တရက်တွင် အိမ်ဝယ်ချင်သော မိတ်ဆွေတယောက်က အကူအညီတောင်းသဖြင့် သူ့ကို ကိုယ့် Agent နှင့် တွေ့ပေးမည်ဟု ကတိပေးခဲ့ပါသည်။ ကိုယ်က လူတွေကို ကြုံရင် ကြုံသလို သိပ်ကူညီချင်သူတယောက် မဟုတ်လား။ ဒီကိစ္စမှာလဲ ကိုယ် သူတို့နှစ်ယောက်ကို တွေ့ပေးလိုက်လျှင် သူလဲ အိမ်ဝယ်ဖို့ အဆင်ပြေ၊ ကိုယ့် Agent လဲ အကျိုးရှိ… ဘယ်လောက် ကောင်းသလဲ…။ ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်လို့...။
သည်လိုနှင့် တခုသော ညနေခင်းမှာ သူ့ကို Agent ဆီ ခေါ်သွားခဲ့ပါသည်။ သူတို့ချင်း တွေ့ဆုံ မိတ်ဆက်ပေးပြီး ကိုယ့်အကြံက ယူလာသော စာအုပ်တအုပ်နှင့် ခပ်လှမ်းလှမ်းမှာ စာဖတ်နေမည် ပေါ့လေ။ သို့သော်လည်း နေရာ အနေအထားက မနီးမဝေးမို့ နားမစွင့်သော်လည်း အားလုံးကြားနေရပါသည်။ သူတို့သည် ကုန်ကျနိုင်မည့် ငွေကြေး ပမာဏများကို ဦးစွာ တွက်ချက်ကြပါသည်။ ထို့နောက်တွင် မည်သည့် နေရာဒေသ (Location) ကို ကြည့်မည်နည်း ဟု ဆွေးနွေးကြပါသည်။ သူက သူနှစ်သက်သော၊ သူ့အလုပ်နှင့်လဲ နီးသော နေရာတခုကို ရွေးချယ်ပါသည်။ အားလုံး အဆင်ပြေပြေ…။ သို့သော် မိတ်ဆွေက သူအလိုရှိသော အထပ် (Level) အကြောင်းပြောလေသောအခါ….။ ဒုက္ခက အဲဒီမှာ စ တွေ့တော့သည်။ ကိုယ်လဲ လက်က စာအုပ်တခြား ကိုယ်တခြား ဖြစ်သွားရပါသည်။
သူက အိမ်ခန်းကို အထပ် မြင့်မြင့်မှာသာ ဝယ်လိုပါသည် တဲ့…။
အထပ်နိမ့်များ ဖြစ်ကြသော နှစ်ထပ်၊ သုံးထပ်၊ လေးထပ် နှင့် ငါးထပ် တို့ကို ထည့်သွင်း စဉ်းစားလိုခြင်းမရှိပါ ဟု ပြောပါသည်။ အလွန် ယေဘူယျကျသော၊ လူတိုင်းလိုလို တွေးတတ်ကြသော အတွေးဖြစ်သောကြောင့် စိုးစဉ်းမျှ ကန့်ကွက်စရာမရှိပါ။ သို့သော် ခြောက်ထပ်သို့ ရောက်သောအခါ ခြောက်ခြောက်သွေ့သွေ့ ဖြစ်မည်စိုး၍ အလိုမရှိပါ ဟု ဆိုပါသည်…။ အိုကေ… ခုနှစ်ထပ် ရှစ်ထပ် နှင့် ကိုးထပ်… ထိုအထပ်များကိုတော့ဖြင့် ထည့်သွင်း စဉ်းစားနိုင်သည် ဟု ဆိုပါသည်။ ပုံစံက သိပ်တော့ နှစ်နှစ်သက်သက်ကြီး မဟုတ်လှ။ ထိုအထဲတွင်မှ ရှစ်ဂဏန်းက သူနှင့် သိပ် အကျိုးမပေးတတ်ဟု ဗေဒင်က ဟောထားသောကြောင့် ဖြစ်နိုင်လျှင် ရှစ်ထပ်ကို ရှောင်ချင်ပါသည် တဲ့…။
