Saturday, March 29, 2008

ကြက်ဥတစ်လုံးရဲ့ အသုံးဝင်ပုံများ

ကျွန်မတို့ မြန်မာလူမျိုးတွေ စားလေ့ရှိတဲ့ အစားအစာတွေထဲမှာ ကြက်ဥ ဆိုတာ အခွံအရောင်က ညိုဝါ၀ါနဲ့ ၊ ပြုတ်စားစား ကြော်စားစား စားလို့ ရ၊ အပြင်က အကာက အဖြူရောင်၊ အတွင်းက အနှစ် အ၀ါရောင်နဲ့  ချစ်စရာ အလုံးအခဲလေးတွေလို့  လူတိုင်းက သိကြမှာပါနော်…။ သူ့ ကို စားရင် အားရှိတယ်၊ အဟာရဖြစ်တယ်လို့ လဲ အကြမ်းဖျဉ်းတော့ သိကြမှာပါ။ အခု နောက်ပိုင်း ကျန်းမာရေး ဆိုင်ရာ အသိပညာတွေ တိုးတက်လာတဲ့ခေတ်မှာတော့ သူ့ ကိုစားရင် အဆီတက်တယ်၊ ကိုလက်စထရော တက်တယ် လို့ အများက သိလာကြတဲ့ အခါ သူ့ ကိုရှောင်သူရှောင် ရှားသူရှား၊ စားတဲ့အခါမှာလဲ အဖြူရောင် အကာကိုသာစားပြီး အနှစ်ကို ဖယ်သူဖယ်နဲ့  စိမ်းစိမ်းကားကား ခွဲခွဲခြားခြား ပြုမူလာတတ်ကြတာကိုလဲ တွေ့ ရပါတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် ကြက်ဥ ဆိုတဲ့အရာကို မကြိုက်လို့ မစားရင်သာရှိရမယ်၊ ကြက်ဥကို မစားဖူးပါဘူး ဆိုတဲ့သူတော့ မရှိသလောက်ပဲ ဖြစ်ပါလိမ့်မယ်။

သက်ဝေ တစ်ယောက် ကြက်ဥဟင်းနဲ့  ထမင်းစားဖြစ်တဲ့ တစ်ညနေမှာ (အလုပ်မရှိ အလုပ်ရှာပြီး...) ကြက်ဥတစ်လုံး ရဲ့ အသုံးဝင်မှု အကြောင်းကို (ကြီးကြီး ကျယ်ကျယ် နဲ့ နော်...) စဉ်းစားကြည့်ရင်း လူတွေဟာ သူ့ ကို နည်းလမ်း အသွယ်သွယ် နဲ့ အသုံးချကြ၊ စားပုံစားနည်း အမျိုးမျိုး နဲ့ ကြော်လှော် ချက်ပြုတ် စားသောက် တတ်ကြတာကို တွေးမိသွားရာကနေ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ ကြက်ဥ ကို ချက်ပုံချက်နည်း၊ စားပုံ စားနည်း အမျိုးမျိုးကို ကျွန်မ လက်လှမ်းမှီသလောက်၊ သိသလောက် စဉ်းစားပြီး ရေးထားပါတယ်။ အခုရေးထားတဲ့ နည်းတွေထဲမှာ မပါတဲ့ အခြားသော ချက်နည်းပြုတ်နည်း အသစ် အသစ် များရှိသေးတယ် ဆိုရင်လဲ ဖြည့်စွက်ပေးပါနော်။


ကြက်ဥကို ဟင်းလျာတစ်ခု အနေနဲ့ စားတတ်ကြပုံတွေကတော့…

၁။ အလွယ်ဆုံးအနေနဲ့ ကတော့ ကြက်ဥကို ပြုတ်.. လေးစိတ် စိတ်ပြီး ဆီလေးဆမ်း၊ ထမင်းပူပူလေးနဲ့ စား…။

