Monday, April 13, 2009

ရင်ထဲက ဆူး

လူတိုင်း လူတိုင်းတွင် ကြီးကြီး ငယ်ငယ် အရွယ်မရွေး ကိုယ်ပိုင် စိတ်ဆန္ဒများ၊ ကိုယ် လုပ်ချင်သော အရာတွေ၊ ကိုယ် ဖြစ်ချင်သော အရာတွေ ကိုယ်စီ ရှိနေတတ်ကြသည်။ ((ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေ ဆိုတဲ့နေရာမှာ အရာရာဟာ Reasonable ဖြစ်ဖို့တော့ လိုအပ်ပေလိမ့်မည်…)) ကိုယ် လုပ်ချင်တာတွေကို လုပ်ကြရတဲ့အခါမှာ၊ ကိုယ် ဖြစ်ချင်တာတွေ ဖြစ်လာကြတဲ့အခါမှာ၊ ကိုယ့်ဆန္ဒလေးတွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ကြတဲ့အခါမှာ စိတ်ကျေနပ် နှစ်သိမ့်မှုတွေ ကိုယ်စီ။ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့အခါမှာ သော်လည်းကောင်း၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါများမှာ သော်လည်းကောင်း၊ ကိုယ့်ဆန္ဒလေးတွေကို လက်တွေ့ အကောင်အထည် မဖေါ်နိုင်ကြတဲ့အခါမှာ သော်လည်းကောင်း ရင်ထဲမှာ အလိုမကျစိတ်လေးတွေ၊ မကျေနပ်စိတ်လေးတွေ၊ အစိုင်အခဲလေးတွေ အနည်းနဲ့ အများ ဖြစ်လာတတ်ကြသည်။

ထိုသို့သော အစိုင်အခဲလေးတွေကို ရင်ထဲသို့ လာရောက် စူးနစ်စေသော ဆူးလေးတွေလို့ နာမည်တပ် ကြည့်ပါရစေ…။


* * * * * *
ဝါသနာနှင့် ငယ်ဘဝ

ငယ်ငယ်တုန်းက စည်းကမ်းတွေ ဘောင်တွေထဲမှာ ကြီးလာခဲ့ရသော သူမသည် သူ၏ ငယ်ဘဝတွင် အခြားသော ရွယ်တူ ကလေးများ ကစားသလို မကစားခဲ့ရချေ။ ကျောင်းမှာ ရံဖန်ရံခါ သူငယ်ချင်းများနှင့် ထုတ်ဆီးတိုးတမ်းကစားလျှင် မပြေးတတ်သောကြောင့် ထမင်းရည်ပူလောင်တာ ခဏ ခဏ၊ မတိမ်းတတ် မရှောင်တတ်သောကြောင့်လဲ အမြဲ အမိဖမ်းခံရတတ်သည်။ အပြေးပြိုင်လျှင် ဟိုး နောက်ဆုံးနားမှာ ကျန် ကျန်နေတတ်သည်။ ထို့အခါ လူစုလူဝေးများ၊ အသင်းအဖွဲ့များနှင့် ယှဉ်ပြိုင်ကစားကြရသော အားကစားပြိုင်ပွဲတွေမှာ သူ့ကြောင့် ရှုံးမှာစိုးရိမ်ပြီး ဘယ်တော့မှ ဝင်မကစားဖြစ်တော့ချေ။

ငယ်ငယ်ထဲက ကိုယ့်ကို သူများတွေ အာရုံစူးစိုက်ကြမှာကို မနှစ်သက်တတ်သော အကျင့်ကြောင့် ကျောင်းကပွဲတို့ ကဗျာရွတ်ဆို ပြိုင်ပွဲတို့ ကို ဝေးဝေးက ရှောင်တတ်သည်။ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကြားမှာ လူသိများတတ်၊ ပေါ်ပြူလာဖြစ်တတ်သော အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင် စတာတွေလဲ တခါမှ မလုပ်ခဲ့ဖူးပါ။ အမြဲတမ်း အနောက်မှာသာ နေတတ်သည်။ ရိုးရိုး အေးအေးပဲ… ကျောင်းတက်သည်၊ စာကျက်သည်။ နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမှာ အိမ်က စာအုပ်စဉ်က စာအုပ်တွေကို ဖတ်သည်။ နောက်နှစ်ခါအတွက် သချာင်္ပုစ္ဆာများကို ကြိုတွက်လေ့ရှိသည်။

