Monday, February 14, 2011

လေပြေအလာ


မြင့်မား မတ်စောက်သော တောင်ကမ်းပါးတခု၏ အစွန်းလေးမှာ ရပ်နေခဲ့သည် ဟူသော အသိကလွဲ၍ ခေါင်းထဲမှာ ဘာမှမရှိ။ သို့သော် ထိုနေရာမှာ ရပ်နေမိသည်ကတော့ အချိန် အတော်ကြာသွားပြီ။ သည်တောင်ကမ်းပါးအစွန်းလေးအပေါ် ဘယ်လိုနည်းဖြင့် ရောက်လာခဲ့သည်လဲ… သည်နေရာကိုရောက်ဖို့ ဘယ်လောက် ခဲရာခဲဆစ် တက်လာခဲ့ရသည်လဲ… ပြန်တွေးလို့ မရတော့။ အောက်ကို ငုံ့ကြည့်လိုက်တော့ မြူခိုးတွေ ဖုံးနေသော အစိမ်းရင့်ရင့် သစ်တော သစ်ပင် ထူထူတွေနှင့် နွယ်မျှင် နွယ်ကြိုးတွေကို ဝိုးတဝါး တွေ့ရသည်။ တကယ့်ကို အနက်ကြီးပဲ…။ ပြုတ်ကျသွားလို့ကတော့ ကိစ္စပြတ်သွားပြီ။ အေးစက်စက် လက်ဖဝါး နှစ်ဖက်ကို ဖြန့်ကြည့်မိသည်…။ ဘာမှ မရှိ… ဗလာနတ္ထိ…။ ဘာမှလဲ မရှိချင်ပါ… အထူးသဖြင့်တော့ လူကို အထပ်ထပ် ရစ်ပတ်ချည်နှောင်တတ်သော ကြိုးမျိုးတွေ လုံးဝ ရှိမနေချင်ပါ…။

လေတိုက်လိုက်တိုင်း တဖျတ်ဖျတ်လှုပ်ခတ်နေသော ပုဝါပါးပါးလေးကို လည်ပင်းမှ ဖြုတ်ယူလိုက်သည်။ နွေးနေသော နားရွက်ဖျားတွေ ချက်ချင်းပင် အေးစက်သွားကြသည်။ ပုဝါလေးက ပါးသော်လည်း နားရွက်ကလေးတွေအတွက် လုံလောက်သော အနွေးဓါတ်ကို ပေးစွမ်းနိုင်သည်ပဲ။ သို့သော် ဒီပုဝါလေးက သံစဉ် စည်းချက် ညီမျှသော နှလုံးသား နှစ်ခုကို ဘာကြောင့် အနွေးဓါတ် မပေးခဲ့တာလဲ…။ နီးကပ်စွာ တွယ်တာလျှက်ရှိသော နှလုံးသား နှစ်ခုကို ဘာကြောင့် အတူတူတွဲကာ ချည်နှောင်ထားနိုင်စွမ်း ရှိမနေတာလဲ…။

အညိုရောင် နုနုပေါ်မှာ ပန်းပွင့် အဖြူလေးတွေ ခပ်ကျဲကျဲပါသော ပိုးပုဝါလေး…။ သည်ပုဝါလေး ဘယ်တုန်းက ကိုယ့်ဆီရောက်လာတာလဲ… စဉ်းစားလို့ မရတော့ချေ။ တမျိုးတော့လည်း မေ့သင့်တာတွေကို မေ့နေတာကိုက ခပ်ကောင်းကောင်းဟု ဆိုရမည်။ လက်ထဲမှာ ကိုင်ထားသော ပုဝါလေးကို အရင် လွှတ်ချကြည့်လိုက်ချင်သည်။ ထိုပုဝါလေး ဘယ်ပုံဘယ်နည်းဖြင့် လွင့်ကျသွားသည်ကို သိချင် ကြည့်ချင်နေမိသည်။ ပုဝါလေးကို လွှတ်ချဖို့ သင့်သလား မသင့်သည်လား ဆိုတာကိုတော့ တွေးမကြည့်ချင်…။ အသိဥာဏ်တွေ တွေးဆ ချင့်ချိန်နိုင်မှုတွေ လတ်တလော အာရုံထဲမှာ ရှိမနေ…။

ပုဝါလေးလွင့်ကျသွားသလို ကိုယ်တိုင် လွင့်ကျသွားရင်ကော ဘယ်လိုနေမယ် မသိ။ မေးကြည့်စရာ အနားမှာ ဘယ်သူမှ မရှိ။ မေးစရာဆိုမှ သတိရသွားသည်…။ မေးခွန်းများနှင့် အဖြေများ အကြောင်း…။ ဆရာမ မကြည်အေး ရေးခဲ့သော ကျမနာမည် မေခင်သီ ဝတ္ထုထဲမှ စကားတခွန်း... မေးသမျှသာ ဖြေနိုင်မည်ဆိုလျှင် လုပ်စားတာထက် ကြီးပွားမည် တဲ့…။ တဆက်တည်းမှာ မေးသမျှ မဖြေချင်သောသူ တယောက်ကို သတိရသွားပြန်သည်။ မဖြေချင်သောသူကို မေးခွန်းပေါင်းများစွာ မေးနေမိသော အချိန်များ ရှိခဲ့ဖူးသည်ပဲ…။ ဟော… မတွေးပါဘူး ဆိုမှ တွေးနေမိပြန်ပြီ…

အခုလို လေတွေ တဖျတ်ဖျတ် တိုက်နေသော နေရာတခုမှာ သူနဲ့အတူတူ ရှိခဲ့ဖူးချိန်ကို မှတ်မိမြင်ယောင်လာသည်။ လေနဲ့ အတူ ကိုယ့်ဆံပင်တွေ လွင့်နေတာကို ကြည့်ပြီး “လေပြေအလာ ကေသာလွန့်လူးလွင့်နေ…” ဆိုသော သီချင်းတစ သူ့နှုတ်ဖျားက ဆိုညည်းခဲ့ဖူးသည်။ ဘုရားရေ… မေ့နေချင်ပါသည်ဆိုမှ… တိုက်နေသော သည်လေတွေက ခေါင်းထဲကို မှတ်ဥာဏ်တွေ တခုပြီး တခု ပြန်လည် ဆောင်ကြဉ်း လာကြတော့မည့်နှယ်…။ မဖြစ်ပါဘူး.. လေတိုက်ထဲမှာ ကြာရှည်ရပ်နေလို့ ဘယ်နည်းနှင့်မျှ မဖြစ်တော့…။ ဒုက္ခတွေ ရောက်ကုန်လိမ့်မည်။ ဟိုးအရင်က အကြောင်းတွေကို နဲနဲမှ မသိချင်၊ နဲနဲမှ သတိမရချင်၊ အစွမ်းကုန် မေ့ထားချင်သည်…။ ဖြစ်နိုင်လျှင် အဆုံးသတ်ပစ်လိုက်ချင်သည်။ ထို့နောက် ဘာမှ စဉ်းစားမနေတော့ပဲ ပုဝါပါးလေးကို အရင် လွှတ်ချလိုက်သည်။ ပြီးလျှင်တော့… … …

