စိတ်မအား လူမအားနဲ့ ဒီရက်တွေမှာ ကိုယ့် ဘလော့ဂ်လေးနဲ့  ဝေးနေခဲ့တာ ရက်တွေ တော်တော်တောင် ကြာလှပေါ့လို့  တွေးနေမိတုန်း ချစ်ရတဲ့ မမခင်ဦးမေက C Box လေးမှာ လာအော်သွားတယ်။ သက်ဝေ စာမရေးတာ ၁၆ ရက်ရှိပြီဆိုဘဲ…။ ချစ်သူငယ်ချင်း တန်ခူးကလဲ လွမ်းလို့  လာငေးသွားပါတယ်တဲ့…။ မြတ်နိုးလေးကတော့ Get Up လို့  အကျယ်ကြီး လာအော်သွားသေးတာ…။ မသီတာကတော့ လာချောင်းလိုက် ပြန်သွားလိုက် တဲ့…။ ချိုသင်းကတော့ သူ့ ဆီကို အလည်မရောက်တာ ကြာသွားလို့ ထင်ပါ့... သက်ဝေ သူ့ ကို မခင်တော့ဘူးလား ထင်ပြီး စိတ်မကောင်းဖြစ်နေတာတဲ့...။ တခြားသူငယ်ချင်းတွေကလဲ ကြိုကြား ကြိုကြား လာလာလည်ကြပါတယ်…။ ဒါပေမယ့် ဘာအသစ်မှ မရှိတော့လဲ… အင်း… အားနာစရာတော့ တော်တော်ကောင်းတာပါ။
တကယ်တော့ လူနဲ့  ဘလော့ဂ်နဲ့  ဝေးနေတယ်ဆိုတာထက် ဘလော့ဂ်မှာတင်စရာ စာအသစ် မရေးနိုင်တာက ပိုများနေတာပါ။ သူငယ်ချင်းတွေရဲ့  ဘလော့ဂ်တွေကိုတော့ အချိန်ရရင်ရသလို စာဝင်ဝင်ဖတ်ဖြစ်ပါတယ်။ စာဖတ်ရင်း အချိန်လေး နဲနဲပိုရရင် Comment လေးတွေရေး.. အချိန်မရရင်တော့ ဒီအတိုင်းလေး လှည့်ပြန်…။ ဒီလိုနဲ့ ဘဲ ရက်တွေ တော်တော်လေး ကြာသွားပါလား လို့  ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိတော့… အဲ.. ဘာမှ အသစ် တင်စရာမရှိရင်တောင် အနဲဆုံးတော့ လာလည်ကြတဲ့ သူငယ်ချင်းတွေအတွက် နှုတ်ဆက် သတင်းစကားလေးဖြစ်ဖြစ် ရေးနိုင်ရင် မဆိုးဘူးလေ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ…။
ဒီရက်တွေမှာ ရုံးအလုပ် တစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နဲ့  တော်တော်ကို အလုပ်များနေတာ အမှန်ပါ။ နှစ်ဖက်မိသားစုရဲ့  မောင်နှမတွေထဲမှာ ကိုယ်တို့နှစ်ယောက်က အကြီးဆုံးတွေ ဖြစ်နေကြတာမို့  ကိုယ့်မိဘတွေရဲ့  ဝေယျာဝစ္စတွေ အပြင် ကိုယ့်ထက် အငယ် မောင်တွေ ညီမတွေရဲ ကိစ္စအဝဝကိုလဲ တတ်အားသ၍ ကူညီ လုပ်ကိုင်ကြရသေးတယ်လေ…။ ဒီ ၂၀၀၈ ထဲမှာ ဘယ်က ဘယ်လို ဓါတ်ကျတယ်မသိ… နှစ်ဖက်စလုံးက မောင်တွေ ညီမတွေက မိသားစုလိုက် တစ်ခေါက်ခြင်းစီ အလှည့်ကျ လာလည် နေကြတယ်လေ…။ ဒီတော့ ကိုယ်တွေက အကြီးတွေပီပီ သူတို့ လေးတွေရဲ့  နေရေးထိုင်ရေး၊ စားရေးသောက်ရေး တွေအပြင် စင်္ကာပူ ရွှေမြို့ တော်ကြီးရဲ့  အထင်ကရ နေရာတွေ၊ ရောက်သင့် ရောက်ထိုက်တဲ့ နေရာတွေကိုလဲ ရုံးက ခွင့်တွေယူပြီး Tourist Guide တစ်ယောက်လို မမောနိုင် မပန်းနိုင် လိုက်လံပို့ ဆောင် ရပြန်ပါတယ်။