ဒီလိုနှင့် ဆယ်တန်းအောင်ခဲ့သည်။ စာတော်သည် ဆိုသော နာမည်ခပ်ဝါးဝါးတစ်ခုကြောင့် အားလုံးက ဆရာဝန်ပဲ ဖြစ်လိမ့်မည် ဟု တညီတညွတ်ထဲ မျှော်လင့်ထားကြသည်။ ထိုအချိန်က သူမ ဘာလုပ်ချင်သည်၊ သူမ ဘာဖြစ်ချင်သည် ဆိုသည်ကို မည်သူမှ စိတ်မ၀င်စားကြသလို မည်သူကမှလဲ ဘာလုပ်ချင်သလဲလို့ အရေးတယူ မမေးခဲ့ကြပါ။ ပုံသေနည်းအရ အမှတ်များသောသူ တို့၏ သွားရာလမ်းသည် ဆရာဝန်လိုင်း တခုတည်းသာ…။ အဲဒီအချိန်မှာ သူမ ကိုယ်တိုင်လဲ ကိုယ်ဘာလုပ်ချင်မှန်း မသေချာ မရေရာခဲ့ချေ။ သို့သော် ဆရာဝန်တော့ မလုပ်ချင်ခဲ့တာ သိပ်ကို သေချာခဲ့ပါသည်။ သူမက သွေးမြင်ရင် မူးချင်သူလေ။ လိုင်းခွဲသောအခါ (ကံကောင်းထောက်မစွာနဲ့) အမှတ် အနည်းငယ် လိုနေဖြင့် ဆရာဝန်လိုင်းနှင့် သီသီလေး လွဲခဲ့သည်။ ပတ်ဝန်းကျင်က လူအများစုက အို.. အမှတ်ကလေး တမှတ် နှစ်မှတ်နဲ့ နှမြောပါတယ်လို့ ဂရုဏာသက်စွာ (ဟန်ဆောင် အပြောလဲ ဖြစ်နိုင်ပါသည်) ပြောနေကြချိန်မှာ သူမကတော့ ဆူးတွေကင်းစင်ပြီး လှပတဲ့ လိပ်ပြာ ဝါဝါလေးတစ်ကောင်လို ပေါ့ပါး လွတ်လပ်စွာ ပျော်ရွှင်နေခဲ့တာ…။

* * * * * *

လိပ်ပြာလေး

ကျောင်းရက်ရှည်တွေပိတ်တဲ့ အချိန်တွေအပါအဝင် စက်မှုတက္ကသိုလ်တွင် သူမ ၁၀ နှစ်နီးပါး ပညာသင်ခဲ့ရသည်။ T Square တွေ၊ စက်ပစ္စည်းတွေကြားမှာ အချိန်တွေကုန်ရင်း၊ ကျောင်းပြေးရင်း၊ ကျူရှင်တက်ရင်း၊ စာကျက်ရင်း ကျောင်းတွေ ပိတ်လိုက် ဖွင့်လိုက်နှင့် အချိန်တန်တော့ ဘွဲ့လက်မှတ် တစ်ခုကို ပိုင်ဆိုင်ခဲ့ရသည်။ ကျောင်းပြီးပြီးနောက်ပိုင်း တချို့ သူငယ်ချင်းတွေ ကျောင်းမှာ ဆရာမ ပြန်လုပ်နေကြတာတွေ၊ တချို့သူငယ်ချင်းတွေ စီးပွားရေး လုပ်ငန်းများ အပြိုင်အဆိုင် ထူထောင်နေကြတာတွေ၊ တချို့သူငယ်ချင်းတွေ နိုင်ငံရပ်ခြားမှာ စာသင်ဖို့ အလုပ်လုပ်ဖို့ သွားလာ လုပ်ကိုင် လှုပ်ရှားနေကြတာတွေ အမျိုးစုံ တွေ့နေရသည်။ အဲဒါတွေ အားလုံးကို သူမသည် တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေခဲ့မိသည်။

သူမ ဘာလုပ်ရမှန်း စဉ်းစား၍ မရခဲ့ချေ။ ထိုအချိန်က ဝါသနာဆိုတာ တကယ်ကို ဘာမှန်းမသိခဲ့တာပါ။ ဝါသနာ ဆိုတာထက် အဲဒီ ၁၀ နှစ်တာ ကာလမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကိုသာ သူမ ပြန်စဉ်းစားကြည့်နေမိသည်။

ကျောင်းဖွင့်ရက်တွေမှာ ကျောင်းတက်သည်၊ တခါတရံ ချစ်သူ လာခေါ်လျှင် ကျောင်းပြေးပြီး အင်းလျားလမ်းက ခေမရဌ်တို့၊ ဟဲလို ဘာဂါဆိုင်တို့ တွေကို သွားပြီး မုန့်စားရင်း စကားပြောကြသည်၊ သို့သော် ကျူရှင်တွေကို မပျက်မကွက်တက်ပြီး စာကိုတော့ မှန်မှန်ကျက်သည်၊ အတော်ဆုံးအထိ မရောက်ခဲ့သလို အညံ့စားထဲမှာလဲ မပါခဲ့။ မှန်တန်းပဲပေါ့။ ကျောင်းရက်ရှည် ပိတ်ထားတဲ့အချိန်တွေမှာ စာတွေဖတ်သည်။ အိမ်မှာရှိသ၍၊ ဆိုင်မှ ငှားလို့ ရသ၍ ဖတ်လို့ရသမျှ မြန်မာစာအုပ်တွေအပြင် အနည်းငယ် လွယ်ကူ ရိုးစင်းတဲ့ အင်္ဂလိပ်စာအုပ်တွေပါ ဖတ်ဖြစ်ခဲ့သည်။ စာတွေ ရေးကြည့်သည်၊ ကဗျာတွေ စပ်ကြည့်သည်။ သို့သော် ပြင်ပလောကနှင့် ဆက်သွယ်မှု နဲပါးခဲ့သော၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လဲ နဲပါးခဲ့သော၊ သိုသိပ် လျှို့ဝှက်တတ်သော သူမအတွက် ဘာမှ အရာမထင်ခဲ့ချေ။

အချိန်ပိုတွေ အချိန်အားတွေ အများကြီးမရှိစေချင်သော မိဘတွေ၏ အစီအမံကြောင့် အချက်အပြုတ်သင်တန်း၊ အင်္ဂလိပ်စာ သင်တန်း စတဲ့ သင်တန်းတွေ ဟိုတစ ဒီတစ တက်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အိမ်မှ လူကြီးတွေ အလုပ်များတော့ သူမကို မှန်မှန်လိုက်ပို့ဖို့ ကြိုဖို့ အဆင်မပြေတော့သောအခါ သင်တန်းတွေ တက်တာ ရပ်လိုက်ရသည်။ လူကြီးတွေက ရပ် ဆိုတော့လဲ ရပ်လိုက်ရုံသာ။ ထို့အတွက်လဲ သူမအနေဖြင့် ဘာမှ ထူးထူးခြားခြား ခံစားမနေချင်တော့ပေ။

ဒီလိုနှင့် အလကားနေတာကြာပြီး ပျင်းလာသောအခါ Catalogue တွေကြည့်ပြီး အိမ်မှာ တချောင်းထိုး၊ နှစ်ချောင်းထိုး၊ တက်တင်း စတာတွေ ထိုးကြည့်မိသည်။ အချိန်ပိုတွေ တော်တော် ကုန်လွယ်သည် ဟု ခံစားရကာ သဘောကျ နှစ်ခြိုက်မိသည်။ တချောင်းထိုးကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်တော့ အင်္ကျီလေးတွေ စပြီးထိုးသည်။ သိုးမွှေးနဲ့ရော စီလွန်ချည်နဲ့ရော ဒီဇိုင်းလှလှလေးများ၊ အရောင်စပ် လှလှလေးများနှင့် တချောင်းထိုး အင်္ကျီလေးတွေကို ဇွဲကောင်းကောင်းနဲ့ ထိုးလိုက်တာ စုစုပေါင်း ၉ ထည် ပြီးခဲ့သည်။ သူမ (အပြင်တွေသိပ် မထွက်ပဲ အိမ်မှာပဲနေပြီး) တချောင်းထိုး ထိုးတာကို စိတ်ရှည်လက်ရှည် အားပေးခဲ့တဲ့ ချစ်သူက ထိုအင်္ကျီလေးတွေ ထိုးလို့အပြီးမှာ အဲဒီအင်္ကျီတွေက အပေါက် အပေါက်တွေနဲ့မို့ အပြင်ကို မဝတ်ရဘူးနော် လို့ ပြောလာခဲ့သည်။ ထိုအခါ စိတ်မြန်သော သူမက ထိုးပြီးသား အင်္ကျီ ၉ ထည်စလုံး သူငယ်ချင်းတွေကို ပေးပစ်လိုက်သည်။ အဲဒီကတည်းက သူမ တချောင်းထိုးအပ်ကို ပြန်မကိုင်ဖြစ်တော့တာ ယနေ့တိုင်ပင်။

နောက်ပိုင်းမှာတော့ အိမ်မှာ ဟင်းတွေ ချက်သည်။ များသောအားဖြင့်တော့ ကြက်သားဟင်း၊ ဝက်သားဟင်းလို ခပ်လွယ်လွယ်တွေ ချက်သည်။ တခါတခါ စိတ်ပါလျှင် ရှမ်းထမင်းချဉ်သုပ် တို့လို၊ အစုံသုပ်တို့လို ထွေလီကာလီတွေ လုပ်စားတတ်သည်။ တခါတခါမှာတော့ ငါးကျည်း ငါးဆုပ်ဟင်းလို၊ သီးစုံချဉ်ရည်တို့လို နဲနဲ လက်ဝင်သော ဟင်းမျိုးတွေ ချက်သည်။ ချစ်သူ အိမ်ကို လာလည်လျှင် ဟင်းတွေကို လက်စွမ်းပြပြီး ချက်ကျွေးတတ်သည်။ ပြီးတော့ တခါတခါမှာ ဘောင်ဒရီကျောင်းရဲ့ ကောင်းမှုနဲ့ သရက်သီးသနပ်၊ မရမ်းသီးသနပ်၊ ခရမ်းချဉ်သီးယို၊ စတော်ဘယ်ရီယို၊ မြေပဲယို၊ နှမ်းပျစ်၊ ကျောက်ကျော၊ ရွှေချည်၊ အာလူး ဆနွင်းမကင်း၊ အရောင်လေးများနှင့် ဆန် ဆနွင်းမကင်း စတဲ့ မုန့်တွေ လုပ်တတ်သည်။ သူငယ်ချင်းတွေကို ခေါ်ကျွေးတတ်သည်။ ကောင်းတဲ့အခါလဲရှိ ပျက်တဲ့အခါလဲရှိပေါ့။