မျက်စိရှေ့ ကြည့်နေရင်းမှာ ပုဝါလေး တလွင့်လွင့်နှင့် ဝေ့ဝဲကျသွားသည်…။ စိတ်ထဲမှာ အတန်ငယ် ပေါ့ပါးသွားသလို ခံစားရသည်။ သို့သော် မမျှော်လင့်ပဲ ပုဝါလေးသည် သစ်တောအုပ်လေးထဲမှ ကိုင်းဖျားတနေရာတွင် ငြိနေလေသည်။ မြင်လွှာအောက်မှ ပျောက်ဆုံးသွားစေချင်သော ဆန္ဒ မပြည့်ဝတော့ပါ။ မြင်နေရသေးသည်… သို့သော် လှမ်းယူ၍ မရ… ထိတွေ့ကြည့်၍ မရ။ ပုဝါလေးမှာ ပျံသန်းစရာ အတောင်ပံတွေ မပါ… ထို့ကြောင့် ကိုယ့်ဆီလဲ ဘယ်တော့မှ ပြန်ရောက်လာနိုင်တော့မည် မဟုတ်…။ ပုဝါလေးကို ကြည့်ရင်း ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်မိသည်။

စိတ်ထဲမှာတော့ ကိုယ်တိုင် လွှတ်ချပစ်ခဲ့သော ထိုပုဝါပါးလေးကို အကြိမ်ဖန်များစွာ ပြန်လည် ကောက်ယူနေမိတော့သည်။


Friday, February 11, 2011

Malware ကာကွယ်ရေး

အလုပ်တွေနဲ့ ချာချာလည်ပြီး စိတ်ရော လူရော မအားရပါဘူးဆိုမှ ရတက်မအေးစရာ ကြုံရပြန်ပါတယ်။ အခုရက်ပိုင်းမှာ Malware ဆိုတဲ့ Virus တမျိုးက ဘလော့ဂ်တွေကို ထိုးနှက် တိုက်ခိုက်နေပါတယ်တဲ့…။ ဒီကိစ္စကို သိသိချင်း ကိုအောင် (ပျူနိုင်ငံ) ဘလော့ဂ်မှာ တင်ထားတဲ့ ဒီလင့်ခ် ကနေတဆင့် ကိုယ့်ဘလော့ဂ်လေးကို စစ်ကြည့်လိုက်တော့ သေချာပေါက်ပဲ အဲဒီ Malware ဆိုတာကြီး ရှိနေပါတယ်။

ဘလော့ဂ်နဲ့ပတ်သက်ရင် စာရေးတတ်တာ၊ ပိုစ့်တင်တတ်တာ၊ ဓါတ်ပုံလေးတွေ attach လုပ်တတ်တာကလွဲလို့ ကျန်တာတွေ ဘာမှ မလုပ်တတ်တဲ့သူမို့ တခုခု ပြဿနာပေါ်ရင် ဘယ်လိုမှ မရှင်းတတ်ပါဘူး။ ဒါကြောင့် စစ်ကြည့်လိုက်ပြီး Malware ရှိတဲ့ Link တွေ တခုချင်း လိုက်ဖြုတ်နေဖို့ကလဲ အချိန်မရတော့တာမို့ သုံးနှစ် သုံးမိုး စုဆောင်း ချိတ်ဆွဲထားတဲ့ Link အားလုံးကို စိတ်မကောင်းစွာနဲ့ ဖြုတ်ချလိုက်ပါတယ်။ ကံကောင်းတာက ကိုယ့်ရဲ့ ပိုစ့်တွေမှာ Malware မရှိနေပါဘူး။ ကိုယ့်ဆီကို ဝင်လာကြတဲ့ Link တချို့နဲ့ Sidebar က Link တချို့မှာပဲ အဲဒီ Malware ကိုတွေ့ရပါတယ်။ ဒါကြောင့် ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေနိုင်တော့ပဲ Sidebar ကို ရှင်းလိုက်ရပါတယ်။ အဲဒါတွေ ဖြုတ်ပြီး ပြန်စစ်ကြည့်တော့မှပဲ Malware ကင်းရှင်းကြောင်း ထောက်ခံစာလေး ရလာပါတော့တယ်။

ပြီးတော့ အခုပဲ Facebook ကို ဝင်ကြည့်လိုက်တော့ Comment တွေကတဆင့် Virus မကူးရလေအောင် Comment တွေကို Moderate လုပ်ဖို့နဲ့ အဲဒီ Malware မရှင်းသေးချိန်မှာ ကော်မန့်တွေပေးကြတဲ့အခါ G mail Account ကို မသုံးပဲ Name/URL ဆိုတဲ့ နေရာမှာ ကိုယ့်နာမည်ကို ရေးပြီး URL နေရာမှာ ဘာမှ မထည့်ပဲ ကော်မန့်ပေးကြဖို့ ပြောထားတာ ဖတ်ရပါတယ်။ မလွဲမသွေ သတိပြုရမယ့် အချက်ပါပဲ။

ပြီးတော့ ဘလော့ဂ်ပိုင်ရှင်တွေအတွက် သတိရတာလေးတခု ပြောချင်ပါတယ်။ အခုလို Link တွေ ဖြုတ်လိုက်တော့ စာဖတ်သူတွေအတွက် ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ်ကို ရှာချင်ရင် အလွယ်တကူ ရှာလို့ရအောင် Google မှာ နာမည်စာလုံး (သို့) Keyword တခုခု ရိုက်ပြီး ရှာလို့ရတဲ့ Function လေးကို ဖွင့်ထားပေးစေချင်ပါတယ်။

