သူမကိုယ်တိုင် အချိန်ကာလ အတော်ကြာကြာ စေ့ပိတ်ထားခဲ့သော တံခါးတချပ်ကို မိုးမှုန်မိုးစက်များ အဆက်မပြတ် ရွာသွန်းနေသော ထိုမိုးတညက သူမ ကိုယ်တိုင် ဖွင့်ဟခဲ့ပါသည်။ တကယ်တော့ ထိုတံခါးကို သူမ ဖွင့်ဟရန် ကြိုးစားခဲ့သည်မှာ ရက်ပေါင်း လပေါင်း များစွာ ကြာမြင့်ခဲ့ပါပြီ။ သို့ သော်…
*****
ကမာကောင်လေးတို့ သည် ၄င်းတို့ ၏ မျက်ရည်စက်များကို ရင်ထဲမှာ ကာလကြာရှည်စွာ သိမ်းဆည်းထားရာမှ ချစ်စဖွယ် ပုလဲလုံးကလေးများ ဖြစ်ပေါ်လာကြသည် တဲ့..။ ထိုသို့ ဆိုလျှင် သူမ၏ ရင်ထဲမှာ မျက်ရည်စက်များနှင့်အတူ နှစ်ကာလ ကြာရှည်စွာ သိမ်းဆည်းထားရသော အရာသည်ကား ထို ချစ်စဖွယ် ပုလဲလုံးကလေးများလို တန်ဖိုးအနဂ္ဂ ကြီးမားလှစွာသော ချစ်ခြင်းတရားပင် ဖြစ်ပေလိမ့်မည်..။
ထိုပုလဲလုံးကလေးများကို ကမာကောင်လေးများ၏ ရင်ကိုခွဲပြီးမှ ခက်ခက်ခဲခဲ ရယူနိုင်သလိုမျိုး သူမ၏ ချစ်ခြင်းမေတ္တာများကို ဖွင့်ဟ ထုတ်ဖေါ်ပြသဖို့ ရာ ရင်ကိုခွဲရမတတ် ခက်ခဲနေရခြင်းမှာ ဘာကြောင့်ပါလိမ့်ဟု သူမ သေသေချာချာ အဖြေရှာမရပေ။
လူ့ သဘာဝ ဆိုသည်မှာ တစ်ခါတစ်ရံတွင် အင်မတန်မှပင် ဆန်းကြယ်လေ၏။
သူ့ အချစ်ကို ငြင်းပယ် တိမ်းရှောင် စိမ်းကားနေရခြင်းမှာ မချစ် မနှစ်သက်သောကြောင့် မဟုတ်ဘဲ သူမဖက်မှ မဖြစ်နိုင်သော၊ လက်မခံနိုင်သော အနေအထားလေး တစ်ခုကြောင့် ဆိုသည်ကို သူ နားလည် သဘောပေါက် လာစေရန် ဘုရားမှာ အကြိမ်ကြိမ် ဆုတောင်းခဲ့ဖူးပါသည်။ သူမ၏ ဆုတောင်းတို့  ပြည့်ခဲ့လေသလား၊ မပြည့်ခဲ့လေသလား သူမ မသိခဲ့ပါ။ မဖြစ်နိုင်သော အနေအထားဟု ဆိုရသော်လည်း အမှန်က မာကျောကျောနိုင်လှသော သူမ၏စိတ်ကို သူမ အနည်းငယ်ကလေးမျှ မလျှော့ချနိုင်ဘဲ လိုအပ်သည်ထက် ပိုပြီး ခေါင်းမာလွန်းသောကြောင့်သာ ဟု ရင်းနှီးသော သူငယ်ချင်းများက မညှာမတာ ဝေဖန်ခဲ့ကြဖူးသည်။ ခေါင်းမာသလို အသဲလည်း မာသည်တဲ့...။ သူမသည် စနေသမီး တယောက်ဖြစ်သောကြောင့် ထိုဝေဖန်မှုများ အပေါ်တွင်လည်း ခေါင်းမာစွာ ပြုံးပျော် ရယ်မောခဲ့ဖူးပါသည်။
ကုန်လွန်ခဲ့ပြီးသော အချိန်တော်တော်များများမှာ သူသည် သူမနှင့် နီးတစ်လှည့် ဝေးတစ်ခါ တည်ရှိနေတတ်သည်။ သူနှင့် ဝေးကွာနေချိန်တွင် သူ့ကို တိုးတိတ် ညင်သာစွာ လွမ်းဆွတ်မိသလို သူနှင့် မနီးမဝေးမှာ ရှိနေရချိန်များတွင် ကျယ်လောင် ပြင်းထန်စွာ မြည်ဟီးနေတတ်သော သူမ၏ နှလုံးခုန်သံများကို သူ ကြားသွားလေမလားဟု စိုးကြောက်လှပါသည်။