သူ နဲ့ လိုက်ဖက်တာကတော့ ချဉ်ပေါင်ကြော်တို့  ခရမ်းချဉ်သီး ငပိချက်တို့ ပါ။
(ငယ်ငယ်က မန္တလေးကို မီးရထားနဲ့ ခရီးသွားရင် လမ်းမှာစားဖို့ မေမေ ချက်ယူလာလေ့ရှိတဲ့ ဟင်းတွေထဲက တစ်မျိုးပါ။ ခြောက်ခြောက်သွေ့ သွေ့ နဲ့  သယ်ရယူရ လွယ်ကူပြီး ထမင်းလဲမြိန်စေတဲ့ ဟင်းလျာတစ်ခုအဖြစ် ခဏခဏ အမှတ်ရနေပါတယ်။)

၂။ နောက်အလွယ်ဆုံး တစ်ခုကတော့ ကြက်ဥကို အလုံးလိုက် မကျက်တကျက်ကြော်… ဒါလဲ ထမင်းဖြူ ပူပူလေးနဲ့ စား.. ကောင်းတာဘဲ။ လွယ်ကူပြီး အချိန်ကုန်သက်သာ အဟာရဖြစ်တဲ့ ဟင်းတစ်မျိုး ဆိုရင်လဲ မမှားပါ။ (ချဉ်ပေါင်နဲ့ မျှစ်ကြော် ချဉ်ချဉ်စပ်စပ်လေးနဲ့ ဆို စားလို့  ကောင်းမှကောင်း။)

၃။ နောက်တစ်ခါ ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥကို ပါးပါးလှီးပြီး ကြက်သွန်စိမ်း၊၊ ပုဇွန်ခြောက်မှုန့် ၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီချက်တို့ နဲ့ သုတ်စားတာပါ။ ပဲကြာဆံပြုတ်လေး နဲ့  အာလူးပြုတ်လေး ပါးပါးလှီးထည့်နိုင်ရင် ပိုတောင်ကောင်းသေး။ စိတ်ရှည်သော အိမ်ရှင်မများ အတွက်ပေါ့…။
(သက်ဝေနဲ့ တော့ လားလားမှ မဆိုင်ပေါင်...)။

၎။ ကြက်သွန်နီလေးကို ပါးပါးလှီး ဆားနဲနဲ နဲ့ နယ်ပြီးဆေး၊ ကြက်ဥကို အဲဒီ ကြက်သွန်နီနဲ့ ရောခေါက်ပြီးကြော်…။ စိတ်ရှည်ရင် အဲဒီထဲကို ခရမ်းချဉ်သီးတို့  ၀က်အူချောင်းတို့ ပါးပါးလှီးပြီး ရောကြော်ရင်လဲ ရသေးတယ်လေ…။
(အိမ်မှာ ဟင်းမရှိတဲ့နေ့ တို့ ၊ ဟင်းကျန်တာ နဲနေတဲ့ နေ့ မျိုးတွေမှာ အကြံအဖန် ထုနိုင်တဲ့ နည်းကောင်းတစ်ခုပါ။)

၅။ ကြက်ဥကိုပြုတ်၊ ငြုတ်သီး ကြက်သွန်ထောင်း ဆီသပ်ပြီး ပုဇွန်ခြောက်မှုန့် ထည့်၊ ပြီးတော့ မန်ကျည်းမှည့်ရည်ထည့်၊ အပေါ့ အငန်မြည်း ကြက်ဥပြုတ်ကို ထက်ခြမ်းခြမ်းပြီးထည့်၊ မဆလာလေး အုပ်လိုက်ရင် ကြက်ဥချဉ်ရေဟင်း ရရောပေါ့၊ တချို့ ကတော့ ကြက်ဥကို ပြုတ်ထည့်မယ့်အစား ပွက်ပွက်ဆူနေတဲ့ ချဉ်ဟင်းအရည်ထဲကို ကြက်ဥအစိမ်းလိုက် ဖေါက်ထည့် ပြီးတော့လဲ ချက်တတ်ကြတာတွေ့ ဖူးပါတယ်။ လွယ်လဲလွယ်ကူ၊ အချိန်ကုန် သက်သာ၊ အမြင်လဲ တစ်မျိုးဆန်း၊ စားလို့ လဲကောင်းပါတယ်။
(မေမေကတော့ တစ်ခါတစ်ရံဆို အဲဒီထဲကို ရုံးပတီသီးနုနုလေးတွေ လက်တစ်ဆစ်လောက်စီ ပိုင်းပြီးထည့်တတ်ပါတယ်။)

