Friday, June 24, 2011

ချစ်ခြင်းအစ...

(Photo from Google)


ချစ်ခြင်းအစ သိပ္ပံကော်ပြားက ဖြစ်ပါသည်။
ဆယ်တန်းနှစ်က ဓါတုဗေဒအချိန်မှာ ဆရာမက ကျောက်သင်ပုန်းပေါ်တွင် နိုက်ထရိုဂျင်ဓါတ်ငွေ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရေးဆွဲသင်ပြနေသည်။ ဆရာမက ပုံရော စာတွေပါ လိုက်ကူးရေးကြဟု ဆိုလာသောအခါ အတန်းသား အားလုံးက သိပ္ပံကော်ပြား ကိုယ်စီဖြင့် ပုံဆွဲကြပါတော့သည်။ နေရာတကာမှာ ရှပ်ပြာ ရှပ်ပြာနှင့် ဟိုမေ့ ဒီမေ့ မေ့လျော့တတ်သော ကျွန်မ… ထိုနေ့က ပုံဆွဲစရာ သိပ္ပံကော်ပြား ပါမလာပါ။ ဒီဆရာမက သူ့စာသင်ချိန်မှာ ကျောင်းစာအုပ်တွေ ကျန်ခဲ့လျှင်၊ ပစ္စည်းကိရိယာ စုံစုံလင်လင် ပါမလာလျှင် နည်းနည်းမှ ဆင်ခြေပေး၍မရ၊ လုံးဝ ခွင့်မလွှတ်တတ်ပဲ အတန်းရှေ့တွင် တချိန်လုံး မတ်တပ်ရပ်ခိုင်းပြီး ဒါဏ်ပေးတတ်သည်။ ထို့ကြောင့် ဉာဏ်နီ ဉာဏ်နက်တွေထုတ်ကာ ဘေးဘီဝဲယာကို (ဆရာမ မသိအောင်) တိတ်တိတ်ကလေး မျက်စိကစားလိုက်သည်။

ကျွန်မနှင့် အနီးဆုံး လူသွားလမ်းကလေးသာခြားသော ညာဖက်စာရေးခုံမှာ သိပ္ပံကော်ပြား အဖြူရောင်လေးနှင့် အကျအန ပုံဆွဲနေသူတယောက်ကို တွေ့လိုက်ရသည်။ သူ့ကို အရင်က အတန်းထဲတွင် တခါမှ မတွေ့ဖူးခဲ့… ကျောင်းသားအသစ်လား... အခုမှ အတန်းပြောင်းလာသူတယောက်လား သေချာမသိပါ။ သူ ပုံဆွဲအပြီးကို မသိမသာ စောင့်ကြည့်ရင်း ဆရာမအလစ်မှာ သူ့စားပွဲပေါ်မှ သိပ္ပံကော်ပြားကို ဖျတ်ကနဲ ဆွဲယူလိုက်သည်။ မထင်မှတ်သော ကျွန်မ၏ အပြုအမူကြောင့် ထိုကျောင်းသား လန့်သွားဟန်တူပါသည်…။ တခုခုကိုပြောရန် ပါးစပ်ပြင်နေသည်ကို တွေ့လိုက်သောကြောင့် ဘာမှမပြောရန် ရှုး တိုးတိုး ဟူသော အမူအယာ လုပ်ပြလိုက်သည်။ သိပ်ကျေနပ်ပုံမရပဲ အောင့်သက်သက် အမူအယာဖြင့် မျက်နှာလွှဲသွားသော သူ့ကို ရယ်ချင်စိတ်ကြောင့် ကျွန်မ နှုတ်ခမ်းကို နာနာ ကိုက်ထားလိုက်ရသည်။ ထိုစာသင်ချိန်အပြီးမှာ ရယ်ကျဲကျဲနှင့် ကော်ပြားကို ပြန်ပေးလိုက်သည်။ ကျေးဇူးတင်စကား ဆိုခဲ့သလား မဆိုခဲ့သလား ကျွန်မ မမှတ်မိတော့ပါ…။

ထိုနေ့မှစပြီး သူနှင့် ကျွန်မ မျက်မှန်းတန်းမိသွားကြသည်။ သို့သော် တိတ်ဆိတ် အေးဆေးပြီး စကားသံ လုံးဝမထွက်သော သူနှင့် ကျွန်မ… ရင်းနှီး ခင်မင်သော သူငယ်ချင်းများ ဖြစ်မလာကြပါ။ သူငယ်ချင်း အပေါင်းအသင်း များလှသော၊ နေရာတကာ စပ်စပ် စပ်စပ် ပါတတ်သော၊ စကားများပြီး အငြိမ်မနေတတ်သော ကျွန်မနှင့် သူ စရိုက်ချင်း မတူကြသောကြောင့် နောက်ပိုင်းမှာ သူ့ကို ဖာသိဖာသာနှင့် သိပ်သတိမထားမိတော့ပါ။

