Friday, July 4, 2008

စကားဝါမြေ

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာ သီချင်းတစ်ခွေ နားထောင်ဖြစ်ပါတယ်။
အခွေရဲ့  Title ကတော့ ရွှေဌာနေ နဲ့  စကားဝါမြေ တဲ့။
သီဆိုထားတဲ့ တေးသံရှင် အမည်ကတော့ နှင်းဧကရီ ပါ။
တစ်ခွေလုံး မြန်မာသီချင်းစစ်စစ်တွေပါ။ ဒါပေမယ့် အဲဒီ မြန်မာသီချင်းစစ်စစ်တွေကို ခေတ်ပေါ်စတိုင် (ဘာစတိုင် ရယ်လို့  အမည်မတတ် တတ်လို့ ပါ) နဲ့  အတော်လေးကို မြူးမြူးကြွကြွ သီဆိုထားပါတယ်။ မူရင်းသီချင်းတွေကိုက ပြောစရာမလိုအောင် ကောင်းပြီးသား ဖြစ်နေတဲ့အတွက် နားထောင်လို့ တော့ တော်တော်လေး ကောင်းပါတယ်။

ပြီးတော့ သီချင်းတွေကလဲ အခု ဒီဘက်ခေတ် လူငယ်တိုင်းမဟုတ်ရင်တောင် တော်တော်များများ ကြားဖူးနိုင်တဲ့ သီချင်းတွေပါ။ သက်ဝေတို့ လို လူလတ်ပိုင်းတွေ အတွက်ကတော့ ကောင်းကောင်းကြီး ရင်းနှီး ကျွမ်းဝင်ပြီးသားတွေ ဖြစ်နေမှာ သေချာပါတယ်။ အဲဒီ သီချင်းတွေထဲက သီချင်းနှစ်ပုဒ်ကို အမြည်းအဖြစ်နဲ့  နားထောင်ရအောင် တင်ပေးလိုက်ပါတယ်။

အဲဒီသီချင်းတွေကို MediaFire ကနေတစ်ဆင့် Download ချပြီး နားထောင်နိုင်ပါတယ်။ File Size ကတော့ နဲနဲကြီးနေပါတယ်။ ဒါပေမယ့် နားထောင်ဖို့  အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။ နားထောင်လို့ မရရင်လဲ ပြန်ပြောကြပါနော်။ မလုပ်တတ် လုပ်တတ်နဲ့  လုပ်ထားတာမို့ ပါ။ တစ်ခွေလုံးတင်ပေးချင်ပေမယ့် Upload လုပ်ရတဲ့ အချိန်အခက်အခဲကြောင့် အခုလောလောဆယ်တော့ နှစ်ပုဒ်ပဲ အရင်နားထောင်ကြည့်ပါအုံးနော်။ နောက်တော့ ထပ်တင်ပေးပါ့မယ်။

ပထမ တစ်ပုဒ်က မမေ့သော အညာ (မွေးဌာနီ) ပါ။
တေးရေးဆရာ က ကိုလေးလွင်၊ မူရင်း အဆိုတော်က (ဦး) သန်းထွန်းလေး ပါ။
နောက်ပိုင်းမှာ ဒီသီချင်းကို လူတော်တော်များများ ပြန်ဆိုကြတဲ့အထဲမှာ သန်းထွန်းလေးရဲ့  သမီး ပိုးအိစံ ပြန်ဆိုတဲ့ အခါမှာ ပိုပြီး လူသိများ လူကြိုက်များ လာပါတယ်။

ဒုတိယတစ်ပုဒ်ကတော့ စကားဝါမြေ ပါ။
တေးရေးဆရာက ဂီတလုလင် မောင်ကိုကို၊ မူရင်း အဆိုတော်က (ဒေါ်) ရီရီသန့် လို့ မှတ်ထားမိပါတယ်။ (မဟုတ်ဖူးဆိုရင်လဲ ပြင်ပေးကြပါ) ပုပ္ပါးတောင်အကြောင်း ဖွဲ့ဆိုထားတဲ့ သပ်ရပ် လှပ မြူးကြွ တဲ့ အလွန်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ် ပါ။

