ဘလော့ဂ်ကို တလကျော်ကြာတဲ့အထိ စိမ်းစိမ်းကားကား ပစ်ထားနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အံ့သြမဆုံး ဖြစ်နေမိတယ်…။ သူ အရင်လို မဟုတ်တော့ဘူး… မဟုတ်တော့ပါဘူးကွယ်… လို့ သီချင်းဆိုရတော့မလိုပဲ…။
ဂျူလိုင်တလလုံးလုံး ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်ရော လူပါ မအားရတဲ့အခါမှာ ခေါင်းထဲမှာ ဘာဆို ဘာမှ မရှိတော့ပဲ စာရေးချင်စိတ်တွေရော ရေးစရာ အတွေးစတွေပါ အားလုံး ပျောက်ကုန်ကြတယ်။ အချိန်ပိုတချို့ ရှိနေပေမယ့်လည်း အာရုံတွေကို ဘယ်လိုမှ စုစည်းလို့ မရတော့ ဘာမှ ရေးဖို့ မကြိုးစားတော့ဘူး…။ ဆန္ဒမရှိပဲ အာရုံမဝင်စားပဲ တာဝန်ကျေရုံ လုပ်ရတဲ့ အလုပ်တိုင်းဟာ ဘယ်သောအခါမှ သေသပ် လှပမှာ မဟုတ်ဖူးလို့ သူက အားပေးလာတယ်…။ အင်းလေ… သူပြောတာလည်း ဟုတ်တာပါပဲလို့ ခေါင်းညိတ်မိတယ်…။
ပျောက်နေတဲ့ အချိန်တလအတွင်းမှာ လက်ပတော့နဲ့ ကင်မရာကို အနားပေးထားပေမယ့် ချစ်သူ ခင်သူတွေရဲ့ စာအသစ်တချို့ကို ဖတ်ဖြစ်ပါတယ်…။ မှတ်ချက်တော့ မရေးဖြစ်ပါဘူး။ ပြီးတော့ မျက်နှာစာအုပ်ပေါ်ကို တခါတခါ ရောက်ဖြစ်တယ်…။ ဒါလည်း ဖုန်းထဲကနေ ဖတ်လို့ ကြည့်လို့ ရနေလို့ပါ။
ဖတ်မိသမျှထဲမှာ နှစ်သက်တဲ့ အက်ဆေးတခုက ကိုညီလင်းသစ်ရဲ့ ၂၇ နှစ်မှာ... ဆိုတဲ့ ပိုစ့်ပါ။ အဆိုတော် Amy Winehouse ကွယ်လွန်တဲ့သတင်းကို ကြားပြီး အသက် ၂၇ နှစ် မှာ ဖြစ်ပ်ါလာတဲ့ အချိုးအကွေ့တွေအကြောင်း… ပိုစ့်ရော ကော်မန့်တွေရောက စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူ မတက်ဂ်ပေမယ့်လည်း ကိုယ်တိုင် ၂၇ နှစ်မှာ ဆိုတဲ့ ပိုစ့်တခုတောင် ရေးချင်စိတ် ပေါ်လာတယ်… မကြာခင်မှာ ရေးဖြစ်မယ် ထင်ပါတယ်…။
နောက် ခံစားရတာတခုကတော့ ညီမ ပန်ဒိုရာ ပြုသမျှ နုလိုက်ရတဲ့ (ကဗျာအုပ်စုထဲ အတင်း ဆွဲသွင်းခံလိုက်တဲ့) ပြည်တော်ပြန် တူမကလေးနှင့် နေအိမ်ဝန်းကျင် မြန်မာစံတော်ချိန် (၁၃.၇.၂၀၁၁) ညနေ ၆ နာရီ ၃၀ မိနစ် စက်ရပ်သတင်းအကျဉ်း ဆိုတဲ့ ပိုစ့်ပါ…။ ဖတ်အပြီးမှာ အတော်လေးကို စိတ်မသက်မသာ ခံစားလိုက်ရတဲ့ စာတပုဒ်ဆိုလည်း မမှားပါဘူး…။ တူမလေးလို မိဘနဲ့ ခွဲပြီး ပြည်တော်ပြန်ကြရတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်တောင် များနေပြီလဲလို့ တွေးနေမိတယ်…။ ခေတ်က တော်တော်ကို ပျက်နေတာပဲ…။
လူပြော သူပြောများနေတဲ့ မြန်မာတို့ရဲ့ အားကစားစိတ်ဓါတ် ပြင်းထန်ပုံကို စာဖွဲ့တားတဲ့ BlueSkyForest ရဲ့ အားကစားသတင်းပဒေသာ ကို ဖတ်အပြီးမှာတော့ အရယ်တဝက် အမောတဝက်နဲ့…။ (မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်... မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်...)
