Saturday, July 12, 2008

နမော်နမဲ့

အခုတလော သက်ဝေတစ်ယောက် အတော်ကို နမော်နမဲ့ နိုင်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိတဲ့ အချိန်မှာ…

ပြီးခဲ့တဲ့ ရက်အနည်းငယ်က
မယုဝရီ (မရီရီဝင်း) ရဲ့  ဘလော့ဂ်မှာ တင်ထားတဲ့ ထိုတစ်ည (That Night) ပိုစ့်ကိုဖတ်ပြီး အတူတကွ တင်ထားတဲ့ ဓါတ်ပုံကိုလဲ သေသေချာချာ ကြည့်မိပါတယ်။ ဒါတွေတင်မက သူများတွေရေးသွားကြတဲ့ Comments တွေကိုလဲ ဖတ်ကြည့်လိုက်ပါသေးတယ်။ Comments တွေထဲက အမေးအဖြေတွေ အရ အဲဒီပုံလေးက Bangkok က နေရာတစ်ခု လို့ သိရပါတယ်။ အဲဒီပုံလေးထဲက နေရာရှုခင်းလေးက သက်ဝေတို့  စလုံးက တစ်ချို့ နေရာမျိုးလေးတွေနဲ့  ခပ်ဆင်ဆင်တူသား လို့ လဲ စိတ်ထဲမှာ တွေးမိပါတယ်။ ကိုယ်တိုင် Comment ရေးမယ်လုပ်တော့ Web Page မှာ Error တက်နေတာနဲ့ ဘဲ C Box မှာဘဲ ရေးခဲ့တော့မယ်လေ လို့ စဉ်းစားရင်း ရေးခဲ့ပါတယ်။

အဲဒီမှာ စ တော့တာဘဲ…။
တင်ထားတဲ့ ဓါတ်ပုံလေးကို သေသေချာချာ တစ်ခေါက်ပြန်ကြည့်ပြီး C Box မှာ ရေးခဲ့တာက “Ma Ma.. Visited. I read "That Night" post. Where is that place? In the picture, it is quite similar to some place fr S'pore. “ တဲ့..။ ကဲ.. ကောင်းကြသေးရဲ့ လား..။

* * * * * * * * * * * *

ဟိုတစ်နေ့ က သက်ဝေရဲ့  ချစ်လှစွာသော ဘလော့ဂ်ကလေးမှာ
စကားဝါမြေ ဆိုတဲ့ ပိုစ့်ကလေးတစ်ခု တင်ဖြစ်ပါတယ်။ တေးသံရှင် နှင်းဧကရီ ရဲ့  ရွှေဌာနေ နဲ့  စကားဝါမြေ ဆိုတဲ့ အခွေထဲက သီချင်းလေး နှစ်ပုဒ် တင်ထားတာပါ။ အခွေထဲက ကျန်နေသေးတဲ့ သီချင်းတွေကိုလဲ နောက်ဆက်တွဲ အနေနဲ့  စကားဝါမြေ သို့  နောက်တစ်ခေါက် ဆိုပြီး တင်ထားလိုက်ပါသေးတယ်။

ကိုယ့်ကိုယ်ကိုယ်တော့ ဟုတ်လှပြီပေါ့..။ သီချင်းတွေကို CD ထဲကနေ ကွန်ပြူတာ ထဲကိုထည့်၊ Mediafire ကိုသွားပြီး Upload လုပ်.. ပြီးတော့ Blog ထဲကိုတင်.. ဟန်ကိုကျလို့ ..။ ပထမဦးဆုံး အကြိမ်အဖြစ် သီချင်းလေးတွေတင်ပြီး ကိုယ့်ဖာသာကိုယ် အကျေနပ်ကြီး ကျေနပ် ပီတိတွေဖြာနေတာ.. အဟဲ..။
အဲဒါ နောက်တစ်နေ့ မှာ မိတ်ဆွေကြီး ကိုဇနိ လာရောက် အကြောင်းကြားတော့မှဘဲ အဲဒီမြန်မာသံ သီချင်းတွေကြားထဲ ထူးအိမ်သင် သီချင်းတစ်ပုဒ်က ကိုးလိုးကန့် လန့်  ၀င်ပါနေမှန်း သိတော့တယ်လေ…။ ဖြစ်ပုံ… ဖြစ်ပုံ...။