Singapore Zoo, Jurong Bird Park, Night Safari နဲ့  Esplanade တို့ ၊ East Coast နဲ့ Singapore River တို့ ၊ Sentosa ထဲက Merlion နဲ့  Underwater World, Dolphin Lagoon တို့  ဆိုရင် မရောက်ချင်မှ အဆုံး၊ Sentosa ရဲ့  ညဖက်တွေမှာ ပြလေ့ရှိတဲ့ Songs of the Sea ဆိုရင် ရေပန်းတွေကြားထဲက ပေါ်လာမယ့် အရုပ်တွေနဲ့ သူတို့တွေ ရွတ်ဆို ကပြသမျှ ကိုယ်က အလွတ်တွေကို ရလို့ ။ Singapore Zoo ထဲက ကောင်ကောင်လေးတွေ အခုလောက်ဆို ကိုယ့်ကို မှတ်တောင် မှတ်မိနေလောက်ပြီ ထင်ရဲ့ ၊ သူတို့ လေးတွေ စကားသာ ပြောတတ်လို့ ကတော့ ကိုယ့်ကိုတွေ့ တာနဲ့  ဟော… ဟိုအစ်မကြီး လာပြန်ပဟေ့ လို့ များ သူတို့ အချင်းချင်း ပြောနေကြမလား မသိဘူး လို့ တောင် ပေါက်ပေါက်ရှာရှာ တွေးနေမိသေး…။
Takashimaya တို့  Robinson တို့  OG တို Paragon တို့ စတဲ့ Shopping Center တွေကိုလဲ ချောင်းပေါက်မတတ် အခေါက်ခေါက်၊ ဆိုင်တွေက တချို့  အရောင်း စာရေးမလေးတွေနဲ့ ဆို အသိ မိတ်ဆွေတွေတောင် ဖြစ်လုလု၊ ဘာပစ္စည်း ၀ယ်လို့  ဘယ်လောက်ဖိုး ပြည့်ရင် ဘယ်လို လက်ဆောင်၊ ဘယ်လို Promotion တွေရှိတယ် ဆိုတာမျိုးကအစ သူတို့ လေးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ သတင်းတွေလဲ ပေးတတ်ကြသေးတယ်။ တစ်ရှည်တစ်လျား Orchard လမ်းမကြီးပေါ်ဆိုလဲ နေ့ နေ့  ညည လူတွေ တစ်သီကြီးနဲ့ ခဏ ခဏ သွားလိုက်ရတာ ဆိုတာ ဘုရားပွဲများ လှည့်နေသည့်အတိုင်း၊ ဒီကိုရောက်ရင် မဖြစ်မနေ စားကို စားရမှဖြစ်မယ် ဆိုတဲ့ ဒါးလှီး ရေခဲမုန့် ကို ဝေဖါချပ် (သို့ ) ပေါင်မုန့် ထဲမှာ ညှပ်ထားတဲ့ဟာ ကိုလဲ ရှာရှာဖွေဖွေ ၀ယ်ကျွေးရသေး (ကြံကြံဖန်ဖန်... သူတို့ ဘဲ သိ သိနိုင်လွန်း...)၊ Mc Donald, KFC နဲ့  Burger King တို့ တွေဆိုလဲ အနံ့တောင် မခံချင်တော့တဲ့ အထိ၊ ကိုယ်တိုင်က ငရဲကြီးမှာ ကြောက်လို့  ဘယ်တော့မှ မှာ မစားရဲတဲ့ (မှန်ပုံးထဲက အရှင်တွေကို လက်ညှိုးထိုးပြီး အလေးချိန် ကီလို နဲ့ ချက်ချင်း ၀ယ်ချက်ခိုင်းရတဲ့) နာမယ်ကြီး Chilli Crab လေးများလဲ စားချင်ကြသေးသတဲ့ (လုပ်ချလိုက်ကြပုံ များကတော့...)၊ အချိန်တိုင်းမှာ လားလားတွေ များလွန်းလို့  ကိုယ်တိုင်တောင် မသွားဖြစ်တဲ့ Mustafa ဆိုရင်လဲ နာမည်ကြီးဆိုင်မို့  သူတို့ တတွေက ရောက်ကို ရောက်ရမှ ဖြစ်မတဲ့...။ အချိန်မရွေး သွားလို့ ရသတဲ့... ၂၄ နာရီလုံးလုံး ဖွင့်သတဲ့... ကြည့်အုံး... သူတို့ က ကိုယ့်ထက်တောင် ဗဟုသုတ စုံလင်နေသေးတော့...။ ကဲ.. ဒီလိုဆိုတော့လဲ ဘာညာ မပြောနဲ့  လိုက်ပို့ ပေအုံးတော့ပေါ့...