သည်လိုနှင့် ဆယ်ထပ်ကို ရောက်လာပါသည်။ တဆယ်ဂဏန်းကို အလိုလိုနေရင်း မကြိုက်သောကြောင့် ပယ်ပါသည်တဲ့…။ ဆယ့်တစ်ထပ် ကျတော့ လုပ်ငန်းဆောင်တာတွေမှာ မချောမွေ့ပဲ ဆက်ကာ ဆက်ကာ တစ်နေမှာ စိုးသောကြောင့် မလိုချင်ပါ တဲ့။ ဆယ့်နှစ်ထပ် ကတော့ ဂဏန်းကိုတော့ ဖြင့် နှစ်သက်ပါသည် သို့သော် တခါတခါမှာ ဆက်နစ် နေမှာစိုးသဖြင့် ပယ်ပါသည်တဲ့…။
ဘုရားရေ… သူ့ရဲ့ အကြောင်းပြချက်တွေနှင့် အယူအဆတွေကြောင့် ကိုယ် သူ့ကို တခါမှ မမြင်ဘူးသူတယောက်လို အံ့သြတကြီး ကြည့်နေမိရာမှ ဖျတ်ကနဲ သတိရ၍ ကိုယ့် Agent မျက်နှာကို လှမ်းကြည့်လိုက်သောအခါ စိတ်ကို အတော်လေး ရှည်လျားအောင် ကြိုးစား ဆွဲဆန့်ထားရသူ တယောက်လို ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။ တကယ်တော့ ထို Agent သည် အလွန်စိတ်ရှည်ပြီး အလွန် သဘောကောင်းသော သူတယောက် ဖြစ်ပါသည်။ ထားတော့…။
ကဲ… သည်လိုဖြင့်ရင်တော့ ဆယ့်သုံးထပ် ကျတော့ရော ဆိုတော့… လား လား… သူက ဆယ့်သုံးဂဏန်းသည် အင်္ဂလိပ်လို Thirteen မို့ မကောင်းပါသဖြင့် ပယ်ပါသည် တဲ့…။ (ဒီတခါမှာတော့ ဆယ့်သုံး ဆိုသည်မှာ ဆက်သုံးလို့ ရသည် ဟု အဓိပ္ပါယ် မကောက်တော့ပါလား… ထူးဆန်းပေစွ)။ သည်လိုနှင့် ရှေ့ဆက်ပြောကြသော အခါ ဆယ့်လေး ကျတော့ ဆက်၍ ဆက်၍ လေးနေမည်တဲ့…။ တဆယ့်ငါးထပ် ဆိုလျှင်တော့ဖြင့် ယူလို့ရသည်တဲ့။ တဆယ့်ခြောက်ကတော့ ဆက်လက် ခြောက်သွေ့မည် စိုးသောကြောင့် ပယ်ပါသတဲ့။ ထို အထပ်မှာနေရင် ယောင်္ကျားတွေ အခြောက်ဖြစ်မှာ ကြောက်လို့ လို့ မပြောတာ တော်သေးတာပေါ့ ဟု စိတ်ထဲမှ ချဉ်တူးစွာ တွေးလိုက်မိသေးသည်။ တဆယ့်ခွန်၊ တဆယ့်ရှစ်၊ တဆယ့်ကိုး တွေကတော့ အေးဆေးပါ၊ အိုကေတယ် ဟု ပြောလာပါသည်။
သူ့စကားများအဆုံးတွင် Agent က ပုံမှန် HDB (အစိုးရ အိမ်ခန်းများ) အခန်းများမှာ အများအားဖြင့် ဆယ့်တစ်ထပ်၊ ဆယ့်နှစ်ထပ် သည် အမြင့်ဆုံး ဖြစ်ပါသည်၊ ယခု နောက်ပိုင်း ဆောက်လုပ်သော မြို့နှင့် ခပ်လှမ်းလှမ်းမှ တိုက်ခန်းများတွင်သာ အထပ် နှစ်ဆယ်၊ အစိတ်ရှိနိုင်ပါသည်။ မိတ်ဆွေလိုချင်သော နေရာတွင် ထိုသို့သော အထပ်မြင့်မြင့်များ မရှိနိုင်ပါ ဟု အတိအကျ ပြောလိုက်ပါသည်။
