ်
    စိတ်အကိုက် မခံနဲ့ လို့ လည်းမှတ်ယူရမယ်ထင်တယ်

    ReplyDelete
  27. မြသွေးနီJuly 16, 2010 at 4:10 PM

    ပုရွက်ဆိတ်နားထဲဝင်လို့ ခံစားခဲ့ရဘူးတယ်။
    စိတ်ကို ကိုက်သွားသောအခါ အချိန် အတော်ကြာကြာအထိ ခံစား နာကျင်နေအုံးမှာ ဖြစ်သည်... ဆိုတာလေး နှစ်သက်မိ၏။ ပျော်ရွှင်ပါစေရှင်။

    ReplyDelete
  28. ထိုင်းမှာတော့ ပရွက်ဆိတ်တွေကို ကြော်စားကြ သကွဲ့ ။ ညညဆို ပုရွက်ဆိတ်သည်တွေ လှည်းနဲ့ လှည့်ပြီး ရောင်းနေကြတာပဲ။ ပုရွက်ဆိတ်ကြော် ကို ပင်စိမ်းရွက်လေးတွေနဲ့ ထိုင်းပျိုဖြူတွေ မက် မက်မောမော စားတာထိုင်ကြည့်ဖူးတယ်။ စား ကောင်းမယ့်ပုံပဲ။ သက်ဝေ စမ်းကြည့်ပါလား။း )

    ReplyDelete
  29. မမပို့စ်ကို လာဖတ်တာ အခုပါနဲ့ဆို ၄ ကြိမ်မြောက် .. တစ်ခါမှ မပြီးလိုက်ဘူး.. ဘေးက ဂျစ်တူးလေးကြောင့်.. အခုမှ အေးအေးဆေးဆေး လာဖတ်ရတယ်.. ပုရွတ်ဆိတ်ကို မုန်းလှတာ မဟုတ်ပေမယ့် အနီကောင်ကြီးတွေ အကိုက်ခံရရင် အရမ်း ဒေါသထွက်တယ်.. အစားအသောက်ထဲကို အနီသေးသေးလေးတွေ ၀င်ကိုက်ရင်လည်း စိတ်တိုတယ်.. ဗိုက်ဆာနေချိန်ဆို အဆိုးဆုံးပဲ.. နောက်ပြီး အမဲရောင်အကောင်တွေဆို အုံလိုက်ကြီး သွားလာနေတာ မြင်ရရင်ကို ရွစိ ရွစိနဲ့ အသည်းယားတယ်.. ကံကောင်းတာက ဒီမှာ ပုရွတ်ဆိတ် လုံးဝ မရှိလို့ တော်သေးတယ်.. :D ဒါပေမယ့် အခုတော့ နေပူလို့ ပိုးဟပ်တွေ ထွက်နေပြီ မရေ.. အမလည်း သတိထားဦးနော်.. :))

    ReplyDelete
  30. စာရေးကောင်းတဲ့ မမသက်ဝေ
း)

    အနော့် နားထဲ ပုရွက်ဆိပ် ဝင်တော့ မောင်လေးက ရေချိုးခန်းထဲ ဆွဲခေါ်ပြီး နားထဲကို ရေလောင်းချတယ်.. ကလော်ထုတ်ဖို့ ကြိုးစားရင် ကြောက်ပြီး နားထဲ သောင်းကျန်းမှာစိုးလို့

    မမသက်ဝေ.. ရန်ကုန်မှာလို စားပွဲခြေထောက်တွေမှာ မြေဖြူခဲလေးတွေ တားထားလို့ မရဘူးလား

    ReplyDelete
  31. အတွေးကောင်း..အရေးကောင်းတဲ့ essay လေးပါ...ဟုတ်ပါတယ်...လူတွေမှာ စိတ်မှာအကိုက်ခံရရင် အတော်နဲ့ပျောက်ဖို့မလွယ်ပါဘူး...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...