တခါတရံတွင် တွေဝေတတ်သူ တယောက်ဟု သူမကိုယ် သူမ အကြိမ်ကြိမ် စွပ်စွဲကြည့်မိပါသည်။ ကိုယ့်စိတ်ကိုယ်ကို တားဆီးပိတ်ပင်ရင်း တင်းထားမိသော မာနတရားတစ်ခုကို အဆုံးစွန်အထိ လျှော့ချ ဖျောက်ဖျက်ပစ်ရန်လဲ အကြိမ်ကြိမ် ကြိုးစားခဲ့မိကြောင်း သူမ တယောက်တည်းသာလျှင် အသိဆုံးဖြစ်ပါသည်။ သို့သော် ဝမ်းနည်းစရာတစ်ခုက နောင်တ ဆိုသည်မှာ နောင်အခါမှ တ ရတတ်ကြသော အရာတစ်ခု ဖြစ်နေခြင်းပင်။
တယောက်ထဲ မာနတရားကို ရှေ့တန်းတင်ပြီး (အထီးကျန်စွာဖြင့်) နေ့ ပေါင်း၊ ညပေါင်း မြောက်များစွာကို ဖြတ်သန်းနေရချိန်များတွင် သော်လည်းကောင်း၊ တခါတရံ နေထိုင်မကောင်း ဖြစ်ပြီး ဆေးသောက်ကာ အိပ်ရာထဲတွင် ခွေနေရချိန်များတွင် သော်လည်းကောင်း၊ သည်းသည်း ထန်ထန် ရွာသွန်းတတ်သော မိုးစက် မိုးပေါက်များကို ငေးကြည့်နေရချိန်များတွင် လည်းကောင်း၊ နှစ်ယောက်အတူတူ ကြိုက်နှစ်သက်သော ကော်ဖီခါးခါးလေးတစ်ခွက်ကို သူမ တစ်ယောက်တည်း သောက်နေဖြစ်သော အချိန်မျိုးတွင်သော်လည်းကောင်း၊ တခါက (သူအကြိမ်ကြိမ် တောင်းဆိုလွန်းသဖြင့် ရှားရှားပါးပါး) သူနှင့် အတူတူ သွားစားခဲ့ဖူးသော ထူးဆန်းသော၊ ကျေးရွာစုလေးပမာ တည်ဆောက်ထားသော အီတလီ စားသောက်ဆိုင်ကလေး တခု၏ အနီးအနားမှ ဖြတ်သန်းသွားလာမိသည့် အခါမျိုးတွင်သော်လည်းကောင်း၊ (သူမ တယောက်ထဲ ထိုဆိုင်ကို နောက်တခါ သွားရောက် စားသောက်ဖို့တော့ဖြင့် လုံးဝ မကြိုးစားရဲပါ။) မျှော်လင့်မထားသော အချိန်မျိုးတွင် ရောက်လာတတ်သော သူ့ ထံမှ E Mail တိုတိုလေးများကို ဖတ်ရသော အခါများတွင် သော်လည်းကောင်း၊ ဖုန်းထဲတွင် သူ့ ထံမှ Missed Call များ တွေ့ ရသည့် အခါများတွင်သော်လည်းကောင်း၊ တခါတရံ လူစုံစုံ စကားဝိုင်းများတွင် သူနှင့် ပတ်သက် ဆက်နွယ်နေသောသူများထံမှ သူ့ အကြောင်း တစွန်းတစ ကြားသိရသည့် အခါများတွင် သော်လည်းကောင်း၊ သူ ကြိုက်နှစ်သက်တတ်သော အဆိုတော်များ၏ သီချင်းသံများကို ကြားရသည့် အခါများတွင် သော်လည်းကောင်း ရင်ထဲတွင် ဘာကိုမှန်း ဝေခွဲလို့ မရ၊ အရာရာကို အလိုမကျ ဖြစ်နေပြီး တခုတခုကို ပစ်ပေါက် ရိုက်ခွဲချင်သောစိတ်များ ဖြစ်လာတတ်ကာ ဆုံးဖြတ်ချက်တခုကို ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ပစ်လိုက်ချင်သော စိတ်များဖြင့် သူမ ပူလောင်စွာ၊ နာကျင် ကြေကွဲ ဝမ်းနည်းစွာ ဆင်းရဲ ပင်ပန်းခဲ့ရပါသည်။
*****
ထိုတနေ့ ..