အောက်ကပုံမှာ ပြထားသလို ဘလော့ဂ်ကို Log in ဝင်ပြီး Setting အောက်က Basic ဆိုတဲ့ Tab လေးအောက်မှာ Let search engines find your blog? နေရာမှာ အခုလို Yes လို့ ရွေးပေးထားရင် ကိုယ့်ဘလော့ဂ်ကို စာဖတ်သူတွေ အလွယ်တကူ ရှာတွေ့နိုင်မှာပါ။


ဥပမာ ပန်ဒိုရာ ဘလော့ဂ်ကို ရှာချင်ရင် Google မှာ ပန်ဒိုရာ လို့ ရိုက်လိုက်ရင် အခုလို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။


ကိုအောင် (ပျူနိုင်ငံ) ဆိုရင်လဲ Pyustate လို့ ရိုက်လိုက်ရင် အခုလို တွေ့ကြရမှာ ဖြစ်ပါတယ်။


တကယ်တော့ ဘလော့ဂ်တွေတိုင်းမှာ ချိတ်ထားကြတဲ့ Blog List တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်လိပ်စာတွေကနေတဆင့် တဦးဆီတဦး အပြန်အလှန် ကူးသန်းသွားလာရတဲ့ သဘာဝရှိတဲ့ ဘလော့ဂ်စဖီးယားထဲမှာ အခုလိုဖြစ်လိုက်တော့ အလည်အပတ် အကူးအသန်းတွေ အတော်ရော့သွားကြမှာ သေချာသလောက်ပါပဲ…။

ဘာပဲဖြစ်ဖြစ် ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ… အားလုံး တက်ညီလက်ညီ အတူတူပူးပေါင်းပြီး ကိုယ့်ရဲ့ ဘလော့ဂ်နဲ့ ကိုယ် ကူးသန်းသွားလာနေကျ Link တွေကို သန့်ရှင်းအောင် ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဘလော့ဂ်ပိုင်ရှင်များကလဲ ကိုယ့်ဘလော့ဂ်ကို မကြာခဏ စစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဒါကတော့ ကိုယ့်ဘလော့ဂ်လေးကို စစ်ထားတာပါ။ အချိန်ပါ သိရအောင် Phone နဲ့ စစ်ပြီး Screen Shot ရိုက်ထားလိုက်ပါတယ်…။ Malware ကင်းရှင်းကြောင်း ထောက်ခံစာ ဆိုပါတော့…။


Malware နဲ့ ပတ်သက်လို့ အတူတူ တွဲဖတ်စရာ ပိုစ့်တွေက ဒီမှာပါ။

ဘလော့ဂ် ၀ဲစွဲခြင်းနှင့် ကင်းရှင်းကြောင်း - ပန်ဒိုရာ

Blogspot နှင့် ဘလော့ဂင်းနေသူများ သို့ အထူးသတိပေးချက် - လင်းထက်

ကော်မန့်မှတဆင့် မဲဝဲ (malware) တင်ပို့မှု ကာကွယ်ရေး - ကိုအောင် (ပျုနိုင်ငံ)

ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု - ကိုအောင် (ပျုနိုင်ငံ)

Malware ကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ပြီ - Rose

ဘလော့ဂ်စဖီးယားတခုလုံး Malware ရန်မှ အမြန်ဆုံးကင်းဝေးပြီး စာမျက်နှာတိုင်း သန့်ရှင်းစင်ကြယ်သွားပါစေလို့ ဆုတောင်းနေပါတယ်။



Wednesday, February 9, 2011

စကားပွင့်ပုံပြင်


စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ လက်မှတ်နဲ့ အတူ ရေးထားခဲ့တာက Jan’04 ဆိုတော့ ဒီစာအုပ်ကို ဖတ်ဖူးတာ လွန်ခဲ့တဲ့ ၇ နှစ် က။ မှတ်မိသလောက်ပြောရရင် အဲဒီအချိန်က အဲဒီစာအုပ်ကို နှစ်ခေါက် ဖတ်ခဲ့တယ်။ ပထမ တခေါက်က ပြီးချင်ဇော… ဇာတ်လမ်းအဆုံးကို သိချင်ဇောနဲ့ ဖတ်ခဲ့တယ်။ ဒုတိယတခေါက်မှာတော့ ဖြေးဖြေးနဲ့ နားလည်အောင် အချိန်ယူပြီး ဖတ်ခဲ့တယ်လို့ ဆိုနိုင်တယ်။

နောက် အချိန်တွေ တော်တော်ကြာသွားပြီး ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့တဲ့ အချိန်တုန်းက တခါ ဖတ်ဖြစ်သေးတယ်။ သေချာတာကတော့ တနှစ်က ဒီမှာလုပ်တဲ့ စာပေဟောပြောပွဲ (ဆရာ ချစ်ဦးညို၊ ဆရာ နေဝင်းမြင့် နဲ့ ဆရာမ ဂျူး) အပြီးမှာ မှတ်မှတ်ရရ တခေါက်ပြန်ဖတ်ခဲ့တယ်။

ပြီးတော့ ကိုရွာသားလေးရေးတဲ့ စကားပွင့် ဝင်္ကပါထဲက အထွက်… အဲဒီ ဝင်္ကပါထဲက ကိုယ့်ဟာကိုယ် ကိုယ်ဖြစ်စေချင်တဲ့နည်းနဲ့ ထွက်ထားရာက သူ ရေးထားတာကို ဖတ်လိုက်ရတဲ့အခါမှာ အဲဒီဝင်္ကပါထဲက စိတ်ချ လက်ချ လွတ်မြောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဖြစ်စေချင်သလိုပါပဲ… ခွန်သာဟာ သက်ရှိလူသား တယောက် ဖြစ်နေခဲ့လို့ပါ။ ဒါပေမယ့် အခုပြောပြချင်တာက ဝင်္ကပါအထွက် အကြောင်းကို မဟုတ်ဖူး။ အချိန်နဲ့ လိုက်ပြီးပြောင်းလဲသွားတတ်တဲ့ လူတွေရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ စိတ်ခံစားမှု အခြေအနေအကြောင်းကိုပါ။

အရင်က ဖတ်ခဲ့တုန်းက ဇာတ်သိမ်းမှာ မင်းညိုစင်ကို လုပ်သင့် လုပ်ထိုက်တာကို သေသေချာချာ ဆုံးဖြတ်ခဲ့တဲ့ သူတယောက်အဖြစ် မြင်ခဲ့တယ်။ မေဇော်အတွက် မင်းညို ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်ခဲ့တယ်။ မေဇော်ကို သူ ချစ်လို့ (စေတနာရှိလို့) မှန်တဲ့ လမ်းပေါ်ရောက်အောင် ဒီ စကားပွင့် ဝင်္ကပါထဲက ဆွဲထုတ်သွားတယ်လို့ မြင်ခဲ့တယ်...