၆။ ဒီတစ်ခါကျတော့ အပေါ်ကလိုဘဲ ကြက်ဥကိုပြုတ်၊ ကြက်သွန်နီတွေ ပါးပါးလှီး ဆီသပ်၊ ပြီးရင် ငြုတ်သီး အကြမ်းမှုန့်  နဲ့  ပုဇွန်ခြောက်မှုန့် ပါထည့်ပြီး ဆီသပ်၊ ပြုတ်ထားတဲ့ ကြက်ဥကို လေးစိတ်စိတ်ထည့်၊ ငန်ပြာရည် အချိုမှုန့် လေး အနေတော်အောင်ထည့်… ဒါကိုတော့ ကြက်ဥဆီပြန် လို့ ခေါ်ကြတယ်လေ။
(မှတ်မှတ်ရရ ပြောရရင် သူနဲ့ ချစ်သူတွေဖြစ်ခါစ ကျောင်းက နွေးအေးမှာ ထမင်းတူတူစားရင်း သူ့ ထမင်းဘူးထဲမှာ ပါလာတဲ့ဟင်းပါ။)

ရ။ နောက်တစ်ခုကတော့ ကြက်ဥပြန်ကြော် လို့ ခေါ်ကြတယ်။ ကြက်ဥကို နာနာလေးခေါက်၊ ဆား အချိုမှုန့်  သင့်ရုံထည့်၊ ပြီးတော့ ဒယ်အိုးပြားပြားနဲ့ ကြော်၊ ကျက်ရင် သေးသေး သေးသေးလှီးထား၊ အဲဒါကိုမှ ကြိတ်ထားတဲ့ ၀က်သား အကြေတို့ ၊ သေးသေးတုံးထားတဲ့ ကြက်သားတို့ ၊ ပုဇွန်တို့ နဲ့ ပြန်ကြော်စားတဲ့ နည်းပါ။ လုပ်ရတာ လက်ဝင်ပြီး အရသာအားဖြင့်တော့ သိပ်ထူးထူးခြားခြားမရှိလှတဲ့ ဟင်းတစ်မျိုးပါဘဲ။

၈။ ကြက်ဥ ငါးပိချက် ဆိုတာကြားဖူးကြပါသလား…။
ကြားဖူးတဲ့သူတွေက ငြိမ်ငြိမ်နေ… မကြားဖူးတဲ့သူတွေက နားထောင်နော်…။
ကြက်သွန်ဖြူလေးတွေကို ပါးပါးလှီး ဒယ်အိုးထဲမှာ ဆီနဲနဲ နဲ့  ဆီသပ်၊ ပြီးရင် မျှင်ငါးပိ နဲနဲပါရောထည့်ပြီး ခဏ ဆီသပ်၊ ပြီးရင် အဲဒီအထဲကို ခေါက်ထားတဲ့ ကြက်ဥကို လောင်းထည့်ပြီး မြန်မြန်လေးမွှေ။ ဒါဆိုရင် ကြက်ဥ ငါးပိချက် ရရောပေါ့။ မျှင်ငါးပိရဲ့ အနံ့ ကို ကြက်သွန်ဖြူ ဆီသပ်ကထိန်း ပြီး မျှင်ငါးပိရဲ့ အငန် ကိုတော့ ကြက်ဥ ကထိန်း သွားပါတယ်။ သူ့ ကိုတော့ ဆောင်းတွင်း နံနက်စောစော ချမ်းချမ်းစီးစီး အချိန်မျိုးတွေမှာ ဆီထမင်းနဲ့ တွဲစားလေ့ရှိတယ်။ ထမင်းနဲ့ တော့ တွဲမစားဖူးဘူး။

