သူငယ်ချင်းတစ်ယောက်က သူ့ အိမ်ကို လာလည်ပြီး ထမင်းစားဖို့ ဖိတ်တယ်။
ကိုယ်က မသွားချင်ဖူး.. ထမင်းတစ်နပ်နဲ့  သွားရမှာ..။ သူ့ အိမ်ကလဲ ဝေးတယ်။ Boon Lay နဲ့  Bedok လောက်ပေါ့...။ ဒါပေမယ့် မလာဖူးလို့  ယတိပြတ်ဖြေလိုက်ရမှာ အားနာတယ်။ ဒီတော့.. အေး..အေး... လာနိုင်အောင်ကြိုးစားပါ့မယ်လို့  မယုတ်မလွန်လေး ပြောလိုက်တယ်။ ဖိတ်တဲ့နေ့ အထိ ဒီအတိုင်း မတင်မကျပဲ ထားထားတာ... အားနာလို့ ပေါ့။
ဖိတ်ထားတဲ့နေ့  မနက် ၁၀ နာရီလောက်မှာ ဒီကောင့်ဆီက ဖုန်းဝင်လာတယ်..။ အိပ်ရာက မနိုးမှာစိုးလို့  နှိုးရင်း ဆက်ဆက်လာဖို့ ထပ်ပြောတာ..။ အဲဒီအချိန်အထိ မလာတော့ဘူးလို့  ပြောဖို့  အားနာနေတယ်။ ဖိတ်တာက သူအပါအ၀င် စုစုပေါင်းမှ လေးယောက်။ ချီတုံ ချတုံနဲ့ ... ၁၁ နာရီထိုးသွားတယ်...။ စိတ်အတွေးထဲမှာတော့ သွားရကောင်းနိုး… မသွားရကောင်းနိုး… မသွားကလဲ မသွားချင်...။
ဒါနဲ့  ဖိတ်ထားခြင်းခံရတဲ့ နောက်တစ်ယောက်ဆီ ဖုန်းဆက်ပြီး မင်းရော သွားမှာလားလို့  မေးလိုက်တယ်...။ အမှန်က ကိုယ့်စိတ်မပြတ်သား.. အားနာတတ်တာကို အဖေါ်ညှိတာ...။ ဟိုကောင်က သွားနေပြီတဲ့.. ခု City Hall ရောက်နေပတဲ့...။ မင်းရော ဆိုတော့.. အင်း.. အဲ... နဲ့  မပြတ်သားပြန်ဘူး...။ တဆက်ထဲမှာ သူကသွားပြီး ငါမသွားရင် ကောင်းပါ့မလား ဆိုတဲ့ အတွေး ၀င်လာပြန်ပြီ...။
တိုတိုပြောရင် နောက်ဆုံးတော့ မသွားဖြစ်လိုက်ဖူး။ အိမ်မှာပဲ ညနေ ၃ နာရီထိုးသွားတယ်။ ဒီအချိန်အထိလဲ ဖုန်းဆက်ပြီး မလာဖြစ်တာ တောင်းပန်စကား မပြောရသေးဘူး။ သူငယ်ချင်းက ကိုယ့်ဆီကို ဖုန်းထပ်ဆက်ပြီး မေးလာပြန်ရင် ဖြေရခက်နေမစိုးလို့  ဖုန်းကိုလဲ ၁၂ နာရီခွဲလောက်ကစပြီး ပိတ်ထားလိုက်မိသေးတယ်။ ပြီးရော…
ဒီလိုနဲ့  ညနေ ၄နာရီလောက်မှာ ဖုန်းကို မရဲတရဲနဲ့  သတိကြီးစွာထားပြီး ဖွင့်လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ.. Missed Call ၄ ကြိမ်ရှိနေတယ်။ သက်ပြင်းကို အသာချရင်း ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားနေမိတယ်။ ဒီကောင့်ကို အားနာစရာ ကောင်းလိုက်တာ...။
ထုံးစံအတိုင်း ဒီလိုအချိန်ကြီးကျမှ ဖုန်းပြန်ဆက်ရမှာကိုလဲ အားနာနေပြန်တယ်...။ တနေ့ လုံးလဲ ဘာမှ ကောင်းကောင်းမလုပ်ဖြစ်ဖူး.. ဟိုတွေး ဒီတွေးနဲ့  မရေမရောနဲ့  အချိန်တွေကုန်သွားတယ်။ လူကလဲ လေးလေးကန်ကန်နဲ့ ..။ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ထားမိတဲ့ သူတစ်ယောက်လိုလို.. ကြွေးရှင် အကြွေးလာတောင်းလို့  ရှောင်ပြေးနေရတဲ့ သူတစ်ယောက်လိုလို… ဘာလိုလို...။
