ဒီမနက် အမြန်မောင်း လမ်းမကြီးပေါ်မှာ ကားတွေအကုန်လုံး ဘရိတ်မီးတွေ တလင်းလင်းနဲ့  နှေးကွေးလေးလံစွာ ဘီးတလိမ့်ချင်း လိမ့်နေကြတယ်။ ဒီလမ်းမကြီးမှာ မောင်းခွင့်ပြုထားတဲ့ မိုင်နှုံးကီလို ၉၀ မောင်းလို့ ရနိုင်ဖို့ ဝေးလို့ ၊ ကီလို ၂၀၊ ၃၀ လောက်နဲ့  ဖြေးဖြေးလေး လိမ့်နေကြတာကို တွေ့ ရတယ်။ ခါတိုင်းနဲ့  မတူ…။ ဒီအတိုင်းဆိုရင် တစ်ခုခုတော့ မှားယွင်းနေပြီ…။ အဲဒီနှေးကွေးနေတဲ့ ကားတွေထဲ အလိုက်သင့်လေး ဘီးလှိမ့်ဝင်လိုက်တယ်။ သွား.. သွား… သွား…
ခဏကြာတော့ တွေ့ ပါပြီ… မြင်ကွင်း ထဲရောက်လာတဲ့ ကားနှစ်စီးနဲ့  ဆိုင်ကယ်တစ်စီး။ ဘယ်လိုပုံနဲ့  တိုက်ထားကြသလဲတော့ မသိ။ ကားတွေက အကောင်းစားကြီးတွေ။ ဒါပေမယ့် ပိန်လိန်၊ ထိခိုက်ထားတာတွေ အများကြီးနဲ့ ၊ မှန်တွေကလဲ တစ်စစီကွဲကြေ၊ ဆိုင်ကယ်က အလဲလဲ အပြိုပြို၊ ဆိုင်ကယ်စီး ဦးထုပ် နှစ်လုံးက ခပ်ဝေးဝေးမှာ လွင့်လို့ ၊ ဆေးရုံက လူနာတင်ယာဉ်လဲ မီးတွေ တလက်လက်နဲ့ ၊ ယာဉ်စည်းကမ်းထန်းသိမ်းရေး ကားတစ်စီးနဲ့  ဆိုင်ကယ်က နှစ်စီး၊ ကားအပျက်တွေကို ဆွဲဖို့ က ကားနှစ်စီး…။ လူတွေလဲ ထိကြပုံရတယ်။ ကံကောင်းတယ် ဆိုရမလား၊ ကားပေါ်ပါတဲ့သူတွေ၊ ဆိုင်ကယ်သမားတွေ ထိခိုက်ဒါဏ်ရာရထားတဲ့ မြင်ကွင်းတွေကိုတော့ မတွေ့ ရတော့ဘူး။ သံဗုဒ္ဗေ နဲ့  ၂၄ ပစ္စည်း ပဌန်းကို ခပ်သွက်သွက်လေး ရွတ်ပြီး ဒီအဖြစ်မှာ ပါဝင်တဲ့သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး ချမ်းသာရာ ရကြပါစေလို့  ဆုတောင်းနေမိတယ်။
ဒီလိုနဲ့  အဲဒီနေရာကို ကျော်ခဲ့တယ်။ ကားတွေ အကုန်လုံး တစ်လိမ့်လိမ့်နဲ့  နောက် နှစ်ကီလိုမီတာ ကျော်ကျော်လောက်မှာ ကားအသွား နဲနဲသွက်သွားတာတယ်။ မဆိုးဘူး။ ဒီအတိုင်းဆို လိုရာအရပ်ကို နောက်မကျပဲ ရောက်နိုင်တော့မယ်။
အဲဒီ စိတ်အတွေးလေးဟာ ခဏပဲ ခံလိုက်တယ်။ ကားတွေအားလုံး ပြန်နှေးသွားကြပြန်ပြီ…။ ဒီမနက် မိုးလဲ မရွာပဲနဲ့  ဘယ်လိုတွေ ဖြစ်နေကြပါလိမ့်။ ရှေ့ မှာ ဘယ်လို မြင်ကွင်းတွေများ တွေ့  ရအုံးမှာပါလိမ့်။ ဟော… ဟိုရှေ့ မှာ… ထွက်ပေါက်နံပါတ် ၁၅ မရောက်ခင် အစွန်ဆုံးလိုင်းထဲမှာ ကုန်တင်တဲ့ လော်ရီကြီး တစ်စီးရယ်၊ အနီရောင် ဟွန်းဒေး ဆလွန်းကားတစ်စီးရယ်၊ ခဲရောင် တိုယိုတာ မီနီဗင် တစ်စီးရယ်၊ နောက်ထပ် အ၀ါရောင် ခပ်သေးသေး ကားလေး တစ်စီးရယ်… ရှေ့ ဆင့် နောက်ဆင့် ဆက်ပြီး တိုက်ထားလိုက်ကြတာ…။ အရှိန်တော်တော်များကြတယ်လို့  ယူဆရတယ်။ အလယ်က နှစ်စီးဖြစ်တဲ့ ဟွန်းဒေးရယ် တိုယိုတာရယ်ကတော့ Sandwich လိုပါပဲ။ ကားရှေ့ ခေါင်းရော အနောက်ဖက်ရော တော်တော်ကို မွမွကြေ မီးလုံးတွေလဲကွဲ၊ ကားမှန်ကွဲစတွေကလဲ မြင်မကောင်းအောင် ပြန့် ကြဲ…။ ဒါပေမယ့် ကားထဲမှာ ပါတဲ့ လူတွေတော့ ဘာမှဖြစ်ပုံမရကြ။ ကားတွေရဲ့  အပြင်ဖက်မှာ တယောက်နဲ့  တယောက် ကားနံပါတ်တွေ၊ တယ်လီဖုန်းနံပါတ်တွေ လဲလှယ် ရေးမှတ်နေကြတာတွေ၊ ဖုန်းကိုယ်စီနဲ့ တနေရာရာကို ဖုန်းဆက် ပြောဆိုနေကြတဲ့ မြင်ကွင်းတွေကို တွေ့ ရတယ်။ အခြေအနေသိပ်မဆိုးဘူး။ တော်ပါသေးရဲ့ …။
ရှေ့  တစ်ကီလို ကျော်ကျော်လောက် ဒီလိုပဲ တလိမ့်လိမ့်မောင်းနေရာက ရုတ်တရက် ရှေ့ က ကားတွေ အသည်းအသန် ဘရိတ်တွေ အုပ်ကြပြန်တယ်။ အရှေ့ မှာ မြင်ရတဲ့ မြင်ကွင်းတစ်လျှောက်မှာ ဘရိတ်မီးတွေ ရဲရဲနီနေကြတယ်။ ရောက်ရမယ့် အချိန်ကလဲ တော်တော်နောက်ကျနေပြီ။ စိတ်ညစ်တယ် သို့ သော် ဘာမှ မတတ်နိုင်။ ဘရိတ်ကို ခပ်မြန်မြန် ဆောင့်အုပ်လိုက်တယ်။ ဒုန်း…
ဘာများဖြစ်ကြပြန်ပြီလဲလို့  စိတ်ပျက်လက်ပျက်နဲ့  တွေးရင်း FM ရေဒီယိုကို ဖွင့်ကြည့်လိုက်တော့ ယာဉ်မတော်တဆမှုက လမ်းမကြီးရဲ့  နံပါတ် တစ်လိုင်းမှာ ဖြစ်နေတယ်တဲ့။ ဒါဆို အတွင်းဖက်ဆုံးလိုင်းမှာပေါ့။ ဒါကြောင့် ကားတွေတော်တော်များများ ဒီဖက်လိုင်းတွေကို ဆင်းလာနေကြတာကိုး။ တချိန်ထဲမှာပဲ ဘာကြောင့်မှန်းမသိ၊ ဘာကိုမှန်းမသိ ကြောက်စိတ်ကလေးနဲနဲ ၀င်လာမိတယ်…။ ခြေဖျား လက်ဖျားတွေ အေးစက်ပြီး ရင်တွေက တလှပ်လှပ်ခုန်နေကြတယ်။ ဘုရား.. ဘုရား… ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ကြပါစေနဲ့ ။
တွေ့ ပြီ။ အမြန်လမ်းမကြီးရဲ့  မိုင်နှုံး အမြင့်ဆုံးမောင်းလို့ ရတဲ့ အတွင်းဖက်ဆုံး လိုင်းထဲမှာ ကား လေးစီး ဆင့်ပြီး ရှေ့ ဆင့် နောက်ဆင့် တိုက်ထားကြပြန်တယ်။ အတွင်းဖက်ဆုံးလိုင်းမှာဆိုတော့ တအားမြန်မြန် မောင်းခဲ့ကြတယ် ထင်တယ်။ မြင်ရသလောက်ကတော့ လူတချို့  က ကားတွေရဲ့  အပြင်ဖက်မှာ မိုးတိုးမတ်တပ်တွေရပ်လို့ ။ လူတချို့ က ဆေးရုံကား တစ်စီးရဲ့  အနောက်ဖက် တံခါးပေါက်နားမှာ စုစု စုစုနဲ့ …။ သိပ်တော့ ကြီးကြီးကျယ်ကျယ် မဟုတ်၊ နဲနဲပါးပါးတော့ ထိခိုက် ဒါဏ်ရာ ရကြပုံ။ ရဲကားတော့ အခုထိ ရောက်မလာသေး…။