အခု တခေါက်ပြန်ဖတ်လိုက်တော့ မင်းညို မနှစ်သက်တော့ဘူး။ သူ့စိတ်ကို မကြိုက်တော့ဘူး… အဆိုးဆုံးကတော့ သူ မေဇော့်ကို ညာပြောလိုက်တာကို လုံးဝ မနှစ်သက်နိုင်တော့ဘူး။ ဘာလို့ဆို သူ မေဇော့်ကို တကယ် ချစ် မချစ် မသေချာလို့ပဲ။ အပြင်မှာ ချစ်ဟန်မပြခဲ့တာ အကြောင်းမဟုတ်ပါဘူး... ဒါပေမယ့် သူ့ရင်ထဲမှာ မေဇော့်အတွက် နေရာရှိ မရှိ တကယ်ပဲ မသေချာတော့ဘူးလေ။ အဲဒီလို မသေချာတာတွေကို မြင်မြင်လာရလေ... စိတ်ထဲမှာ အလိုမကျတာတွေ၊ မနှစ်သက်တာတွေနဲ့အတူ အရာရာမှာ သံသယစိတ်တွေ ထားတတ်လာခဲ့တယ်။ လောကကြီးမှာ သေချာတာ ဘာများ ရှိပါသလဲ။

အမှန်က ဆရာမ ဂျူးက မင်းညိုရဲ့ စိတ်ခံစားမှုကို မပြသွားဘူး။ ဒါမှမဟုတ် ရင့်ကျက်တဲ့သူတစ်ယောက်ရဲ့ တည်ငြိမ်မှုကို ဖန်တီးထားခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအထဲမှာ မင်းညိုက အတော်လေး လူကြီးဆန်တယ်… ပြီးတော့ မေဇော်ရဲ့ ချစ်ခင်မှုကို ကြိုပြီးသိနှင့်နေတဲ့ ယောင်္ကျားတစ်ယောက်ပေါ့။ သူက မေဇော့်ဘဝကို တိုးတက်မြင့်မားစေချင်တယ်။ သူရဲ့ အထက်လူကြီး ဒေါ်အေးအေးထွန်းလို မိန်းမမျိုးဖြစ်ဖို့ တိုက်တိုက်တွန်းတွန်း လုပ်ချင်တဲ့သဘောမှာရှိတယ်။

သူ မေ့ထားတာက မေဇော်ဟာ မိန်းကလေးတစ်ယောက်ဆိုတဲ့ ဖြစ်တည်မှုပဲ။ ကြည့်ပါအုံး… ခွန်သာဆီက ရခဲ့တဲ့ အကြည့်တွေကို မေဇော်က အခုလို လှပစွာ သရုပ်ဖေါ်ခဲ့တယ်… “ကျွန်မကို မြတ်နိုးသော မျက်လုံးတွေ၊ ကျွန်မကို မိန်းမသားတယောက်အဖြစ် အသိအမှတ်ပြုသော မျက်လုံးတွေ၊ ကျွန်မကို မင်းညိုတယောက် ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးသော အကြည့်တွေ…” တဲ့။

ဒါပေမယ့် မင်းညိုက မေဇော့်ကို ချစ်တော့ ချစ်ပါလိမ့်မယ် ဆိုတဲ့ ဖြစ်နိုင်ချေတွေကလဲ ရှိပါတယ်။ ချစ်တယ်ဆိုတာထက် မေဇော့်ကို ပုံသွင်းဖို့ ကြိုးစားနေသလိုများ ဖြစ်နေသလားလို့လဲ တွေးနေမိတယ်။ ပြီးတော့ မင်းညိုဟာ မိန်းမတွေရဲ့ ခံစားလွယ်တဲ့စိတ်၊ မနာလိုစိတ်၊ အရွဲ့တိုက်လိုတဲ့စိတ်၊ ဂရုစိုက်ခံလိုတဲ့ စိတ်တွေကို မေ့ထားခဲ့တာ။ ပြီးတော့ သူ မေဇော့်ကို လူလည်ကျခဲ့တာလေ။ ယောက်ျားလေးတွေဟာ တချို့ကိစ္စတွေကို တကယ်ပဲ သိပ်အလေးအနက် မထားတတ်ကြဘူးလား။ ဥပမာ ပန်းလေးကို ခေါင်းအုံးဘေးမှာ သူထားသွားတယ်လို့ လွယ်လင့်တကူ ပြောလိုက်တာမျိုးပေါ့။ အတော်ကို ပြီးပြီးရော ဆန်နေတယ်။ ဒါပေမယ့် အဲ့ဒါကို မေဇော်က လက်ခံခဲ့တယ်။ မင်းညိုစကားကို နားထောင်ပြီး စကားပွင့်တွေကို ချန်ရစ်ပြီး မင်းညိုနဲ့အတူ ပြန်လိုက်သွားခဲ့တယ်။ အဲ့ဒီမှာ မေဇော်ရဲ့ တိမ်းညွှတ်မှုကို မြင်ခွင့်ရခဲ့ပါတယ်… ဒါပေမယ့်...

မေဇော့်ရဲ့ တိမ်းညွတ်မှုကို ဘယ်လိုပဲ တွေ့နေရပေမယ့် ခုချိန်မှာတော့ ပန်းကလေးအကြောင်း ညာပြောသွားတဲ့ မင်းညိုကို လူလည်ကျတတ်တဲ့ လူညာ တယောက်အနေနဲ့ အတော် အမြင်ကပ်သွားတယ်။ ကြည့်ပါအုံး…
“တခြားသူတယောက်ရဲ့ ဆုံးဖြတ်ချက်နော်… နင် မလိမ်ကောင်းဘူး…” လို့ မေဇော် ပြောနေတဲ့ကြားထဲက ဇွတ် လိမ်ညာပြောသွားတဲ့ မင်းညို၊ မိန်းကလေးတယောက်ရဲ့ အချစ်ကို အပိုင်တွက်ထားတဲ့ မင်းညို၊ ယောင်္ကျားတယောက်ဖြစ်ပြီး စကားတခွန်းကို ပြီးစလွယ် ညာပြောသွားတဲ့ မင်းညို။ အဲဒီလို မင်းညိုကို ကိုယ် နဲနဲမှ မနှစ်သက်နိုင်တော့ဘူး။

