အိပ်ပျော်နေရင်း တစ်စုံတစ်ခုသော အကြောင်းအရာ၊ ပုံရိပ်၊ အတွေးစိတ်ကူး၊ ခံစားမှု အဖြစ်အပျက်များတို့ ကို တကယ်မြင်နေ တွေ့ နေရသလို ဖြစ်နေခြင်းကို အိပ်မက်မက်သည်ဟု ခေါ်ဆိုလေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် ထိုအိပ်မက်တို့ ကြောင့် အိပ်ပျော်နေရာမှ နိုးလာတတ်ကြသည်။ အိပ်ရာမှနိုးလာသောအခါ မိမိတို့ မက်ခဲ့သော အိပ်မက်များကို တစ်ခါတစ်ရံတွင် ပြန်လည် အမှတ်ရတတ်ကြသလို တစ်ခါတစ်ခါမှာတော့ ကိုယ်ဘာတွေ မက်မြင်ခဲ့သည်ကို မမှတ်မိတတ်ကြချေ။ တဖန် တချို့ သူများက အိမ်မက်များကို မသိလိုက် မသိဖာသာဖြင့် ကျော်ဖြတ်သွားတတ်ကြသလို တချို့ က ကိုယ့်အိမ်မက်များကို သေသေချာချာ ဝေဖန် ဆန်းစစ် ကြည့်တတ်ကြသည်။ ထိုကဲ့သို့  ပြန်လည် ဝေဖန် ဆန်းစစ် ကြည့်တတ်သောသူများထဲတွင် သူသည် တစ်ယောက်အပါအ၀င်ဖြစ်သည်။
သူ၏ အိပ်မက်များသည် သူ့ အတွက်တော့ အလွန်တရာမှ သိမ်မွေ့ နက်နဲ လေးနက် လှပသော နမိတ်ပုံများ ဖြစ်သည်။
* * *
သူ၏ ပထမဆုံး နိုင်ငံခြားခရီး သွားရန် နှစ်ရက်ခန့် အလိုတွင် မြင့်မားသော်လည်း ပြေလျောသော တောင်ကုန်းလေးပေါ်ကို တစ်ယောက်တည်း အားကြိုးမန်တက် တက်နေသည်၊ အပေါ်သို့ ရောက်ခါနီးမှာ ဆက်တက်စရာ လမ်းရှာမရတော့ပဲ ဟိုကြည့် ဒီကြည့်ဖြင့် အိပ်ရာမှ လန့် နိုးခဲ့ရသည် ဟူသော အိပ်မက်ကို မက်ခဲ့သည်။ နောက်နှစ်ရက်အကြာတွင် ကြီးမားကျယ်ဝန်းလှပသော နိုင်ငံတကာ လေဆိပ်ကြီးတစ်ခုထဲတွင် လာကြိုမည့်သူနှင့် အချိန်ချင်း လွဲနေကာ နာရီပေါင်း အတော်ကြာ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေခဲ့သည်။ ချက်ချင်း သူ့ အိပ်မက်ကို ပြန်သတိရသွားက တစ်ယောက်တည်း စပ်ဖြဲဖြဲ ဖြစ်သွားခဲ့ရဖူးသည်။