နောက်တခုက သီချင်းနားထောင်တာ… အဲဒီကျောင်းပိတ်ရက်တွေမှာ မှတ်မှတ်ရရ သီချင်းတွေ အများကြီး နားထောင်ဖြစ်ခဲ့သည်။ ရသမျှ မုန့်ဘိုးတွေစုပြီး မောင်လေးနဲ့ နှစ်ယောက်သား ဘားလမ်းမှာ သီချင်းခွေ အသစ်တွေထွက်တိုင်း သွားဝယ်တတ်ကြသည်။ စိတ်လက်ပေါ့ပါးစွာဖြင့် လွတ်လပ်ပျော်ရွှင်ခဲ့ရသော အချိန်များပင်…။ အဲ… သီချင်းတွေအများကြီး နားထောင်ဖြစ်သောကြောင့် သီချင်းတွေအားလုံး အလွတ်ရနေသော်လည်း သူမ ကိုယ်တိုင်တော့ ဘယ်တော့မှ အသံထွက်ပြီး မဆိုဖြစ်ခဲ့ချေ။ ချစ်သူက သူမ သီချင်းဆိုနေသော အသံကို တခြားသူများ ကြားသွားမှာ နဲနဲမှ မကြိုက်ခဲ့ပါ။

* * * * * *

သူမ၏ လက်ရှိဘဝနှင့် အားလပ်ချိန်

လက်ရှိအခြေအနေတွင် သူမသည် ချစ်သောသူနှင့် အတူ ပျော်ရွှင်စရာ မိသားစုကလေး တခုကို ပိုင်ဆိုင်နေပြီဖြစ်သည်။ သူမ တတ်ထားသော ပညာလေးကို အသုံးချကာ တပတ်ကို ငါးရက် အလုပ်လုပ်နေသည်။ အလုပ်ပြီးချိန် ညနေ အိမ်ပြန်ရောက်လို့ ညစာ စားပြီးရင် အချိန်က ၇ နာရီခွဲပြီ။ မိုးမရွာတဲ့ ညနေခင်းတွေမှာ လမ်းလျှောက်ဖြစ်အောင် ကြိုးစားသည်။ အနဲဆုံးတော့ ၁ နာရီလောက် လမ်းလျှောက်ပြီး အိမ်ရောက်.. အိမ်လေးဘာလေးရှင်း၊ ရေမိုးချိုး၊ ပြီးရင် ၉ နာရီခွဲသွားလေသည်။ ထိုအချိန်တွေမှာ ကွန်ပျူတာရှေ့မှာ ရောက်နေရင်ရောက်.. မဟုတ်ရင် စာဖတ်။ အနဲဆုံးတော့ စာဖတ်ချိန် ၁ နာရီ ကျော်ကျော်တော့ ရနိုင်သေးသည်။ ပြီးရင် ၁၁ နာရီလောက်မှာ ကြိုးစားပြီး အိပ်လေ့ရှိသည်။ ထို့ထက် နောက်ကျလျှင် ဆူသံပူသံများ ကြားလာရတတ်သည်။ တခါတခါ အွန်လိုင်းမှာ သူငယ်ချင်းတွေ တွေ့လို့ ချက် လိုက်မိရင်တော့ သူမရဲ့ ရှိစုမဲ့စု စာဖတ်ချိန်လေးတွေ ကုန်သွားတတ်သည်လေ။

စနေ တနင်္ဂနွေ ပိတ်ရက် ၂ ရက်တွင်မူ ဈေးဝယ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ မီးပူတိုက်၊ အိမ်ရှင်း အစရှိသော အိမ်အလုပ်တွေ လုပ်ရသည်။ ထိုအချိန်များတွင် အိမ်အလုပ်တွေလုပ်ရင်း ဝါသနာအရ သူမ လုပ်နိုင်သော အရာမှာ သီချင်းနားထောင်ခြင်း တခုတည်းသာ။

သူမအတွက် ကိုယ် ဝါသနာပါရာကို ကိုယ်စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိလာသော အချိန်များဟု သတ်မှတ် ခေါ်ဆိုနိုင်သော အခြေအနေတခုကို ရောက်လာသောအခါမှာတော့ သူမအတွက် ကိုယ်ပိုင် အားလပ်ချိန်များသည် လုပ်ငန်းဆောင်တာများ၊ တာဝန် ဝတ္တရားများကြားထဲတွင် ပျောက်ခြင်းမလှ ပျောက်ဆုံးကာ အလွန်ပင် ရှားပါး နေကြလေပြီ။ ထိုအခါ သူမ၏ ရင်ထဲတွင်အခါများစွာက စူးနစ်ခဲ့ဖူးသော ဆူးများစွာအနက် ထို ဆူးသည် အချွန်မြဆုံးနှင့် အနက်ရှိုင်းဆုံး ဆူးတချောင်းပင်လေလား ဟု မရဲတရဲ တွေးကြည့်နေမိပါသည်။