အမှားကို ဝန်ခံတတ်တယ်ဆိုတာ ကောင်းတဲ့အလုပ်တခု ဖြစ်ပေမယ့် ဇာတ်သိမ်းခန်းမှာ “မေဇော်… ပန်းတပွင့်က ငါ့အတွက် ပန်းတပွင့်ထက်ပိုတဲ့ တခဏရှိတယ်။ ငါ ဝန်မခံချင်ပေမယ့် ဘယ်လိုမှ မတတ်သာတော့လို့ ဝန်ခံလိုက်ပြီးပြီလေ။ ဒါပေမယ့် အဲဒီပန်းကို ငါဘယ်လိုလုပ်ပြီး စေ့စေ့စပ်စပ် သိနိုင်မလဲ။ အဲဒီအတွက် ငါ့ကို နင် အပြစ်တင်ချင်သေးသလား…” လို့ ဝန်ခံရင်း မေးလိုက်တဲ့ မင်းညိုရဲ့ စကားတွေဟာ တဆိတ်တော့ အမြင်ကပ်စရာ၊ နာကျင်စရာ ကောင်းလှပါတယ်။

စိတ်ထဲမှာ မင်းညိုကို မနှစ်သက်တာနဲ့ တချိန်ထဲမှာ ခွန်သာကို ဂရုဏာဖြစ်နေပြန်တယ်။ အရင်တုန်းက ခွန်သာ့ကို ပုံပြောပြသူတယောက်ထက် နဲနဲလေးမှ ပိုပြီး စိတ်မဝင်စားခဲ့ဘူး။ အချိန်တန်ရင် ပုံပြင်တခု အဆုံးသတ်သလိုပဲ ခွန်သာဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ဟာသူ အဆုံးသတ်သွားလိမ့်မယ်လို့ တွေးထားမိတယ်။ မှန်တာပြောရရင် ခွန်သာဟာ သက်ရှိလူသားတယောက် ဟုတ် မဟုတ်ကို နည်းနည်းပဲ တွေးကြည့်ခဲ့မိပြီး ခွန်သာ့ရဲ့ စိတ်ခံစားမှုကိုတော့ တခါမှ ထည့်မစဉ်းစားခဲ့မိဘူး။

အခုတော့ ကိုယ့်စိတ်ထဲမှာ ခွန်သာ့နေရာမှာ အစားထိုးဝင်ကြည့်ရင်း သူ့အတွက် ထူးထူးခြားခြား ဝမ်းနည်းနေတတ်ခဲ့ပြီ။ “ပြောလိုက်ပါ မေ… စကားပင်ပေါင်း သုံးရာတဆယ့် ခုနှစ်ပင် ရှိတယ်…” လို့ ပြောလိုက်တဲ့ ခွန်သာရဲ့ အသံကို နားထဲမှာ တကယ်ကြားယောင်လာသလို ဖြစ်နေခဲ့ပြီ။ ပြီးတော့ မေဇော် ပြန်သွားတဲ့ နောက်ပိုင်းရက်တွေမှာ စကားတောထဲမှာ မေဇော့်ကို လွမ်းနေမယ့် ခွန်သာ့ကို ကိုယ် မြင်ယောင်နေတတ်ခဲ့ပြီ။ ဝတ္ထုထဲက ဇာတ်ကောင်တွေအားလုံးထဲမှာ ကိုယ့်စိတ်ထဲမှာ ကျန်ခဲ့တာ ခွန်သာ တယောက်ထဲ ဖြစ်နေခဲ့ပြီ။

မနေ့ကညက ဒီဝတ္ထုလေးကို နောက်တခေါက် ပြန်ဖတ်ဖြစ်ရင်း… အကယ်၍များ…
မင်းညိုသာ ခေါင်းအုံးဘေးက ပန်းကလေးအကြောင်းကို ညာမပြောခဲ့ရင်…
မပြန်ခင်တညမှာ မေဇော် စကားပင်တွေနားသွားတဲ့ အချိန်မှာ မင်းညို ဝင်မတားခဲ့ရင်…
အဲဒီညမှာ မေဇော်နဲ့ ခွန်သာနဲ့ တွေ့ဖြစ်ခဲ့ကြရင်…
… … …
… … … … …
အခြေအနေတွေအားလုံး တမျိုးပြောင်းသွားလေမလားလို့ မတွေးသာ တွေးသာ တွေးနေမိပါတော့တယ်။



မှတ်ချက် ။ ။ စာရေးဆရာမ ဂျူး ၏ ချစ်သူလား.. စကားတပွင့် ပွင့်ခဲ့တယ် ဝတ္ထုကို ပြန်လည် ခံစားရေးသားပါသည်။ ဝတ္ထုအဟောင်း၊ အားလုံးသိနေပြီးဖြစ်သော အကြောင်းအရာ အဟောင်းတခု ဖြစ်သော်လည်း အချိန်နှင့်လိုက်ပြီး ပြောင်းလဲတတ်သော လူတို့၏ စိတ်ခံစားမှုများ၊ တချိန်နှင့် တချိန်မှာ မတူညီနိုင်ကြသော အတွေးအခေါ်များနှင့် ကြည့်မြင်မိသော ရှုထောင့်အမျိုးမျိုး အကြောင်းကို စဉ်းစားနေမိရင်း ဒီပိုစ့်ကို ရေးဖြစ်ပါသည်။ စကားပန်းဓါတ်ပုံနှင့် စကားလုံးတချို့အတွက် ကိုရွာသားလေးကို ကျေးဇူးတင်ပါသည်။

Sunday, January 30, 2011

ပန်းများနှင့် လှပသော နံနက်ခင်းတခု

အမှန်ကတော့ စာအသစ်တင်ဖို့ပါပဲ…။ ရေးလက်စတွေ အဆုံးမသတ်ရသေးခင်မှာ မနေ့က Orchid Garden မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ်။ Orchid Garden သွားမယ်ကြံတိုင်း မိုးက အမြဲရွာတယ်။ မနေ့ကလဲ မိုးရွာတယ်…။ မိုးရွာလာရင် မိုးခိုလိုက်၊ မိုးနည်းနည်းစဲသွားရင် ထွက်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ နောက်ဆုံး ပြန်မယ်လုပ်တော့မှ မိုးက တအားရွာချတာ။ လူသာအစိုခံနိုင်မယ် ကင်မရာတော့ အစိုမခံနိုင်ဘူးလေ… ဒီတော့ အတူတူသွားတဲ့ ညီမနဲ့ နှစ်ယောက်သား ကင်မရာတွေကို လုံလုံခြုံခြုံသိမ်းပြီး မိုးရွာထဲမှာ ပြေးခဲ့ရသေးတယ်…။

