Friday, July 30, 2010

ကုန်ဆုံးလွယ်


အရှေ့အရပ်မှာ တောင်ညိုတန်းတို့၏ နောက်ကွယ်မှ တိုးထွက်လာသော လင်းလင်းလက်လက် နေရောင်ခြည်တွေကို လှမ်းမြင်နေရပြီ… ပင်လယ်ကမ်းစပ်က ရေလှိုင်းသံ တဝုန်းဝုန်းကတော့ တချက် တချက်မှာ ငြိမ်သက်… တချက်တချက် ပြင်းထန်… ပြီးတော့ ဟိုးခပ်ဝေးဝေး အုန်းပင်တန်းတွေဆီမှာ ငှက်ငယ် ပိစိတို့၏ မနက်ခင်းတေးသံ ကျီကျီကျာကျာ တွေကို ကြားနေရပြီ…။

ထိုသို့ဆိုလျှင် မကြာခင်အချိန်မှာ နောက်ဆုံး နှုတ်ဆက်စကားကို ဆိုကြရတော့မည်ပဲ… ပြီးတော့ ဝေးကွာ… ဝေးကွာ သွားကြရတော့မည်။ ဒီအချိန်မှာ နှစ်ဦးသား တိတ်ဆိတ်ငြိမ်သက်စွာ အတွေးကိုယ်စီနှင့်… ဘာတွေ တွေးနေမိကြသည်လဲ…။

ကုန်ခဲ့သောနေ့ နေဝင်ချိန်တွေမှာ ပင်လယ်ကမ်းစပ်က သဲသောင်ပြင်မှာ တပျော်တပါး ပြေးလွှားခဲ့ကြသော အချိန်များ အကြောင်းကိုလား…။ လှိုင်းတွေကြားမှာ ရေတွေစိုရွှဲ အေးစက်အောင် ဆော့ကစားခဲ့သော အချိန်များ အကြောင်းကိုလား…။ ကမ်းစပ်မှာ နှစ်ဦးသား အတူတူရွတ်ဆိုဖြစ်ခဲ့သော ကဗျာ တပိုင်းတစ ကိုလား…။ သဲပြင်ပေါ်မှာ အတူတူ ရေးဆွဲခဲ့ကြသော အပေါင်းလက္ခဏာ တခုနှင့် နာမည်စာလုံးလေးနှစ်ခု… မကြာခင်မှာ လှိုင်းတချက် ရိုက်ခတ်လိုက်သောအခါ ရေစီးထဲ မျောပါ ပျက်စီးသွားသော အကြောင်းကိုလား…။ ဒါကတော့ ဝမ်းနည်းစရာနော်…

သို့တည်းမဟုတ် ညနေစောင်း အိပ်တန်းတက် ငှက်ငယ်တို့၏ အသံတွေလို ဆူဆူညံညံ ရင်ခုန်သံတွေ အကြောင်း… အုန်းပင် အုန်းလက်တွေကို လေတိုးသော အသံများနှင့် ဆင်ဆင်တူသော အသက်ရှုသံတွေ အကြောင်း… လမိုက်ည မှောင်မှောင် ကြယ်ပွင့်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် လုယက် ရေတွက်ခဲ့သော ပျော်စရာ လွတ်လပ်ပေါ့ပါးလှသော အချိန်ပိုင်းလေး အကြောင်း… ပြီးတော့ ကြယ်လေး တပွင့် မျက်စေ့ရှေ့မှာ ကြွေကျသွားချိန်မှာ ပြိုင်တူ တောင်းခဲ့ကြသော ဆုတခု အကြောင်းတွေကို စဉ်းစား မြင်ယောင်နေကြတာလဲ ဖြစ်နိုင်သေးသည်ပဲ…။ သေချာတာကတော့ ကုန်လွယ်လွန်းသော အချိန်တွေ အကြောင်းကတော့ မပါမဖြစ် အားလုံး၏ ရှေ့ဆုံးက ပါဝင်နေလိမ့်မည်။

ငြိမ်သက် တိတ်ဆိတ်မှုတွေကို အသံ တခုခုဖြင့် ထိုးဖေါက်ပစ်လိုက်ချင်သော်လည်း အသံတွေသည် လည်ချောင်းဝမှ အပြင်ကို ရောက်မလာ…။ လက်ထဲမှာသာ တခုခုရှိနေလျှင် ထိုအရာကို ဟိုး… ရေပြင်ကျယ်ကြီးဆီသို့ လှမ်းပစ်လိုက်မိမည် ထင်သည်။ အနည်းဆုံးတော့ ရေသံတချို့နှင့်အတူ ဝဲဂယက်တွေထပြီး ပတ်ဝန်းကျင်မှာ လှုပ်လှုပ်ခတ်ခတ်တော့ ဖြစ်သွားမှာပေါ့။ သည့်ထက်ပို ပြင်းထန်လျှင် ရေစက်ရေပေါက် ရေမှုန်ရေမွှား တချို့ပင် လူကိုလာရောက် ထိမှန်နိုင်သေးသည်။ ထိုရေစက်တွေကများ နှစ်ဦးသားရင်ကို အေးမြနိုင်စေမည်လား… ရင်ထဲက အပူတွေကို ငြိမ်းအေးနိုင်မည်လား… အကြာကြီးအတွက် မဟုတ်တောင် တဒင်္ဂအဖို့တော့ အေးချမ်းသွားစေနိုင်မည် ထင်ပါသည်။ သိပ်တော့ မသေချာလှပါ…။