သက်ဝေလဲ အဲဒီသီချင်းတွေကို နားထောင်ပြီး ဘယ်လို Comment ပေးရမှန်းမသိ… တော်တော် အူလည်လည်ဖြစ်သွားတယ်။ သီချင်းတွေက ရေဒီယိုမှာ အမြဲတမ်းလာနေကျ၊ ဟိုး ငယ်ငယ်ထဲက ကိုယ့်နားထဲမှာ အမြဲတမ်းကြားဖူးပြီးသား၊ တအားရင်းနှီးပြီးသား၊ ကုန်ကုန်ပြောရရင် သီချင်းစာသား အားလုံးနီးနီး အလွတ်ရနေပြီးသား…။
အဲဒါတွေကို အခုလို ကြားလိုက်ရတော့ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း လိုက်ဆိုရင်း နှစ်သက်သလို ဖြစ်နေတာက တစ်ပိုင်း…
နောက်တစ်ပိုင်းက တကယ့် မြန်မာသီချင်း မြန်မာသံစဉ် စစ်စစ်ကြီးတွေ ကို အခုလို တောင်ရောက် မြောက်ရောက်နဲ့  ကြားလိုက်ရတဲ့ အခါမှာ မူရင်း တေးရေးဆရာတွေ၊ မူရင်း တေးသံရှင်တွေကို တိတ်တဆိတ် အားနာမိသလို ဖြစ်နေတာက တစ်ပိုင်း… ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေပြီး အတွေးတွေ တော်တော်လေး ရှုတ်ထွေးသွားပါတယ်။

သူငယ်ချင်းတို့ လဲ နားထောင်ကြည့်ပါနော်။
နားထောင်ပြီးရင် အဲဒီသီချင်းတွေအပေါ် ဘယ်လို သဘောထားတယ် ဘယ်လို ထင်မြင်တယ် ဆိုတာ သိပါရစေ..။
ကြိုက်တယ် ကောင်းပါတယ် လို့ ထင်ကြတယ် ဆိုရင်လဲ ဘာကြောင့် ကောင်းတယ် လို့  ထင်တာလဲ ဆိုတာ ပြောပြပေးစေချင်ပါတယ်။
မကြိုက်ဖူး မနှစ်သက်ဖူးဆိုရင်လဲ.. ဘာကြောင့် ဆိုတာလေးကို ပြောပြပေးပါလား…။
သက်ဝေရဲ့ဘလော့ဂ် ကို အလည်လာကြတဲ့ သူငယ်ချင်းတွေကို အလုပ်ပေးတယ် လို့တော့ မထင်စေချင်ပါဘူး။
သီချင်းနားထောင်ရင်း ပျော်ရွှင်နိုင်ကြပါစေ။


မမေ့သော အညာ (မွေးဌာနီ)
စကားဝါမြေ

9 comments:

  1. ဟီးဟီး…သက်ဝေရေးထားတာ ဖတ်ပြီး သီချင်းနားမထောင်ခင်ထဲက ဒီအဆိုတော်ပဲ ဖြစ်မယ်လို့ တော့ထင်သား….အဲဒီ သီချင်းနှစ်ပုဒ်လုံးကို အရမ်းကြိုက်တယ်…ဒါပေမယ့် ဒီversionကြီးတော့မဟုတ်ဘူး… ဘာကြောင့်မကြိုက်လဲ ဆိုတော့ လွမ်းရတော့မလိုလို ထပဲကရတော့မလိုလိုနဲ့ … တမျိုးကြီးပဲ… ထွင်တိုင်းမကောင်းဘူးလေ… အရင်သီချင်းကို ဖျက်ပစ်လိုက်သလိုပဲ…. ထီသည်တွေကတော့ ကြိုက်မှာပါ…

    ReplyDelete
  2. နားထောင်လို့ကောင်းတယ်
    အရသာတမျိုးနဲ့
    နောက်အခြားအပုဒ်တွေလည်း အဆင်ပြေရင်တင်ပေးပါဦး
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. သက်ဝေ ရေ...
    ဘာ ပြော ရ မှန်း တောင် မသိ ဘူး..း)
    အမှန် အတိုင်း ပြော ရင်..လုံးဝ မကြိုက်ဘူး.. ထိုင်မသိမ်း မင်းသမီး ၀တ် စုံ နဲ့.. ဘရိတ်ဒန့်စ် က သလို ဖြစ်နေတယ်..ကလက်တက် တက် နဲ့..
    မူလ အနု ပညာ တွေ လည်း ပျောက် ကုန်တယ်.. သူတို့ဟာ.. ဆန်းသစ် တာ ထက်..ဖျက်ဆီး တယ်လို့ ပဲ..ပြောချင် တော့တယ်။ ဒါက..ရောသမမွှေ နဲ့လည်း..မတူ ပြန်ဘူးလေ။
    မန္တလေး က..တေးရေး ဆရာ ဦးဘသိန်း ဆုံးတော့..သူ့သီချင်း တွေကို..လုံးဝ မူပိုင် ခွင့် မထားပဲ..ကြိုက်တဲ့သူ ဆို နိုင် တယ်..ဒါပေမဲ့..ဘာမှ မပြောင်းလဲ ပြစ် ရဘူး လို့.. အသေ အချာ မှာ ခဲ့တယ်တဲ့။

    ဒါမဲ့လည်းလေ..လူတကိုယ်..အကြိုက် တမျိုးပေါ့..ကိုဇနိ က ကြိုက်တယ်ဆိုတော့..ကိုယ်ရှိန်နဲနဲ သပ်ထားမှ..း)