။ ဒါတင်မက ကလေးငယ်တို့ ပျော်စံရာ လူကြီးများတို့  စိတ်ညစ်ရာ Toys R Us လိုနေရာမျိုးမှာလဲ အုံးအုံးကြွက်ကြွက် ကလေးတစ်သိုက်နဲ့ အတူ ကြည့်ချင်ချင် မချင်ချင် မြင်သမျှ တွေ့ သမျှတွေ ကြည့်ရင်းနဲ့ အချိန်တွေကုန်…။ ဒီလိုနဲ့ ... ဒီလိုနဲ့ ... တစ်ခေါက်နဲ့ တစ်ခေါက် ပါလာတဲ့သူတွေသာ တစ်စုပြီး တစ်စု ပြောင်းသွားမယ်... သက်ဝေ တယောက်ကတော့ ပင်တိုင်ပေါ့...။
ဒီကြားထဲ မိဘတွေရဲ့  မိတ်ဆွေတွေ ဒီကို အလည်အပတ်လာကြရင်လဲ လေဆိပ်မှာ ကြိုသင့်တဲ့သူတွေဆို လေဆိပ်ကို သွားကြို ပြန်ပို့ …။ အိမ်အလည်ခေါ် ထမင်း ဖိတ်ကျွေးသင့်တဲ့ သူတွေဆို ထမင်းဖိတ်ကျွေး…။ အပြင်လိုက်ပို့ ရင်း တခုခုကျွေးသင့်တဲ့ သူတွေဆိုလဲ အချိန်လုပြီး လိုအပ်သလို ဆောင်ရွက်…။ ဒီမှာ ကြာကြာနေတဲ့ လူကြီးတွေဆီကိုကျပြန်တော့ အနည်းဆုံး နှစ်ပါတ်ကို တစ်ခေါက်လောက် ရောက်အောင်သွား… လူကြီးတွေ ကြိုက်နှစ်သက်နိုင်မယ့် မြန်မာ အစား အသောက်လေးတွေ ချက်ပြုတ်ယူသွား… အမျိုးသားကတော့ လူကြီးတွေကို Pressure လေး ဘာလေး တိုင်းပေး… နားကြပ်လေးနဲ့  ဟိုထောက် ဒီထောက်နဲ့  ကျန်းမာရေး စောင့်ရှောက်မှု ပေါ့လေ…။ အဲဒီလို လေးတွေလဲ လုပ်ပေးကြရပြန်ပါတယ်။
သူငယ်ချင်း မိတ်ဆွေပေါများတဲ့ အတွက် အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေကလဲ စင်္ကာပူကို လာလည်တိုင်း ဖုန်းတွေ တတီတီ ဆက်တတ်ကြပါတယ်။ သူငယ်ချင်းတွေ မိတ်ဟောင်းဆွေဟောင်းတွေနဲ့  တွေ့ရတာ ပျော်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ စဉ်းစားမိတယ်… ကိုယ်ကဘဲ သူငယ်ချင်း များတာလား… ရန်ကုန်က သူငယ်ချင်းတွေကဘဲ တစ်ယောက်ပြီး တစ်ယောက် လာနေကြတာလား လို့ … ပြီးတော့ ရန်ကုန်မှာရော အင်ဂျင်နီယာတွေ အာခီတက်က်တွေ ကျန်ကော ကျန်ကြသေးရဲ့  လားလို့ …။ တကယ်ကိုပါဘဲ… အခုတလောမှာ အပါတ်တိုင်း သူငယ်ချင်းတွေ လာ လာနေကြတယ်။ ရောက်ဖူးအောင် အလည်သက်သက် လာတဲ့သူတွေရှိသလို အလုပ်အကိုင်လေးများ အဆင်ပြေမလားလို့ လာပြီး စနည်းနာကြတဲ့သူတွေလဲ တစ်ပုံတစ်ပင်…။ အင်း... လာကြတဲ့သူတွေကတော့ တစ်ယောက် တစ်ခေါက်စီပါဘဲ… ဒါပေမယ့် ဒီကသူတွေ မှာတော့….။
ဒီကြားထဲ စနေ တနင်္ဂနွေ တွေဆိုရင်လဲ ဒီမှာရှိတဲ့ သူငယ်ချင်းတွေထဲက သူငယ်ချင်းမွေးနေ့ ၊ ကလေးမွေးနေ့၊ ကလေး ကင်မွန်းတပ်၊ အိမ်တက် မင်္ဂလာ၊ ဘုန်းကြီးဆွမ်းကျွေး၊ မင်္ဂလာဆောင်၊ မင်္ဂလာဆွမ်းကျွေး နဲ့ သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ Gathering တွေကလဲ တစ်ပါတ်ပြီး တစ်ပါတ် ဆက်နေတော့ကာ… တွေးသာတွေးကြည့်ကြပါတော့…။