ထိုအတွေးစတွေနှင့် လက်တွေကို ပြန်ငုံ့ကြည့်မိသည်။ ဝေဝါးနေသော အမြင်အောက်တွင် ကိုယ့်လက်ချောင်းများကို ရုတ်တရက် ရှာမတွေ့နိုင်အောင်ပင် အသိစိတ်တို့နှင့် ဝေးကွာနေခဲ့သည်…။ အိုး… တွေ့ပြီ... နွေးထွေးသော သူ့လက်အစုံထဲမှာ ကိုယ့်လက်ချောင်း သေးသေးလေးတွေ နစ်ဝင် ပျောက်ဆုံးနေသည်ပဲ...

ဤလက်များကို အသုံးပြု၍ တိတ်ဆိတ်ခြင်းကို ဖြိုခွဲရန် မကြိုးစားချင်တော့ပါ…။ ထိုနွေးထွေးမှုတို့သည် ဝေးကွာသွားပြီးနောက် ပြန်မဆုံခင် အချိန်တွေအထိ နှလုံးသားထဲမှာ ထာဝရ တည်မြဲနေနိုင်ရန် တသက်စာ မှတ်သား နေလိုက်မိသည်…။ အဲဒီ အခိုက်အတန့်ကလေးမှာပဲ သူ ညက ရွတ်ဆိုခဲ့သော ကဗျာတပိုင်းတစကို နောက်တခေါက် တိုးတိတ်စွာ ထပ်မံ ရွတ်ဆိုလိုက်တာ…

ချစ်သူရယ်
တကယ်ဆို ဒီည
ငါ့လက်မောင်းပေါ် ခေါင်းအုံးရင်း
ဗင်းနစ်မြို့က ကုန်သည်လေးအကြောင်း
ဒီနစ်ဟောင်းမှာ
ငါ ဂျူးတွေကို ဘယ်လိုမုန်းကြောင်း
ဆောင်းကိုမုန်းကြောင်း
အနာဟောင်းတွေ ပြောပြ…

ကောင်းကင်က ကြယ်တွေအတူ
ဆွဲ ယူ ရေတွက်
မင်းရဲ့ လက်တွေ နွေးထွေး
ကိုယ့်ရဲ့ သွေးတွေ ပြေးခုန်
အဟောင်းတွေ အကုန်မေ့
ပျော်ရွှင်စွာ တွေ့ပါရစေတော့…


တကယ်တော့ ကဗျာလေးက တပိုင်းတစနှင့် အဆုံးမသတ်ရသေး…
အဆုံးမသတ်ရသေး ဆိုတာထက် လောလောဆယ်မှာ အဆုံးသတ်ရန် အခွင့်အရေး မရှိသေး ဆိုလျှင် ပိုမှန်လိမ့်မည်…။ အခုအချိန်မှာတော့ တပိုင်းတစ ဒီကဗျာလေးကို ကာရန်လှလှ ရှာတွေ့ပြီး အမြန်ဆုံး အဆုံးသတ် ရေးသားနိုင်ခွင့်ကို နှစ်ဦးသား ဆုတောင်း မျှော်လင့် အိပ်မက် မက်နေကြရုံသာ…။

သို့သော် မပြီးဆုံးသေးသော ထိုတပိုင်းတစ ကဗျာလေးကပဲ ဝမ်းနည်းစရာတွေကြားက ဝေးကွာကြရမယ့် နေ့သစ်တွေအတွက် ခွန်အားများစွာ ပေးစွမ်းခဲ့ပြန်သည်။ သူရွတ်ပြသော ကဗျာလေးကို နားထောင်ကာ ကုန်ဆုံးလွယ်သော အချိန်များ အကြောင်းကို တွေးနေစဉ်မှာပင် ညက ကြယ်ကြွေချိန်မှာ တောင်းခဲ့တဲ့ ဆုတောင်းလေးကို အချိန်တိုင်း ပြန်သတိရနေနော်… ဟု ဆိုကာ တဖြည်းဖြည်းချင်း… တဖြည်းဖြည်းချင်း… ကိုယ့်အနားမှ သူ တိုးတိတ် ညင်သာစွာ တရွေ့ရွေ့ ထွက်ခွာသွားခဲ့တော့သည်…။
အဝေးဆုံး… သို့



မှတ်ချက် ။ ။ ကဗျာလေးကို အသုံးပြုခွင့်ပေးသော ကဗျာဆရာကို ကျေးဇူး အများကြီး တင်ပါတယ်…။