* * * * * *

တခါတခါမှာ သူမ၏ ငယ်ဘဝ တလျှောက်မှာ ကိုယ် ဝါသနာပါရာကို လုပ်နိုင်ခွင့် အလွန်နဲပါးခဲ့သည် ဟု ခံစားခဲ့မိသည်။ ထို့ကြောင့် ကိုယ်ဝါသနာပါရာကို ဖန်တီးနိုင်ရန် အနည်းငယ် အခွင့်သာလာချိန်တွင် သူမကိုယ် သူမ ငါ ဘာကိုများ ဝါသနာ ပါနေပါလိမ့်၊ အားလပ်သော အချိန်နဲနဲလေးထဲမှာ ငါ ဘာများလုပ်ရင် ကောင်းမှာပါလိမ့် ဟု မေးခွန်းတွေ ထုတ်ရင်း ရေရာ သေချာသော အဖြေမရပဲ အချိန်တွေသာ ကုန်သွားခဲ့သည်။ အများသူငါတွေ ပြောနေကြသလို ကိုယ် ဝါသနာပါရာကိုသာ လုပ်ခွင့်ရခဲ့ရင် အခုအချိန်မှာ ဘာကြီး ဖြစ်နေလောက်ပြီ၊ ညာကြီး ဖြစ်နေလောက်ပြီလို့ ဆိုနိုင်စရာလဲ နဲနဲမှ ရှာဖွေ တွေးတောလို့မရခဲ့ပါ။ သို့သော် တခါတခါ စိတ်ထဲမှာ တခုခုကို စိတ်တိုင်းမကျ၊ မကျေမနပ်ဖြစ်လာတိုင်း ငယ်ငယ်က အကြောင်းတွေကို ရောက်တတ်ရာရာ တွေးမိပြီး ရင်ထဲမှာ စူးခဲ့ဖူးသော ဆူးလေးများကို မဆီမဆိုင် သတိရလာတတ်လေသည်။



(ဝါသနာ ဆိုတဲ့ ပိုစ့်လေး ရေးရင်းနဲ့ နောက်ဆက်တွဲ စဉ်းစားမိတာတွေကို စိတ်အတွေးနဲ့ ပုံဖေါ်ထားပါတယ်။ နှစ်သစ်မှာ ဆူးများကင်းစင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။)

20 comments:

  1. ၁.......ရိုးရှင်းတဲ့ဘ၀လေးပါ..။

    ReplyDelete
  2. ကိုယ်လုပ်ချင်တာဘာလဲ ဆိုတာနဲ့ ကိုယ်လုပ်တတ်တာ ကျွမ်းကျင်တာဘာလဲ ဆိုတာကို ကိုယ့်ဘာသာကိုယ်လည်း သိဖို့ လုပ်လည်းလုပ်ဖြစ်ဖို့ ဆိုတာ တော်တော်ကြီးမားတဲ့ ကိစ္စပဲ။ လူအတော်များများအတွက် မလွယ်ဘူးထင်ပါတယ်။
    :)

    ReplyDelete
  3. ကိုယ့်ဆန္ဒလေးတွေကို လက်တွေ့ အကောင်အထည် မဖေါ်နိုင်ကြတဲ့အခါမှာ သော်လည်းကောင်း ရင်ထဲမှာ အလိုမကျစိတ်လေးတွေ၊ မကျေနပ်စိတ်လေးတွေ၊ အစိုင်အခဲလေးတွေ အနည်းနဲ့ အများ ဖြစ်လာတတ်ကြသည်။

    ReplyDelete
  4. သက်ဝေက ဘာဖြစ်ချင်တာလဲ။

    ReplyDelete
  5. ဆူးတွေ အများကြီး စူးခံပြီးနေလို့ ထုံနေပြီ မသက်ဝေ... ကိုယ့်ဘာသာ ဘာလုပ်ချင်မှန်းမသိ ယောင်နန ဖြစ်တာလည်းပါတာပေါ့...

    ReplyDelete
  6. မိဘတို့ ချစ်သူတို့ လုပ်စေချင်တာတွေ ဦးစားပေးလုပ်ခဲ့စဉ်ကလဲ သေသေချာချာ လုပ်ခဲ့တာပါပဲ။ ဒါကြောင့် အကျိုးရှိတဲ့ ဆူးလေးတွေလို့ သတိရရင် စိတ်သက်သာမယ် မမရေ။
    ဖြစ်ချင်တာ လုပ်ချင်တာ လုပ်ခွင့်ရတဲ့ အချိန်မှာလဲ မမ အခု ကိုယ်ဝါသနာပါတဲ့ စာဖတ် စာရေး လုပ်နေတာပဲလေ။ တခါတလေကျတော့လဲ ဘ၀ကို မျှအောင်လုပ်ရတယ်လို့ပဲ မှတ်ယူလိုက်ရင် ကိုယ့်အတွက် ကောင်းတယ် ထင်မိတယ်။
    ချိုသင်းလဲ အခုတလော အလိုမကျတာတွေ၊ ၀မ်းနည်း လွယ်တဲ့ စိတ်တွေနဲ့ သိပ်မော နေလို့ ကိုယ်ချင်းစာစိတ်နဲ့ အားပေးသွားပါတယ် မမရေ..