တကယ်တော့ ဒီလိုအခြေအနေမျိုးတွေကို သူငယ်ချင်းတို့ တွေလဲ အတူတူဘဲ မလွဲမသွေ ကြုံတွေ့  နေကြရပါလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့်လဲ သူငယ်ချင်းတို့ ရဲ့  ဘလော့ဂ်လေးတွေမှာ ပိုစ့်အသစ်လေးတွေ ကိုယ်စီနဲ့  ဝေဝေဆာဆာ စည်ကားနေကြတာတွေကို တွေ့ တွေ့ နေရတော့ သူငယ်ချင်းတွေကို အားကျတဲ့ စိတ်ကလေး နဲ့ အတူ ကိုယ့်ကိုယ်ကိုယ်လဲ တော်တော်လေးကို အားမလို အားမရ ဖြစ်မိပါတယ်။ အင်း… သက်ဝေတစ်ယောက် အချိန်ကို စီမံခန့် ခွဲမှု အတတ်ပညာမှာ တော်တော်ကြီးကို ညံ့ဖျင်းနေပါပေါ့လား လို့ လဲ တွေးနေမိပါရဲ့ …။
ဘာဘဲဖြစ်ဖြစ်… ဒီဘလော့ဂ် အသိုင်းအ၀န်းလေးမှာ ရေစက်ဆုံလာကြတဲ့ သူငယ်ချင်းတွေ၊ အချင်းချင်း မမြင်ဖူး မတွေ့ ဖူး ကြသော်ငြားလည်း တစ်ဦးကို တစ်ဦး အပြန်အလှန် ထားရှိကြတဲ့ နွေးထွေးတဲ့ မေတ္တာတွေရယ် ချစ်ခင်မှုလေးတွေရယ်ကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့  အတတ်နိုင်ဆုံးတော့ ကြိုးစားပမ်းစား ပိုစ့်လေးတွေတင်ပြီး ကိုယ့်ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နိုင်အောင် အားထုတ်ရင်း…
သူငယ်ချင်းလေးတွေဆီကိုလဲ တတ်နိုင်သလောက် သွားရောက် လည်ပတ်ရင်း…
C Box လေးတွေမှာ နှုတ်ဆက် စကားဆိုရင်း… စာတွေဖတ်၊ စာမူခလေးတွေ ပေးရင်း…
ဘလော့ဂ်ဝန်းကျင်ရဲ့  ချစ်စရာ အလေ့အထလေးတွေဖြစ်တဲ့ ဘလော့ဂ်ပေါ်မှာ မတွေ့တာကြာတဲ့သူတွေ စာအသစ်မရေးတာကြာနေတဲ့ သူငယ်ချင်း ရောင်းရင်းတွေကို C Box မှာ သွားအော်ကြ သွားခေါ်ကြ...နှုတ်ဆက်ကြ... တစ်ယောက် တစ်ယောက် နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင် အပြန်အလှန် သတင်းမေးကြ... တတ်စွမ်းသ၍ မေတ္တာဆေးလေးတွေနဲ့ ကုသပေးကြရင်း...
မိသားစုတွေရဲ့  အလုပ်၊ အိမ်အလုပ်၊ ရုံးအလုပ်၊ လူမှုရေး အလုပ်လေးတွေအပြင် ဘလော့ဂ် အလုပ်လေးကိုပါ မျှမျှတတ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး လုပ်ကိုင်နိုင်အောင် ကြိုးစားကြည့်ပါအုံးမည်ဟု…။

ဒီလို သတင်းစကားလေး ဖတ်လိုက်ရတော့လဲ အလွမ်းတွေ သက်သာသွားရော…
ReplyDeleteတူတူပဲ…တူတူပဲနော်… ဘ၀တွေ အတော်တူတယ်…
ဒီပို့ စ်လေးဖတ်ပြီး သက်ဝေက တို့ ထင်တဲ့ သက်ဝေဆိုတာ ပိုပိုသေချာလာတယ်… ဟိဟိ…
ဘာပဲဖြစ်ဖြစ် ဒီလိုရေးတာလဲ ရပါတယ်အမရ
ReplyDeleteအမကလဲ ကူုန်ကြမ်းတွေ အများကြီးရယ်.. သွားခဲ့တာတွေ ရေးပြပေါ့
ရောက်ဖူးသွားတာပေါ့
ပီးတော့ ပေါက်ကရလေးတွေ ကမောက်ကမလေးတွေ ကသိကအောင့်လေးတွေပါရေးလေ..