အတူတူဆိုရင်
ကုန်ဆုံးလွယ်

17 comments:

  1. စာလေးက လှတယ်။ ကဗျာလေးကလည်း လှပါတယ်။ ကဗျာဆရာကလည်း လှမှာပါပဲ။း)

    ReplyDelete
  2. ကုန်ဆုံးလွယ်တဲ့ အချိန်လေးတွေကို ပြန်လည်တမ်းတ မြင်ယောင်ရင်း စာရောကဗျာပါ ခံစားဖတ်သွားပါတယ်။

    ပျော်ရွှင်သော အားလပ်ရက်တွေ ဖြစ်ပါစေ မမ။း)

    ReplyDelete
  3. ကဗျာလေးကို အဆုံးသတ်လှလှလေးဖြစ်စေချင်မိတာ
    ကာရံရှာမတွေ့လို့များ အဝေးဆုံးကို ထွက်သွားလေသလားနော်...
    ဘာဘဲဖြစ်ဖြစ် ပြန်လာချိန်မှာတော့ လှပတဲ့ ကဗျာအဆုံးသတ်ကလေးကို ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  4. ;) အို.. ဘယ်လောက်ကောင်းလဲ..
    လူပျိုကြီးအပျိုကြီးလုပ်.. အေးချမ်းတယ်။

    တစ်စုံတစ်ယောက်ကို စိတ်ကောက်နေသူတစ်ဦး
    mm

    ReplyDelete
  5. ဝေးဝေးကသာ နှလုံးသားချင်းလားလည်တာလည်း လှပတဲ့ အချစ်တခုပါပဲ၊

    အမ်အမ်ကို ထောက်ခံသူတစ်ဦး

    ReplyDelete
  6. အဲဒီ.....မျက်ရေတွေ၊ငါ့ကိုယ်ပေါ်တက်ရင်
    ကိုယ့်ကိုယ်ကိုအရမ်းမုန်းပါ့.....

    ReplyDelete
  7. သက်ဝေ
    လှပတဲ့ စာစုလေး...
    ဒါမျိုး မဖတ်ရတာ ကြာပေါ့...

    ReplyDelete
  8. ဖတ်လို့ကောင်းလို့ဖတ်ရင်းနဲ့ ငိုချင်လာတယ်... ဘာကိုမှန်းမသိ လွမ်းမိလိုက်ရသေးတယ်...

    ReplyDelete
  9. အတူတူဆိုရင် ကို သွားဖတ်ပြီးပါပြီ...

    တပိုင်းတစ ကဗျာလေး အဆုံးသတ်ပြီးရင် အစ အဆုံး ဖတ်ချင်ပါတယ်...
    အမြန်ဆုံး ကာရန်ရှာတွေ့နိုင်ပါစေ....

    ReplyDelete
  10. သက်ဝေ အချစ်ဝတ္တုရေးစားလို့ရပြီ။ ၀င်ငွေကောင်း ဆိုပဲ။ ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ပေးရမလား။း )

    ReplyDelete
  11. မသက်ရေ...
    ကိုယ်ချင်းစာစိတ်နဲ့ 
    စာဖတ်ပြီးတဲ့ အခါ
    ကိုယ်ပါ...တစ်ထိုင်ထဲ သေဆုံးပစ်လိုက်ချင်တယ်..။

    ReplyDelete
  12. မသက်ဝေ ကဗျာလေးလှတယ် အရေးအသားကလဲ ကောင်းပါ့ နောက်ထပ်ဒီလို စာလှလှလေးကို မျှော်လင့်နေပါတယ်... ရိုမန့်လေးပေါ့ ...

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  13. မမသက်ဝေက ဒါမျိုးတွေလဲ ရတယ်လားတဲ့ ..း)) မိုက်တယ် .. စကားလုံးလေးတွေလဲ လှတယ် ။။

    ReplyDelete
  14. စကားလုံးတွေ သိပ်လှတယ်.... အက်ဆေးလေးလိုပုံစံလေးပေါက်နေပေမယ့် ကဗျာကို ခံစားရေးဖွဲ့တာလား... အကြောင်းအရာကိုတော့ အပွင့်လင်းဆုံးဝန်ခံရရင် သိပ်နားမလည်ဘူး....

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  15. လွမ်းနေတုန်း ဖတ်ရတာ ငိုချင်တယ်။း( ကဗျာဆရာ ဘယ်သူလဲ သိချင်ပါဘိ။

    ReplyDelete
  16. အိုးးး...နုနုလေးပါလား...
    ကောင်းမှကောင်း!

    ReplyDelete
  17. စာဖတ်သူAugust 2, 2010 at 12:32 PM

    ကာရန်တွေ ရှာမတွေ့လဲ
    ကာရန်မဲ့ ကဗျာတပုဒ်သာ
    ရေးလိုက်ချင်...
    အဝေးဆုံး ဝေးရမယ့် အကြောင်းတွေ
    တကယ်ဆိုရင် မကြားချင်...
    မဝေးချင်...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...