ဒီရက်ပိုင်း ကြားရသမျှ သတင်းထဲမှာ ရယ်ရခက် ငိုရခက် မခံချိ မခံသာ ဖြစ်စရာတချို့ကတော့ သူငယ်ချင်း ချစ်ကြည်အေးရဲ့ ငါးမန်းတောင် ဟင်းချို အကြောင်း နဲ့ နောက်ခံပြောင်းသွားတဲ့ သစ်သား ဘတ်စ်ကားကြီး အကြောင်းပါ။ အတော်များများလည်း သိပြီးကြပြီလို့ ထင်ပါတယ်…။ လက်လှမ်းမှီသလောက် လိုက်ဖတ်ကြည့်မိတော့ ဝင်ရောက် ဆွေးနွေးကြပုံတွေ ပြန်လည် ချေပ တုံ့ပြန်ကြပုံတွေ ထူးခြားလွန်းလို့ ဘာပြန်ပြောရမှန်းတောင် မသိတော့အောင် ဖြစ်သွားရတဲ့ အကြောင်းအရာတွေပါပဲ…။ (ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်… ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ…)
အဲဒါနဲ့ ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်း ချစ်ကြည်နဲ့တွေ့လို့ သူ့ရင်တွင်းခံစားချက်လေး ဘာလေး အင်တာဗျူးကြည့်မလို့ စကားစတော့ ဘာမှ ပြောချင် ဆိုချင်စိတ်မရှိတဲ့ ရယ်ကျဲကျဲ မျက်နှာနဲ့ ခေါင်းကို ခါယမ်းပြနေပုံကိုကြည့်ပြီး မေးခွန်းတွေ မမေးဖြစ်လိုက်တော့ပါဘူး…။ (မသိလို့ မေးတာလား… သိရက်နဲ့ မေးတာလား…)
တခုခုကို စောင့်ဆိုင်းနေရရင် အချိန်တွေဟာ သာမန်ထက် ပိုပိုပြီး ရှည်ကြာလွန်းတယ်လို့ ခံစားရတယ်…။ ပူပင်သောကတွေ ပါလာရင် ပိုဆိုးတာပေါ့။ အဲဒီလိုအချိန်တွေကို စာတအုပ်ဖတ်ရင်း ကုန်လွန်ဖို့ ကြိုးစားကြည့်တယ်…။ လက်တွေ့မှာတော့ စာအုပ်ကတခြား အတွေးကတခြား၊ မျက်လုံးက စာအုပ်ပေါ် တည့်တည့်ကြီးရောက်နေတာတောင် စာလုံးတွေ မမြင်မိအောင် ဝေဝါးလွန်းတယ်။
အဲဒီလိုနဲ့ အချိန်တွေကုန်အောင် စိတ်အာရုံကို ပြောင်းနိုင်အောင် နောက်တခုလုပ်မိတယ်… အဲဒါကတော့ ဂိမ်းကစားတာပါပဲ…။ ဖြတ်ထားတာ နှစ်နှစ်နီးပါးရှိတဲ့ ဂိမ်းတွေကို မရည်ရွယ်ပါပဲနဲ့ ပြန်ဆော့မိတယ်…။ ငှက်တွေကို (ဒေါသအလျောက်) လေးခွနဲ့ပစ်တယ်… လယ်စိုက်တယ်… စားသောက်ဆိုင် နဲ့ ကိတ်မုန့်ဆိုင် ဖွင့်ပြီး စီးပွားရှာတယ်… ပြီးတော့ တိရိစ္ဆာန်ဥယျာဉ်တခု ဆောက်တယ်..