ဘာဆက်လုပ်ရမလဲ… ဘာလုပ်ရရင် ကောင်းမလဲ… ဒုက္ခပါလား...။
*****
ထမင်းစားဖိတ်ထားသူ ကိုအိမ်ရှင်
၁၂ နာရီ ကျော်ကျော်လောက်မှာ သူငယ်ချင်း သုံးယောက် ရောက်လာကြတယ်..။ ရာသီဥတုကလဲပူ၊ MRT ကနေ အိမ်ကို လမ်းလဲ ၁၀ မိနစ်လောက် လျှောက်လိုက်ရသေး ဆိုတော့ ချွေးတွေ သံတွေ နဲ့ ပေါ့။ ဒါနဲ့  ဟိုတစ်ကောင်ကော အတူတူမလာကြဘူးလား လို့ မေးကြည့်တော့ တစ်ယောက်က သူ့ ဆီကို မနက် ၁၁ နာရီလောက်မှာ ဖုန်းဆက်သေး ဆိုပဲ...။ ဒီအတိုင်းဆို လာမှာပါ။ အိုကေ... ဆက်စောင့်မယ်...။ ဒီကောင်က နဲနဲတော့ အိပ်ပုပ်တယ်...။
၁၂ နာရီ ၄၅ မိနစ်... အင်း.. ရောက်နေတဲ့ ကောင်တွေကလဲ ဆာပြီလို့ ပြောနေကြတယ်။ ဟိုကောင် ဘယ်ရောက်နေပြီလဲ.. လမ်းများ ပျောက်နေသလား မသိ... ဖုန်းတချက်လောက် ဆက်ကြည့်ပါလားလို့  ပြောလာကြတယ်။ ဖုန်းခေါ်ကြည့်တယ်... မအားဘူး...။ Voice Mail ထဲ ၀င် ၀င်သွားတယ်။ ဒါဆို ရထားက မြေအောက်ထဲရောက်နေတာလဲ ဖြစ်နိုင်ပါတယ်...။ လူစုံမှ စကြမယ်ကွာ ဆိုပြီး ဆက်စောင့်ကြည့်ကြတယ်။ စကားတပြောပြောနဲ့  အချိန်က ၁ နာရီ ကျော်သွားတယ်။ ဖုန်းတစ်ခါလောက်ထပ်ဆက်ကြည့်ကြမယ်... လာနေပြီဆို စောင့်ကြတာပေါ့... နဲနဲဝေးနေသေးရင်တော့ စားကြတော့မယ် ဆာပြီကွာ တဲ့...။
ဖုန်းဆက်တော့ ဒီကောင်က မကိုင်ဖူး...။ ဘာတွေဖြစ်နေပါလိမ့်... စိတ်နဲနဲပူသွားကြတယ်...။ လာမှာပါ လို့ ပဲပြောထားတော့ စိတ်က မျှော်နေမိတာပေါ့...။ ဖုန်းကလဲ ခေါ်လို့ မရ... မတတ်သာတဲ့အဆုံး ၁ နာရီခွဲလောက်မှာ စားကြမယ်ကွာ ဆိုပြီး စားလိုက်ကြတယ်။ အားလုံးမျက်စေ့တွေကတော့ ၀ရန်တာဘက်ဆီ လှည့်ကြည့် လှည့်ကြည့်နဲ့ ၊ နားကလဲ စွင့်နေမိသေး ပေါ့..။
မိန်းမက ၁၂ နာရီလောက်အတွက် မှန်းချက်ထားတဲ့ ဟင်းတွေကလဲ ခပ်အေးအေးတွေ ဖြစ်ကုန်ကြတယ်..။ အသားဟင်းနဲ့  ချဉ်ရည်ဟင်းတွေကိုသာ ပြန်နွှေးလို့ ကောင်းပေမယ့် မှို ကန်ဇွန်းကို ပြန်နွှေးရရင် ပျော့အိ နွမ်းဖတ်ကုန်ပြီး ကြက်တောင်ပံကြော်လို၊ ပုဇွန်တန်ပူရာလို၊ ကော်ပြန့် ကြော်လို ဟင်းမျိုး ပြန်နွှေးရရင် တူးကုန်ရုံပဲရှိမှာပေါ့...။ ဒီတော့လဲ... ဒီလိုပဲ စားလိုက်ကြတယ်...။ ဟင်းတွေစုံလင်ပေမယ့် မြိန်သင့်သလောက် မမြိန်တဲ့ ထမင်းဝိုင်းဖြစ်သွားတယ်...။ ဒီကြားထဲ ဟိုကောင်ရောက်လာရင် စားလို့ ရအောင် (တစ်ခါပြင်၊ တစ်ခါချက်သာ လုပ်ထားမိတဲ့) ငါးဖယ်သုပ်လို ဟင်းမျိုး၊ မှို ကန်ဇွန်းလို ဟင်းမျိုးကို အတန်အသင့်စီ ခွဲပြီး ချန်ထားရသေးတယ်...။ ဒီတော့ စားရတာ မတင်းတိမ်သလို.. ဟိုမျှော်ရ ဒီမျှော်ရနဲ့  နောက်ဆံ တတင်းတင်းနဲ့ ...။ ဟူး...