ထိုတနေ့ က နံနက်စောစောကတည်းက မိုးတွေ သည်းသည်းမဲမဲ ရွာနေခဲ့ပါသည်။
ထိုတနေ့ က သူမ သူ့ ကို ရင်နှင့်မမျှအောင် ထူးထူးခြားခြား တမ်းတ လွမ်းဆွတ်နေခဲ့ပါသည်။
ထိုတနေ့ က သူမ၏ ထိန်းချုပ်နိုင်သော စွမ်းအားကို သူမ ကိုယ်တိုင် ပြန်လည်သုံးသပ်ရင်း ပထမဦးဆုံး အကြိမ်အဖြစ် သံသယကြီးစွာ ဝင်ခဲ့မိပါသည်။ သူမကိုယ် သူမ တော်တော် အထင်ကြီးခဲ့သော ထိန်းချုပ် မြိုသိပ်နိုင်စွမ်းအားတို့ သည် ထိုနေ့ က (ဘာကြောင့်မှန်း မသိ) လုံးဝ စုန်းစုန်းမြုပ်အောင် ပျောက်ကွယ်နေကြသည်။
ထိုတနေ့ သည်…
သူမ ယုယစွာ စိုက်ပျိုးထားခဲ့သော နှင်းဆီပန်းအိုးမှ ပန်းနုရောင် နှင်းဆီငုံကလေး ပွင့်အာလာသောနေ့ …
သူမ၏အိမ်သို့  ချစ်စဖွယ် မျက်လုံးဝိုင်းကလေးများနှင့် ဆွတ်ဆွတ်ဖြူသော ကြောင်ကလေးတကောင် လက်ဆောင် အဖြစ် ရောက်ရှိလာသောနေ့ …
နှလုံးသားမှ ဖြစ်ပေါ်လာသော အဖိုးတန် ပုလဲလုံးကလေး သူ့ အလိုလို ကြွေကျလာသောနေ့…
သူမ၏ နှလုံးခုန်သံကို သူမ ကောင်းမွန်စွာ နားလည် ဘာသာပြန်နိုင်ခဲ့သောနေ့ …
သူမ၏ မာနတရားတို့ ကို ချစ်ခြင်းတရားက လွှမ်းမိုး အနိုင်ယူသွားခဲ့သောနေ့ ဖြစ်ပါသည်။
တနေ့ လုံး မရပ်မနား သည်းထန်စွာ ရွာစွေနေသော မိုးကြောင့်လား၊ တရွေ့ ရွေ့  ကုန်လွန်လာသော နာရီလက်တံများကြောင့်လား သူမ တိတိကျကျ မဝေခွဲနိုင်ခင်မှာပင် ည က ထင်ထားသည်ထက် ပိုမို စောစီးစွာ မှောင်မိုက်ခဲ့လေသည်။
သူမ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချလိုက်ပါသည်။
*****
တကယ်တော့ ထိုတံခါးကို သူမ ဖွင့်ဟရန် ကြိုးစားခဲ့သည်မှာ ရက်ပေါင်း လပေါင်း များစွာကြာခဲ့ပါပြီ။ သူမကိုယ်တိုင် အချိန်ကာလ အတော်ကြာကြာ စေ့ပိတ်ထားခဲ့သော တံခါးတစ်ချပ်ကို မိုးမှုန်မိုးစက်များ အဆက်မပြတ်ရွာသွန်းနေသော ထိုမိုးတညက သူမ ကိုယ်တိုင်ပင် ရင်ခုန်လှိုက်မောစွာ ဖွင့်ဟ ခဲ့ပါသည်။
သို့ သော်…
သို့ သော်...