။ အချိန်တွေ တော်တော်များများမှာ အဲဒါတွေကို စိတ်နောက်ကိုယ်ပါ ဆော့နေတာ… အိပ်မက်ထဲတောင် အကောင်တွေ အစာကျွေးပြီး ကိတ်မုန့်ဆိုင်က ပိုက်ဆံတွေ သိမ်းနေမိတုန်း…။
အခုတော့ အခြေအနေတွေ အားလုံး ကောင်းလို့ အရာရာ ပုံမှန်ပြန်ဖြစ်သွားပါပြီ…။ ဂိမ်းကစားတာကို လျှော့လို့ စာပြန်ရေးဖို့ ကြိုးစားပါတော့မယ်။ အလည်မရောက်ဖြစ် မှတ်ချက်မရေးဖြစ်တဲ့ စာမျက်နှာတွေပေါ်ကိုလည်း မကြာခင်မှာ အရောက် လာခဲ့ပါ့မယ်…။ ပျောက်နေတဲ့အချိန်တွေမှာ မျက်နှာစာအုပ်မှာ အီးမေးလ်မှာ စီဘောက်စ်မှာ သတိတရ လာရှာကြ နှုတ်ဆက်ကြ သတင်းမေးကြတဲ့ သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းများအားလုံးကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်…။
ပြောရရင် ဒီပိုစ့်ကတော့ ဟိုမရောက် ဒီမရောက် ပိုစ့်တပုဒ်ပါ… ။
သို့သော်လည်း စာပြန်ရေးဖို့ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့… ပြီးတော့ ဘလော့ဂ်ရပ်ဝန်းနဲ့ အလှမ်းဝေးနေတဲ့ အချိန်တွေမှာ အတတ်နိုင်ဆုံး စာကြေဖို့ ကြိုးစားထားခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ မပီပြင်လှတဲ့ အလွမ်းတေးတပုဒ်လို့သာ မှတ်လိုက်ကြပါနော်…။
I am glad to read your new post, Ma Ma Thet Wai! Looking forward to read "at the age of 27" too.
ReplyDeleteMon Petit Avatar
ဒါလေးဖတ်ပြီး စာရေးချင်စိတ်ပေါ်လာတယ်
ReplyDeleteခေါင်းစဉ်ကြည့်ပြီး အက်ဆေးအသစ်တစ်ပုဒ်တော့ဖတ်ရပြီဆိုပြီး လာတာ...စာပြန်နွေးတဲ့ ကျောင်းသားနဲ့လာတွေ့နေတယ်...။ ကဲ ကဲ လိမ်၂မာ၂လေးနဲ့ အိမ်စာလေးလုပ်နေနော်...။ နောက်ပြီးမှ ပြန်လာစစ်မယ်...း))
ReplyDeleteခင်တဲ့
မိုးငွေ့
လိုက်လွမ်းပါတယ်....