* * * * * * * * * * * *

ဒီနေ့ လဲ ရုံးမှာ အရေးကြီးတဲ့ Email တစ်ခု ပို့ လိုက်တာ Attachment ထဲ့ဖို့ မေ့သွားလို့  ကိုယ့်အထက်က လူကြီးကို (သူမဆူခင်) လျှာတစ်လစ်ထုတ် ပြောင်ဖြဲဖြဲ လုပ်ပြလိုက်ရတာက တစ်မျိုး..။

ဒါတင်ဘဲလားဆိုတော့.. မဟုတ်သေးပါဘူး။
Project တစ်ခုရဲ့  Deadline ကို အမေ့ကြီး မေ့နေတာ.. ဒီမနက်မှ သတိရ..။ အဲဒါနဲ့  မမှီမှာစိုးလို့ ထုံးစံအတိုင်း.. ဟိုကူး ဒီကူး၊ ဟိုလူ ကူကြပါ ဒီလူ ကယ်ကြပါနဲ့  ယောက်ယက်ခတ်စွာ အပြေးအလွှား အလုပ်..။ ကြမ်းပေါ်မှာ ကန့် လန့် ဖြတ် တည်ရှိနေတဲ့ တယ်လီဖုန်းကြိုးကို ခလုတ်တိုက်မိတာ.. ကံကောင်းလွန်းလို့ သာပေါ့။
မဟုတ်လို့ ကတော့လား… ဘာပြောကောင်းမလဲ… ချော်လဲလို့  အနာတရ ဖြစ်ရုံသာမက ဘေးနားကလူတွေ တစ်ပျော်တပါး ၀ိုင်းဝန်း ရယ်မောကြတာပါ ခံရမှာ မလွဲ…။

* * * * * * * * * * *

ကိုယ့်ကိုယ်ကိုယ်လဲ “မဖြစ်သေးပါဘူးလေ… ဆင်ခြင်မှ… ဆင်ခြင်မှ..” လို့  တဖွဖွရေရွတ်ရင်း၊ သတိတွေ အထပ်ထပ်ပေးရင်း အိမ်ကိုအပြန်..။

လမ်းတစ်ဝက်လောက်မှာ သြော်.. ကိုယ့်ဆံပင်တွေ အတော်ရှည်နေတာ သတိရသွားပြီး ဆံပင်ဝင်ညှပ်ရရင် ကောင်းမှာဘဲလို့  စဉ်းစားရင်း ရထားပေါ်ကဆင်းပြီး ဆံပင်ညှပ်ဆိုင်ကို ချီတက်လာခဲ့ပါတယ်။ ဒီလို ကြားရက် ညနေစောင်းဆိုရင်တော့ ဆိုင်မှာလဲ လူရှင်းလောက်ပါတယ် လို့  ကိုယ့်အတွေးနဲ့  ကိုယ် ကျေနပ်နေမိတယ်။

ဒါနဲ့ ဘဲ ဆိုင်ထဲကိုရောက်တော့.. ပိုပြီးကျေနပ်သွားမိတယ်။ ဆိုင်ထဲမှာ ဆံပင်ညှပ်နေတဲ့သူ တစ်ယောက်မှမရှိ.. အဟိ။ အိုကေပေါ့.. ဒီလိုနဲ့  ခပ်ခြောက်ခြောက် ကောင်လေးတစ်ယောက် သက်ဝေရဲ့ ဆံပင်ကို စ အညှပ်မှာ မျက်စေ့ထဲ ဒီကောင်လေးကို တစ်ခါမှ မတွေ့ ဖူးပါဘူး၊ အသစ်ထင်တယ်လို့  စိတ်ထဲက တွေးလိုက်ရင်း ခါတိုင်း သက်ဝေညှပ်နေကျ ၀၀တုတ်တုတ် ကောင်လေးကို ဟိုဟိုဒီဒီ မျက်စေ့ကစားရင်း ရှာဖွေနေမိသေး..။ အင်းလေ.. ဘာမှထူးထူးခြားခြား ပုံစံမျိုးမဟုတ်ဘဲ သာမန်ဆံပင်ပုံမျိုး၊ ရှည်ရာက တိုရုံသက်သက်သာ ဖြစ်တာက တစ်ကြောင်း၊ ကြိုတင် ချိန်းဆိုမထားမိတာက တစ်ကြောင်း ဆိုတော့ ဒီလိုဘဲ ကြုံရာလူနဲ့ ညှပ်လဲ ရတာပါဘဲ လို့  စိတ်အေးလက်အေး နေလိုက်တော့တယ်။ အားလုံး အဆင်ကိုပြေလို့ …။