ထိုတံခါး၏ တဖက်တွင် သူ ရှိမနေတော့သည်ကို တုန်လှုပ် ခြောက်ခြားစွာ လက်မခံချင်ဘဲ လက်ခံခဲ့ရပါသည်။ ပြင်ဆင်ခွင့် မရှိတော့သော သူမ၏ တွေဝေမှု နှင့် နောင်တတို့ အတွက် ထိုညက တညလုံး သည်းသည်းမဲမဲ ရွာစွေနေသော မိုးနှင့်အပြိုင် ဆို့ နင့် ကြေကွဲ ဝမ်းနည်းစွာ ငိုကြွေးနေမိပါတော့သည်။

ထိုတံခါး
တံခါး၏နောက်ကွယ်
သက်ဝေရယ်… ကြေကွဲစရာ တံခါးဖွင့်ချိန်လေးက ရင်ကိုထိရှလိုက်တာ…
ReplyDeleteသူ့ အတွက်ကြွေကျလာတဲ့ ပုလဲလေးတွေက ခုတော့ တကယ့်တကွဲစီပါလား သက်ဝေရယ်…
အမရယ်.....
ReplyDeleteလွမ်းမောစရာပဲ...။
ဟုတ်တယ်..မြတ်နိုးလည်းအဲလို အဆုံးသတ် ၀တ္တုရေးထားတယ်..နောက်ဆုံးကျတော့ မာနရဲ့အဆုံးသတ်ဟာ လူကို ထိတယ်နော် အမ..။
အမရယ် နောင်တဆိုတာမျိုးလဲ အချိန်လွန်မှ ရတာ ဆိုတော့...
သူမရဲ့ တံခါးဖွင့်ချိန်က နောက်ကျခဲ့ပီနော်..။
စကားမစပ် အမက တံခါးနဲ့ပက်သက်တဲ့ အကြောင်းအရာ တော်တော်များမျးရှိပုံပဲနော်..။ဟီး
အချစ်ဆိုတာ အတ္တလို့ ဆိုရင် အဲ့ဒီ အတ္တက ကိုယ့်ကိုကိုယ်တောင် မသိတော့တဲ့ အတ္တပါပဲ...
ReplyDeleteဒေါက်...ဒေါက်...ဒေါက်
ReplyDeleteစောစောစီးစီး တံခါးခေါက်သံဖြစ်ပါ၏။အိမ်ရှင်မနိုးသေးဟုယူဆကာ လှည့်ပြန်သွားပါသည်။
နောက်တာပါ သက်ဝေရေ, ရေးထားတာလေးက ခံစားရတယ်။
ကြောင်လေး ရယ် နှင်းဆီပင်ရယ် .. မိုးရွာတုန်း ဖွင့်လိုက်တဲ့ တံခါး ရယ်.. သူမရှိတော့တာရယ် . . .
ReplyDelete. .. .
တခါတလေတော့လည်း နှစ်ယောက်လုံးက မာနကြီးနေရင် ကိုယ်က စ လျှော့ဖို့ ခက်တယ် .. ။
တံခါး ပြန်ဖွင့်တဲ့အချိန် သူ့ ကို မတွေ့လို့ ကြေကွဲတယ် ဆိုလည်း သူသိတာမှ မဟုတ်တော့တာ . .။
သက်ဝေရဲ့ တံခါး series တွေက အရမ်းခံစားရတယ်။ အဲဒါကြောင့် တစ်ချို့တွေက ပြောကြတာ သိပ်မမူနဲ့တဲ့။ မိန်းကလေးဘ၀က ရွေးချယ်ခွင့်အရမ်းနည်းပါးတယ် မဟုတ်လား။ သက်ဝေရေ.. Happy Ending လေးတွေလည်း ဖတ်ချင်ပါတယ်နော်... :)
ReplyDeleteစာကအဆုံးသတ်သွားပြီလား
ReplyDeleteဆက်ရှိနေသေးလား
ဆက်ရေးဖို့ကျန်နေသေးလား
အဲတာကိုသိချင်ပါတယ်အစ်မ
ပြီးသွားပြီဆိုရင်တော့ သုံးခုလုံးပေါင်းပြီး
တစ်ပုဒ်အနေနဲ့ပြန်တင်ပေးပါလား...