သို့သော် တရက် နေ့လည် မုန့်စားဆင်းချိန်မှာ သူ့ကို ထမင်းဗူးလာပေးသော ကျောင်းစိမ်းဂါဝန်လေးနှင့် ၅ တန်း ၆ တန်းအရွယ် ကလေးမလေးတယောက်ကို သတိထားလိုက်မိသည်။ သူ့မျက်နှာနှင့် ချွတ်စွတ်တူသော ထိုကလေးမလေးက အတန်းဘေး ပြူတင်းပေါက်နားမှာ ခေါင်းလေး ပြူတစ် ပြူတစ်လုပ်ပြီး အသံသေးသေးလေးနှင့် ကိုကြီး ဟု လှမ်းခေါ်သည်။ ထို့နောက် ကလေးမလေးက ထမင်းဗူးကို သူ့လက်ထဲ လှမ်းပေးပြီး တဆက်တည်းမှာ မုန့်ဘိုး ဟု ပြောလိုက်သည်။ ထိုအခါ သူက ရှပ်အင်္ကျီအိပ်ထဲမှ ငွေစက္ကူ တရွက်ကို ထုတ်ပေးလိုက်သည်ကို တွေ့ရသည်။ နေရာတကာ စပ်စုတတ်သော ကျွန်မအကျင့်ကြောင့် နောက်ရက်များမှာလည်း သူတို့ မောင်နှမတတွေကို သတိထားကြည့်မိပါသည်။ ကိုကြီး… မုန့်ဘိုး… ဟူသော အခိုက်အတံ့လေးကို နေ့စဉ်ရက်ဆက် မြင်ရ တွေ့ရဖန် များလာသောအခါ ဘာကြောင့်မှန်းမသိ ကျွန်မစိတ်ထဲ သဘောကျ နှစ်သက်လာမိသည်။ ပြီးတော့ ကျွန်မ၏ ဖျောက်မရသော ဗီဇကြောင့် သူ့ကို တွေ့တိုင်း ကိုကြီး မုန့်ဘိုး ဟု တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ရေရွတ် နောက်ပြောင်မိလေတော့သည်။

ပထမရက်ပိုင်းများတွင် မျှော်လင့်မထားသော ကျွန်မ၏ နောက်ပြောင်မှုကြောင့် သူ့မှာ မနေတတ် မထိုင်တတ်နှင့် ရှက်ရွံ့သွားသလို… အရယ်အပြုံးမရှိ မှုန်တေတေနှင့်…။ သို့သော် နောက်ရက်များတွင်တော့ အနည်းငယ် တိုးတက်လာပါသည်။ ကျွန်မ၏ နောက်ပြောင်မှုကို ပြုံးစစ မျက်နှာပေးဖြင့် တုံ့ပြန်ဖေါ်ရလာသည်။ ရက်တွေ ကြာလာသည်နှင့်အမျှ သူ့ကို တွေ့တိုင်း ကိုကြီး မုန့်ဘိုး ဟု မမေ့မလျော့ ပြောရခြင်းအပ်ါမှာ နှစ်သက်လာသလို ပြုံးရုံထက် မပိုသော သူ၏ တုံ့ပြန်မှုကိုလည်း နွေးထွေး နှစ်လိုလာပါသည်။

ပထမအစမ်းစာမေးပွဲအတွက် အမှတ်များထွက်သောအခါ သူ၏ သမိုင်းရမှတ်မှာ ၄၂ မှတ်ဖြစ်ပြီး ကျွန်မက ၈၂ မှတ် ဖြစ်ပါသည်။ ထိုအခါ သူက ကျွန်မကို သမိုင်း ကျူရှင် ယူ မယူ လာမေးရာမှအစပြုကာ ခါတိုင်းထက် စကားအနည်းငယ် ပိုပြောဖြစ်ခဲ့ပါသည်။ ဆရာမကို ခွင့်တောင်းပေးလိုက်သောကြောင့် သူနှင့် ကျွန်မ သမိုင်းကျူရှင် အတူတူ တက်ဖြစ်သွားကြပါသည်။ သူသည် ကျွန်မ၏ အတန်းဖေါ် ယောင်္ကျားလေးသူငယ်ချင်းများအားလုံးထဲတွင် စကားအနည်းဆုံးသူ တယောက်ဖြစ်ပါသည်။ ကျွန်မနှင့် စကားပြောလျှင်လည်း သူက နားထောင်သူ သက်သက်သာ…။ သူသည် မိသားစုထဲတွင် သားအကြီးဆုံးဖြစ်ပြီး ညီမလေးများရှိပါသည်။ ထိုအချိန်က ဂျူး၏ တဦးတည်းသော သား ဝတ္ထု နှင့် ရုပ်ရှင်များ ခေတ်စားနေချိန်ဖြစ်သောကြောင့် ကျွန်မက သူ့ကို ယူက ဒါဆို တဦးတည်းသောသားပေါ့ ဟု ပြောသောအခါ သူက ရယ်နေပါသည်။ စကားများများ မပြောသော်လည်း ကျူရှင်လာလျှင် ကျွန်မအတွက် ခေါင်းအုံးသကြားလုံးများ ယူလာပေးတတ်ပါသည်။ ကျွန်မ မကြာခဏ တောင်းတောင်းနေသော မုန့်ဘိုးတော့ မပေးပါ…။