အဲ.. ဆံပင်ကတော့ ပြောတာနဲ့ စာရင် အတော်လေး ပို တို သွားတယ်။
ထားပါတော့လေ.. ဒီလိုဘဲပေါ့.. ပူညံပူညံ မလုပ်ချင်တော့ပါဘူး..။
တိုသွားတော့လဲ နောက်တစ်ခါ တော်တော်နဲ့ လာမညှပ်ရဘူးပေါ့ လို့  အကောင်းဖက်က လှည့်တွေးရင်း…။

ပိုက်ဆံပေးဖို့  ကောင်တာကိုရောက်တော့ ကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးကလဲ ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ အသစ်..။ ဒီဆိုင်မှာ လူအသစ်တွေ တယ်လဲများနေပါကလား.. စီးပွားရေးကောင်းလာတယ် ထင်ပ လို့  အတွေးနက်နေတဲ့ ကိုယ့်ရဲ့  အူကြောင်ကြောင်ပုံစံကို ခပ်ငေးငေးကြည့်နေလေရဲ့ ။
ပိုက်ဆံရှင်းပြီးလို့  ဆိုင်ပြင်ကိုလှည့်အထွက်မှာ ကောင်မလေးက အင်္ဂလိပ်လို “နောက်လဲ အမြဲလာပါနော် ဒီမှာ ဆိုင်က Name Card ပါ” လို့ ပြောပြီး ကိုယ့်လက်ထဲကို Card လေးတစ်ခု လာထည့်ပါတယ်။ တစ်လခွဲ တစ်ခါလောက် လာနေကျ ကိုယ့်ကိုများ အထူးအဆန်းလုပ်လို့  Card များ လာပေးနေရသေးတယ်လို့  မလိုတမာ တွေးပြီး လမ်းမပေါ်ကိုရောက်တော့ တော်တော်လေးတောင် မှောင်နေပြီ…။ မိုးချုပ်မှ အိမ်ပြန်တိုင်း မိန်းကလေးများ အိမ်ပြန်ချိန် လို့  နောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုတောင် စိတ်ထဲက လှမ်းသတိရမိသွားသေး။ (လူ့ စိတ်များ.. သိပ်မြန်တယ်နော်…။)

ဒါနဲ့  အိမ်ပြန်ဖို့  လမ်းအလျှောက်မှာ နှစ်လှမ်း သုံးလှမ်းလောက် အရောက်မှာ.. ဆိုင်တစ်ဆိုင်ရှေ့ မှာ ရပ်နေတဲ့ ခါတိုင်းသက်ဝေကို ဆံပင်ညှပ်ပေးနေကျ ၀၀တုတ်တုတ် ကောင်ကလေးကို တွေ့ တယ်။
သူ့ ကိုလှမ်း တွေ့ လိုက်ရတော့ သက်ဝေ စိတ်ထဲမှာ တစ်မျိုးလေးတော့ ဖြစ်သွားတယ်။ ဒါပေမယ့်လဲ တောင်တောင်အီအီတွေ သိပ်ကြာကြာ ဆက်တွေးမနေတော့ဘဲ အိမ်ပြန်ဖို့ ခြေလှမ်း ဆက်ခဲ့တယ်။

အိမ်ရောက်တော့ ရေချိုး၊ ခေါင်းလျှော် အပြီး မှန်ကြည့်တော့ ကိုယ့်ဆံပင်ကိုယ်ကြည့်ရတာ "ဒီတစ်ခါညှပ်တာ တစ်ခုခုတော့ လိုနေသလိုပါဘဲ… သိပ်မလှဘူးနော်" လို့  ရေရွတ်နေတော့ အမျိုးသားက "နဂိုရှိမှ နဂိုင်းထွက်မှာပေါ့" လို့  မခံချင်အောင် လာ စ နေသေးတယ်။
ကဲ.. ခုမှတော့ ဘာမှ မတတ်နိုင်ပြီ.. ဒီအတိုင်းသာ ထားလိုက်ပါတော့..။ ခဏနေတော့ စိတ်ထဲမှာ တစ်စုံတစ်ရာကို ဖြတ်ကနဲ တွေးမိပြီး (ရုပ်ရှင် သို့ မဟုတ် ကာတွန်းတွေထဲမှာ ဆိုရင်တော့ ခေါင်းနားမှာ မီးသီးလေး လင်းနေတဲ့ ပုံမျိုးလေးပေါ့... ) ပိုက်ဆံအိပ်ထဲမှာ ရှိနေတဲ့ ဆိုင်ကပေးလိုက်တဲ့ Name Card ကို ယူကြည့်လိုက်တော့.. မျှော်လင့်ထားတဲ့ အတိုင်းပါဘဲ။