တညက မက်ခဲ့သော အိပ်မက်ထဲတွင် သူ၏ အောက်သွားနှစ်ချောင်း နဲ့ တဲ့တဲ့ ယိုင်တိုင်တိုင်ဖြစ်နေသည်။ ကျွတ်တော့ မသွားသေး။ ဆေးခန်းသို့ သွားနေသည် ဟူ၏။ အိပ်ရာမှ နိုးလာသောအခါ နမိတ်မကောင်းလှသော အိပ်မက်အတွက် နဲနဲတော့ စိတ်အနှောက်အယှက် ဖြစ်မိသည်။ ကြံရာမရဖြစ်ကာ အိမ်ကို ဖုန်းဆက်ကြည့်မိသည်။ ထိုအခါ အမေက “သမီးရေ… သမီးရဲ့  တူလေး နဲ့  တူမလေးတို့  --- မှာ ကျောင်းသွားတက်ဖို့  ဗီဇာ ရသွားပြီ၊ နောက်တစ်ပါတ်လောက်နေရင် သွားကြတော့မယ်” ဟု ၀မ်းမြောက်ဝမ်းသာ သတင်းပေးလေသည်။ တစ်မျိုးပါလား…။ ခွဲခွာခြင်း၏ နမိတ်ပုံတစ်ခု…။
ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နှင့် တစ်ယောက်တည်း လွန်စွာ ကသီလင်တဖြစ်နေရသော အချိန်တွေတိုင်းတွင် အမြဲတမ်း မက်လေ့ရှိသော အိပ်မက်များမှာ ရေဆာသော်လည်း သောက်စရာ ရေကို ဘယ်မှာမှ ရှာမတွေ့ သော အိပ်မက်များ၊ အပြင်သွားခါနီး ၀တ်စရာ အင်္ကျီ ရှာမတွေ့ သော အိပ်မက်များ၊ စာမေးပွဲခန်းထဲမှာ စာမေးပွဲဖြေခါနီး ရေးစရာ ခဲတံ ဘောပင်များ မရှိသဖြင့် သူတပါးထံမှ လိုက်လံ ငှားရမ်းနေရသော အိပ်မက်များ၊ သစ်တောအုပ် မှောင်မှောင်ထဲတွင် တစ်ယောက်တည်း စမ်းတ၀ါးဝါး လမ်းလျှောက်နေရသော အိပ်မက်များပင်…။ ကြာတော့လဲ မက်နိုင်လွန်းသော သူ့ အိပ်မက်များကို သူကိုယ်တိုင်ပင် စိတ်ပျက်လာမိသည့် အထိ…။
တစ်ရက်ကတော့ ထူးထူးဆန်းဆန်း အိပ်မက်ထဲမှာ သူ့ အိပ်ရာ ခေါင်းရင်းမှာ ထားသော စားပွဲတင် စာကြည့်မီးလေးက မီးပျက်နေချိန်မှာ ရုတ်တရက် လင်းလက်လာသည်တဲ့။ သူ့ ရင်တွေ နဲနဲခုန်သွားမိသည်။ ဘယ်လိုများပါလိမ့်...။ နောက်တစ်ပါတ်လောက် ကြာသောအခါ ရုံးမှ အထက်လူကြီးက သူ့ ကို ဂျပန်ကို သုံးလကြာ သင်တန်း တစ်ခုအတွက် ရွေးချယ်ထားကြောင်းပြောလာသည်။ အိပ်မက်ကလေးရေ… ကျေးဇူးပါ။
ဂျပန် မသွားခင်ရက်တွေမှာ သူတော်တော်လေး ပျော်ရွှင်နေမိသည်။ ဂျပန်နိုင်ငံကို စိတ်ဝင်စားနေတာ ကြာပြီ။ လေယာဉ်စရိတ် မတတ်နိုင်သေးသောကြောင့် အသာငြိမ်နေခဲ့ရခြင်းပင်။ ထိုခရီးကို မသွားခင် ရက်ပိုင်းလောက်အလိုမှာ အိပ်မက်ထဲတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထဲနေသော လမ်းတလျှောက်တွင် သူသည် တစ်ယောက်တည်း ဓါးရှည်တစ်ချောင်းဖြင့် လမ်းတစ်ဖက်တစ်ချက် ဘယ် ညာ လွှဲယမ်းကာ ရှင်းလင်းခုတ်ထွင်ပြီး လျှောက်သွားနေသည် ဟူ၏။ နောက်တနေ့  ရုံးအရောက်တွင် သူကြားသိရသည်မှာ ထိုသင်တန်းကို နဂိုက သူအပါအ၀င် စုစုပေါင်း ၃ ယောက် စေလွှတ်ရန် စီစဉ်ထားသည် တဲ့။ ထိုသူများထဲမှ တစ်ယောက်က သူ့ အမေ အတော် နေမကောင်းဖြစ်ကာ ချက်ချင်း ဆေးရုံတင်ထားရသဖြင့် မလိုက်နိုင်၊ ကျန်တစ်ယောက်မှာမူ နိုင်ငံကူးလက်မှတ် အခက်အခဲတစ်ခုကြောင့် ဗီဇာ အချိန်မီမရသဖြင့် နှစ်ပါတ်လောက်နောက်ကျပြီးမှ တိုကျိုကို ရောက်လာနိုင်မည် တဲ့…။ အိုး… ရိုးစင်းလှသော သူ၏ အိပ်မက်အတွက် သူ ပြုံးမိလေသည်။
ထိုညက သူတော်တော်နှင့် အိပ်လို့ မရခဲ့။ မျက်စေ့ကြောင်နေကာ တစ်ယောက်တည်း ဟိုတွေးဒီတွေးဖြင့် အချိန်တော်တော်ကုန်သွားသည်။ ခဏအကြာမှာ မှေးကနဲ အိပ်ပျော်သွားပုံရသည်။ အိပ်မက်ထဲတွင် သူသည် လေထဲမှာ သစ်ရွက်များ တလွင့်လွင့်နှင့် ကြွေဆင်းနေသော အလွန်သာယာသော နေရာတစ်ခုကို ရောက်နေလေသည်။ သူသည် သစ်ရွက်ကြွေများကို ကလေးငယ်တစ်ယောက်လို ခုန်ပေါက် ပြေးလွှားကာ လိုက်ဖမ်းနေမိသည်တဲ့..။ ထိုစဉ်မှာ လိပ်ပြာ ဖြူဖြူလေး တစ်ကောင် သူ့ အပါးကို ဝေ့ကာ ၀ိုက်ကာ ပျံသန်းလာသည်ကို သူ အံ့သြစိတ်ဖြင့် ငေးမောကြည့်နေရင်း… သူ အိပ်မက်မှ နိုးထလာခဲ့ရသည်…။ နောက်ရက်အနည်းငယ်အကြာတွင် သူငယ်ချင်းတစ်ယောက်၏ ညစာစားပွဲတစ်ခု၌ သူ လုံးဝ မျှော်လင့်မထားသော၊ နောင်တချိန်တွင် သူ၏ ဘ၀လက်တွဲဖေါ် တစ်ယောက်ဖြစ်လာမည့် အမျိုးသားတစ်ဦးကို (အံ့သြဖွယ်ကောင်းစွာ) တွေ့ ဆုံခဲ့ရလေသည်။ အိမ်မက်ထဲက လိပ်ပြာလေးလို ဖွေးစင်ဖြူလွနေသော ရှပ်အင်္ကျီ အဖြူရောင်ကို ယောလုံချည် နီညိုရောင်နှင့် တွဲဖက်ကာ သေသပ်စွာ ၀တ်ဆင်ထားခဲ့သော ထိုအမျိုးသားသည် သူ့ ကို ဘယ်အရာနှင့်မှ မတူ၊ ထူးခြား ဆန်းပြားသော ရင်ခုန်လှိုက်မောမှုကို ပေးစွမ်းနိုင်ခဲ့၏။ သူနှင့်အတူ ထူထောင်ခဲ့ရသော နှစ်ယောက် တစ်ဘ၀မှာ ထိုညက အိပ်မက်ထဲက ကဲ့သို့ ပင် အစစအရာရာမှာ ၀မ်းသာအံ့သြ ပျော်ရွှင်ခဲ့ရသည်။
* * *