ဒီလိုနဲ့  နောက်ထပ် ၅ မိနစ်လောက် တရွေ့ ရွေ့ နဲ့  ဆက်မောင်းအပြီးမှာ လိုရာအရပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းမှာ ပူလောင်နေတဲ့ ရင်ကို အေးလိုအေးငြား သောက်စရာ ရေအေးအေးတစ်ခွက်ကို အမောတကော ရှာဖွေမိတယ်…။ ရေ… ရေ… ရေ… ရေ ဘယ်မှာလဲ…။
လမ်းတလျှောက် ဆယ်ကီလိုမီတာလောက်သာရှိတဲ့ ခရီးတိုလေးတစ်ခု အတွင်းမှာ၊ အချိန်အားဖြင့်ဆို မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်သာ ကြာနိုင်တဲ့ အချိန်လေး အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ၊ တွေ့ ခဲ့ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေဟာ တဆိတ်တော့ စိတ်နှလုံး မချမ်းမြေ့စရာ… ပြီးတော့ အသံတိတ် အနှေးရုပ်ရှင်လဲ ဆန်လွန်းနေသလားလို့ ။
ရင်ထဲမှာ အထပ်ထပ် မေးခွန်းတွေထုတ်နေမိတယ်။
ဘာလို့ လဲ… ဘာလို့ လဲ… ဘာဖြစ်လို့ များ ကားတွေကို ဒီလောက်တောင် မြန်မြန်ကြီး မောင်းနေကြတာလဲ…။ နှေးနှေး သွားသွား မြန်မြန် သွားသွား လိုရာခရီးတစ်ခုကို ရောက်တဲ့ အချိန်ချင်းဟာ ဘယ်နှစ်မိနစ်မှ မကွာခြားပါဘူးဆိုတာ သူတို့ တွေကို ရှင်းပြချင်စိတ်တွေ ဖြစ်မိတယ်။
ဆိုင်လား မဆိုင်လားတော့ မသိ။ အဲဒီအမြန်မောင်း လမ်းမကြီးပေါ်မှာ မောင်းရတဲ့အခါတိုင်း “အသက်ကို ဥာဏ်စောင့်တယ်” ဆိုတဲ့ စကားနဲ့  အတူတူ စာရေးဆရာမ မကြည်အေး ရေးခဲ့တဲ့ “လူတွေဟာ သေလွယ်သလောက် သေခဲတယ်၊ ရှင်လွယ်သလောက် ရှင်ခဲတယ်” ဆိုတဲ့ စာကြောင်းလေးကို သတိရနေမိတယ်။

သက်ဝေ
အဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးသားပေးလို့ ဖတ်လို့ကောင်းတယ်။ လမ်းကောင်းကောင်းမှာ ကားကောင်းကောင်းနဲ့မို့ ၈၀ ကီလိုမီတာ တော့ အသာလေး မောင်းဖြစ်မှာပါ။ သတိတော့ မလွတ်စေနဲ့ပေါ့နော်။
ReplyDelete(ဖြစ်ပျက်တဲ့ နေရာနဲ့အချိန်မပါလို့ တစ်ခုခု လိုသလိုဖြစ်ပါတယ်။)
http://winzaw-mdy.blogspot.com
accident တွေ အများကြီး တွေ့ခဲ့ရတဲ့ပေါ့နော်...