ReplyDeleteလွမ်းတေးမဆုံးစေနဲ့ သက်သခင် ... :))
ReplyDeleteအမသက်ဝေပို့စ် ခေါင်းစဉ်ဖတ်ပြီး တက္ကသိုလ်ဘုန်းနိုင် - ၀တ္ထုကို သတိရသွားလို့ ။ တက္ကသိုလ်ဘုန်းနိုင်က စောသခင်ဆိုတော့ အမသက်ဝေက သက်သခင်ပေါ့။
သွေးပူလေ့ကျင့်ခန်း လုပ်ပြီးရင် ပြန်သွေးမအေးအောင် ဆက်တိုက်လုပ်ရမှာနော် ... အမ။
စာတွေဖတ်ဖို့ စောင့်နေပါတယ် မသက်ဝေရေ.. မအားတဲ့ အခါတော့လည်း ဒီလိုဘဲပေါ့။ စာဆိုတာကလည်း တကယ်စိတ်ပါမှ ရေးလို့ကောင်းတာမျိုးဆိုတော့ စိတ်ထွေနေတဲ့အချိန်မျိုးတွေဆို ဘာမှထွက်မလာတတ်တာ အမှန်ပဲ။
ReplyDeleteဟိုမရောက် ဒီမရောက် ပိုစ်လေးကလည်း ဖတ်လို့ကောင်းလိုက်တာ သက်ဝေရယ်။ ဟိုရောက် ဒီရောက်ပိုစ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်လိမ့်မလဲနော်။ ကျန်းမပျော်ရွှင်ပါစေနော့...(သစ်လွင်သော အသစ်အသစ်တွေကို မျှော်လင့်လျက်ပါလို့...)
ReplyDeleteကိုယ့်ဆိုဒ်မှာ ထိပ်ဆုံးကပေါ်လာတော့ မအားသေးလို့  နောက်မှဖတ်မယ်ဆိုပြီးတွေးထားတာကိုအသာထား ချက်ချင်းလာဖတ်လိုက်ပါတယ်။ ပျောက်နေတာကြာလို့ သတိရနေတာ။ အားလုံးပုံမှန်ပြန်ဖြစ်သွားပြီဆိုလို့ ဝမ်းသာမိပါတယ်။
ReplyDeleteဘာရေးရေးဖတ်ကောင်းနေတာပါဘဲ။
အိုင်အိုရာ
Welcome back, Ma Ma Thet Wai! :)
ReplyDeleteပျောက်နေပေမယ့် စာကြေတာတော့ အထင်အရှား ပဲဗျို့၊ စက်ရပ်သတင်းတွေ၊ ဆွေးနွေးခန်းတွေကို တစ်ခုမှ လွတ်ပုံမရဘူး..၊း) ကျနော်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ မှာ အလုပ်များရတဲ့ ကြားတဲ့ Wi-fi router ကပါ ပျက်ချင်ချင်မို့လို့ ကွန်နက်ရှင်က မကောင်းတော့ ဘာမှ မတင်ချင်ဘူး ဖြစ်နေခဲ့သေးတာ...၊ ကဲ.. ငှက်တွေလည်း လွတ်လပ်စွာ ပျံနိုင်ပါစေတော့၊ လယ်တွေကိုင်းတွေ လည်း သူရင်းငှားနဲ့ ထား၊ ကိတ်မုန့်ဆိုင်လည်း လက်လွှဲခဲ့ပြီး ကီးဘုတ်ပေါ်က နွေးလက်စ လက်ချောင်း တွေ ဆက်ပြီး နွေးပါစေလားဗျာ.....။း)
ReplyDeleteWell come back my friend. Cheers!!!
ReplyDeleteIf you need Oven to reheat, I will send you one :))) hee hee....
ReplyDeletePlease write , waiting for new post
really really new Essay :) OK
နေပါဦး ရယ်ကျဲကျဲ ဆိုတာ ဘာတုန်း...၊ ရယ်နေတုန်း ရေရောလိုက်တာလား....ဖြေပါ...ဖြေပါ....:)
ReplyDeleteအလွမ်းများဝေးးးစေသတည်းးးးးး
ReplyDelete(ကော်နီ အသံလေးနဲ့)
း)
အလွမ်းတေးနဲ့ စာနွှေးတာ တော်လိုက်တာ..။
ReplyDeleteလင့်ခ်တွေလဲ လိုက်ဖတ်ဖြစ်တော့တယ်...။
ဘလော့ဂ်ဂါများ မရေးဖြစ်တာတောင် အဖတ်တော့ မပျက်ကြဘူး...အံ့လောက်တဲ့ သံယောဇဉ်ပါပဲ။
စောင့်မျှော်လျှက်နေဆဲပါ ။
ReplyDeleteဒီပိုစ်လေးကိုဖတ် ၊ ပိုစ်အသစ်လေးမျှော်ရင်း အဟောင်းလေးတွေကိုပါ ပြန်လှန်နေပါတယ် မမရေ။
အင်း..