သက်ဝေတစ်ယောက် ခါတိုင်းညှပ်နေကျဆိုင်နဲ့  ဘေးချင်းကပ်ရက်မှာ လာဖွင့်ထားတဲ့ ဆိုင်အသစ် တစ်ခုထဲကို ဘေးဘီမကြည့် နမော်နမဲ့ နိုင်လှစွာနဲ့  စွတ်ရွတ် ၀င်သွားခဲ့မိတဲ့အဖြစ်…။ ဒါကြောင်မို့  ဆိုင်အခင်းအကျင်း ကအစ၊ လူတွေအဆုံးး အရင်ကနဲ့  မတူ တစ်မူ ထူးခြားနေပေတာကိုး လို့  ကောင်းကောင်းကြီး သဘောပေါက်သွားပါတော့တယ်။ ဟို ၀၀တုတ်တုတ် ကောင်လေးရပ်နေတဲ့ ဆိုင်က သက်ဝေအမြဲတမ်း ညှပ်နေကျ ဆိုင်ဘဲ ဖြစ်ပေတော့မပေါ့။
ငါ့နှယ့်နော်… ဒီလောက်သတိထားပြီး ကိုယ့်ကိုကိုယ် သတိပေးနေတဲ့ကြားထဲက.. ဖြစ်မှဖြစ်ရလေ လို့ …။

တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားကြည့်ရင် နောက်ထပ် အသေးအဖွဲ နမော်နမဲ့နိုင်မှုတွေ တော်တော်များများ ရှိနေသေးတယ်။ ဒါပေမယ့် ဆက်ရေးလိုက်ရင် လွန်ကုန်တော့မယ်။ သိပ်မကောင်းဘူးလေ... ဟဲဟဲ..။ ဒီလောက်နဲ့ ဘဲ ရပ်ထားတာ ကောင်းပါလိမ့်မယ်။

* * * * * * * * * * * *
ဒီရက်ပိုင်းအတွင်း ဘာတွေရေးလို့  ရေးရမှန်းမသိ.. ခေါင်းထဲက စဉ်းစားလို့  ဘာမှမထွက်တဲ့အဆုံး မကြာသေးခင်ကမှ ဖြစ်ခဲ့တဲ့ သက်ဝေရဲ့  နမော်နမဲ့ ဖြစ်ရပ်တွေကို ရေးလိုက်မိပါတယ်။
ရယ်မော အပျင်းပြေနိုင်ကြပါစေ။

8 comments:

  1. တခါတလေ ဖြစ်တတ်ပါတယ်။
    လူတိုင်း နမော်နမဲ့ မကင်းပါ...။ ဟီးဟီး

    ReplyDelete
  2. နမော်နမဲ့ဖြစ်ခဲ့တာလေးတွေကို နမော်နမဲ့ မေ့မသွားပဲ စေ့စေ့စပ်စပ်ပြန်ရေးနိုင်တာကိုက
    သက်ဝေရဲ့ စေ့စပ်သေချာမှုကိုပြနေတာပါပဲ။ “မမှားသောရှေ့ နေ၊ မသေသောဆေးသမား”
    လို့ တောင်ဆိုကြတယ်မို့ လား။ ရှေ့ နေတို့  ဆေးဆရာတို့ မှားတာက လူ့ အသက်နဲ့ 
    တောင်ရင်းရသေးတာပါ။ သာမာန်နေ့ တဓူဝကိစ္စလေးတွေ နမော်နမဲ့ဖြစ်ခဲ့တာကို သတိ
    ထားမိရင်လုံလောက်ပါပြီလေ။ နောင်တ သဘောမျိုးနဲ့ တော့ စိတ်ထဲမထားနဲ့ ပေါ့။
    Take it easy ပါသက်ဝေရေ။