အမက ရေးတတ်တာပဲဟာ...နော်..
ဟုတ်တယ်အမ မြန်မာပြည်မှာ အင်ဂျင်နီယာတွေ ရှိတော့ဘူးးးဟီးဟီးးးး
သက်ဝေတို့ကတော့ ၀တ္တရားတွေ ကျေပ...
ReplyDeleteတို့များနဲ့တော့ ကွာပ...
(အကြီးဆိုတော့ ကိုယ့်အပြစ်ကို ဖုံးဖုံးဖိဖိဖြစ်အောင် ချီးမွမ်းတာတောင် ငေါ့တော့တော့လေး)
kom: တို့တွေအိမ် ကတော့ ခြောက်ကပ်လို့ ဘိုးဘွားရိပ်သာ များလား မှားမိမယ်။ :P
ReplyDelete4 Nov 08, 00:13
kom: အိမ်သာလို့ ဧည့်လာတာပါကွယ်။
2 Nov 08, 20:53
kom: ဘလော့ကာကြီးမရေးတာ ၁၆ရက် ရှိပါပြီ။ :P
အပြတ်ကို ကိုယ်ချင်းစာသွားတယ် အမ သက်ဝေ..
ReplyDeleteချိုသင်းလဲ ဧည့်သည်တွေလာရင် ကိုယ်ပါ ပျော်ပြီး အဲဒီလို လိုက်ပို့ရတာ ၀မ်းသာတယ်။ ဒါပေမဲ့ စိတ်ကသာ ရှိတာ၊ လူက ဧည့်သည်လဲ ပြန်ရော ဟိုက်ကျန်ခဲ့ပြီး ညညဆို အိပ်ယာပေါ်ကို ဖြေးဖြေးချင်း ကုန်း ကွ တက်သွားရတာ။ မောလွန်းလို့။ ဖလက်ပဲ။
ကျနော်လည်း မအားလို့ စာမရေးနိုင်ဘူးဖြစ်နေတာ...
ReplyDeleteဘ၀တူတွေပါပဲဗျာ... ဘလော့ရေးတာကလည်း.. ကျားမြီးဆွဲသလိုဖြစ်နေပြီ .. ဆွဲမိပြီးတော့ ဆက်ဆွဲရတော့မှာပါပဲ ....း)
နောက်ဆုံး စာပိုဒ်ထဲကအတိုင်း တလုံးမကျန် သဘောတူညီ သွားပါတယ်။
ချမ်းမြေ့ပါစေ
လင်းလဲ လာလည်အုန်းမထင်တယ်။ ဘယ်လိုက်ပို့ မှာလဲ
ReplyDeleteအလုပ်တွေ လူမှုရေးတွေနဲ့ ရှုပ်နေတာ ကိုယ်ချင်းစာတယ် မရေ.. Blog ကတော့ အားတော့လည်း အားသလို မအားတော့လည်း မအားသလိုပဲပေါ့.. အခုလို သတင်းစကားလေး ကြားလိုက်ရတော့ စိတ်အေးရတယ်.. အမဆီ လာလည်မယ်ဆိုရင်ရော စင်ကာပူကနေရာတွေ လိုက်ပို့ပေးမလားဟင်.. :D
ReplyDeleteအမရေးလိုက်မှ လူလဲtakashimayaနဲ့
ReplyDeleteအရှေ့မျက်နှာချင်းဆိုင်က paragon ကိုသတိရသွားတော့တယ်..
အဲ့နားတ၀ှိုက်က ဝေဖာနဲ့ ရေခဲမှုန့်သည်ကိုလည်းသတိရတယ်..
ကျနော်က ချော့ကလက်အရသာပဲစားတာနော်..
paragon အောက်ထပ်က sogo နဲ့ ဂျပန်ကြီး
cheese cake ကိုလည်းသတိရပါ့..
အဲ့ကိတ်ဝိုင်း တစ်ခုလုံးစားနိုင်တယ်(အခုတော့ရှိသေးလားမသိ)