ဒါတွေကတော့ ကြက်ဥကို တိုက်ရိုက် အသုံးချပြီး ဟင်းအဖြစ်ချက်တဲ့နည်းတွေပါ။

ကျန်တဲ့ အသုံးချနည်းတွေကတော့...
- ကြက်ဥကို နွားနို့ နဲ့ ရောပြီး ဆားလေး၊ သကြားလေးထည့်၊ ရေဆူဆူထဲမှာ ပေါင်းလိုက်ရင် ရတဲ့ ကြက်ဥပူတင်း၊
- ကြိတ်ထားတဲ့ ၀က်သား၊ ကြက်သားတွေနဲ့ ရောပြီး ပူတင်းလုပ်သလိုဘဲ ပေါင်းလိုက်ရင် ၀က်သားပေါင်း၊ ကြက်သားပေါင်း၊
- ကြက်ဥကို မကျက်တကျက်ကြော်၊ ဒါမှမဟုတ် ကြက်ဥမွှေကြော်လုပ်ပြီး ပေါင်မုန့် နဲ့  အတူတွဲပြီး Breakfast မှာစားလို့ ရ၊
- ပေါင်မုန့် ကို ကြက်ဥခေါက်ထားတဲ့ အထဲစိမ်ပြီး ကြော်လိုက်ရင် ပေါင်မုန့် ကြက်ဥကြော်၊ သကြားလေးဖြူးစား၊
- ဆားရေနဲ့ သုံးပါတ်လောက် စိမ်ထားပြီး ရလာတဲ့ ကြက်ဥဆားစိမ်၊
(အဲဒါကို ပြုတ်လိုက်ပြီးရင် ဆီလေးဆမ်းပြီး ထမင်းဖြူလေး နဲ့ စားရင်စား၊ ကြက်သွန်စိမ်း ပါးပါးလှီးပြီးတော့ သုတ်စားရင်စား။)
- ထုံးရေကြည်နဲ့ စိမ်ထားရင် ရလာတဲ့ ကြက်ဥကိုကျတော့ Century Egg၊
(အဲဒါကျတော့ ပြုတ်စရာမလိုတော့၊ အခွံခွာ ပါးပါးလှီးပြီး ကြက်သွန်စိမ်းနဲ့  သုတ်စားလေ့ရှိကြတယ်။
မြန်မာလိုဆိုရင်တော့ ဆေးဘဲဥ လို့ ခေါ်ကြတာပေါ့၊ ဒါပေမယ့် ဒီမှာကျတော့ ဘဲဥက ရှားပြီး ဈေးလဲကြီးတဲ့အတွက် ကြက်ဥကိုဘဲ ထုံးရေနဲ့ စိမ်ကြတယ် လို့ သိရပါတယ်။)

ကြက်ဥအကြောင်းသာရေးပြီး အပြင်က အခွံအရောင်သာ ကွာခြားပြီး သူနဲ့ အစစ အရာရာ တူညီလှတဲ့ ကိုရွှေဘဲဥ ကိုကျတော့ ဘာကြောင့်များ စကားထဲထည့် မပြောတာလဲ လို့ မေးစရာ အကြောင်းရှိပါတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာတော့ ကြက်ဥနဲ့ ဘဲဥက ဈေးမကွာကြပါဘူး။ ဒါပေမယ့် ဒီမှာတော့ ကြက်ဥဈေးနဲ့ ဘဲဥဈေးက တစ်ဝက်လောက် (တစ်ခါတစ်ခါ တစ်ဝက်တောင်ကျော်ချင်သေး…) ကွာပါတယ်။ ဘဲဥကဈေးကြီးတာပါ။ ဒီတော့လဲ ဘာမှထူးထူးခြားခြား အရသာ သိတ်မကွာလှတဲ့ အတူတူ ကြက်ဥကိုဘဲ ၀ယ်စား ဖြစ်တော့တာပေါ့။ (အမှန်ကတော့ ဘဲဥက အရသာပို လေးလေးပင်ပင် ရှိတယ်လို့ တစ်ချို့ ကပြောကြပါတယ်။ ထားလိုက်ပါတော့လေ...)