မချစ်တာ၊ မချစ်နိုင်တာ အဲတာတွေကအပြစ်မှ
မဟုတ်တာပဲလေ
အချစ်ဆိုတာမျိုးက ငါပေးတယ် နင်လည်းငါ့ပြန်ပေးလို့
ပြောလို့မရသလို့ ကလေးတွေရန်ဖြစ်လို့
ငါကျွေးထားတဲ့မုန့်တွေပြန်ပေးလို့ ပြောလို့ရနိုင်တာလည်းမဟုတ်ဘူး
ချစ်တာတွေအတွက် ချစ်တဲ့သူရော
ပြန်မချစ်နိုင်လို့ မချစ်ခဲ့လေတဲ့ အချစ်ခံရသူရော
ဘယ်သူမှာမှ အပြစ်မရှိပါဘူး..
နောက်ဆုံးမတွေ့ကြရတော့လို့
အမှတ်ရစရာတွေ ပြန်လွမ်းဆွတ်မိတယ်ဆိုရုံနဲ့ပဲ
အချစ်ဟာ လိုချင်တက်မက်မှု၊ ဖြည့်ဆည်းလိုက်မှုတွေထက် ပိုသော
သံယောဇဉ်တစ်ခုအသွင်ပြောင်းသွားတာ
ဘယ်လောက်လှလဲအစ်မ
ဇာတ်လမ်းထဲက မိန်းကလေးအနေနဲ့လည်း အပြစ်တင်နေစရာမလိုသလို
ဇာတ်လမ်းထဲကကောင်လေးအနေနဲ့ကလည်း အပြစ်တင်နေစရာမလိုပါဘူး
အဲတာက အပြစ်ကင်းတဲ့ချစ်ခြင်းလေ..
ဘယ်သူ့မှာမှအပြစ်မရှိပါဘူး
လှတဲ့ချစ်ခြင်းကို ပိုလှသွားအောင် အရောင်တင်ပေးလိုက်တာကိုက
အရမ်းကိုလှသွားပါတယ်
ကောင်လေးနေရာကလို့ဆိုနိုင်မလား
ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်
အစ်မအတွက် လက်ဆောင်ပေးလိုက်ပါတယ်...
ရောက်မလာတော့မယ့်ချစ်ခြင်းကိုစောင့်နေတဲ့ချစ်ခြင်း
ReplyDelete(၁)
မသေဆုံးတဲ့ ပင်လယ်မှာ
အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
မသေဆုံးသေးတဲ့ လူတွေမှာလည်း
အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။
(၂)
ဖြူစင်တဲ့ ချစ်ခြင်းတရား
ရှင်းသန့်တဲ့ ချစ်ခြင်းတရား
လှပတဲ့ ချစ်ခြင်းတရား
ရိုးသားတဲ့ ချစ်ခြင်းတရား
ချစ်ခြင်းတရားတွေ အဖြေရှာ
အားလုံး သေဆုံးသွားတောင်
ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
အမြဲလှပ နေမှာလား။
(၃)
ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
နေသားအကျ မရှိခဲ့ခြင်းများ
အလွမ်းရောင် ထင်ဟပ်
ပြည့်စုံခဲ့ပါသလား ......ချစ်ခြင်း။
(၄)
ရင့်နေတဲ့ အလွမ်းတွေနဲ့
မဆုံးနိုင်သော အချစ်တွေနောက်က
မရပ်တန့်သော အတွေးစက်ဝန်းများ
အဆွေးရောင်တို့လွန်ခဲ့ပြီ။
(၅)
တစ်ရံတခါ
မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
ဘယ်လိုကြုံတွေ့ကြပါစေ
ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
အလွမ်းတွေနောက်ပြန်လှည့်
ချစ်ခြင်းပြန်လာမယ်။
(၆)
မွတ်သိပ်ဆန္ဒတွေ
မွန်းကျပ် စိတ်အနေတွေနဲ့
လွဲချော် ဆုံမှတ်တို့အတွက်
မဆုံးသေးတဲ့ ချစ်ခြင်းတရား
တစ်နေ့ ပြန်လာခဲ့မယ်တဲ့.......။
ရောက်မလာသေးတဲ့ အချစ်အတွက်
မျှော်စောင့်နေရင်း
ခါးသီးနေ့ရက်တွေဆန်တက်
အပြန်ခရီးအလှည့်မှာ
ကမ်းလင့်နေမယ့် အချစ်များ
တလက်လက်တောက်ပလို့။ ။
မုတ်သုန်လေ
25.Oct,2007
သက်ဝေ-
ReplyDeleteကိုစောငြိမ်းရဲ့ သီချင်းလေး တပုဒ်ကိုသတိ ရ သွားတယ်။
- မမြဲသော ရုပ်နာမ် ပြောင်းလဲသည့် နှယ်..ဖြစ်ပြန်..ပျက်ပြန်..အချစ်မှန်တရားရယ်..မူလွန်းတဲ့သူရယ်...ပွင့်ဦးကြွေ မှဖြင့်ကွယ်..မပန်ဆင် စေချင် ရက်တော့တယ်...--
မသက်ဝေ...