    ReplyDelete
  7. စဉ်းစားကြည့်ရင်.. ခုဘလော့ရေးနေတာလေးက ၀ါသနာပါတာလေးတခုကို လုပ်ခွင့်ရနေတာပဲ မဟုတ်လား ဒေါ်သက်ဝေရဲ့.. ဘာပဲဖြစ်ဖြစ်... :P

    ReplyDelete
  8. အားပေးသွားကြသူများ အားလုံး ကျေးဇူး အများကြီးတင်ပါတယ်...
    အခုတလော ဟိုဟာတွေ ပူရ ဒီဟာတွေ ပူရ၊ စိတ်မော လူမောနဲ့မို့ စာကောင်းကောင်း မဖတ်နိုင် မရေးနိုင်၊ ရေးမိပြန်တော့လဲ စိတ်ချမ်းသာစရာတွေ မဟုတ်ပြန်ဘူး... စာလာဖတ်သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရတာ ဆောရီးပါ။

    နောက်ပြီးတော့ ကိုယ်တိုင် စာရေးပုံ ညံ့ဖျင်းမှုကြောင့် ရေးချင်တဲ့ အချက်နဲ့ ရေးလိုက်မိတာနဲ့က တခုခုတော့ လွဲနေသလိုလဲ ခံစားမိပါသေးတယ်..။ ပြောချင်တာကို လိုရင်း မရောက်ပဲ မဟုတ်တာတွေ ရေးလိုက်မိသလိုလဲ ဖြစ်နေပြန်ပါတယ်...။

    ဖြိုး... ဟုတ်ပါတယ်... တကယ်ကိုပဲ ရိုးရှင်းတဲ့ ဘဝလေးမှာ အေးအေးချမ်းချမ်းလေးသာ အမြဲတမ်း နေချင်ပါတယ်...

    ပန်ပန်... တကယ်မလွယ်တာပါ၊ ကိုယ်လုပ်ချင်တာတွေက ဘာတွေလဲ ဆိုတာ ကိုယ်တိုင် သေသေချာချာသိဖို့က ပိုလို့တောင် မလွယ်သေး...

    မမခင်ဦးမေ... အမ မေးတာ ဖတ်ရတာ ကြောက်တောင်ကြောက်တယ်... ဟီးဟီး.. "သက်ဝေက ဘာဖြစ်ချင်တာလဲ တဲ့..." ထရိုက်တော့မလိုပဲ...
    သက်ဝေ ဘာမှ မဖြစ်ချင်ပါဘူး မမရယ်... စိတ်ညစ်တုံး ရေးမိတဲ့ စာမို့ပါ...။

    မီယာ... ကိုယ့်ဘာသာ ဘာလုပ်ချင်မှန်းမသိ တာ အဆိုးဆုံးပါ ညီမရေ...

    ချိုသင်း... အခါများစွာမှာတော့ ညီမပြောသလိုပဲ ဆူးတွေကို ဆူးလို့တောင် အမှတ်မထားခဲ့မိပါဘူး။ တခါတလေကျရင်သာ... ရင်ထဲကို ရောက် ရောက်လာတတ်တာမျိုးပါ...။
    အားပေးတာ ကျေးဇူးပါ ချိုသင်းရေ...

    ဆရာမ... လာလည်တာကျေးဇူးပါ။ ဟုတ်ပါတယ် အခုလဲ ကိုယ်ဝါသနာပါတာလေးကို နဲနဲ နဲနဲတော့ လုပ်နေနိုင်တယ် ထင်ပါတယ်...။ ဒါကိုပဲ ကျေနပ်နေပါတယ်...

    အလည်လာပြိး စီဘောက်စ်မှာ နှုတ်ဆက်သွားတဲ့ အမ ခင်မင်းဇော်ကိုလဲ ကျေးဇူးတင်ပါတယ်...။ အမခင်မင်းဇော်ရေ... တွေးထားတာနဲ့ ရေးလိုက်တာနဲ့က တလွဲတွေဖြစ်နေတော့ အထင်လွဲစရာတွေ အတွေးပွားစရာတွေ ဖြစ်ကုန်ပြီထင်တယ်... ဝတ္တုတိုလို့တော့ Label တပ်ထားတာပဲ... ပျော်စရာ မိသားစုကလေးနဲ့ အတူတူ ကိုယ့်ဝါသနာပါတာလေး နဲနဲလုပ်ခွင့်ရနေတဲ့ ဘဝမှာ နေပျော်ပါတယ်...။