ဆယ်တန်းစာမေးပွဲအတွက် ကျောင်းတက်၊ ကျူရှင်တက်၊ စာတွေကျက်ရင်း စာမေးပွဲကြီးနီးလာသောအခါ ကျောင်းမှာ အမှတ်တရ အော်တိုရေးခြင်းဟူသော အမှုများ ခေတ်စားလာပြီး လူတိုင်း လူတိုင်းလက်ထဲတွင် အော်တိုစာအုပ်များ ပလူပျံနေပါသည်။ ရိုးရိုး ကျောင်းသုံးဗလာစာအုပ်များကို အဖုံးလှလှလေးများ ဖုံးအုပ်ကာ အော်တိုစာအုပ်သဖွယ် အသုံးပြုကြသူများရှိသလို မျက်နှာဖုံးလှလှနှင့် စာအုပ်များကို တမင် ဝယ်ယူ အသုံးပြုကြသူများလည်း ရှိပါသည်။ ကျွန်မလို စာ ကဗျာများ၊ သီချင်းများကို စိတ်ဝင်စားသူတယောက်အဖို့ အော်တိုရေးခြင်းသည် အလုပ်ကြီး အကိုင်ကြီး တခုဖြစ်လာပါသည်။ စာကျက်ချိန်တွေမှာ စာကို ကောင်းကောင်းမကျက်နိုင်ပဲ စကားလုံး လှလှ၊ ကဗျာလှလှများ၊ သီချင်း အပိုင်းအစများ ရှာဖွေကာ ဘောလ်ပင်ရောင်စုံ၊ လှပသောလက်ရေးတို့ဖြင့် အော်တိုကို အကျအန ရေးတတ်ပါသည်။ ပြီးတော့ အော်တိုစာအုပ်ပေါင်း များစွာကိုလည်း ကျွန်မ ပိုင်ဆိုင်ပါသည်။ ဆရာမတွေအတွက် တအုပ်၊ အရင်းနှီးဆုံး သူငယ်ချင်းတွေအတွက် တအုပ်၊ ကျောင်းက သူငယ်ချင်းတွေအတွက် တအုပ်၊ ကျူရှင်က သူငယ်ချင်းတွေအတွက် တအုပ် စသည်ဖြင့်…။

တရက်မှာတော့ တယောက် တလက် လက်ဆင့်ကမ်းရေးသားနေကြသော ကဒ်ထူဖုံး အပြာရောင်နှင့် ကျွန်မ၏ အော်တိုစာအုပ်ကို သူကိုယ်တိုင် ကျွန်မလက်ထဲ လာထည့်ပါသည်။ အော်… သူလည်း အော်တိုရေးပေးသကိုး ဟု တွေးကာ ဘာတွေများ ရေးထားပါလိမ့်ဟု သိချင်ဇောနှင့် စာအုပ်ကို လှန်လှော ရှာဖွေမိပါသည်။ စာအုပ်၏ ပထမဆုံးစာမျက်နှာမှ စာတကြောင်းနှင့် သူ့ လက်မှတ်သည် ကျွန်မကို မိနစ်ပေါင်းများစွာ အငိုက်မိ တိတ်ဆိတ် ငြိမ်သက်သွားစေပါသည်။ သတိပြန်ဝင်လာသောအချိန်ကျမှ လက်စသတ်တော့ သူ ငါ့ကို ရီးစားစာ ရေးပေးတာပဲ ဟု သဘောပေါက်သွားပါသည်။ အရင်က ဖတ်ခဲ့ဖူးသော ဖွဲ့ဖွဲ့နွဲ့နွဲ့ ရီးစားစာ တရှည်တလျားများနှင့်မတူ၊ စာတကြောင်းတည်း ရိုးရှင်းစွာ ရေးသားထားသော သူ့စာသည် ကျွန်မအတွက် တခါမှ မကြုံဖူးသော၊ ထူးဆန်းပြီး သိမ်မွေ့ညင်သာသော ခံစားမှုမျိုး ပေးစွမ်းနိုင်ကြောင်း တအံ့တသြ သိလိုက်ရသည်။ ထိုအော်တိုစာအုပ်ကို ဘယ်သူ့ကိုမှ ဆက်မရေးခိုင်းတော့၊ ဘယ်သူ့ကိုမှလဲ မပြတော့ပဲ လုံခြုံ လျှို့ဝှက်သော နေရာမှာ သိမ်းဆည်းထားမိပါသည်။ ဘယ်သူမှ မတွေ့နိုင်သော မမြင်နိုင်သော နေရာမျိုးကျမှ တကြောင်းတည်းသော ထိုစာကို (တယောက်တည်း မလုံမလဲနှင့်) မပြီးနိုင် မစီးနိုင်အောင် အထပ်ထပ် အခါခါ ဖတ်နေမိပါသည်။

ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်ပြီးနောက် သူနှင့် ကျွန်မ ချစ်သူတွေ ဖြစ်သွားကြပါသည်။ တက္ကသိုလ်ကျောင်းတွေမဖွင့်ခင် အချိန်များကို သူ့ညီမလေးများနှင့်အတူ တပတ်တခါ အိမ်ကို အလည်လာခြင်း၊ ဖုန်းပြောခြင်း၊ စာရေးခြင်းတို့ဖြင့် ကုန်လွန်စေခဲ့ပါသည်။ ကျောင်းတွေဖွင့်သောအခါမှာ သူက လိပ်ခုံး၊ ကျွန်မက ကြို့ကုန်း...။ နေ့တိုင်းတွေ့ဖို့ မလွယ်သောကြောင့် ဖုန်းပြောခြင်း၊ စာရေးခြင်း အလုပ်တွေ မပျက်မကွက် ဆက်လုပ်ရပြန်ပါသည်။ ကျွန်မက စာရေးလျှင် မြန်မာလိုရေးသော်လည်း သူက အင်္ဂလိပ်လိုသာ ရေးလေ့ရှိပါသည်။ ဆယ်တန်းနှစ်က စာသင်ခန်းထဲမှာ ကျွန်မ ဖျတ်ကနဲ အလစ်ဆွဲယူသွားခဲ့သည်မှာ သိပ္ပံကော်ပြားကို မဟုတ်… သူ့ နှလုံးသားကို ဖြစ်သည်ဟု အဓိပ္ပါယ်ရသော စာကို ဖတ်လိုက်ရသောအခါ ဟိုတွေး ဒီတွေးနှင့် ကျွန်မစိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသေးသည်။ သိပ္ပံကော်ပြားကို လှမ်းယူကာ သူ သတိထားမိအောင် တမင်လုပ်ခဲ့သလိုများ ဖြစ်သွားလေရော့သလား ဟု တွေးမိကြောင်း ပြောတော့ သူက ဒါ တွေးစရာလား… ပြောင်စပ်စပ် မျက်နှာပေးနှင့် ဘရုတ်ကျကျ ကျွန်မကို ဟိုးအစောကြီးထဲက သူ သိနှင့်နေပြီးသား… အဲဒီနေ့ကမှ ချစ်တယ်ဆိုတာ သေချာသွားတာ ဟု ရှင်းပြပါသည်။ ထိုအခါ ကျွန်မကလည်း ကျေနပ်စွာ ပြုံးရင်း ချစ်ခြင်းအစ သိပ္ပံကော်ပြားက… ဟု ပြောတော့ သူက ကိုကြီး မုန့်ဘိုး လို့ ပြောအုံးလေ ဟု ပြန်ပြောပါသည်။

စကားတွေကို ဝေဝေဆာဆာ မပြောတတ်သော သူက ကျောင်းပြီးရင် လူတွေနဲ့ ဝေးပြီး အေးချမ်းတဲ့ နေရာတခုမှာ နှစ်ယောက် အတူတူ သွားနေကြမယ်… နှစ်ယောက်ပေါင်းပြီး ထင်ရာ မြင်ရာတွေလုပ်လည်း တို့ကို လာဆူမဲ့သူတွေ မရှိဘူးပေါ့… ဟု စိတ်လိုလက်ရ ပြောလာပြီးနောက် သိပ်မကြာခင်မှာ ကျွန်မတို့ လက်ထပ်လိုက်ကြပါသည်…။

* * * * * * * * * *

ဒီနေ့ မနက် ရုံးလာခါနီးမှာ သူ့ကိုနှုတ်ဆက်ရင်း ကိုကြီး မုန့်ဘိုး... ဟု ပြောလိုက်သောအခါ သူက ကျွန်မခေါင်းကို မနာအောင် ပုတ်လိုက်ပြီး ဆယ်တန်းတုံးက လုသွားတဲ့ သိပ္ပံကော်ပြား ပြန်ပေးမှ မုန့်ဘိုးပေးမယ် ဟု ပြောပါသည်။ ပြီးတော့ နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ရင်း သဘောတကျ ရယ်မောမိပါသည်။

အနှစ်နှစ်ဆယ်တေးတပုဒ် ဖြစ်ပါသည်။
သို့သော် လှပသော သံစဉ်များနှင့်အတူ မနေ့တနေ့ကလို နုနယ် ပျိုမြစ် သစ်လွင် လန်းဆန်းဆဲ…။



52 comments:

Mon Petit Avatar said...