ReplyDeleteခံစားမှု တံခါးလေးကို နှစ်သက်မိပါတယ်..။
တံခါးလေး ဖွင့်လိုက်တယ်ဆိုတော့ လှစ်ခနဲ ၀မ်းသာသွားတာ... သူရှိမနေတော့ဘူးဆိုတော့ အပျော်တွေ စုံးစုံးမြုပ်ပေါ့..။
တန်ခူးရေ...
ReplyDeleteပုလဲသီ တစ်ကွဲစီ လေးကို မမေ့သေးဘူးပေါ့နော်...။ ကျေးဇူး... အထူး... အထူး...။
မြတ်နိုး..
နောင်မှတကြရလို့  နောင်တ လို့ ခေါ်ကြတာလေ..။
စကားမစပ်.. သက်ဝေဆီမှာ တံခါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးစရာရှိနေသေးတယ်..။ ရေးပြီးရင် လာအားပေးအုံးနော်..။
မသီတာရေ...
အဲဒီ အတ္တတွေပေါ့နော်... သိပ်ကြောက်စရာကောင်းအောင် ပူလောင်စေတာလေ..။
မယုဝရီ...
ဟင်း.. မီးမီးက အိပ်ပုတ်... စောစောစီးစီး မနိုးတတ်ဘူးဗျ...။ အားပေးတာ ကျေးဇူးနော်..။
ရွှန်းမီ..
စဉ်းစားစရာပါဘဲနော်...။ တံခါး ပြန်ဖွင့်တဲ့အချိန် သူ့ ကို မတွေ့လို့ ကြေကွဲတယ် ဆိုလည်း သူသိတာမှ မဟုတ်တော့တာ.. ဆိုတာလေးကို..။
နုစံရေ...
အမြဲတမ်း အားပေးတာ ကျေးဇူးနော်..။
Happy Ending လေးတွေလဲ ရေးပါအုံးမယ်...။
ကိုမုတ်သုန်လေး...
အချိန်ရရင်တော့ တံခါးသုံးပုဒ်လုံးပေါင်းပြီး
တစ်ပုဒ်အနေနဲ့ ပြန်ရေးကြည့်ပါအုံးမယ်။ အကြံပေးတာရယ်၊ ကဗျာလေး အတွက်ရယ်.. ကျေးဇူးအများကြီးတင်ပါတယ်။
မကေ..
မကေ က တော်လိုက်တာ..။
သီချင်းတွေ အများကြီး အလွတ်ရ မှတ်မိနေသေးတယ်နော်...။ ဟုတ်တယ်.. ကေပြောမှ အဲဒီသီချင်းလေးကို ပြန်စဉ်းစားရင်း ဆိုကြည့်နေမိတယ်...။
လေးမရေ...
နှစ်သက်တယ်ဆိုလို့  ၀မ်းသာတယ် နော်...။
သူငယ်ချင်းများအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ...။
ဖတ်ပြီးသားပဲ ဒါပေမယ့် ပြန်ဖတ်လည်း အသစ်အသစ်ဖြစ်နေတုန်း ခံစားမှုတွေကို ပြင်းပြင်းထန်ထန်ပေးနိုင်တုန်း ဖတ်ပြီး ၀မ်းနည်းကြေကွဲနေရတုန်း
ReplyDelete