နောက်ဆုံးမှာတော့ နှစ်နာရီကျော်ကြာ တွေ့ဆုံခန်းတခု မသေချာ မရေရာစွာဖြင့် ပြီးဆုံးခဲ့ပါသည်။ ကိုယ့် Agent ကို ခပ်မြန်မြန် နှုတ်ဆက်ပြီး ကိုယ်တိုင်က စိတ်တွေ တော်တော် အချဉ်ပေါက်နေသော်လည်း ပို့မယ့်ပို့ ကူးတို့ ရောက်အောင်ပို့ ဆိုသလို သူ့ကို အိမ်တိုင်ရာရောက် လိုက်ပို့ကာ ကိုယ် အိမ်သို့ ပြန်ခဲ့ပါသည်။ သူနှင့်အတူ ပြန်လာရာ လမ်းတလျှောက်တွင်လည်း “ဒီလောက်တောင် အယူသည်းနေမှတော့ စင်ကာပူမှာလဲ မနေသင့်တော့ပြီ၊ အစစအရာရာ စီကာ စဉ်ကာ ပူရတတ်သောကြောင့် စင်ကာပူ ဟု ခေါ်ကြောင်း မသိလေသလော” ဟု ပြောချလိုက်ချင်စိတ်နှင့်အတူ ပါးစပ်ဖျားမှ စကားလုံး ခပ်ဆိုဆိုးများကိုလဲ မသင့်တော်ဘူးလေ… မပြောသင့်ဘူးလေ… ဟု အကြိမ်ကြိမ် မျိုချ နှိပ်ကွပ်ခဲ့ရပါသည်။
အိမ်ပေါက်ဝရောက်သောအခါ ကိုယ့်ကို အမျိုးသားက ရယ်ချင်စိတ်ကို အတင်း ထိန်းချုပ် ထားရသော မျက်နှာမျိုးဖြင့် အိမ်တံခါး လာဖွင့်ပေးပါသည်။ ကိုယ် သိလိုက်ပါပြီ၊ နှစ်ကြိမ်ထပ် စဉ်းစားစရာလဲ မလိုပါ။ သူနှင့်ရော ကိုယ်နှင့်ပါ နှစ်ယောက်စလုံးနှင့် အလွန် ရင်းနှီးသော Agent က ကိုယ် အိမ်ပြန်မရောက်ခင် သူ့ဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောထားနှင့်ပြီးသား ဖြစ်ပါလိမ့်မည်။ သူ၏ ရယ်ချင်စိတ်ကို အလွန်အမင်း ထိန်းသိမ်းထားရသော မျက်နှာထား နှင့်အတူ လူမှုရေးတွေ၊ သူတပါး ဝေယျာဝစ္စတွေ အားကြိုးမန်တက် ကူညီ လုပ်ကိုင်လေတိုင်း ကိုယ့်ကို ခေါ်နေကျ “A To Z အထွေထွေ အကျိုးတော်ဆောင်ကြီး... ဘယ့်နှယ့်ရှိစ..." ဟူသော စကားကို ကြားရသောအခါ ကိုယ့်ဒေါသတွေသည် ဟိုး အထွတ်အထိပ်သို့ မြင့်တက်လာကာ သူ့ကို ကိုယ်ထိလက်ရောက် တခု တခု ပြန်မလုပ်မိခင်မှာ ချက်ချင်း ကွန်ပျူတာသွားဖွင့်ပြီး ဤပိုစ့်ကို ခပ်မြန်မြန် ချရေးလိုက်မိပါတော့သည်။

အမသက်ဝေရေ... အဲလောက် အယူသည်းတဲ့လူမတွေ့ဖူးဘူး.. လွန်တယ်နော်...
ReplyDeleteရထားစီး၊ ဘတ်စ်စကားစီးရင်တောင် နံပါတ်ကြည့်ပြီ မကြိုက်ဘူးဆို မစီးပဲနေမယ်ထင်တယ်နော်... :P
အယူသည်းတဲ့အကြောင်းရေးဖို့ ကုန်ကြမ်းတွေစုနေတာ... အမရေးလိုက်တော့ ရှိသလောက်နဲ့ပဲ ရေးတော့မယ်.. ဟီး...