ကော်ဖီသောက် သစ်သီးနဲ့  အချိုပွဲစားကြတော့ ညနေ ၃ နာရီ နီးနီးရှိပြီ။ သံယောဇဉ်က မပြတ်သေးတော့ အချိုပွဲလေးများ မှီလိုမှီငြား ဖုန်းတစ်ခါ ထပ်ခေါ်ကြသေးတယ်..။ ခုနကလိုပဲ Voice Mail ထဲပဲ ရောက်သွားပြန်တယ်...။ ဒီလိုနဲ့ ပဲ ဘယ်လိုမှဆက်သွယ်လို့ မရတဲ့အဆုံး ညနေ ၄ နာရီကျော်ကျော်လောက်မှာ လူစုခွဲခဲ့ကြတယ်။ လူစုံရင် Changi Beach ဖက် လမ်းလျှောက်မယ်ဆိုတဲ့ အစီအစဉ်လဲ ပျက်သွားတယ်ပေါ့။ မိန်းမကတော့ ချက်ပြုတ် ကျွေးမွေး သိမ်းဆည်းပြီး Changi Beach မသွားရလို့  သိပ်မကြည်သာလှဘူး။ မတတ်နိုင်.. မသိချင်ယောင် အသာဆောင်ရင်း ဟိုကောင့်အကြောင်းတွေးနေမိတယ်...။
သူဘာတွေ ဘယ်လိုဖြစ်သွားပါလိမ့် ဆိုတာ နဲနဲမှ စဉ်းစားလို့ မရဘူး...။ တကယ်က ကိုယ်က သူ့ ကို ထမင်းစားဖိတ်တာပါလေ... သူ့ ကို ထမင်းကျွေးခိုင်း၊ ရုပ်ရှင်လိုက်ပြခိုင်းတာမျိုးလဲ ဟုတ်မှမဟုတ်တာ...။ ဒါမှမဟုတ်... ကိုယ်က သူ့ ကို ထမင်းခေါ်ကျွေးပြီး သူ့ ဆီက အကူအညီတောင်းတာတို့ ၊ ပိုက်ဆံချေးတာတို့များ လုပ်မယ် ထင်နေတာမျိုးလား...။ တွေးရခက်လိုက်တာ…
မအားလို့  မလာနိုင်ဖူး ဆိုရင်လဲ ရတာပါပဲ... နောက်ဆုံး နာရီပိုင်းလောက်အထိ လာမယ်ပြောပြီးမှ ဘယ်လိုများ စိတ်ပြောင်းသွားပါလိမ့်...။ ခက်လိုက်တဲ့ အကောင်နော်…။ ခုနက အထိ စိတ်ထဲမှာ တော်တော်လေး ကျွဲမြီးတိုနေမိတယ်...။ အခုလို ဖွင့်ပြော... အဲလေ.. ဖွင့်ရေးလိုက်ရတော့မှ နဲနဲသက်သာသလိုလို ရှိသွားတယ်...။
*****
အားနာတတ်ခြင်းဟာ လူကို ဘယ်လောက် ဆုတ်ယုတ်စေသလဲ...