အိပ်ပျော်နေရင်း တစ်စုံတစ်ခုသော အကြောင်းအရာ၊ ပုံရိပ်၊ အတွေးစိတ်ကူး၊ ခံစားမှု အဖြစ်အပျက်များတို့ ကို တကယ်မြင်နေ တွေ့ နေရသလို ဖြစ်နေခြင်းကို အိပ်မက်မက်သည်ဟု ခေါ်ဆိုလေ့ရှိကြသည်။
သူ့ ဘ၀တွင် နောက်ထပ် အိမ်မက်ပေါင်းများစွာကို ဆက်မက်ရန် အချိန်များစွာ ကျန်ရှိနေသေးသည်။ ထိုအိပ်မက်များကိုလဲ ပျော်ရွှင်ဖွယ်ရာ နမိတ်ပုံပြ အိပ်မက်များသာ ဖြစ်ပါစေဟု ဘုရားရှိခိုးတိုင်း သူ သေသေချာချာ ဆုတောင်းလေ့ရှိပါသည်။ သူ၏ အိပ်မက်များသည် သူ့ ဘ၀ အတွက်တော့ အလွန်တရာမှ သိမ်မွေ့ နက်နဲ လေးနက် လှပသော နမိတ်ပုံများ ဖြစ်ကြသည်။

အိမ်မက်လှလှ တွေ ဆက်မက်ပါစေ..သက်ဝေ
ReplyDeleteယောလုံချည်နီညိုလေး အပါအ၀င်ပေါ့း)
Sleep Well !!
ReplyDeleteSweet Dreams !!!
ကောင်းသောအိပ်မက်တွေ ထပ်မက်ပါစေ။
ReplyDeleteအိပ်မက်တွေက ထူးဆန်းတယ်နော် အမ။
ReplyDeleteကံကောင်းစေတဲ့ အိပ်မက်တွေ ဆက်မက်ပါစေ။
မိုးလင်းခါနီး မက်တဲ့အိပ်မက်က ပိုစဉ်းတယ်တဲ့။
ReplyDeleteအိပ်ချိန်နည်းလွန်းလို့ အိပ်မက်-မက်ဖူးဘူး အစ်မရေ .. ..
http://winzaw-mdy.blogspot.com
ဟုတ်တယ်.. တချို့အိပ်မက်တွေက နိမိတ်ပုံဆောင်တယ် ပြောတာပဲ..တို့ကတော့ အဲလိုမျိုး သိပ်မမက်ဖူးဘူး..စိတ်ဝင်စားစရာကောင်းတယ်နော်..
ReplyDeleteသက်ဝေရဲ့ အိမ်မက်တွေကို သိခွင့်ရတော့ သက်ဝေရဲ့ စိတ်အစဉ်ဟာ လူသာမာန်အနေနဲ့ အတော်လေး ဖြူစင်ရိုးသားမယ်လို့ ခန့်မှန်းလိုက်တယ်။ (မြှောက်နေတာ မဟုတ်)
ReplyDeleteအစ်မဆို စိတ်တွေ ရှုပ်ထွေး မငြိမ်မသက်ဖြစ်ချိန်၊ တစ်စုံတစ်ခုကို စိုးရိမ်နေချိန်၊ လူကလည်း အားနည်းနေချိန်မျိုးတွေမှာ အိမ်မက်တယ်။ စိတ်နှလုံး အေးချမ်းနေချိန်မှာတော့ အိမ်မက် မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေ့ရှိတယ်။
ကျနော်ကတော့ အိပ်မက်မက်ရင် မေ့မေ့သွားတာများတယ်။
ReplyDelete:0)
အိပ်မက်တွေကို ပြန်ဆက်စပ်မိတာ စိတ်ဝင်စားဖို့ ကောင်းတယ်နော်။ ညီမတော့ တောက်လျှောက်ပဲ အိပ်သွားတာမို့ ဘာမှ မမှတ်မိဘူး :(
