Tuesday, September 9, 2008

ကိုယ့် ရဲ့  အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု

တန်ခူး က Tag ထားတာ လတ်တလော ကိုယ့် ရဲ့  အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု တဲ့…။ ဒီတော့ ကိုယ့်ရဲ့  အကြိုက်တွေ ကိုယ့်ရဲ့  အကြောင်းတွေကို ရေးရ ပြောရ တော့မှာပေါ့နော်…။ ဒါပေမယ့် လတ်တလော ဆိုတဲ့ စကားကလဲ ပါနေ ပြန်တော့ နဲနဲစဉ်းစားရ ခက်သွားတယ်..။ ဘာဘဲဖြစ်ဖြစ် ရေးတာတော့ ရေးလိုက်ပါပြီ..။ အခုလို ကိုယ်ရေးထားတဲ့ ကိုယ့်အကြိုက် ကိုယ့်အကြောင်းတွေထဲမှာ တချို့ အဖြေတွေက ကိုယ့်ရဲ့  လတ်တလော အနေအထားကို မြင်ရမှာဖြစ်ပြီး အချို့ အဖြေတွေကတော့ ဘယ်တော့မှ မလွဲမှားနိုင်တဲ့ ကိုယ့်ရဲ့  ခံယူချက်တွေ ဖြစ်တည်မှုတွေကို မြင်ရမှာ ဖြစ်ပါတယ်..။ မှတ်မှတ်ရရ Tag ထားပေးတဲ့ တန်ခူး ကို ကျေးဇူး အကြီးကြီးတင်ပါတယ်နော်…။

ကိုယ့်ရဲ့ နာမည် - ဇာတာထဲမှာက တစ်ခု၊ ဖေဖေနဲ့  မေမေ ပေးထားတဲ့ မှတ်ပုံတင်ထဲက နာမည်ကတော့ တခုပါ…။ ဘလော့ဂ်ပေါ်မှာတော့ သက်ဝေ ပေါ့…။

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - စုံလို့ စုံလို့ ပါဘဲ…။ Nickname တွေထဲက တစ်ခုကတော့ မုန့် လုံးရေပေါ် တဲ့။ ကျောင်းမှာ အတန်းမှန်မှန်မတက်… ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့  မို့ ရထားတဲ့ နာမည်လေးပါ…။


ကိုယ်ဒီမှာနေတယ် - ကျွန်းပိစိရဲ့  တစ်နေရာ...။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ကြိုက်တဲ့အချိန်သာဆက်…။ ရတယ်…။ သူငယ်ချင်း မိတ်ဆွေ အလွန် ပေါများတဲ့သူဆိုတော့ စကားပြောရတာ ၀ါသနာပါတယ် ဆိုတာ ပြောပြဘို့ လိုမယ်မထင်…။ အစဉ်အမြဲ ဖုန်းနဲ့  နားနဲ့  ကပ်နေတတ်လို့  ငယ်ငယ်တုန်းက ကားသယောင်ယောင်ရှိတဲ့ ကိုယ့်ရဲ့  နားရွက်တွေ ခုတော့ ခေါင်းနဲ့ ကပ်ပြီး ပြားကုန်ပြီလို့  အဖိုးက မှတ်ချက်ချခဲ့ဘူးတယ်…။

ကိုယ့်အကြိုက်တွေကတော့…

အရောင်ဆိုရင် - ပစ္စည်းကို လိုက်လို့ ပေါ့…။ ဒါပေမယ့် များသောအားဖြင့်တော့ အနက်ရောင် ကိုဘဲ ရွေးဖြစ်တယ်။

အ၀တ်အစားဆိုရင် - မိန်းကလေးဆန်ဆန် ထူးခြားဆန်းပြားတာတွေ မကြိုက်တတ်ပေမယ့် ၀တ်လိုက်ရင် ကိုယ့်ကို Decent ဖြစ်သွားစေမယ့်၊ ကိုယ့်ကို တိကျ သပ်ရပ်သွားစေမယ့် အ၀တ်တွေကိုကြိုက်တယ်။ စက်မှုတက္ကသိုလ် ကျောင်းသူ သက်တမ်းတလျောက် စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ၀တ်ခဲ့တာကတော့ ရှပ်အင်္ကျီ…။

အစားအစာဆိုရင် - မြန်မာ အစားအစာတွေ အားလုံးနီးပါး ကြိုက်ပါတယ်။ မှတ်မှတ်ရရ ကြိုက်တာကတော့ ကြေးအိုး…။ တစ်ရက်ကို အနဲဆုံး ၃ ခါလောက် သောက်ဖြစ်တာကတော့ ကော်ဖီ ခါးခါး…။