ReplyDeleteစိတ်မသက်သာလိုက်တာ..။
ဒီမှာလဲ မြူတွေ နှင်းတွေနဲ့မို့ accident တွေ များတယ်။ သွားသတိ လာသတိပေါ့ မမသက်ဝေ။ ပြောမဲ့သာ ပြောရတာ။ ချိုသင်းတို့လဲ ခရီးသွားတာ speeding ticket ထိလာတယ်။ ဒါလဲ လမ်းရှင်းလို့ မောင်းမိတာပါ။ ရဲကပြောတော့ ကားအမြန်မောင်းတာ ကားပေါ်ပါလာတဲ့ လူတွေကို သတ်ရန် ကြံစည်မှုနဲ့ ချက်ချင်း ထောင်ချနိုင်တယ် ဆိုပဲ။ လင်ကွန်းလေးတွေ (ပိုက်ဆံကိုပြောတာ) ဖလိုင်းကုန်ပြီ :(
ReplyDeleteဖတ်ရတာ ကိုယ်တိုင် မြင်ကွင်းကို မြင်နေရသလိုပါပဲ...
ReplyDeleteဒီမှာလည်း အဲလိုပါပဲ နေ့စဉ် ဖရီးဝေးကနေ အလုပ်ဆင်းနေရတာ အမြဲအဲလို မြင်နေရတာပါပဲ...
တခါတလေလည်း ကိုယ်တိုင် တိုက်မိမလိုတွေ ဖြစ်ရင် ကားမောင်းဖို့တောင် စိတ်ပျက်တယ်...
အဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးသားပေးလို့ ဖတ်လို့ကောင်းတယ်။
ReplyDeleteဟုတ်တယ်နော်...လူတစ်ယောက်တချက် သတိလွတ်လိုက်တာနဲ့ နောက်ဆက်တွဲ အရှုပ်အထွေးတွေ အများကြီးပဲ။ ကိုယ့်ဘာသာမှန်ရုံနဲ့ မရတဲ့အပြင် သူများမှားလာတာကိုလည်း သတိထားနေရတာ...။
ReplyDeleteမြင်ကွင်းရော...အတွေးရော ရသွားတယ်။
ReplyDeleteကြက်သီးတောင်ထမိတယ်။ ကြောက်သွားလို့။ ရေတစ်ခွက်လောက်...
ReplyDeleteဖတ်ရတာတောင် ကြောက်စရာကြီး ကားကို အရှိန်နဲ့ အမြန်မောင်းကြတော့ တခုခုဆို အားလုံး အချိန်မမီ တော့ဘူးပေါ့။ သတိ ထားစရာပါ။
ReplyDeleteဖတ်ရတာ စိတ်မောရပါလား။ ကားတွေတိုက်ကြတာ တွေ့ရင် ကိုယ်လည်း ရင်တုန်မိတယ်။
ReplyDeleteကျနော်လည်း ဆိုင်ကယ်စီးတာ သတိထားရတော့မယ်..
ReplyDeleteHimmm...
ReplyDeleteWhat's wrong???
အမသက်ဝေ အရေးကောင်းလို့ မြင်ကွင်းတွေက ပိုအသက်ဝင်တယ်။
ReplyDeleteသတိပေးသလိုလည်း ဖြစ်တာမို့ ကျေးဇူးပါ အမရယ်။
ဟင်း.. အမရဲ့ မြင်ကွင်းတွေက မသက်သာလှပါလား... တနေ့ထဲကို ယာဉ်တိုက်မှုတွေပဲ ဆက်တိုက်တွေ့ရတယ်နော်.. သတိတော့ ထားပါ အမရယ်.. ဒါကြောင့်ကားမမောင်းရဲတာ ကြောက်တယ် အမရဲ့.. :)
ReplyDeleteI can't believe,yrs 2009 1st page is drivers education :D
ReplyDeleteThanks anyway...