လူကို ဘယ်လောက် အကျိုးမဲ့စေသလဲ… ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တန်ဖိုးမဲ့စေသလဲ… ကိုယ့်ရဲ့  အားနာတတ်မှုဟာ ကိုယ့်အတွက် အကျိုးမဲ့စေရုံသာမက တဖက်သားကို ဘယ်လောက်တောင် စိတ်အနှောက်အယှက်ဖြစ်စေသလဲ… ဘယ်လောက်တောင် အကျိုးမဲ့စေသလဲ ဆိုတာ ကို မကြာခင်က ဖတ်ခဲ့ရသော ကိုပေါ (ပိတောက်ရိပ်) ၏ အားနာခြင်းဆိုတာ ပိုစ့်၊ ထိုပိုစ့်မှ မှတ်ချက်များနှင့် မကြာခင်က တွေ့ ကြုံခဲ့ရသော အဖြစ်အပျက်ကလေး တစ်ခုအပေါ် အခြေခံ၍ နှစ်ဖက်သော သူများကိုယ်စား (ကိုဧည့်သည် နှင့် ကိုအိမ်ရှင်) ကိုယ်တိုင် နားလည် ခံစားပြီး ရေးသားပါသည်။
အကြောင်းအရာ တစ်ခုတည်းအပေါ်မှာ
ReplyDeleteactive နဲ့ passive ခံစားချက်တွေကို
ပေါ်လွင်အောင် ရေးနိုင်လို့ ဖတ်လို့ အတော်ကောင်းတယ်။ တကယ့်အဖြစ်အပျက် ဆိုပေမယ့် ကိုယ့်ခံစားချက်၊ တစ်ဖက်သား ခံစားချက်ကို ထင်ထင်မြင်မြင်ရှိစေတယ်။
အားပေးလျက်ပါ။
အရမ်းကောင်းထိထိမိမိရေးတက်တယ်..
ReplyDeleteအားနာတက်ခြင်းရဲ့အကျိုးအပြစ်ကတကယ်ကို
မှန်ကန်ပါတယ်။။...အမြဲအားပေးလျှက်ပါ
ကိုဧည့်သည်ကိုပဲ အပြစ် ပုံချလိုက်ချင်တယ်။
ReplyDeleteချက်ပြုတ် ပြင်ဆင်ရတာ မသက်သာလှဘူးလေ။
ဒီကြားထဲ ပိုပို လျှံလျှံဖြစ်အောင် လုပ်ရသေးတာ။
မလာနှိုင်ဘူး ဆိုရင် ရှင်းရှင်း လင်းလင်း ပြောသင့်တာပေါ့နော်။
ဟုတ်ပါ့.. ကြုံဖူးပါ့..သဒ္ဓါတရားတွေနဲ့ ကုသိုလ်ကနေ..အကုသိုလ်တွေအဖြစ်..ပြောင်းကုန်ရော..
ReplyDeleteအဲဒီဧည့်သည်ကို အားနာတတ်သူလို့မပြောချင်ဘူး
ReplyDeleteသူမလာနိုင်တော့ဘူး ဆိုပီးတခုခုအကြောင်းပြလို့၇သားပဲ
အားနာလို့တဲ့ ဖုန်းပိတ်ထားလိုက်တာ
ဟိုက အလေးထားဖိတ်တာပဲဟာ
တခုခုတော့ ပြောသင့်တာပေါ့
အဲလို ဧည့်သည်မျိုးတွေများလာလို့ အခုတော့ တော်ပါပီပဲ
ဧည့်သည်ကို အပြစ်တင်ချင်တယ်..
ReplyDeleteကိစ္စတခုကို ရှောင်ပြီးနေတတ်တာက အားနာတတ်တာ မဟုတ်ဘူး...