ကြုံလို့ ပြောပြရအုံးမယ်။
တစ်ခါကတော့ ဘဲဥချဉ်ရည်ဟင်းကို ဘဲဥနဲ့ သာ ချက်စားချင်စိတ်ပေါ်လာလို့  အခွံရောင်ဖြူဖြူနဲ့  အလုံးအခဲလေး တွေကို ဒါဘဲဥဘဲ ဆိုပြီး ဘူးပေါ်က စာကို တစ်ချက်ကလေးမှ မဖတ်ကြည့်ဘဲနဲ့ ဝယ်လိုက်မိပါတယ်။ (အမှန်ကတော့ ဘူးမှာ ကပ်ထားတဲ့ ဈေးနှုန်းကို မမြင်ချင်ယောင် ဆောင်တာလေ…။) လား.. လား.. အိမ်ရောက်တော့ ပြုတ်မလို့  ကြည့်လိုက်တော့မှ ဘူးပေါ်မှာ White Chicken Egg လို့ ရေးထားတာ တွေ့ ရတယ်။ ဒေါ်သက်ဝေ တစ်ယောက် ကောင်းကောင်းကြီး ခံလိုက်ရတာပေါ့။ စာမဖတ်တတ်တဲ့ သူတစ်ယောက်လို ၀ယ်လာမိတဲ့ ကိုယ့်ကိုကိုယ်လဲ ရယ်ချင်ပက်ကျိပေါ့။ အဲဒါနဲ့ တစ်ဆက်ထဲမှာဘဲ မောင်မင်းကြီးသား ကြက်မများကိုလဲ “အော.. အော... သင်းတို့ က အဖြူရောင် အဆင်းရှိသော ကြက်ဥ များကိုလဲ ဥတတ်ကြသေးသကိုး လို့ အံ့သြရင်း”…။ (သူတို့ တွေ Whitening Lotion တွေများ လိမ်းကြသလားမသိ... ဟီဟိ။)

ကဲ… ကြက်ဥအကြောင်းတွေ တွေးမိတွေးရာ တွေးရင်း ရေးမိရေးရာ ရေးလိုက်တာ တော်တော်လေးကို ရှည်လျားတဲ့ ပိုစ့်တစ်ခုဖြစ်သွားပါရောလား။ သူငယ်ချင်းတို့ ရေ… ဒီပိုစ့်လေးကို အပျင်းပြေ ဖတ်စရာတစ်ခုအနေနဲ့  ဖတ်ကြပါ။ နောက်ထပ် ကြက်ဥချက်နည်း အသစ်များရှိသေးတယ် ဆိုရင်လဲ ဝေမျှကြပါလို့  ဖိတ်ခေါ်ပါတယ်။ ကြက်ဥဟင်း ချက်စားရင်း ပျော်ရွှင်ကြပါစေ။

(ကြက်ဥ အလွန်ကြိုက်သော ချစ်သူငယ်ချင်း နှစ်ယောက်သို့  အမှတ်တရ…)


15 comments:

  1. ကြက်ဥကတော့ဗျာ..ကျနော်တို့ ငတ်ပြတ်နေတုန်းက အသက်ကယ်ဖူးပါရဲ့

    ReplyDelete
  2. တနေ့တနေ့ဘာချက်ရမလဲ ဦးနှောက်ခြောက်နေတာ။ သက်ဝေဆီက ကြက်ဥငါးပိချက်နည်းလေးခိုးသွားပြီ။ ဝေမျှပေးတာကျေးဇူးပါသက်ဝေ။ ကြက်ဥကို မုန်လာပွင့်နဲ့ဖြစ်ဖြစ်၊ ဟင်းနုနွယ်နဲ့ဖြစ်ဖြစ်၊ ဆူးပုတ်နဲ့ဖြစ်ဖြစ်၊ ဗူးရွက်နဲ့ဖြစ်ဖြစ်ရော ကြော်လဲ စားလို့ကောင်းတယ်။ (သက်ဝေ ဒီမှာ ဘဲဥရှာတွေ့တယ်။ ဘယ်ကဝယ်လဲဟင်။ တို့ရှာမတွေ့လို့။)

    ReplyDelete
  3. အဟား.. သက်ဝေကတော့ ကြက်ဥအကြောင်းရေးထားတာ တကယ်ကိုပြည့်စုံတာပဲ.. တချို့နည်းတွေဆို သိဘူးရယ်.. အလွယ်နည်းတွေ မှတ်ထားရမယ်...