I have nothing but to say "That is so lovely", Ma Ma Thet Wai!!!

Hmoo said...

ဒါမျိုးကြသိပ်ရေးတတ်ပ... :)
ပျော်တယ်ဗျိုး၊အဲလိုလန်းလန်းလေးတွေများများ ရေးနိုင်ပါစေ... :)
ဆုတောင်းကသပ်သပ်ပြီးမှ၊
ခွိခွိ

Anonymous said...

ချစ်ဖို့ကောင်းလိုက်တာ။ အဲ့လိုလေး ရေးစရာလူ ရှိချင်လိုက်တာနော်။

Anonymous said...

Super Like.... :)
Ko Gyi...Moke Phoe...

SHWE ZIN U said...

မသက်ဝေ

ဖတ်ရတာ စိတ်လေး နုပျိုသွားတယ်..

မြူးမြူး said...

၁၅နှစ်လောက်ပြန်ငယ်သွားသလို ခံစားရတယ်မမရေ..း)

Anonymous said...

အမှတ်တရ အဖြစ်လေးက ချစ်စရာကောင်းလိုက်တာ အမရဲ့ ..

jr

ပန်းချီ said...

သြ...လက်စသတ်တော့ မမတို့က ဂလိုကိုး..
ဇာတ်လမ်းလေးက ချစ်ချာလေး
လုသွားတဲ့ သိပ္ပံကော်ပြားပြန်ပေးး))

ချစ်တဲ့

ahphyulay said...

အင်း..
ကောင်းလှတေး၊ ကောင်းလှတေး...။
ဖတ်လို့  ကောင်းလှတေး...။
ရေးတာ သွက်ပေမယ့် သွက်သလောက်
ကောင်းပါသည်။
ဖွဘုတ်က လိုက်လာသည်။

မေဓာဝီ said...

အိပ်ရာနိုးနိုးချင်း အမသက်ဝေရဲ့ ချစ်ခြင်းအစ ကို ဖတ်လိုက်ရတာ မနက်ခင်းက လှပသွားတယ်။ ချစ်စရာ ကြည်နူးစရာလေး ...

Ko Boyz said...

ချစ်ချာရေး...။ :P

ဆုမြတ်မိုး said...

ကြည်နူးစရာကောင်းလိုက်တား) အမြဲမုန့်ဖိုးတောင်းနိုင်ပါစေ တီသက်ရယ်

Anonymous said...

အားကျလိုက်တာ
ဘုတ်
ခနဲ့


ချစ်တဲ့
မေလေး

စု said...

အရမ်းဖတ်လို့ကောင်းပါတယ် မမချစ်သက် ...း)

ပန်ဒိုရာ said...

မွေးစားထားတဲ့ ညီမတွေကိုလည်း မုန့်ဖိုးပေး မုန့်တွေလည်း ဆက်ကျွေးနိုင်ပါစေ

အေးမြချိုဆိမ့်နေတဲ့ အနှစ်နှစ်ဆယ်တေးလေးပါ
သြော်.. အနှစ်နှစ်ဆယ် အနှစ်နှစ်ဆယ် (မပျင်းသေးဘူးလား.. ဟီး)

Vista said...

မကြီး မုန့် ဖိုး အဲလေ .. ယောင်ကုန်ပေါ့
ဖတ်လို့ ကောင်းလိုက်တာ ။ ဘွတူတွေမို့ ပိုကြိုက်တယ်မသက်ဝေ။

Thandar Lwin said...

မမရေ <3<3<3
ဒီပို့ စ်လေးကို ချစ်လိုက် သဘောကျလိုက်တာ ..
နှစ်ပေါင်းများစွာကြာပြီး ဒီအချိန်ထိ ဒီလိုကြည်နူးစရာလေး တွေကို ပြန်ခံစားနိုင်တာ တကယ့် ကို ၀မ်းသာစရာပါ မမရေ ။ ခုချိန်ထိ အချစ်ငှက်လေးတွေ အဆင့် ပေါ့  ။ ကျမတို့ ဆို နှစ်သိပ်မကြာသေးဘူး စင်ရော်အဆင့် ရောက်နေပြီ ။

(မမ တို့ အကြောင်းဝမ်းသာစွာ ဖတ်ပြီး ကိုယ့် အကြောင်းတွေး ၀မ်းနဲအားငယ်သွားးးးး)

Anonymous said...