ဓါတ်ပုံတွေတင်လိုက်ရင် ဘလော့ဂ်က ဖွင့်ရတာ လေးနေလို့ ဓါတ်ပုံတွေ မတင်တော့ဘူးလို့ တွေးထားတာ။ ဒါပေမယ့်လည်း ခြောက်သွေ့နေတဲ့ ဘလော့ဂ်ကို သနားလို့ နည်းနည်းတော့ တင်လိုက်တယ်…။ Facebook မှာတော့ ပန်းပုံတွေ ပုံ ၃၀ လောက်ကို အုပ်စု သုံးစုခွဲပြီး တင်ဖို့ ရည်ရွယ်ထားတာ အခုတော့ နှစ်အုပ်စု တင်ထားပြီးပါပြီ။ ဘေးက Sidebar မှာရှိတဲ့ Facebook Link ကနေတဆင့် သွားကြည့်နိုင်ပါတယ်…။ ဒါပေမယ့် Facebook မှာက Resolution ကို တော်တော်လေးချထားလို့ ကြည့်ရတာ အရောင်တွေ သိပ်မစိုပြေလှဘူး…။

ဒီအုပ်စုကို "အုပ်စုဖွဲ့၍ နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်…။




ဒီအုပ်စုကိုတော့ "အေးရာအေးကြောင်း နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်...။




ဒီအုပ်စုကိုတော့ "သူနဲ့သာဆိုရင်…" လို့ ကဗျာဆန်ဆန် နာမည်ပေးထားပါတယ်...။




ကျန်တဲ့ပုံတွေကိုတော့ ဒီနေရာမှာ ဆက်ကြည့်လိုက်နော်...။
အခုလောလောဆယ်မှာ ရာသီဥတုက တော်တော်အေးနေတော့ Flu ဖြစ်တဲ့သူတွေ တအားများနေတယ်။ ကိုယ်တိုင်လည်း နှာစေး ချောင်းဆိုး လည်ချောင်းနာနဲ့...။ ဒါကြောင့် နေကောင်းအောင် သတိထားပြီးနေကြပါ… အေးအေးဆေးဆေး အနားယူရမယ့် ရုံးပိတ်ရက်ကြီးမှာ ဖျားနေရရင် မမိုက်ဖူးလေ… နော်…။
ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်များဖြစ်ကြပါစေ...




Thursday, January 20, 2011

လှသထက် လှမယ်ဆိုရင်

မြန်မာစကားထဲမှာ ဝလို့ လှလို့ ဟူသော စကားကို လူတိုင်း ကြားဖူးကြမည်…။ ထိုစကားသည် အရင်ဟိုး ရှေးရှေးခေတ်ကတော့ မှန်ကောင်း မှန်ပါလိမ့်မည်…။ သို့သော် ဒီနေ့ခေတ် ဒီနေ့အခါမှာတော့ ဘယ်လိုနည်းနှင့်မျှ မမှန်နိုင်တော့ပါချေ။ မမှန်ပုံ မမှန်နည်းကို အခု ပြောပြပါမည်။

အခုတလော တွေ့နေရသမျှ လူတိုင်း ကြီးကြီး ငယ်ငယ် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး တွင်တွင်ရေရွတ်နေကြသော စကားမှာ ငါ ဝနေတယ် ဟူ၏။ တယောက်နှင့်တယောက် တွေ့ဆုံကြသောအခါများမှာလဲ နင်တော့ဖြင့် ဝလာတယ်… ငါတော့ဖြင့် ဝလာတယ်… စသည်ဖြင့် အခြား အခြားသော အရေးများထက် ဝရေး ပိန်ရေးတွေကိုသာ အရင်ဆုံး ပြောဆိုဖြစ်ကြသည်လေ။ တွေ့ရသမျှ ကျားကျား မမ ဘယ်သူမှ မဝချင်ကြ…။ ပြီးတော့ နည်းနည်းဝသောသူများကလည်း ဝိတ်ချကြသည်။ များများဝသောသူများကလည်း ဝိတ်ချကြသည်။ ပြောရရင် လူတိုင်းလိုလို ဝိတ်ချရန်သာ ကြိုးစားနေကြသည်။ ထို့ကြောင့် ဝနေခြင်းနှင့် ဝိတ်လျှော့နေကြခြင်း တို့သည်သာ နေရာတကာမှာ Hot Topic ဖြစ်နေလေ၏။

သည်လိုနှင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဝိတ်ကို concern ဖြစ်လာကြသူ အများအပြားတွေ့နေရသောကြောင့် ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်လိုက်မိသည်…။ ထိုအခါ ငါလဲ ဝနေပြီ ဟု အဖြေထွက်ပေ၏။ အရင်ကတော့ အရပ်ကလေး ကယ်နေသောကြောင့် နည်းနည်းပါးပါး ဝလာလဲ ဝလို့ ဝနေမှန်း သိပ်မသိသာ…။ အခုမှ တွေးမိသည်မှာ သည်အရပ်နှင့်သာ ဝချင်းမက ဆက်ကာ ဆက်ကာ ဝလာပါက Ms. Giant ဖြစ်သွားနိုင်သည်။ သည်လိုတော့ မဖြစ်ချေ… အများနည်းတူ… ကိုယ်လဲ ဝိတ်ချရန် စဉ်းစားရတော့၏။

ဝိတ်ချရန် ဟူသော ခေါင်းစဉ်နောက်တွင် လေ့လာစရာရှိသည်များကို အဆောတလျှင် လိုက်လံ ဖတ်ရှုလေ့လာ၏။ တိုတိုပဲ ပြောကြပါစို့…။ ဝိတ်ချသည့်နေရာမှာ အဓိက အကျဆုံးမှာ ကိုယ်နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏ (Daily Calorie Needs) ကို သိရန် ဖြစ်သည်။ ထို့ကြောင့် ကိုယ်လိုချင်သော၊ ကိုယ် Target ထားသော ဝိတ်ကို ရောက်ရန်အတွက် မိမိ၏ တနေ့တာ လှုပ်ရှားမှုပေါ်တွင် မူတည်ပြီး နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏကို
ဒီနေရာမှာ တွက်နိုင်သည်။