    ReplyDelete
  9. မသက်ဝေ... အဲဒါလူတော်တော်များများအတွက် ဖြစ်တတ်တဲ့ ပုံစံလေးတွေပဲ ထင်တယ်။ တခါတလေ ၀ါသနာအတွက် အချိန် ပေးကို ပေးမှပဲ လုပ်ဖြစ်တော့တာပါပဲ။

    ReplyDelete
  10. သက်ဝေဘ၀လေးက အရမ်းငြိမ်းချမ်းပါတယ်…
    ဆူးလေးတွေကို ထွင်ပစ်လိုက်နော်… ဆူးတွေများလာရင် ဒဏ်ရာတွေ ကြီးသွားတတ်တယ်…
    တို့ ကတော့ ဆူးစူးလိုက် ထွင်လိုက်နဲ့ … တခါတခါ ဆူးအကြီးကြီးတွေဆို နင့်ကနဲပဲ…
    သက်ဝေရေ… နှစ်သစ်မှာ စံပယ်ပွင့်လေးလို ဆူးတွေကင်းစင်ငြိမ်းချမ်းပါစေလို့ ….

    ReplyDelete
  11. Cute, let me know what U want to do?

    ReplyDelete
  12. သက်ဝေရေ..တခါတလေ..လုပ်ချင်တာနဲ့ လုပ်ခွင့်ရတာနဲ့ မကိုက်တဲ့အခါ..မလုပ်ချင်တာတွေ လုပ်နေရတဲ့အခါ..ကိုယ်တိုင်ဘာလုပ်လို့ လုပ်ချင်နေမှန်းမသိဖြစ်တဲ့အခါ အလိုမကျဖြစ်တာမျိုးလို့ ထင်ပါတယ်။ ဒါပေမယ့် သက်ဝေဘ၀လေးက ငြိမ်းချမ်း ပြည့်စုံနေတာပဲလေ..။ အခုပဲကြည့်.. ဆူးထွင်ပြီးသွားပြီမဟုတ်လား သက်ဝေရဲ့ :)

    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..။

    ReplyDelete
  13. ဆူးတွေ ဘာတွေလုပ်မနေနဲ့... ဟောဒီမှာ လာပြီ... ဗွမ်း ဟမ်း ဟမ်း

    ReplyDelete
  14. မသက်ဝေကို ... အိမ်ထောင့်တာဝန် အလွန်ကျေပြွန်သော အိမ်ရှင်မကောင်းတစ်ယောက်အဖြစ်မြင်မိပါသည်။ အလွန်ပဲ ချီးကျူးလေးစားပါသည်။ ၀ါသနာပါရာ စာရေးစာဖတ် လုပ်နေတာပဲလေ။ ဆူးကိုနှုတ်ပစ်လိုက်တော့နော်။
    အရင်းကြီး စာရေးဒီလောက်ကောင်းမှန်း တကယ်မသိခဲ့ဘူး။ စစတွေ့တော့ အရင်းကြီးဆိုပြီး ပဟေလိဖွက်တာ သတိရသွားလို့ :)နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  15. နောင်နှစ်အတွက် သင်္ချာတွေ တွက်နေရတယ်ဆိုတာကို...အားကျတယ်..
    ကျနော်တို့ကျတော့..စာမွဲဖင်နားကပ်မှ စာအုပ်ကောက်ကိုင်တာ
    အကျင့်ပါနေပြီ..
    မသက်ဝေကို မိဘတွေက ငယ်ကတည်းက
    အစီစဉ်တကျ ပြုစုပျိုးထောင်းပေထားတာပဲ..
    အားကျတယ်..အြ့လိုဂရုစိုက်ပေးတဲ့ မိဘမျိုးရှိလို့
    အင်းး..
    မသက်ဝေပို့စ်ဖတ်ပြီးတော့...
    တခုစဉ်းစားမိတာရှိတယ်..
    ရတာမလို...လိုတာမရ
    အဲ့ဒါ ဘ၀ ပဲလားမသိပါဘူးနော်..
    (စိတ်ထဲရှိတာပြောမိတယ်နော်...)

    ReplyDelete
  16. ပုံရိပ်ရေ... ဟုတ်ပါတယ်။ လူသားပီပီ တခါတလေမှာတော့ အတ္တဆူးလေးတွေ ပေါ်လာတတ်တာမျိုးပါ...။

    တန်ခူး... ကျေးဇူးပါ။ စူးနေတဲ့ ဆူးတွေကို ထွင်လိုက်ပါပြီ... ကိုယ်ရေးလိုက်တာ သူများတွေကို တွေးစရာတွေ စိတ်အနှောက်အယှက်ဖြစ်စရာတွေ ပေးလိုက်သလိုပါပဲ... နဲနဲ အတ္တများသွားတယ်... အခုတော့ ရော့သွားပါပြီ။ တန်ခူးတို့ မိသားစုလဲ နှစ်သစ်မှာ ကြည်လင် ချမ်းမြေ့ကြပါစေ...။

