Wednesday, October 15, 2008

သီတင်းကျွတ်

ငယ်ငယ်က
တပျော်တပါး ရွတ်ဆိုခဲ့ဖူးတယ်…
သီတင်းကျွတ်ပြီ…
မီးပုံးပျံ လွှတ်ရအောင် တဲ့…

ငယ်ဘ၀…
ပျော်ခဲ့ရတဲ့ သီတင်းကျွတ်…
မြတ်ဘုရားထံ ရည်ရော်မှန်း ဆီမီးနဲ့  ကန်တော့ပန်းဆင်ခဲ့ရတဲ့ သီတင်းကျွတ်…
မိဘ ဖိုးဖွား ဆရာသမား အလေးနက်ထား ပူဇော်ကြတဲ့ သီတင်းကျွတ်…
ကုသိုလ်တွေရ မုန့် တွေဝ ကြည်ရွှင်ပျတဲ့ သီတင်းကျွတ်…
လမင်းရောင်သာ ထိန်ထိန်ဖြာ ကြည်လင်လှတဲ့ သီတင်းကျွတ်…
ဆီမီးရောင်ရှိန် ထိန်ထိန်ဝါ သာယာလှတဲ့ သီတင်းကျွတ်…
မီးပန်းတွေ တလက်လက် ဗျောက်အိုးသံ တညံညံ စည်ကားလှတဲ့ သီတင်းကျွတ်…
ပွဲတွေလမ်းတွေ ချိမ့်ချိမ့်သဲ နွှဲခဲ့ရတဲ့ သီတင်းကျွတ်…
စည်ဗျောသံ ညံမစဲ လူတိုင်းပျော်တဲ့ သီတင်းကျွတ်…
တစ်နှစ်တစ်ခါ ရင်ထဲမှာ မျှော်ကာ မှန်းဆ တမ်းတရတဲ့ သီတင်းကျွတ်…

အခုတော့…
တကယ်ကဆို ငယ်ဘ၀လို ပျော်စရာ မရှိတဲ့ သီတင်းကျွတ်…
ဖိုးဖိုး ဖွားဖွား တွေ ဖေဖေ မေမေတွေကို
စိတ်ထဲကသာ မှန်းကန်တော့ရတဲ့ သီတင်းကျွတ်...
လေထဲကသာ လှမ်းကန်တော့ရတဲ့ သီတင်းကျွတ်...
မီးပုံး မဆင် ရတဲ့ သီတင်းကျွတ်...
မီးပန်း မမြင်ရတဲ့ သီတင်းကျွတ်...
မီးပုံး မတွန်းရတဲ့ သီတင်းကျွတ်…
မီးလုံး မထွန်းရတဲ့ သီတင်းကျွတ်…
ဗျောက်အိုးသံ တိတ်တဲ့ သီတင်းကျွတ်…
စည်ဗျောသံ ပိတ်တဲ့ သီတင်းကျွတ်…
ပျောက်မေ့ချင်အောင် ခြောက်သွေ့ တဲ့ သီတင်းကျွတ်...
လူသူမသိအောင် တိတ်ဆိတ်တဲ့ သီတင်းကျွတ်…

အင်း… ဒီလိုနဲ့ ဘဲ
သီတင်း တချီ ကျွတ်ခဲ့ပြန်လေပြီ…။

(သီတင်းကျွတ် လပြည့်နေ့  ၁၄-၁၀-၀၈ အမှတ်တရ)

13 comments:

  1. သီတင်းကျွတ်ပြီ
    မီးပုံးပျံလွှတ်ကြရအောင်
    မီးစာကိုရေနံဆွတ်ထားပါ
    မှိုင်းဝမှလွှတ်ပါ။
    (ကျွန်တော်စာကြေတယ်နော်။ အဲဒီနေ့က ကျောင်းမပြေးဘူး။း)

    ဘလော့သက်ကြီးပူဇော်ပွဲကန်တော့ခံ အမကြီးသက်ဝေကို လာကန်တော့သွားပါတယ်။

    မေတ္တာဖြင့်

    ReplyDelete
  2. ဘယ်လို အခြေအနေဖြစ်စေ သီတင်းကျွတ်လပြည့်နေ့မှာ ပြည့်ပြည့်၀၀သာနေတဲ့ လမင်းကြီးကတစ်ဆင့် စိတ်နှလုံး ကြည်သာရွှင်ပြ ကြည်နူးအေးမြမှု သက်ဝေရင်၌ ဖြစ်စေ~

    ReplyDelete
  3. သက်ဝေက မရေး မရေးနဲ့ ရေးရင် အရှည်ကြီး ခံစား ပြီး ရေးတယ် အဲဒီတော.မောတာပေါ.။

    ReplyDelete
  4. သီတင်းကျွတ်နှစ်ခု ခြားနားလိုက်တာ။
    နှစ်ခုစလုံး ရောပြွမ်းခံစားလိုက်ပါတယ်။
    ဘယ်လိုပဲ ဖြစ်ပါစေ ရင်ထဲက သီတင်းကျွတ် အနှစ်သာရကိုတော့ တသက်လုံး မမေ့ပါဘူး။
    စိတ်အေးချမ်း ရွှင်လန်းဖို့ရာ ဆုတောင်းမေတ္တာပို့သ ပါတယ်။