ရေးထားတာလေး...ချစ်ဖို့ကောင်းချက်...မမသက်ဝေ...။ အမှတ်တရ အဖြစ်လေးတွေကိုလဲ ထပ်ရေးပေးဖို့..တောင်းဆိုပါတယ်။း)


နောင့်

TnT said...

So sweet. I love it, ama. :)

Anonymous said...

အရမ်းမိုက်တယ်။
အိုင်အိုရာ

ZZZ said...

အချစ် ..အချစ် ...

အချစ်ပို.စ်လေးဖတ်ပြီး ကိုယ်တောင် အသက်ပြန်ငယ်သွားသလို ခံစားလိုက်ရတယ် ..

Anti Ageing Cream တွေခေတ်စားနေချိန်မှာ မသက်ရဲ့ ပို.စ်က Anti Ageing Post လေးဖြစ်နေတယ်၊

seesein said...

ဒီလိုမှန်းသိ ကော်ပြားရော ပေတံပါ ငှားပါတယ်း)
နုပျိုလန်းဆန်းသွားတာဘဲ ခေတ်ဟောင်းတေးတပုဒ်ဆိုပေမယ့် ဘယ်အခါမှ မရိုးနိုင်တဲ့ ပြန်ဆိုတေးလေးပေါ့ဗျာ

ခင်မင်တဲ့
seesein

chocothazin said...

ကာယကံရှင်များနှင့်ထပ်တူ ကြည်နူးမိပါသည်။
မမသက်ဝေကိုတွေ့ ရင် မုန့်ဖိုးတောင်းဦးမှပဲး)

သဉ္ဇာ - Thinzar said...

this is so sweet :)

မိုးငွေ့...... said...

အရမ်းးးးးကိုချစ်ဖို့ကောင်းတဲ့ပို့စ်လေးတစ်ခု...။
လက်တွဲတွေထာဝရခိုင်ခိုင်မြဲပါစေမမသက်ဝေ...။


ခင်တဲ့
မိုးငွေ့

လရိပ်အိမ် said...

ပျော်စရာတွေပေါ့

Sunny said...

လှလိုက်တဲ့ ပို့စ်လေးပဲ အစ်မရေ.. ဖတ်ရတာ စိတ်ထဲကို ကြည်နူးသွားတာပဲ..

ညိမ်းနိုင် said...

အရမ်းချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပဲဗျာ...။မိုက်တယ်..
စဖတ်ကတည်းက ကြည်နူးမှုကလေးက အဆုံးထိပဲ...။

Nyi Linn Thit said...

ဒီအထဲမှာ ဓါတုဗေဒ ဆရာမရဲ့ ပရောဂလည်း မကင်းဘူး၊ သူသာ ဒဏ်ပေးတတ်တဲ့ ဆရာမ မဟုတ်ရင် သိပ္ပံကော်ပြားကိုလည်း သွားလုစရာ မလိုဘူး၊ ဒါဆို ကော်ပြားနဲ့ တွဲချည်ထားတဲ့ နှလုံးသားလည်း ပါလာမှာ မဟုတ်ဘူး-လို့ ပြောင်ချော်ချော် ပြောချင်ပေမယ့်လည်း ချစ်ခြင်းရဲ့ ထုတ်ဖော်ပုံကို အဲဒီကော်ပြားနဲ့ အခိုင်အမာ ဆွဲထားခဲ့ပြီးလို့သာ ဒီနေ့မနက်မှာ မုန့်ဖိုးတောင်းတဲ့ အဆင့်ကို ရောက်ခဲ့ကြတာ ဖြစ်မှာပါပဲ၊ ကြည်နူးစရာ ကောင်းတယ် မသက်ဝေ....။း)

ညီမလေး said...

သိပ်ချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပါလား မမသက်ဝေ ။ လှပသော သံစဉ်တွေနဲ့ အတူချစ်ခြင်းတွေ အနှစ်တရာ့နှစ်ဆယ်တိုင်ပါစေ မမသက်ဝေ ..

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ကူးယဉ်မဟုတ်တဲ့နယ်ပယ်ထဲက သိမ်မွေ့နူးညံ့သော ချစ်ခြင်း ကဗျာလေးတစ်ပုဒ်ပါဘဲ
ဖတ်ရတဲ့သူကို ကြည်နူးချမ်းမြေ့ခြင်းတွေ မျှဝေကူးစက်ခံစားသွားစေတယ်
နှစ် နှစ်ဆယ်မှသည် နှစ်ပေါင်း ရာချီတိုင်ပါစေရှင်..

rose said...