ပစ္စည်းဆိုရင် - ပိုက်ဆံအိပ် နဲ့  ရေမွှေး…။

သီချင်းဆိုရင် - အားပါး… ဒီမေးခွန်းက သိပ်ကျယ်ပြန့် လွန်းတယ်လေ…။ ပြောပြရမယ်ဆိုရင်တော့ တစ်ချို့ သိပ်နားပူ ဆူညံလွန်းတဲ့ သီချင်းတွေရယ်၊ ပျင်းစရာကောင်းအောင် နှေးကွေးလွန်းတဲ့ သီချင်းတွေရယ်၊ အဆိုမပါတဲ့ တီးလုံးသက်သက် တွေရယ် ကလွဲရင် အကုန်လုံး နားထောင်ပါတယ်။ ရှိသမျှ အချိန်တွေတိုင်းမှာ သီချင်းသံနဲ့  လူနဲ့  ပြတ်တယ်ရယ်လို့  မရှိအောင်ကို နားထောင်ပါတယ်။ အခုလောလာဆယ်မှာ ခဏခဏ နားထောင်ဖြစ်နေတဲ့ သီချင်းလေးကတော့ Leona Lewis ရဲ့  Better in Time နဲ့  Bleeding Love…

စာရေးဆရာ - မေမေ ဖေဖေတို့ ရဲ့  ကျေးဇူးကြောင့် စာရေးဆရာ တော်တော်များများရဲ့  စာအုပ်တွေကို ငယ်ငယ်ထဲက ဖတ်ခဲ့ဖူးပါတယ်။ စာရေးဆရာ တော်တော်များများကို လဲ ကြိုက်ပါတယ်။ စွဲစွဲလမ်းလမ်း ကြိုက်လို့  မကြာခဏ ဖတ်တတ်တာက ဂျာနယ်ကျော် မမလေး၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ၊ တက္ကသိုလ် မြစိမ်း နဲ့  ကြည်အေး..။

စာအုပ် - အခု လောလောဆယ် ပြန်ဖတ်နေတာက ကြည်အေး ရဲ့  မောင် ၊ ကိုကို နှင့် မြနန္ဒာ…။ သတိတရနဲ့  ပြန်ဖတ်ချင်လို့  မေမေ့ကို ပြန်မှာထားတဲ့ စာအုပ်က တက္ကသိုလ် မြစိမ်းရဲ့  တိုင်းမင်းကြီး သမီး နဲ့  ညွှန်ကြားရေးမှုးချုပ် ကတော်…။

Life style – လူ့ ဘ၀ ဆိုတာ တိုတိုလေးမဟုတ်လား ။ ရတုန်းရခိုက် အချိန်လေးအတွင်းမှာ ပုံမှန်လေး... စိတ်ချမ်းချမ်းသာသာ အေးအေး ဆေးဆေးလေးပဲ နေချင်ပါတယ်…။

ကိုယ့်ရဲ့ ၀ါသနာ - သီချင်းနားထောင်ရင်း အိမ်ရှင်း ၊ အားလပ်ချိန်တော်တော်များများမှာ စာဖတ်… တစ်ခါတစ်ခါမှာ စာရေး...။

အလိုချင်ဆုံး လက်ဆောင် - လောဘဆိုတာ အကုသိုလ်တစ်မျိုးဘဲလို့  နားလည်လာတဲ့ အချိန်ကစလို့  ဆန္ဒတွေ လိုချင်တာတွေကို စိတ်ထဲမှာ နဲနိုင်သမျှ နဲအောင် နေနေတယ်။

စိတ်တော့မရှိကြပါနဲ့ နော်…။
အလိုချင်ဆုံး၊ အချစ်ဆုံး၊ အခင်ဆုံး၊ အလေးစားဆုံး၊ အမုန်းဆုံး… စတဲ့ (တိကျတဲ့ အဖြေတစ်ခုစီသာ ရှိရမယ့်) မေးခွန်းတွေအတွက် အဖြေတွေဟာ ကြီးမားလှစွာသော အတ္တတွေရယ်၊ လောဘ၊ ဒေါသ၊ မောဟတွေရယ် နဲ့  တစ်တွဲထဲ ရှိနေတာမို့  ဖြေရတာ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ဖြေလို့ ရသလောက်တော့ ကြိုးစားပြီး ဖြေထားပါတယ်…။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ရဲ့  တစ်ဦးတည်းသော အချစ်ဆုံးလေး “သူ”