    ReplyDelete
  4. သက်ဝေရေ.. အခုလိုဆိုထားတာ လုံးဝမကြိုက်ဘူး။ နားထဲကို ကန့်လန့်ကြီးဝင်လာသလိုပဲ။ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ သီချင်းနားထောင်ရင်း အရင်မူရင်းသီဆိုသူတွေရဲ့ အသံကို ပြန်ကြားယောင်ပြီး အခုလို ဆိုပစ်လိုက်တာ နှမြောနေမိတယ်။ မွေးဌာနီသီချင်းဆို ဦးသန်းထွန်းလေး ဆိုထားတာကို နားထောင်ခဲ့ဖူးတယ်.. ပိုးအိစံဆိုတော့လည်း နားထောင်လို့ရသေးတယ်။ အခုလို ဆိုထားတာကို နားထောင်လို့ မရဘူး။ စကားဝါမြေသီချင်းရောပဲ။ ကိုယ်တွေက လူလတ်ပိုင်းဖြစ်လို့လားမသိဘူးနော်။ အရင်သူတွေ ဆိုထားတာကို ပိုကြိုက်တယ်။ အေးအေးလေးဆိုရင် အရမ်းနားထောင်လို့ကောင်းမယ့် သီချင်းတွေ....

    ပို့စ်ကိုလာဖတ်ပြီးတော့ သီချင်းကို download လုပ်ရတယ်။ နောက် ဖွင့်လိုက်တော့ အမျိုးသားက “ဟဲ့.. ဘာသီချင်းတွေ ဖွင့်နေတာလဲတဲ့..” ။

    ReplyDelete
  5. Emotion နဲ့ Rhythm က လွဲနေတယ်။ မူရင်းသီချင်းက ပေးချင်တဲ့ Message က ပျောက်သွားပြီ။ ရသကို ဘယ်မှာရှာရမလဲ။ တက္ကသိုလ် ဘုန်းနိုင်က ပြောဖူးတယ်။ Abstract ဖြစ်တဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်တတ်အောင် Concrete ဖြစ်တဲ့ မြေစာမြက်ကလေး, ကုက္ကိုပင်လေးကစပြီး ဧရာဝတီမြစ် ချစ်ကြအောင် လုပ်ပေးကြရမယ်တဲ့။ လှည်းလမ်းကြောင်း တစ်လျှောက် တလိမ့်လိမ့်တက်နေတဲ့ ဖုန်လုံးကြီးတွေကိုတောင် လွမ်းစရာ အဖြစ် ချစ်ရတဲ့ မွေးဌာနီ ဟေ့ စိန်လား ဟေ့ မြလား ဟေ့ မောင်တို့ နဲ့ သွားပါပြီ...ကယ်တော်မူကြပါ။

    ReplyDelete
  6. သူတို့ ဆိုချင်တဲ့ Rhythm နဲ့ လိုက်ဖက်မယ့် စာသားတွေခက်ခက်ခဲခဲမရှာနိုင်တော့တာနဲ့ ပဲ
    အဟောင်းတွေကို ပြန် modify လုပ်လုပ်ဆိုနေကြတာကိုက သူတို့ ရဲ့ စတိုင်လ် သစ်ဖြစ်နေ
    တာ။ သီချင်းဟောင်းတွေကို ကြိုက်သူတွေအဖို့ တော့ ဒီလို ပေါ့တော့တော့ဖြစ်သွားတာမ
    ကြိုက်ကြပါဘူး။ ခောတ်လူတွေကတော့ ဒီသီချင်းတွေဟာ အဟောင်းတွေရှိခဲ့မှန်းတောင်
    သိကြမယ်မထင်ပါဘူး။ တို့ လည်း အဟောင်းလေးတွေကို အဟောင်းအတိုင်းပဲနှစ်သက်
    တာ။

    ReplyDelete
  7. me dnload and listened to the songs!
    em..a bit funi and feel sth is not right..
    but still thanks.
    sth new pop..hoat la

    ReplyDelete
  8. ဒီသီချင်းတွေကို နှစ်သက်သောသူများ၊ မနှစ်သက်သောသူများ၊ အသစ် အဆန်း တစ်ခုအနေနဲ့  နားထောင်ခဲ့ကြသူများ နှင့် Comment များ စိတ်ရှည်လက်ရှည် ရေးပေးခဲ့ကြသူများအား ကျေးဇူး အကြီးကြီး တင်ပါ၏။

    ReplyDelete
  9. ကျေးဇူးတင်ပါတယ် သက်ဝေ ခင်ဗျာ...
    "စကားဝါမြေ" ဆိုတဲ့ သီချင်းလေးက နားထောင်လို့ တော့ကောင်းပါတယ်...
    ဘာပဲပြောပြော ဒီလိုဆိုတော့လည်း ပုံစံအသစ်ကလေးနဲ့  နားထောင်ရတာပေါ့...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...