ချစ်ခြင်းအစလေးကို ကြည်ကြည်နူးနူး သဘောတကျ ဖတ်သွားတယ် အစ်မသက်ဝေ။ အဲ့ဒီလိုလေးတွေ များများရေးနော်။ နှစ်သက်လို့း)

sonata-cantata said...

ဆယ်တန်းတောင်ပြန်တက်ချင်တယ်...
မုန့်ဖိုးတောင်းပြီး ဇီးပြား စားချင်လို့ပါ ;p

ကလူသစ် said...

သမီင်္းလေးတော်လှ တော်လှနဲ့ ၁၀တန်းပြီးတာနဲ့ ရည်းစားတန်းထားတာကိုး။ ခုတော့ ပေါ်ပြီ။

Turn On Ideas said...

ချစ်ခြင်းတွေက အနှစ်နှစ်ဆယ်တိုင်အောင် လတ်ဆတ်ချိုမြနေတုန်း...
ဒါကြောင့်လည်း ငယ်ကချစ်တော့ အနှစ်တစ်ရာလို့ ဆိုကြတာကိုး!

မင်္ဂလာဆောင်တွေမှာလို photo slide showလေး ပြပါဗျို့

မအိမ်သူ said...

အိုး.. တကယ်ကို ကြည်နူးစရာကောင်းတဲ့ နဖူးစာဇာတ်လမ်းလေးဘဲ မသက်ဝေရေ.. အဲဒီလို နဖူးစာမျိုးက အနှစ်၁၀၀မက သက်ဆုံးတိုင်တည်မဲ့ နဖူးစာပါဘဲ။

သက်ဝေ said...

ဒီပိုစ့်လေးကို လာဖတ်ကြသူများနဲ့ ကော်မန့်မှာရော... ဖဘမှာပါ ချစ်ခင် ချိုသာစကားများ ဆိုခဲ့ကြသူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်... တကယ်ပြောတာပါ...း))

Anonymous said...

အချစ်သည်
လူကို ဖမ်းစားတတ်၏
နော်...

အနှစ်နှစ်ဆယ်တေးက လှတယ်၊

“ကိုကြီး မုန့်ဖိုး” လို့ ကျွန်မက သွားမစခဲ့ရင် ဘယ်လို ဇာတ်လမ်းတမျိုး ဖြစ်လာမှာပါလိမ့်နော်၊

အပြုံးပန်း

Anonymous said...

Facebook က ကူးလာခဲ့တယ် မမ...

ချစ်တဲ့

ညီမလေး...

Aung Myo Kyaw - ရေရေလည်လည် heart ထိတယ် မမသက်ဝေ :P copyright လုပ်ထားအုံးနော် တော်ကြာ ရွာကလူတွေ တွန်ပြီး ရုပ်ရှင်လုပ်နေအုံးမယ်

Theingi Nwai - အော်..ဒီလိုကိုး။ ချစ်ခြင်းအစက အမျိုးမျိုးဖြစ်နိုင်တာပဲနော်.. .မြင်တွေ့ခဲ့ဖူးတဲ့ သိပ်ချစ်ကြတဲ့ သက်ဝေတို.အတွဲလေးရဲ့ ဇာတ်လမ်းအစလေးကို သိလိုက်ရလို.သဘောတွေကျသွားပါရဲ့။ မုန့်ဖိုးအမြဲတောင်းရင်း ဘယ်တော့မှ မဟောင်းနွမ်းတဲ့ အချစ်များ သက်တော်ရာကျော်ရှည်ပါစေ....(ဘလော့ဂ်မှာ ရေးမရလို့ ဒီမှာ ပြန်လာရေးတာ...း))

Sanda Hlaing - ရင်ထဲမှာ ကြည်နူးမှုကို ခံစားလိုက်ရတယ်... တကယ့်ကို လှပသောသံစဉ်များနဲ့ တေးတစ်ပုဒ်ပါ... အနှစ်နှစ်ဆယ်မှသည် နောက်နှစ်ပေါင်းလေးဆယ်.. ငါးဆယ်.. ခြောက်ဆယ် လှပသောသံစဉ်နဲ့ တေးလေးကို
ဆက်ဆိုနိုင်ကြပါစေလို့.... :)

လင်းဒီပ said...

အနှစ်နှစ်ဆယ်တေး... နယူးဗားရှင်း...

rose of sharon said...

မရယ်... ချစ်စရာကောင်းလိုက်တာ... ပြန်တွေးတိုင်းကြည်နူးနေမှာပေါ့နော်...

တန်ခူး said...

ကိုကြီး... မုန့် ဖိုး...တဲ့လား
ကိုကြီးဆိုတာ အဲဒီကတည်းက နှုတ်ကျိုးသွားတာလား... ချစ်စရာ ဒီစုံတွဲလေးရဲ့ ကြည်နူးစရာ ဒီဇာတ်လမ်းလေးကို ဖတ်ရတော့ ရင်ခုန်သံတွေက ပန်းသီးတလုံးလို လတ်ဆတ်လို့ ... ခုတော့ ကိုကြီး...မုန့် ဖိုး မဟုတ်တော့ဘူးနော်... ကိုကြီး... အိတ်တလုံးဖြစ်သွားပြီ....