    ReplyDelete
  3. သက်ဝေရေ.. တို့လည်း အဲဒီလိုပဲ။ တို့ကတော့ အလုပ်တအားများလာပြီဆိုရင် စိတ်ကတနေရာ လက်ရှိလုပ်နေတာက တခြားဖြစ်နေပြီး စိတ်ထဲထင်ရာတွေ လုပ်နေမိတော့ နမော်နမဲ့ဖြစ်ကုန်တာပေါ့.. အဲဒီလိုနဲ့ ပိုက်ဆံအိတ်ပျောက်ပေါင်းလည်း မနည်းတော့ဘူး.. :P

    ReplyDelete
  4. မြတ်နိုး request လုပ်ထားတဲ့ .mp3 file ကို ဘယ်လို upload လုပ်ရမလဲ အကြံထုတ်နေတုန်း...သက်ဝေရဲ့ နမော်နမဲ့ထဲက စေ့စပ်သေချာမှု(အမ yu wa yi ပြောသလို) ...တွေကို CD ထဲကနေ ကွန်ပြူတာ ထဲကိုထည့်၊ Mediafire ကိုသွားပြီး Upload လုပ်.. ပြီးတော့ Blog ထဲကိုတင်.. ဟန်ကိုကျလို့ ..။ အဆင်ကို ပြေလို့ Thank you.

    ReplyDelete
  5. မနော်မနဲ့တွေ
    ဟီးဟီး
    နမော်နမဲ့ရေးကြည့်တာ
    ဖတ်လို့ကောင်းတယ် အမ
    ဆက်သာရေး

    ReplyDelete
  6. နမော်နမဲ့လဲ တမျိုးဖတ်လို့ ကောင်းတာပဲ… Relaxသက်ဝေရေ…တခါတခါ Stressများရင် ဒီလိုပဲနော်….

    ReplyDelete
  7. မြတ်နိုး..
    ဟီးဟီး အတိအကျပါဘဲ..။ တော်ရုံတန်ရုံ မကင်းရင်တော့ ကောင်းပါရဲ့ နော်.. ဟိ။

    အမယုဝရီရေ..
    ကောင်းကွက်လေး ရှာကြံပြသွားတာ ကျေးဇူးပါနော်..။ ( အားတက်သွားပုံ... :-D )

    နုစံရေ...
    တူညီမှုတွေအတွက် အားတက်ရပြန်တယ်..။ ဒါပေမယ့် ပိုက်ဆံအိတ်တော့ မပျောက်ရဲဘူး၊ ပိုက်ဆံ အများကြီးမပါပေမယ့် ကဒ်တွေပျောက်ရင် ဒုက္ခများလွန်းလို့ ...။

    မသီတာ...
    နမော်နမဲ့လေးဟာ တစ်နည်းတစ်ဖုံနဲ့  အသုံးတည့်သွားတဲ့ အတွက် ၀မ်းသာမိပါကြောင်း...။

    ကိုဇနိရေ...
    ဆက်ရေးရမယ်.. ဟုတ်စ..။

    တန်ခူး..
    Stress တွေများတယ် များတယ်နဲ့  ပိတ်ရက်တွေမှာ ကိုယ့်ကိုကိုယ် အကြီးကြီးသနား၊ အပြတ်အိပ်၊ အတင်းစား၊ အမိအရ အနားယူ၊ အတင်းညှာတာ၊ အတင်း Relax လုပ်နဲ့  လူလဲ နုစံရဲ့  Totoro အရုပ်လေး လို ဖေါင်းအိလုံး ဖြစ်လာပြီ...။

    ReplyDelete
  8. တကယ်ဖတ်လို့ ကောင်းတယ်..။
    ဒါနဲ့ စကားမစပ် မွေးဌာနီကို ပြန်ဆန်းသစ်တဲ့ သီချင်းတော့ မကြိုက်ဘူးကွယ်..။ စိတ်တောင် ညစ်သွားမိတယ်။ အညာကို သွားလည်တိုင်း မက်မက်မောမော နားထောင်နေကျ သီချင်းလေးက လွမ်းစရာမကောင်းတော့ဘူးဖြစ်သွားတယ်.. နှမျောစရာပဲနော်..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...