ထိုနည်းဖြင့် နေ့စဉ် စားသုံးနိုင်သော (လိုအပ်သော) ကယ်လိုရီပမာဏကို သိပြီးသောအခါ နေ့စဉ်စားသုံးသော အစားအစာများတွင် ပါဝင်သော ကယ်လိုရီတွေကို သိရန်မှာ ပို၍ပင် အရေးကြီးသေးသည်။ ကိုယ် ထင်မထားသော အချို့စားစရာများသည် မထင်မှတ်သော ကယ်လိုရီပမာဏများ ရှိနေကြသည်။ ကြောက်စရာ…

စပျစ်သီးသေးသေးလေး ၈ လုံးသည် ပန်းသီး ခပ်ရွယ်ရွယ်တလုံး (သို့) ကီဝီသီး နှစ်လုံးနှင့် ညီမျှပြီး ကယ်လိုရီ ၆၀၊ Almond Nut ၈ စေ့သည် ကယ်လိုရီ ၁၂၀၊ Cashew Nut ၁၀ စေ့သည် ကယ်လိုရီ ၁၂၀၊ လက်သီးဆုပ်တခုစာ ထမင်းဖြူသည် ကယ်လိုရီ ၁၇၀ ရှိနေသည်ဟု ဘယ်သူ သတိထားမိမှာလဲ…။ ထို့ထက်ပိုဆိုးသည်က ဒီမှာ လူအများ နေ့စဉ်စားသုံးဖြစ်နေကြသော ကြက်ဆီထမင်းတပွဲမှာ ကယ်လိုရီ ၆၀၀၊ Minced Meat Noodle တပွဲမှာ ကယ်လိုရီ ၅၅၀၊ ပြီးတော့ Curry Fish Head တပွဲမှာ ကယ်လိုရီ ၁၃၅၀ (လူ ၄ ယောက်ပဲ အတူတူ share စားအုံး တယောက်ကို ၃၀၀ ကျော်… တခြား ဘာမှ မပါသေး…)၊ ရှမ်းခေါက်ဆွဲ ၁၀၀ ဂရမ်သည် ကယ်လိုရီ ၃၆၀၊ အဆီနှင့်တွဲလျှက် ဝက်သား ၁၀၀ ဂရမ်သည် ကယ်လိုရီ ၄၅၀၊ မြေပဲလှော် ၁၀၀ ဂရမ်သည် ကယ်လိုရီ ၅၆၀… ဘုရား… ဘုရား… သည်လိုနှင့် ကိုယ် မသိလိုက်ပဲ မလိုအပ်သော ကယ်လိုရီတွေ စားသုံးမိခြင်းကြောင့် ဝသည်ထက် ဝလာရခြင်း ဖြစ်မည်ဟု တွေးမိသည်။

ခန္ဒာကိုယ်အတွက် တနေ့တာ လိုအပ်သော ကယ်လိုရီ အတိုင်းစားပါက မိမိ၏ လက်ရှိ ကိုယ်အလေးချိန်ကို ဒီအတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လက်ရှိ ကိုယ်အလေးချိန်ကို လျှော့ချလိုပါက တနေ့တာလိုအပ်သော ကယ်လိုရီထဲမှ ရာခိုင်နှုန်းအနည်းငယ်ကို လျှော့ချသင့်သည်။ ကိုယ်ကတော့ လိုချင်သော Target တခုကို မရောက်မချင်း တနေ့တာ ကယ်လိုရီ၏ နှစ်ဆယ် ရာခိုင်နှုန်းကို လျှော့စားဖို့ စဉ်းစားသည်။ ထို့ကြောင့် အခု ဘာပဲစားစား ကယ်လိုရီကို ကြည့်ပြီး တွက်ပြီးမှ စားသော အကျင့်လုပ်နေသည်။ ဘာပဲ စားစား အထုတ်ပေါ်မှာ (သို့) ဗူးပေါ်မှာ ရေးထားသော စာပိစိလေးတွေမှာ ကယ်လိုရီကို အရင် ရှာဖတ်သည်။ Mc Donald တို့ KFC တို့ စာဖြစ်လျှင်လဲ မစားခင်မှာ Nutrition Chart မှာပါသော Information တွေ အရင် ကြည့်ဖြစ်သည်။ တချို့ဟာတွေကို ဂူဂယ်၏ အကူအညီယူပြီး ရှာမိသည်။ အရင်က စားခါနီး သောက်ခါနီးတိုင်း ကင်မရာတလုံးနှင့် ရှုပ်ရှက်ခတ်ပြီး စားအံ့ဆဲဆဲမှာ လူတွေကို ဒုက္ခပေးတတ်သော မသက်ဝေ၊ အခုတော့ တခုခု စားဖို့အရေး ဂူဂယ်မှာ ကယ်လိုရီ ရှာရပြန်သည်။ ရူးတယ်လို့ ပြောချင်လဲ ပြောကြပါစေတော့… ပုံပျက်ပန်းပျက် ဝလာမှာတော့ အနည်းငယ်မျှ မလိုလားပါလေ…။

သူများတွေလို လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်ရမှာလဲ သေမတတ် ပျင်းသောကြောင့် နေ့စဉ် ပုံမှန် ထမင်းဟင်းကို အဟာရဖြစ်အောင်၊ လိုအပ်သော ကယ်လိုရီ ရောက်အောင်၊ ကျန်းမာရေးကို မထိခိုက်အောင် စားသည်။ တီဗွီကြည့်ရင်း ကွန်ပျူတာကြည့်ရင်း အချိန်မရွေး မျက်စိရှေ့ တွေ့ရာ မြင်ရာ snacks တွေကို ကြုံရင် ကြုံသလို ကောက်စားတတ်သော အကျင့်ကို ဖျောက်ရသည်။ ဘာရယ်မဟုတ် ဗိုက်မဝပဲ အလကားနေရင်း ကယ်လိုရီတွေများနေစေသော အစားအစာများကို ရှောင်ရှားသည်။