    ကျမကတော့ ပြုတ်ပြီး မသုတ်စားတတ်ဘူး။ ဗိုက်တအားဆာလာပြီဆိုရင် ကြက်ဥ ၂ လုံးလောက်ပြုတ်ပြီး ဆားနဲ့ ဒီအတိုင်းစားလိုက်တာ.. တခြားနည်းတော့ မရှိတော့ပါဘူးသက်ဝေရာ.. နည်းလည်းတော်တော်စုံနေပါပြီ။ ငပိချက်နည်းလေးတော့ မှတ်သွားတယ်။ ကြုံမှ ချက်စားကြည့်ရမယ်.. :D

    ReplyDelete
  4. အမရေ.. ကြက်ဥဟင်းချိုရှိသေးတယ်အမ..။
    တရုပ်ပုံစံ မဆလာထည့် ရှောက်ရွက်ထည့်ပီး ဟင်းချိုတခွက်ရသေးတယ်အမ။
    အမပြောတဲ့နည်း တချို့က မသိဘူး။ ချက်စား၇မယ်။
    ဒီမှာ ဘဲဥမရဘူး။
    ကျေးဇူးပါပဲ။ မတန်ခူးပြောသလို အမ ပန်းကော်ဖီကြော်ရင်လဲ အပေါ်က အုပ်လို့ရသေးတယ်။

    မြတ်နိုးမှာလဲ ကြက်ဥအရမ်းကြိုက်တဲ့ သူငယ်ချင်းရှိတယ်။

    ReplyDelete
  5. ကြက်ဥ ဘဲဥ သိပ်ကြိုက်
    အဲဒီထဲက ချက်နည်းနဲ့ ဟင်းတွေ အကုန်ကြိုက်တယ် ရှလွတ်..

    ReplyDelete
  6. ကြက်ဥ ချက်နည်းတွေ မှတ်သွားတယ်..
    နောက်တစ်ခု ရှိသေးတယ်။ ကလေးချက်တဲ့ ကြက်ဥဟင်း ပေါ့ မသက်ဝေ =) . .
    ငရုတ်သီး ကြက်သွန်နဲ့ ဆီသတ်။ ခရမ်းချဉ်သီးတွေ စိပ်ထည့်ပြီး ငါးပိချက်လို လုပ် (ငါးပိ၊ ငံပြာရည်၊ ပုစွန်ခြောက်

    ကြိုက်တာထည့်)။ ခရမ်းချဉ်သီး ကျက်ရင် ကြက်ဥ အစိမ်းတွေ ဒီအတိုင်း ဖောက်ထည့်။ အနှစ်လုံး လေးတွေ

    ပုံမပျက်အောင် ထားပြီး အကာကို ခရမ်းချဉ် အနှစ်နဲ့ မွှေ (ချက်နေတုန်းတော့ တော်တော် စိတ်ရှည်ရတယ်)။ တူနဲ့ မွှေတတ်ရင် တူသုံးတာ ပိုကောင်းတယ်။ ယောက်က ကြက်ဥနှစ်လေးတွေ ပေါက်မယ့် အန္တရာယ် ရှိတယ်။ :) . . ပြီး

    အနှစ် ပေါ်ယံတွေ တင်းသွားရင် ကြက်သွန်မြိတ်ဖြစ်ဖြစ်၊ စပါးလင် နုနု ဖြစ်ဖြစ်၊ နံနံပင် ဖြစ်ဖြစ် အုပ်ပြီးချ။
    ထမင်းနဲ့ စားစား၊ ဟင်းချည်းပဲ စားစား၊ စားလို့ကောင်းတယ် . . . စားကြည့်။
    ကြုံရင်လဲ ချက်ကျွေးပေါ့နော် =)

    ReplyDelete
  7. လာသွားပါတယ်အစ်မသက်ဝေရေ...:)

    ReplyDelete
  8. Younggun - ဟုတ်ပါတယ်။ ကြက်ဥက တော်တော်လေး အကူအညီရပါတယ်။

    တန်ခူးရေ... ကြက်ဥချက်နည်း အသစ်လေးတစ်ခု အတွက် ကျေးဇူး။ ဘဲဥကို NTUC, Giant နဲ့  Wet Market တွေမှာ ၀ယ်လို့  ရတတ်ပါတယ်။ NTUC နဲ့  Giant မှာ အမြဲ မရရင်တောင် Wet Market မှာတော့ အမြဲလိုလို ရတတ်ပါတယ်။