ဆုံးဖြတ်ချက် မပြတ်သားတာ.. အိမ်ရှင်ကို မလေးစားတာ သက်သက်သာဖြစ်တယ်။
မလာနိုင်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။
**
အမရေ အရေးကောင်းတယ်ဗျို့
ဒီပို့စ်ကလေးက ဘက်နှစ်ဘက်စလုံးက အဖြစ်အပျက်ကို ကွက်ကွက်ကွင်းကွင်း ရေးပြနိုင်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်လည်းဖြစ်နေတာမို့ အားနာခြင်းရဲ့ ဆိုးကျိုးတွေကို အထင်းသားပေါ်လွင်လာစေပါတယ်။
ReplyDeleteစာရေးဆရာရွှေဥဒေါင်းကတော့ ကျနော်တို့ထက် ပိုပြီး ပြတ်သားတယ်။ ထမင်းစားဘို့ ချိန်းထားတဲ့အတဲ့အချိန်ရောက်မလာခဲ့ရင် ဧည့်သည်ကို စောင့်မနေဘူး။ အိမ်မှာလည်း ထိုင်စောင့်မနေတော့ဘူး။ စားပြီးတာနဲ့ လမ်းလျှောက်ထွက်သွားတော့တာပဲတဲ့။ ပြတ်တယ်။
အမှန်ကတော့ ကျနော်တို့လည်း အနည်းနဲ့အများ အားမနာသင့်တဲ့နေရာတွေမှာ အားနာနေမိကြတယ်။ အဲဒီမှာ ဇာတ်လမ်းတွေက မရှုပ်သင့်ပဲ ပိုရှုပ်ကုန်တော့တာပေါ့ဗျာ။
အမရေ.. ဧည့်သည်က မကောင်းတာပေါ့နော်.. မလာနိုင်ဘူးဆိုရင်လည်း ကြိုပြီးပြောထားပေါ့။ အဲဒီလို မပြတ်သားတာတွေက ဒီလို ထမင်းစားဖိတ်တဲ့ ကိစ္စလေးတောင် ဝေခွဲမရဘူးဆိုရင် ဘ၀နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ကိစ္စမျိုးတွေကို ဘယ်လို ဆုံးဖြတ်မလဲ မသိဘူးရယ်.. ဒီမှာတော့ ရှင်းတယ်။ အိမ်ကို အလကား ဘယ်သူမှ အိမ်လည် မခေါ်တတ်ဘူး။ ခေါ်ရင်လည်း ၁ ၊ ၂ ပတ်လောက် ကြိုပြီး မေးလ်ပို့တယ်။ လာမယ် မလာဘူး ပြောလို့ရတယ်။ ဘယ်လောက်ပဲ ခင်ခင် အဲဒီလို ပဲ လုပ်ကြတယ်။ ပြီးတော့မှ လာမယ့် လူအရေအတွက်အပေါ်မူတည်ပြီး စားသောက်စရာကို ပြင်ဆင်တယ်။ မင်္ဂလာဆောင်လည်း ဒီလိုပဲ.. လူကွက်တိ၊ စားစရာ ကွက်တိ စီစဉ်ကြတယ်.. အမ ပို့စ်ဖတ်ပြီး ဧည့်သည်ကို စိတ်တိုတာရော၊ စားစရာတွေ ဖတ်ပြီး ဗိုက်ဆာတာရော ရသပေါင်းစုံသွားတယ်.. :)
ReplyDeleteအမပို့စ်လေးဖတ်တော့ တခါက ညစာစားဖိတ်တာကို သတိရမိတယ်။
ReplyDeleteဖိတ်ထားတာက နိနိပါမှ ၄ ယောက်ထဲတဲ့။
သွားခါနီးတော့ မိုးတွေက ရွာတာ မစဲတော့ဘူး။
အပြင်မှာ အေးလိုက်တာလည်း လွန်ပါရော။
မျက်စိမှိတ် ဖုန်းဆက်ကြည့်တော့ စားစရာတွေ အများကြီးလုပ်ထားတာတဲ့။
ဒါဆိုလည်း လာပြီလို့ပြောပြီး ချက်ချင်းကောက်ထသွားလိုက်တာ။
သူတို့ကို အားနာလို့လေ။
အဲဒီအချိန်မှာ အတူသွားမည့်ယောက်ျားလေးတွေဆီဖုန်းဆက်တော့ အင်း မိုးရွာနေလို့ စဉ်းစားနေတာတဲ့။
ဒါဆိုလည်း မစောင့်တော့ဘူး သဘောပဲလို့ သွားနှင့်လိုက်တာ။
တကယ်လည်း ဟိုအိမ်မှာ စားစရာတွေပြင်ဆင်ထားတာ အားနာစရာသိပ်ကောင်းတယ်။
ပြန်လာတဲ့အခါတော့ အအေးမိလို့ ဖျားပါတယ်။
ဟုတ်ပါ့ဗျာ... အားနာတဲ့ အကျင့်က ကောင်းတဲ့ အကျင့်တခု မဟုတ်တာ အသေအချာပါပဲ...
ReplyDeleteပုံရိပ်တော့ အားနာတာထက် မပြတ်သားတာ ပိုဆိုးတယ် ထင်တယ်။ မလာဘူးဆိုလဲ ပြတ်ပြတ်သားသား ပြောသင့်တာပေါ့။
ReplyDeleteရေးထားတာ အရမ်းကောင်းတယ်။
ReplyDeleteအားနာတတ်တာ တစ်ခါတစ်ခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ခံရတယ်။
ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပြောတာ ပိုကောင်းပါတယ်။
မိုးနေ