    ReplyDelete
  5. သက်ဝေ
    သက်ဝေရဲ့ သိတင်းကျွတ်ကလဲ လှတာပါဘဲ....
    ပြောသာပြောရတာ သိတင်းကျွတ်အလှတွေ ပျောက်နေတဲ့  မိခင်တိုင်းပြည်ကို တော့ လွမ်းမိပါတယ်..။

    ReplyDelete
  6. သက်ဝေ
    သက်ဝေရဲ့ သိတင်းကျွတ်ကလဲ လှတာပါဘဲ....
    ပြောသာပြောရတာ သိတင်းကျွတ်အလှတွေ ပျောက်နေတဲ့  မိခင်တိုင်းပြည်ကို တော့ လွမ်းမိပါတယ်..။

    ReplyDelete
  7. ကဗျာလေး ကောင်းလိုက်တာ။
    အတွေးလေး လှတယ်။


    ပျော်ရွှင်ပါစေ မသက်ဝေ :))
    SMNTL

    ReplyDelete
  8. သက်ဝေရေ… ဟုတ်တယ်နော်… သီတင်းကျွတ်မှန်းတောင် မသိလိုက်ရတဲ့ သီတင်းကျွတ်နော်… သက်ဝေရေးထားတာလေးက ရင်ထဲထိသွားတယ်…
    တောင်သေးရဲ့… ဘလော့ဂ်ပေါ်က သီတင်းကျွတ်လေးရှိလို့ …
    ဒါပေမယ့်.. တို့ ဘ၀က ကန်တော့ခံ… ဟင့်ဟင့်…

    ReplyDelete
  9. မမသက်ဝေရေ.. ကျနော်လည်း ဘလော့ခ်ပေါ်မှာ သူများ လာကန်တော့မှသာ သီတင်းကျွတ်ပြီဆိုပြီး သိရတာ။ အဲဒါနဲ့ အိမ်ကို အမြန်ဖုန်းဆက်ရတယ်.. အိမ်နားမှာ ပွဲဈေးရှိတော့ အဲဒီက အသံတွေ ကြားမိရင်း ပွဲဈေးတန်းတောင် လျှောက်လည်ချင်တဲ့စိတ် ဖြစ်လာမိတယ်.. ရေမုန့်တို့ ဘူးသီးကြော်တွေလည်း စားချင်လာတယ် အမရေ..

    အမရေ.. ကြွေးဆပ်ပြီးပါပြီ။ :)

    ReplyDelete
  10. သီတင်းကျွတ်မှာ လွမ်းနေတယ်ပေါ့။
    သက်ဝေရေ လင်းစာတွေ ပြန်ရေးဖြစ်ပြီ။

    ReplyDelete
  11. တန်ဆောင်တိုင်ရော့က်တော့မယ်

    ReplyDelete
  12. မရောက်တာကြာလို့ လာကြည့်တာ မသက်ဝေ။ ခုမှ သီတင်းကျွတ်လို့ ကောင်းတုန်းလား။ ဒီမှာတော့ တန်ဆောင်မုန်းလဆန်းရောက်ပြီ
    နော်။ အဟဲ။ တက်ထားတဲ့အကြွေးတော့ ခဏမှတ်ထားလိုက်ဦး သိလား မ။

    ReplyDelete
  13. ကိုတောင်ငူ... တော်တယ် တစ်မှတ်...။

    မသီတာ နဲ့ ချိုသင်း.. ပေးတဲ့ဆုနဲ့  ပြည့်ပါစေ...။

    မမခင်ဦး... တစ်ခါတစ်လေတော့ မောတာပေါ့... ဟီး...။

    ကိုဆူး နန္ဒာ... ကဗျာလေးနဲ့  အတွေးလေး လှတယ်ဆိုလို့  ကျေးဇူး...။

    တန်ခူး... စိတ်ထဲမှာ ခံစားရသလို ချရေးကြည့်တာပါ...။ ဘလော့ဂ်ပေါ်က သီတင်းကျွတ်မှာလဲ တူတူဘဲ.. တို့ တွေက ကန်တော့ခံဘ၀.. ဒါပေမယ့် The Older, The Wiser လို့ မှတ်လိုက်ပါလေ...။

    နုစံရေ... ဟုတ်ပ... ရေမုန့် တော့ စားချင်သား...။

    လင်းရေ.. ညီမ... သတင်းပေးတာ ကျေးဇူးပါ။ လာလည်မယ်နော်...။

    မြတ်နိုး... ဟုတ်တယ်နော်... အချိန်တွေ ကလဲ အကုန်မြန်ပါ့...။

    ရီရေ... ပေါ်မလာ အတော်ကြာမို့  လွမ်းနေတာ.. အလုပ်တွေများနေလား...။ အကြွေးက အေးဆေးမှ ရပါတယ်...။ မေ့သာ မသွားနဲ့ ပေါ့...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...