အမရော ဘယ်နှစ်ထပ်မှာနေတာလဲ... :D
သူ့အယူတွေ တစ်ခါမှကို စဉ်းတောင်မစဉ်းစားမိဘူး...။ 13 ဆို unlucky လောက်ပဲသိတာ ။
ReplyDeleteအိုး....မမသက်ဝေရေ..အိမ်အထိများ ရောက်အောင် ပြန်ပို့ပေးသေးလား... ရှိသေးတယ်နော်..ဒီလိုလူမျိုးတွေ ..မမသက်ဝေနောက်ဆုံးပြောချင်တဲ့ စကားလုံးကို နောင့် သာဆိုရင်တော့ ပြောမိပါပဲ...း)
ReplyDeleteဒီလောက်တောင် အယူသည်းနေမှတော့ စင်ကာပူမှာလဲ မနေသင့်တော့ပြီ၊ အစစအရာရာ စီကာ စဉ်ကာ ပူရတတ်သောကြောင့် စင်ကာပူ ဟု ခေါ်ကြောင်း မသိလေသလော”
ReplyDeleteအမ ဘယ်သူလဲပြော..သွားပြောပေးမယ်..ဘယ်နဲ့တော်
လွန်တာ့..
စလုံးမှာမနေနဲ့လို့သာပြောလိုက်ပီးတော့လဲ အထပ်မြင့်နေ မနေနဲ့လို့ ပြောလိုက်ပါအမရယ်..
ဆိုးပ
တွေ့ မတွေ့ဘူးပေါင်.. တွေ့လို့ကလဲ အမလို သည်းခံနေမှာမဟုတ်ဘူးးး ထိုင် ..ရွတ်နေတော့မှာ..သူပြောချင်သမျှ ကန့်လန့်ပဲ လုပ်မိမှာ..
မသက်ဝေရေးတာ
ReplyDeleteအတော်ဖတ်လို့ကောင်းတာပဲသိတယ်။
ဆရာမ ဂျူးရဲ့ အသံတွေကို ကြားရသလိုပဲ။
အင်း. ခက်တယ်..ခက်တယ်
ReplyDeleteအမသက်ဝေ စလုံးမှာ stess များပြီး အဲလို ဂေါက်တွေ အများကြီးရှိပါတယ်။
ReplyDeleteကြည့်ရှောင်ပေါ့။
စကတည်းက လုံးပမ်းနေရတာမို့ စလုံးမှာ မနေဖို့ အကြံပေးလိုက်ပါ။ ဒါမှမဟုတ်ရင် HDB ဆိုတာ Highly Dangerous Building မို့ ကွန်ဒိုမီနီယံသာ ဝယ်သင့်ကြောင်း အချွန်နဲ့ မလိုက်ပါ။ :D
ReplyDeleteအသိတစ်ယောက်ကတော့ အထူးအဆန်း ဟိုးအပေါ်ဆုံးထပ်မှာပဲ ၀ယ်တယ်။ ဈေးချိုလို့မဟုတ်ဘူး။ သူ့အထက်မှာ လူနေရင် ဘုန်းမနိမ့်မှာစိုးလို့တဲ့။
ReplyDeletemm
ဘုန်းနိမ့်နေမှာစိုးလို့လို့ရေးတာ
ReplyDeletemm
A to Z ဆီ မေးစမ်းပြီး ရောက်အောင်ကို လာခဲ့ဦးမယ်
ReplyDeleteအင်း... အယူသည်းတာတော့မဟုတ်။ အထပ်နိမ့်ပြီး တိုက်သက်တမ်းကြာမြင့်ရင် မီးဖိုပိုက်နှင့် အီးပိုက်များ စိမ့်ယိုပေါက်ကျတတ်သည်မှာ ဓမ္မတာ။
ReplyDeleteကျနော်တို့ ကလီမင့်တီးတွင် ငှားနေစဉ်က (၂၃ နှစ်သက်တမ်းရှိအိမ်တွင်) မီးဖိုပိုက် ယိုစိမ့်သဖြင့် အိမ်ရှင်က အလူမိနီယံ ဖွိုင်များဖြင့် လာလာပတ်ပေးရသည်။
နောက်တအိမ်သို့ပြောင်းသောအခါ မီးဖိုပိုက်မပေါက်သော်လည်း အိမ်သာပိုက်သည် ပိုက်အကွေးနေရာမှ ရေစိမ့်သည်။ ထိုင်လိုက်လျှင် ခေါင်းနှင့် တည့်တည့်နေရာဖြစ်သည်။ ဖြောင့်ဖြောင့်တန်းတန်း မထိုင်နိုင်ဘဲ သီးလာသော ရေစက်၏ အခြေအနေကို စဉ်ဆက်မပြတ် အကဲခတ်နေရသည်။ ထိုအိမ်တွင်မူ ကြာကြာမနေနိုင်ဘဲ အမြန်ပြောင်းပြေးရသည်။
အိမ်ရှင်များ၏ အဆိုအရ ပိုက်အသစ်လဲတပ်မည်ဆိုက HDB သို့ လျှောက်လွှာတင်ကာ ခွင့်ပြုမှ ပြောင်းလဲခွင့်ရှိသည်ဆို၏။ သို့သော် လွယ်လွယ်ကူကူကားမဟုတ်။ အထပ်တိုင်းကို အကြောင်းကြားရသည်ဆို၏။