ReplyDeleteပုံရိပ်လည်း ရေဆာပြီး ရေလိုက်ရှာလို့ မရတဲ့ အိပ်မက်မျိုး၊ ရေတောင်းသောက်ဖို့ ခွန်အား မရှိတဲ့ အိပ်မက်မျိုး မက်ဖူးတယ်။
ReplyDeleteအိပ်မက်လှလှလေးတွေ များများ မက်ပါစေ။
အိပ်မက်လေးတွေဖတ်ရတာလှတယ် မသက်ဝေ။
ReplyDeleteအိပ်ရေးတော့ ၀၀အိပ်ပါနော်။ ဆရာလုပ်တာမဟုတ်ပါဘူး။ အမှန်တကယ်အိပ်ပျော်နေရင်အိပ်မက်မမက်ဘူးလို့ ဆေးပညာကဆိုပါတယ်။ ကျွန်မတော့စာမေးပွဲဖြေကာနီးရင်မဖြေနိုင်ဘူးလို့ ခဏခဏမက်တာ။ ကြောက်ပြီးသေသေချာချာကြိုးစားဖြစ်သွားရော။ ခုတော့မမက်တာကြာပြီအစ်မရေ။
အိမ်မက်က ခန္ဒာ့ ကိုယ်သွေးသား လည်ပတ်နေမူ့နဲ့လည်းဆိုင်တယ် ကြားဖူးတာပဲ။ ဟုတ်လားတော့မသိဘူး။
ReplyDeleteကောင်းသောအိပ်မက်တွေ မက်ပါစေ။
မမသက်ဝေ အိပ်မက်တွေက ထူးဆန်းတယ်နော်.. တိုက်လည်း တိုက်ဆိုင်တယ်.. တခါတလေ ကျနော်လည်း အဲဒီလိုမျိုးဆန်ဆန် အိပ်မက်တွေ မက်တယ်.. ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိပေါ့ အမရယ်.. ပျော်ရွှင်တွေသယ်ဆောင်လာမယ့် အိပ်မက်ကောင်းတွေ မက်ပါစေ အမရေ.. :)
ReplyDeleteထူးဆန်းတိုက်ဆိုင်လိုက်တာ မမ။ အိပ်မက်ကောင်းကောင်း လှလှလေးတွေသာ မက်ပါစေလို့..
ReplyDeleteချိုသင်းကတော့ အိပ်ရင် တချိုးတည်းပဲ အဟီး..
သိပ်လဲ မမှတ်မိတတ်ဘူး။
U've a nice dream..:D
ReplyDeleteတချို့ သူတွေရဲ့ အိပ်မက်တွေက တကယ်မှန်တတ်တယ်တဲ့…
ReplyDeleteသက်ဝေအိပ်မက်တွေက သိပ်မှန်တာပဲနော်…
တို့ အိပ်မက်တွေက မှန်လိုက်မှားလိုက်နဲ့  နောက်ပိုင်းတော့ ကောင်းတာလေးတွေဆို မှန်တယ်လို့  ကိုယ့်ကိုယ်ကို ယူလိုက်တယ်… မကောင်းတာဆို မေ့ထားလိုက်တယ်…
ကြားဖူးတာတော့ မကောင်းတာမက်ရင် ပြယ်အောင် ဘုရားသောက်တော်ရေကပ်ရတယ်တဲ့…
ပြီးတော့ ထမင်းစားတုန်း တခြားသူကို ပြန်ပြောရတယ်တဲ့…
သက်ဝေက အိပ်မက်ကောင်းလေးတွေ မက်တတ်သူဆိုတော့ အနာဂတ်မှာလဲ ချိုမြိန်လှပတဲ့ အိပ်မက်လေးတွေ မက်နေဦးမှာပါ…
အိပ်မက်တွေချိုတဲ့ အနာဂတ်တွေချိုတဲ့ နှစ်သစ်ဖြစ်ပါစေလို့ …