Than Lae said...

သိပ်နူးညံ့တာပါ မမသက်ဝေရယ် ... ဖတ်ရင်းနဲ့  ပြုံးတုံ့ တုံ့ လေးကို ဖြစ်လို့  ... ဒါထက် "မမသက်ဝေ မုန့် ဖိုး " ... ပေးရင် စိတ်မဆိုးပါနော် .. :)

Anonymous said...

Very nice..

ပြည်ကောင်းအောင် said...

What a lovely post about Love! Have a diamond-jubilee happy and healthy marriage!

ဟန်ကြည် said...

ဟား...ဒီပို့စ်ကိုဖတ်ပြီးတော့ ကိုယ့်ကျောင်းသားတွေကို ဂရုစိုက်ဖို့ သတိရသွားတယ်...ကိုယ်ကတော့ ဆယ်တန်းဆိုတာ ကလေးမှတ်နေတာကိုး...အင်း...တကယ်တော့ မကလေးတော့ပါကလား...ကောင်းလေစွ ကောင်းလေစွ...

Moe Cho Thinn said...

ချစ်စရာကောင်းလိုက်တာဗျာ..

မုန့်ဘိုးလာလာတောင်းတဲ့ ညီမလေးက မိချော ထင်ပါရဲ့။ မောချိ တို့များ အိမ်မှာ ရပြီးသားကို အကို ကို ထပ်လာတောင်းတာ ဖြစ်မယ်၊ သူလာတောင်းတာ ဒီမှာ အရမ်းချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေး ဖြစ်သွားပြီ။

အဲဒီတုန်းက လိပ်ခုံးကနေ ကြို့ကုန်းကို အလာ ကိုကြီးက ဘတ်စ်ကား တွယ်စီးတော့ အဖေလုပ်သူ ကားနဲ့တိုးလို့ ဘတ်စ်ကားပေါ်က ဆင်းပြီး တခါတည်း ကြို့ကုန်းကို လိုက်ပို့ခိုင်းတဲ့ ကိုကြီးအကြောင်းလေး ဆက်ပါအုံး မမရယ်..

နှစ်ယောက်စလုံးကို ချစ်ခင်လျက်
မောချိ သူငယ်ချင်း မိုချိ

mae said...

ချစ်ဖို့ကောင်းလိုက်တာ မမသက်ဝေ

ဒီတခါ ပြန်လာရင်ရော တွေ့မှာလား

ရွှေပြည်သူ said...

ဆွတ်ပျံ့ကြည်နူးစရာ ကောင်းလိုက်တာ အစ်မသက်ဝေရယ်း) ဘယ်လိုမှတ်ချက် ပေးရမယ်မှန်းမသိအောင် လှပါတယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတာ မှတ်မိတယ်။ လူနှစ်ယောက်ဆုံဆည်းဖို့ ကံပါလာရင် ပတ်ဝန်းကျင်က သက်မဲ့တွေကပါ အလိုအလျှောက် ပံ့ပိုးဖန်တီးသလို အမြဲဖြစ်လာတယ်တတ်တဲ့... သိပ္ပံကော်ပြားလေးကလည်း အဲဒါကြောင့် အဲဒီနေ့က ရှိမနေခဲ့တာ...

T T Sweet said...

ဟောတော့ ... ဟောတော့ ... ဒီပို့စ်ကို ဘာလို့ ခုမှတွေ့ပါလိမ့် ...
ကိုကြီးခေါ်တာ ဘာလို့လဲ ခုမှဇာတ်ကြောင်း သိရတော့တယ်။

ဒီသိပ္ပံကော်ပြားနော် ... တော်တော်မွှေတယ်။
ချစ်ခြင်းအစ သိပ္ပံကော်ပြားက ...း))

ယနေ့ မှစ နှစ်၁၀၀တိုင်စေသော်။
ချစ်တဲ့
ဆွိ

ခင်မင်သူတွေဒီလိုခေါ်တယ်၊ ကျွန်မကိုမြတ်ကြည် :P said...

အစ်မရေ..ဒီစာလေးကို ဖတ်ရတာ ဆယ်တန်းပြန်ရောက်သွားသလိုပါပဲ။ သူ့ကို ပြန်ပြီး သတိရမိပါရဲ့။

အင်ကြင်းသန့် said...

ဖတ်ရတာ ချစ်စရာ ကြည်နူးစရာကောင်းလိုက်တာမမသက်ဝေရယ်....
တကယ်ပြောတာပါ။