အထပ်မြင့်လျှင် ထိုကိစ္စကို သိပ်စိတ်ပူရန်မလိုပါ။
၁၃ဆိုတော့ ဆက်သုံးရမယ်ယူရမှာလား... အစ်မ... ၁၃ထပ်မှာ နေပါ၏
ReplyDeleteး-)
အဲဒါ ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား မမရေ
ReplyDeleteမမရေ... အဲဒီလို လူမျိုး ရှိသေးတယ်နော်.. အမရေးထားတာ ဖတ်ရင်း ရီလည်း ရီချင်တယ်.. နောက်ပြီး ဘယ်လိုအခန်းမျိုး ၀ယ်ဖြစ်မလဲဆိုတာလည်း သိချင်တယ်.. စပ်စုတာ.. အဟိ.. :D
ReplyDeleteအကြောင်းအရာက..အတော် စိတ်ဝင်စားစရာ ကောင်းနေ..ပြုံးချင်စရာ ဖြစ်နေပေမဲ့..ကျမကတော့..မသက်ဝေ ရဲ့ အရေးအသားကို ပိုသဘောကျသွားတယ်။
ReplyDeleteး))
အစ်မ...
ReplyDeleteမဂ္ဂဇင်းပို့ပါလား။
ဖတ်လို့ ကောင်းတယ်။
အစ်မ ရေးတာတွေ လက်တော်တော်တက်လာတယ်ဗျ...။
ဟားဟားဟား
ReplyDeleteအရမ်းသဘောကျသွားပြီ။ ဈေးဝယ်သူရဲ့ အခွင့်အရေးကို အပြည့်အ၀ထက် ပိုအသုံးချသွားတာပဲ။
သူမို့ပဲ တွေးတတ်ပလေတယ်။
Agent နဲ့ မမ မျက်နှာမြင်ယောင်ပြီး တခိခိ ရီနေရတယ်။
ဒီလက်ခုပ်ကတော့ တစ်ယောက်တည်း လက်နှစ်ဖက်နဲ့တီးတာပဲ လို့ကောက်ချချမိတယ်ခင်ဗျ :P
ReplyDeleteဟီးဟီ..
ReplyDeleteဒီမှာတော့ ၄ထပ်ဆို သိပ်ဈေးမရဘူး..
တရုတ်လို ၄ ဂဏန်းက မကောင်းဘူးလေ..
ကျနော့သူဌေးကတော့ စာရင်းတွက်ရင်..
ဧည့်သည်အရေအတွက်ကို..
၁
၂
၃
၅
၆....
တဲ့..ဟီးဟိ
ဒါတောင် အထပ်ကိုပဲ အယူသည်းနေတာ။ လိုချင်တဲ့ အထပ် ရရင်လည်း မျက်နှာစာ အဖွင့်တွေ၊ နဂါးခေါင်း အလှည့်တွေ၊ ဖုန်းရွှေတွေ ပါလာအုံးမယ် ထင်တယ်။
ReplyDeleteလွန်လွန်းလှပါတယ်အေ လို့ပဲ ပြောရပြီပေါ့ဗျာ။ အဟား...
အစ်မပြောမှပဲ စင်ကာပူ ဆိုတဲ့ နာမည်ကို စဉ်းစားမိတယ်။ အယူသည်းလွန်းတာတော့ မကောင်းပါဘူး။
ReplyDeleteBtw,
ReplyDeleteJus curious...
Why Agent talk to your husband for this particular case as Complaint & Fun..?
It shouldn't do as a Agent..
It's not Fun...even though buyer got his/her own point..as reasons..whatever..
Hey..
ReplyDeleteIt's your frind that you think you are helping..
But you are complaining and gossiping to the whole world about her/ him..
It's your trustable Agent that you are recommending him/her ..
But He don't keep confidential to his biz informations to his client and Making funny / complaint to other people..
All adult comments here are supporting this gossip and making funny to other' people business..
Wow...
I can't believe that all people attitude are spoiling...
အမ...
ReplyDeleteအမရေးတာ အရမ်းကောင်းတယ်...