ReplyDeleteလက်သွေးတယ်ဆိုပါတော့ ၊
အဆိုတော်တွေလို အလုံပိတ်အခန်းထဲ
အသံကုန် အရင်အော်ထုပ်ပြီးမှ အပြင်
ထွက်ဆိုသလို့ ပေါ့ နော်...။
ဘလော့ ရေးသူအများစု မကြာခဏဖြစ်နေ
တတ်ပါတယ်။ မရေးချင်ပေမယ့် လည်း
မရေးပဲနဲ့ လဲ မနေနိုင်...။
ကျွန်တော်ကတော့  ကြိုက်နေတဲ့ 
ဝတ္ထုလေးတင်လိုက်၊ ကိုယ်တိုင်ရေးလေး
တစ်လှည့် တင်လိုက်နဲ့  အဆက်ပြတ်မသွား
အောင် လုပ်နေတယ်လေ..။
လက်နွှေးတဲ့ပို့စ်လေးပေါ့။
ReplyDeleteကျနော်တော့ စာမရေးတာကြာသွားရင် ရေးဖို့ပျင်းပျင်းသွားတယ်။ အာရုံတွေ တော်တော်ကို ပြန်စုယူရတာပဲ။
sis, looking forward to read your new posts. Your writing is so nice , cute and attractive :)
ReplyDeleteမမသက်ဝေ..
ReplyDeleteဒီကလည်း ဝေးဝေးကနေလွမ်းနေပါတယ်...ခုတော့ တုပ်ကွေးမိနေုလို့ စာမရေးနိုင်ဘူးး(
စီးပွားရေးတွေသိပ်သောင်းကျန်းပြီး ပေါင်းသင်၊ အပင်စိုက်၊ မွေးမြူရေးတွေချည်းပဲလုပ်မနေနဲ့ဦးလေ မရယ်..ဒီကပိတ်သက်ကြီးက အမြဲအားပေးနေတဲ့ ဟာပဲဟာကို..း))
ချစ်တဲ့
ဗိုလ်အောင်ဒင်ပြန်လာပြီ ၊ အဲလေ မှားလို. ဗိုလ်သက်ဝေပြန်လာပြီ ..
ReplyDeleteရုံးမှာ အလုပ်နည်းနည်းပါးရင် ဘလော့တွေလျောက်ဖတ်၊ အိမ်ပြန်ရောက်ရင် ဘလော့တကာလျောက်လည် ..
အင်း ... အမလေးတို.လို ဘလော့ဂါတွေမရှိရင် လောကကြီးက အလွန်ပျင်းစရာကောင်းလို. ရိပ်သာသွားပြီး တရားမှတ်ဖို.ပဲရှိတော့တယ်
ပို.စ်အသစ်တွေကို မျှော်နေပါ့မယ် ...
ကိတ်မုန့် ဆိုင် ဆိုင်နီးချင်းဖြစ်ချင်လို့ ... သက်ဝေရေ.. တလလေးပဲဝေးအောင် controlလုပ်နိုင်တာကို အားကျမိပါရဲ့... ဒီက အပေအတေ ငပျင်းမတန်ခူးဆို တနှစ်လောက် ပျင်းတာတောင် ပျင်းလို့ မဝ...ဆိုးပုံများလေ...
ReplyDeleteပို့စ်ကို ဖတ်နေရင်း ငါးမန်တောင် ဟင်းချို မသာက်ဖို့ ပုဂံမှာ ဘတ်စ်ကားစီးပြီး လှုံ့ဆော်ရမလားဟင် ဖြစ်သွားတယ်။
ReplyDelete