အရင်က တဗူးလုံး တထိုင်ထဲ ကုန်အောင် စားမိတတ်သော Pringles အာလူးကြော်မှာ တဗူးကို ကယ်လိုရီ ၈၀၀ ကျော်ပါတာ တွေ့ရတော့ အတော်လေး လန့်သွားသည်။ KFC စားလျှင် Thigh ပေးပါ ဟု မှာမိသည်။ ပြန်ကြည့်လိုက်တော့ Thigh တခုမှာ ကယ်လိုရီ ၂၅၀ ရှိနေသည်။ သူ့ထက်စာလျှင် Breast က တော်သေးသည်… ၂၀၀ ကယ်လိုရီတဲ့…။ ရေခဲမုန့် one scoop မှာ ကယ်လိုရီ ၁၆၀… ထမင်းစားပြီးမှာ ရေခဲမုန့်ကို အချိုတည်းသလို စားလိုက်လျှင် ဘယ်နှစ် scoop ဝင်လို့ ဝင်သွားမှန်းမသိ ထမင်းတခါစားသလောက် ထပ်ဝင်သွားတာ အသေအချာ… ဒါမျိုးကို ရှောင်ရသည်။ အလွယ်တကူ လိမ်မော်ရည်ဗူးလေးတွေ မကြာခဏ ဝယ်သောက်မိသည်… အခုမှ ကြည့်လိုက်တော့ 250 ML ဗူးသေးလေး တဗူးကို ၁၃၀ ကယ်လိုရီ တဲ့…။ အလကားနေရင်း ရေလိုဝင်သွားပြီး ဘာမှလဲ အဟာရမပေးသော လိမ်မော်ရည်တွေ အချိုရည်တွေကိုလည်း ရှောင်ရသည်။

အဓိက ကိုယ့်ရဲ့အသည်းကျော်
ကော်ဖီ… ဘလက်ကော်ဖီမှာ ကယ်လိုရီ လုံးဝမရှိ…။ သို့သော် ကိုယ်က ကော်ဖီကို နို့နဲ့ သကြားနဲ့ သောက်တာလေ… ကော်ဖီတခွက်ကို မရှိဘူးဆို ကယ်လိုရီ ၁၀၀ တော့ အနည်းလေးရှိသည်။ တနေ့ကို သုံး လေး ခွက် သောက်မိနေတော့… အခြေအနေက မကောင်း။ Starbucks က Mocha တခွက်မှာ Cream မပါရင်တောင် ကယ်လိုရီ ၃၀၀ ဆိုတော့ တကယ့်ကို ကြေကွဲမိသည်။ သို့သော် Green Tea မှာ ကယ်လိုရီ လုံးဝမရှိ… ဒီတော့ တချို့ ကော်ဖီချိန်တွေမှာ Green Tea ကို အစားထိုးရသည်။

သည်လိုနှင့် တပတ်လောက်အတွင်းမှာ လူက နေရတာ အနည်းငယ်ပေါ့ပါးလာသလို ခံစားရသည်… အဝတ်တွေ ဝတ်ရတာ ပိုပြီး သက်သာ ချောင်ချိလာသလို ခံစားရသည်။ အမျိုးသားကတော့ စိတ် စိတ်ပါကွယ်... ဟု ခပ်တိုးတိုး (မကြားတကြား) ရေရွတ်နေလေသည်။ အခုလောလောဆယ်မှာ ဝိတ်ကိုတော့ ချိန်မကြည့်… ချိန်မကြည့် ဆိုတာထက် မချိန်ရဲ မချိန်ချင်… ဆိုလျှင် ပိုမှန်မည်။ (အိမ်က ပေါင်ချိန်စက်အကြောင်း နောက်တပိုစ့်မှာ ရေးပြပါမည်။)

ဘာပဲဖြစ်ဖြစ်လေ… Something is better than None… မဟုတ်ပါလား..။
ဘာမှမလုပ်ပဲ ဒီအတိုင်းနေနေမည့်အစား သတိလေးနဲ့ နေ၊ သတိလေးနဲ့ စားလိုက်တော့ ဘယ်သူ ဘာပြောပြော ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်နေတာ အမှန်။ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ နေတတ်ဖို့လည်း အရေးကြီးသည်သာ။ သည်တော့ ဝလို့ လှလို့ ဟူသော ရှေးစကားကို ပျော်ပျော်ကြီး ဆန့်ကျင်ပြီး ကိုယ့်လိုပဲ ဝနေသူများ၊ ဝ စပြုလာသူများ၊ ဝ မလာအောင် ထိန်းသိမ်းချင်သူများအတွက် ရည်ရွယ်၍ သည်ပိုစ့်လေးကို ရေးလိုက်သည်။ သည်ပိုစ့်လေးကို ဖတ်မိပြီး တနေ့ တနေ့ ငါဘာတွေ စားမိပါလိမ့်၊ စားမိသမျှ စားစရာတွေမှာ ကယ်လိုရီ ဘယ်၍ ဘယ်မျှ ပါဝင်နေပါလိမ့် ဆိုတာကို သတိလေး ထားမိပြီး အနည်းအကျဉ်း ဆင်ခြင်နိုင်ကြလျှင် ကိုယ် ရေးရကျိုးနပ်ပြီပေါ့…။


နောက်ဆက်တွဲ...
သူငယ်ချင်းတယောက်က ဒီပိုစ့်ကို ဖတ်ပြီး ဘီယာဆိုရင်ရောလို့ မေးလာတဲ့အပြင် ကော်မန့်မှာ ကိုဘွိုင်းဇ်ကပါ လာမေးထားလို့ မထင်မှတ်ပဲ ဘီယာမှာပါတဲ့ ကယ်လိုရီ အကြောင်း သွားဖတ်မိပါတယ်…။ ဖတ်ပြီးတော့ ငါးပါးတွေမက သံဃာစင်ပါ မှောက်သွားတာပါပဲ…။ မမှောက်ခံနိုင်မလား… ကြည့်ပါအုံး... Alcohol Full Strength ရှိတဲ့ ဘီယာတခွက်မှာပါတဲ့ ကယ်လိုရီက ကော်ဖီတခွက်မှာပါတဲ့ ကယ်လိုရီနဲ့ တူတူပါပဲ... ၇၅ ကယ်လိုရီ ပါတဲ့…။ Light Beer ဆိုရင် သူ့မှာရှိတဲ့ ကယ်လိုရီက ကော်ဖီတို့ နို့တို့ Coke တို့မှာပါတဲ့ ကယ်လိုရီထက်ကို နည်းနေသေး ဆိုပဲ။ ဒီမှာ လဲ ဖတ်လို့ရသေးတယ်...။ ကဲ… ကိုဘွိုင်းဇ်ရေ… ဘီယာက ကယ်လိုရီ နည်းတယ်ဆိုတိုင်းလဲ စိတ်တိုင်းကျတွေ သောက်မနေနဲ့အုံးနော်…
မေးလို့သာ ပြောရတယ် တရားခံဖြစ်မှာတော့ ကြောက်သား…း))