ဒါမှ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ မလိုအပ်တဲ့ အယူသည်းမှုတွေကို သိပြီး ဆင်ခြင်နိုင်ကြမှာပေါ့...
ဒါနဲ့ စကားမစပ်...
အပေါ်က အမည်မဖေါ်လိုသူက တမျိုးပဲနော်...
သူ မနှစ်သက်တာကို တခေါက်ပြီးတခေါက် လာဖတ်ပြီး မကျေမချမ်းတွေ ဖြစ်လို့ပါလား...
ညီမသာဆိုရင် ကိုယ်မကြိုက်တာတွေ ရေးထားရင် သွားကို ဖတ်မှာမဟုတ်.... :-P
သူ့ လို အေးဂျင့်ကို ဂျီးများကြည့်ရင် ကောင်းမယ်..ဟိဟိ..
ReplyDeleteမီချစ် ကတော့ ဘာအယူမှ မရှိပါ..
မီးချစ် အမေ လဲ အေ တူ ဇက် အကျိုးတော်ဆောင်ပဲ..း))
ဆောရီးအမရေ...
ReplyDeleteရေးချင်ဇောနဲ့ G Mail ကို Sign in လုပ်ဖို့ မေ့သွားတယ်။
ညီမ က ခိုင်ဇာပါ။
khaingzar75@gmail.com ပါ။
အမရဲ့ အမြဲတမ်း စာဖတ် ပရိတ်သတ်တယောက်ပါ။
အခုမှသာ Comment ဝင်ရေးဖြစ်တာ။
Beautiful...post,
ReplyDeleteU get it :)
Ohh ..wait, let me chk my cmnt number..
.....
aww ..28..ok :)
Thanks
..."khaingzar75@gmail.com ပါ။.."
ReplyDeleteI think you are just a Stupid Girl..?
Try to grow up...for your sake....
အဲဒီတယောက် ငယ်ငယ်တုန်းက ဂဏန်းတွေအပေါ် အဓိပ္ပာယ်ကောက်တမ်းကစားတာကနေ မထွက်နိုင်သေးဘူးထင်ရဲ့..နေစရာနေရာတောင်မရှိတော့ဘူးးရယ်.. သူများတွေလို ကံကောင်း ကံဆိုး ဂဏန်းနှစ်ခုလောက် ကိုင်ထားရင်တော်သေး။ အဲဒါတွေက ဥပါဒါန်ကြောင့် ဥပဒ်ရောက်တတ်တာ..သူ့အစား ပင်ပန်းလိုက်တာ.. သက်ဝေလည်း အို..အသင်လောက..ဆိုပြီး ဖာတလုံးခေါင်းကျားလို ဟစ်ကြွေးလိုက်ပေါ့...ဟဲဟဲ
ReplyDeleteမသက်ဝေရေ ရုံးမှာကတည်းကဖတ်ပြီးသား ကော်မန့်ရေးမရလို့ အိမ်ပြန်ရောက်မှရေးရတာ။ အဲ့ဒီလောက်တောင် အယူသည်းတာ ဒွတ်ခပဲ။ ကြောင်မဲကြီးတွေ့ရင် လာဘ်မကောင်းဘူးတို့ လှေကားအောက် မလျှောက်ကောင်းဘူးတို့ ဆိုတာတွေလည်း ရှိသေးတယ်။ အမနံမည် နောက်တမျိုး သိသွားပြီ အေတူဇက် အကျိုးဆောင် ဟီးဟီး
ReplyDeleteအော် ဒီလိုလူတွေလဲ ရှိသလားဗျာ..တော်ရုံဆို တော်သေးသဗျ....လွန်လွန်းးပါတယ်ဗျာ....
ReplyDeleteသက်ဝေရေ… အရေးအသားလေးက ညက်လိုက်တာ… နောက်ဆုံးနိဂုံးလေးက ချစ်စရာ… အဲဒီလို အမှတ်တမဲ့ အကြောင်းအရာလေးကို အမှတ်ထင်ထင် စိတ်ဝင်စားဖွယ်ရေးတတ်တာ သက်ဝေရဲ့ အနုပညာပါပဲ… သက်ဝေရေ.. စပ်စုတတ်တဲ့ ကိုယ့်အကျင့်အတိုင်း ဘယ်သူများဖြစ်မလဲလို့  စဉ်းစားကြည့်မိနေသေးတယ်...
ReplyDelete