    နုစံ... ကြက်ဥတွေ တစ်အားလဲ အများကြီး မစားနဲ့ နော်။ Weight တွေ တက်လာလိမ့်မယ်။

့မြတ်နိုး... ကြက်ဥဟင်းချိုတော့ တစ်ခါမှ မချက်ဖူးပါ။ နည်းအသစ်လေးတစ်ခု အတွက် ကျေးဇူး။

    ပန်ဒိုရာ... ချက်ကျွေးမယ်လေ၊ ဘယ်တော့လာစားမလဲ.. ပြော။

    ရွှန်းမီ... ဒီတပါတ် ရုံးပိတ်ရက်ကျရင် ညီမပြောတဲ့ နည်းလေးအတိုင်း ချက်ကြည့်ပါအုံးမယ်။ မျှဝေပေးတာ ကျေးဇူး...။

    ကိုမုတ်သုန်... မတွေ့ တာ အတော်ကြာ..။ ဘယ်တွေပျောက်...။

    ReplyDelete
  9. ကြက်သွန်နီကို အတုံးလေးတွေ စိတ် ဆီသပ် အကြည်ရောင်ပြောင်းလို့ ကျက်ရင် ခနဆယ်ထား စိတ်ထားတဲ့ ခရမ်းချဉ်သီးထဲ့ ချက် ခရမ်းချဉ်သီးကို အနစ်ဖြစ်အောင် ယောင်းမနဲ့ ဖိပေး။ အရည်လိုဖြစ်ပြီဆိုရင် ကြက်သွန်နီ ပြန်ထဲ့ ၊ ဆား အချိုမှုန့် နဲ့ ငရုပ်ကောင်းထဲ့ပြီး မွအောင် ခေါက်ထားတဲ့ ကြက်ဥရည်ထဲ့ ယောင်းမနဲ့ အဆက်မပြတ်မွှေ။ လုံးဝမကျက်စေနဲ့  အားလုံးပစ်ခဲခဲ ဖြစ်ရင် ချ။ ပေါင်မုန့် ထဲ ညှပ်စား (မရေားနီးလိုလို ဘာလိုလို) ကြက်ဥကျက်သွားရင် စားမကောင်းဘူး

    ReplyDelete
  10. Lovely Post.., I dont even have much ideas about how to use an egg b4.

    It's very useful indeed. Thanks a lot.

    SMNTL

    ReplyDelete
  11. အမ သက်ဝေရေ
    ဒီပို့စ်လေးတော့ အမြဲသိမ်းထားမှပါပဲ။ ကြက်ဥ ငပိချက် တဲ့။ အခုတောင် သွားရည်ယိုတယ်။
    ချိုသင်းလဲ ကြက်ဥဆိုရင် အကုန်ကြိုက်တာ အရိုးမပါ၊ အကုန်လုံး စားလို့ရလို့ ထင်ပါရဲ့။
    ခုလို အမျိုးမျိုး လုပ်စားလို့ရတယ်ဆိုတော့ ကြက်ဥလေးကို အမှတ်ပေးပြီးရင်း ပေးနေရပြီပေါ့နော်။

    ReplyDelete
  12. ကြက်ဥတော့ အလွန်ကြိုက်ပဲ။

    ReplyDelete
  13. ကြက်ဥ ကြိုက်တယ်။ နောက်တခါချက်ဖြစ်ရင် မချက်ဖူးသေးတဲ့ နည်းနဲ့ စမ်းချက်ကြည့်မယ်။

    ReplyDelete
  14. Forget about egg..plzz
    And stop supporting 2 eat egg..

    ReplyDelete
  15. အခုမြန်မာပြည်မှာ လည်း ကြက်ဥနဲ့ ဘဲဥ နဲနဲ ဈေးကွာတယ်

    ဥကို သုတေသန လုပ်ရရင် ကွာတယ်ဗျ ဘဲဥ အကာ က နဲနဲမာတယ် ဟင်းချက်ရင် ပိုကောင်းတယ် ကြက်ဥ အကာက ပျော့တယ် ကျနော် က မကြိုက်ဘူး

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...