ကိုယ့်ရဲ့ အလေးစားဆုံးသူက - လေးစားထိုက်သူများကို အစဉ်လေးစားပါတယ်…။

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - ငယ်ငယ်တုန်းကထဲက ငယ်သူငယ်ချင်း ဘ၀က လာခဲ့တဲ့ ကိုယ့်ရဲ့  ဘ၀လက်တွဲဖေါ် ။ ငယ်ငယ်က ရေးခဲ့ဖူးတဲ့ Favorite စာအုပ်တွေထဲမှာ ဆိုရင်တော့ "အချစ်ဆုံးဆိုတာ တစ်ယောက်ထဲ ဖြစ်ပေမယ့် ခင်မင်မှုကတော့ အားလုံးအတွက်ပါ" လို့  (ခပ်ကြောင်ကြောင်) ရေးခဲ့ဖူးတယ်…။

ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက - ကိုယ့်ရဲ့  ဘ၀လက်တွဲဖေါ် လို့  ထင်တာဘဲ။ တကယ်က ကိုယ်ကသာ လူတိုင်းကို လိုက်လျောညီထွေဖြစ်အောင် နားလည်ပေးတတ်ပေမယ့် ကိုယ့်ကိုတော့ လူတိုင်းက နားလည်တတ်ကြမယ်လို့  မထင်…။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - အဲဒီလိုကြီးတော့ မရှိပါဘူး…။ နဲနဲပါးပါး ကြည့်မရတဲ့ သူတွေတော့ ရှိတယ်။

ရင်အခုန်ဆုံး အချိန် - ငယ်ငယ်တုန်းကတော့ ရှိခဲ့ဖူးပါရဲ့ …။ အခုတော့ တော်တော်လေး တည်ငြိမ်နေပါပြီ…။

အကြောက်ဆုံး အချိန် - ကြောက်လို့  တွေးကို မတွေးရဲဘူး…။

အပျော်ဆုံး အချိန် - အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ယောက် ဆိုတော့ ပျော်စရာကောင်းတဲ့ အချိန်တွေကို ခဏခဏ ကြုံတွေ့ ရတတ်ပါတယ်…။

အမှတ်တရနေ့  - အမှတ်ရချင်စရာကောင်းလှတဲ့ နေ့ စွဲတွေတိုင်းကို ကိုယ်က သေသေချာချာ မှတ်မိနေလေတော့ ကိုယ့်ရဲ့  Diary ထဲမှာ အမှတ်တရ နေ့ စွဲတွေက များမှများ…။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - ကမ္ဘာမြေ ငြိမ်းချမ်းပါစေ…။

အချစ်ဆိုတာ - အတ္တ။ များများ ချစ်လေ များများ ပူလောင်လေ…။ လျှော့နိုင်မှ ငြိမ်းချမ်းမယ်…။

အမုန်းဆိုတာ - မရှိချင်…။

အလွမ်းဆိုတာ - တစ်ခါတစ်ခါမှာ ခါးသီးစရာကောင်းသလို တစ်ခါတစ်ခါ ကျပြန်တော့ လွမ်းနေရတာ ချိုမြိန်သလို…။

သံယောဇဉ်ဆိုတာ - တိမ်းရှောင် ကင်းဝေးလို့ မရတဲ့ အပူမီးပါဘဲ…။

ဘ၀ဆိုတာ - ဖြစ်စဉ်တစ်ခု…။

သူငယ်ချင်းဆိုတာ - ဘ၀မှာ မရှိမဖြစ် လိုအပ်သော အရာ…။

ချစ်သူဆိုတာ - ကိုယ်က ချစ်ရတဲ့သူ…။

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - သာမန်လူတွေထဲက လူတစ်ယောက်..။

ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ဆောင်ပုဒ်တော့ မဟုတ်... ဒါပေမယ့် စိတ်ထဲမှာ အစဉ်အမြဲ သတိတရ ရှိတဲ့ စကားက "ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်ရမယ်" …။

အပြောချင်ဆုံး စကားတခွန်း - ယောနိသော မနသီကာရ… အစစ အရာရာကို အသင့်အတင့် နှလုံးသွင်းတတ်ကြပါ…။



9 comments:

  1. အင်း- ခုရက်ထဲ..လေဒီဘလော့ဂါ ကြီးတွေ ရဲ့..အကြောင်းတွေ..လိုက်ဖတ်ရ တာ..စိတ်ဝင်စားဖို့တော့..အကောင်းသား။ ပျော်စရာပဲ။
    ကျမ နဲ့..သက်ဝေ နဲ့..တူတာလေးတွေ တွေ့တယ်။ အဟဲး)