    ကိုမှုး... ဟီးဟီး.. အခုတော့ ဘာမှ မလုပ်ချင်တော့ပါဘူး။ ဟိုနေ့က ကိုယ့်ကိုယ်ကိုယ် စိတ်တိုနေလို့ပါ...။

    မသိင်္ဂီရေ… သိပ်မှန်တာပဲ။
    မသိင်္ဂီပြောတာနဲ့ တကယ်ကို ကွက်တိပါပဲ…။ သေသေချာချာခံစားပြီး နားလည်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ စေတနာ မေတ္တာတွေကြောင့် အခုတော့ ဆူးတွေလဲ မရှိတော့ပါဘူး။ နှစ်သစ်မှာ ကြည်လင် ချမ်းမြေ့ပါစေ...။

    ကလူသစ်… အေးတယ်ဗျို့…
    အေးတယ်.. အေးတယ်…။ ရေလာလောင်းတာ ကျေးဇူးပါ။ TZA က လူသစ်နဲ့ နှစ်သစ်ကို ကြိုရမယ်ဆိုလို့ ကလူသစ်ကို လိုက်ရှာနေတာ… တွေ့ပြီ.. တွေ့ပြီ… သူပဲ… သူပဲ… ဟားဟားဟား…

    ဆွီတီ… အင်း ဂလောက်ကြီးလဲ အထင်မကြီးပါနဲ့ သူငယ်ချင်းရယ်…။ ကိုယ်လဲ သူလိုကိုယ်လို သာမန်လူ တယောက်ပါပဲ…။ ဒါကြောင့်သာ ဆူးတွေ ရောက် ရောက်လာတယ်လို့ ခံစား နာကျင်နေတာပေါ့…။ အခုတော့ ကောင်းသွားပါပြီလေ…။ သူငယ်ချင်းတို့ မိသားစုလေးလဲ နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေနော်…။

    ချစ်ပေါက်… စဉ်းစားစရာတွေ စိတ်ညစ်စရာတွေ ပြောမိတာ ဆောရီးပါ ပေါက်ရေ…။ ဘဝ ဆိုတာမျိုးကတော့ တခါတခါမှာ လိုချင်တာနဲ့ ကိုယ့်မှာရှိတာ တထပ်ထဲ မကျတတ်ပါဘူး။ သို့သော်လည်း ယောနိသော မနသီကာရ ဆိုသလို အရာရာကို အသင့်အတင့် နှလုံးသွင်း ဆင်ခြင်နိုင်မယ်ဆိုရင် အများကြီး နေပျော်ပါတယ်။ ဒါတွေကို သိသိကြီးနဲ့ အတ္တတရားတွေ ရှေ့တန်းတင်ပြီး ရေးမိတဲ့ ပိုစ့် အတွက် နောင်တတောင် ရနေမိပါတယ်...။

    အမှန်မြင်အောင် အားပေးသွားကြတဲ့ သူငယ်ချင်း အားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်..။

    ReplyDelete
  17. မမသက်ဝေရေ..စိတ်ညစ်တာတွေ ပျောက်သွားအောင် ရေလာလောင်းတယ်.. ဟဲဟဲ.. ပုန်းမနေနဲ့နော်.. ဗွမ်း.. :D

    မမရေ.. နောက်မှ စာလာဖတ်တော့မယ်.. ရုံးမှာမို့ cbox က မမြင်ရလို့ comment ပဲရေးခဲ့ရတာ.. ပို့စ်နဲ့ မဆိုင်တာမို့ sorry ပါနော် အမ.. :)

    ReplyDelete
  18. မမသက်ဝေ ဘ၀က အေးချမ်းတယ်နော်.. သိပ်ပြီး အပူအပင်မရှိတာ ကောင်းတာပေါ့ အမရယ်.. ကျွန်တော်လည်း အတူတူပါပဲ.. ၀ါသနာပါတာနဲ့ လုပ်ရတာတွေက တခြားစီပဲ.. အရင်တုန်းကတော့ ကျောင်းစာက ပိုအရေးကြီးတယ်ဆိုပြီး ကျောင်းစာပဲ လုပ်ခဲ့ရတာ.. မမလည်း အိမ်တွင်းမှုသင်တန်း တက်ခဲ့ဖူးတယ်ပေါ့နော်.. :)

    ReplyDelete
  19. တခါတခါ ဘာရယ်မဟုတ် အဲ့လိုပဲ ညစ်တယ် သက်ဝေရ...ဘလော့ပေါ် အန်ချ (စကားလုံးကတော့ နည်းနည်း ညစ်တယ်။ ရင်ဖွင့်လို့ သုံးရင်တော့ ညင်သာသပေါ့လေ) လိုက်ရရင် သက်သာ သွားတယ်။ (ဘယ်တော့မှ ပြန်မလာအောင် ပျောက်သွားမျိုးတော့ မဖြစ်နိုင်ဘူးပေါ့လေ)။ ဘာပဲဖြစ်ဖြစ် ဘ၀ဆိုတာကြီးထဲပဲ ထိုးထည့်လိုက်တော့မယ်ကွာ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...