    ReplyDelete
  2. သက်ဝေရေ… ကြည်အေးရဲ့မောင် ဖတ်ချင်တယ်… တခါမှ မဖတ်ဖူးဘူး… အေးဆေးတည်ငြိမ်တဲ့ သက်ဝေအကြောင်းလေးက ဖတ်သူကို ရင်အေးစေတယ်… သက်ဝေပြောတဲ့ စကားလေးအတိုင်း ကြိုးစားနေကြည့်ဦးမယ်… တခါတခါ တဖက်စွန်းကျလွန်းလို့  ကိုယ့်ကိုယ်ကို စိတ်ကုန်တယ်…

    ReplyDelete
  3. Nickname လေးတော့ ကြိုက်သွားပြီ။
    မုန့်လုံးရေပေါ်ဆိုတော့ အထဲမှာ ထန်းညက်ထည့်ထားတာမို့ အတွင်းသဘောက ချိုတဲ့ သဘောပဲ။ စိတ်ကလေးနဲ့ လိုက်ပါတယ်။

    ReplyDelete
  4. ရှပ်အင်္ကျီလေးနဲ့ သက်ဝေ ကို မျက်လုံးထဲ ပုံဖော်ကြည့်နေတာ။ တစ်ယောက် အကြောင်း တစ်ယောက် ဖတ်ရတာ အမြင်လေးတွေ ပွင့်လင်းစွာ ဖလှယ်ရသလိုမို့ ကြည်နူးမိတယ်။

    ReplyDelete
  5. လာဖတ်သွားတာကြာပေါ့..
    မအားလို့ကော်မန့်မဆွဲခဲ့ရတာ
    မြတ်နီုးလဲ ကျောင်းတက်တုန်းက ရှပ်အကျီ crazy့ ပဲ
    လွတ်လပ်လို့ လုံခြုံလို့ ပေါ့ပါးလို့
    ကျောင်းပီးတော့မှ ရှိုင်းတာ..ဟီး

    ReplyDelete
  6. သက်ဝေရေ…သက်ဝေဆီလည်းရောက်ပါတယ်။ ဘာမှမရေးဖြစ်သေးတာ။ သက်ဝေငယ်
    ငယ်က ဖတ်ခဲ့တဲ့စာအုပ်တွေဆို ဟဲဗီးတွေပဲနော်။ ဒါတောင် တို့ ရဲ့ပထမဆုံးတွေးပြီးပြန်ရေး
    တဲ့စာစုလေးက ဖတ်လို့ ကောင်းတယ်ဆိုလို့ ဝမ်းသာနေတာ။ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီးတို့ 
    ရယ်ချင်နေခဲ့တာလေ။ ရှေးခေတ်က ၀တ္ထုကို ဒီခေတ်ဗားရှင်းပြောင်းပစ်လိုက်လို့ ။ ကိုယ့်သ
    ဘောနဲ့ ကိုယ်ချနေတာ။ မူရင်းလူသိရင်တော့ ရောက်ရာဘ၀ကနေများ လည်ပင်းလာညှစ်
    မလားပဲ။ အဟဲ ဒါနဲ့ သက်ဝေမျက်စိအတော်ရှင်တာပဲနော်။ ဘယ်မှာ ဓာတ်ပုံရှိလို့ လည်း
    (မုန်လာဥလုပ်ကြည့်တာ)။လာလည်တာကျေးဇူး သက်ဝေရေ။

    ReplyDelete
  7. အရင်တုန်းကတော့ သက်ဝေလို့ ခေါ်နေရာကနေ အခု မသက်ဝေလို့ပြောင်းခေါ်ရတော့မယ်.. (အဲဒီလိုကြီးခေါ်ရတာ မရင်းနှီးသလိုပဲ.. မတန်ခူးဆီမှာ comment တွေ့လို့.. :P)

    မရဲ့အကြောင်းတွေ ဖတ်သွားတယ်.. life style ကိုလည်း သဘောကျတယ်.. ကျနော်လည်း အဲဒီလိုပဲ ခံယူထားလို့.. :)

    ReplyDelete
  8. အလိုချင်ဆုံးစာအုပ်ကိုပြောပါဆိုရင် မောင်ကိုကိုနဲ့မြနန္ဒာပါပဲဗျာ။ ပဲရစ်မြို့မှာစိတ်ဓာတ်ကျနေတဲ့ နန္ဒာ့ကို သနားရမလား ကိုကို့ကိုပဲသနားရမလား လင်းကိုပဲသနားရမလား....

    ReplyDelete
  9. ကေ တန်ခူး ချိုသင်း မသီတာ မြတ်နိုး ယုဝရီ နုစံ နဲ့  ရွာသားလေး... မှတ်ချက်များအတွက် ကျေးဇူးတင်ပါတယ်...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...