Monday, August 31, 2009

ဒီက စပြီး ရှေ့ကိုဆို...

ကိုယ့်စိတ်ကပဲ ထင်နေလို့လား၊ ကိုယ်တိုင်ကပဲ အရာတော်တော်များများကို ငြီးငွေ့နေလို့လား၊ လူက နေသိပ်မကောင်းလို့ပဲလား မသိဘူး… အခုတလော ကိုယ်အပါအဝင် ကိုယ့်အနီးအနားက လူတွေကို ကြည့်ရတာ အကုန်လုံး နေ့စဉ်ဘဝတွေမှာ ငြီးငွေ့နေကြသလိုပဲ ခံစားရပါတယ်။ ဘလော့ဂ်တွေမှာလဲ ရေးထားတဲ့ အကြောင်းအရာတွေကလဲ Virtual World ထဲကနေ အပြင်လောကကို ရုန်းထွက်နိုင်ကြဖို့ တို့၊ အချိန်ရှိသ၍ ကွန်ပျူတာရှေ့မှာ မျက်နှာအပ်ထားကြမယ့်အစား လက်ချင်းအတူတူတွဲလို့ လမ်းလျှောက်ထွက်ကြဖို့ တို့၊ အဲ… လူအဖြစ်ကို ငြီးငွေ့နေပြီ ဆိုသူတောင် ပါလိုက်သေး...။

ကိုယ်တိုင်ကလဲ အဲဒီ Virtual World ထဲမှာ အချိန်ပေးတာတွေများပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ဖို့ အချိန်တန်ပြီလို့ ယူဆမိတဲ့အချိန်… ဘာတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ ဆုံးဖြတ်မှ ဖြစ်တော့မယ်ဆိုတဲ့ အချိန်… ဒီအချိန်မှာ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ပြန်တွေးကြည့်နေမိတယ်…။

ကိုယ့်မှာ ကိုယ် အလွန်ချစ်ခင်စုံမက်ရတဲ့ ဘလော့ဂ်လေး တခုရှိတယ်…။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မကင်းကွာစေဖို့ လူတိုင်းနည်းတူ ခေတ်မှီစေဖို့ မျက်နှာစာအုပ် နှစ်ခုရှိတယ်။ အဲဒီ မျက်နှာစာအုပ်ထဲမှာမှ ကိုယ်မလာရင် ပျင်းပျင်းလေးနဲ့ ကိုယ့်ကို မျှော်နေတတ်တဲ့ မျက်လုံးတောက်တောက် ဆံပင်ဖွာဖွာနဲ့ ချစ်စရာ Pet ကလေးတကောင် ရှိတယ်။ သစ်ပင်ပန်းပင်တွေ စိုပြေလန်းဆန်း ဝေဝေဆာဆာ သီးပွင့်နေတဲ့… နွား၊ မြင်း၊ ဝက်၊ ဆိတ်၊ ဘဲ ၊ ကြက်… အစရှိတဲ့ အကောင်လေးတွေ အော်ဟစ်မြည်ကြွေးနေတဲ့ ခြံကလေး တကွက်ရှိတယ်…။

အဲဒါတွေ အားလုံးထဲမှာ ဘလော့ဂ်လေးကတော့ ကိုယ် အမြတ်နိုးဆုံး အရာတခုလို့ ပြောရမှာပါ… သူက သိပ်လိမ်မာတယ်လေ၊ ကိုယ်မလာရင်လဲ သူ့ဟာသူပဲ တိတ်တိတ်လေး နေတတ်တယ်…။ ကိုယ့်ကို ရန်မလုပ်တတ်ဖူး၊ သူငယ်ချင်း မိတ်ဆွေလေးတွေ လာလည်ကြ၊ နှုတ်ဆက် စကားပြောသွားကြရင် သူက ကျေနပ်နေတာပဲလေ…။ ကိုယ့်ကို ဆန္ဒမပြတတ်ဖူး ဆိုပါတော့…။

မျက်နှာစာအုပ် နှစ်ခုကတော့ ကိုယ်နဲနဲ လှုပ်ရှားလိုက်ရင် သူကလဲ ပြန်လှုပ်ရှားတတ်တယ်။ ကိုယ်ငြိမ်နေရင်လဲ သူက အေးအေးဆေးဆေးပဲ နေတတ်တယ်ပေါ့။ သူ့ကို ကြည့်ရုံပဲကြည့်… သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး အသုံးချရင် အသုံးချသလိုနေမယ့်.. တနည်းအားဖြင့်တော့ ကိုယ်ထားသလိုနေမယ့် အရာတခုလို့ ဆိုနိုင်ပါတယ်…။ ကိုယ့်အပေါ်မှာပဲ မူတည်နေတယ်…။

အဲ... တကယ့် ပြဿနာက အခုမှ စတယ်…။
ကိုယ် မျက်နှာစာအုပ်ပေါ်မှာ မွေးထားတဲ့ အကောင်လေး တကောင်ရှိတယ်လေ...။ တခါက သူ့အကြောင်း ပိုစ့်တောင် ရေးဖူးပါသေးရော…။ သူလေးကတော့ နဲနဲပညာပြတတ်လေတယ်။ သူ့အနားမရောက်တာကြာရင် ညစ်ပတ်နေပြီ၊ ရေချိုးပေးအုံး ဆိုတာက တမျိုး၊ ပျင်းနေပြီ၊ ဘောလုံး ဆော့ပေးပါအုံး ဆိုတာက တသွယ်… ဗိုက်ဆာနေပြီ မုန့်ကျွေးပါအုံး ဆိုတာက တဖုံ… သနားစရာ ချစ်စရာ မချစ်ပဲ မနေနိုင်လောက်အောင် ဆိုးတတ်တယ်။ ဒီလိုနဲ့ပဲ သံယောဇဉ်တွေ တွယ်တာနေတာလေ။ ဘာမှမဟုတ်တဲ့ Virtual World ထဲက Petကလေး တကောင်ကို ဒီလောက်တွယ်တာနေတာ ကိုယ်များ တခုခု လွဲမှားနေလေရော့သလားလို့ ဆိုရအောင်ကလဲ ကိုယ့်လို အကောင်လေးတွေ မွေးထားတဲ့သူတွေက ကိုယ့်ရဲ့ သူငယ်ချင်း စာရင်း ထဲမှာ တသီတတန်းကြီး…။

နောက် ဆတ်ဆတ်ဆော့ဆော့ လုပ်မိတဲ့အရာတခုကတော့ FarmVille ပါ။ အမှန်ကတော့ တော်တော်လေးကို ပျော်စရာကောင်းတာနော…။ အဟုတ်... အဟုတ်... အကောင်လေးတွေမွေး အပင်လေးတွေစိုက်၊ သီးပွင့်လာရင် ရိတ်သိမ်း ရောင်းဝယ် ဖေါက်ကား၊ တိုးချဲ့…။ တော်တော်လေး အကုသိုလ် ကင်းတဲ့အလုပ်တခုလို့ သူငယ်ချင်းတယောက်က တွေးတွေးဆဆလေး ပြောလာပြန်တယ်။ ဟုတ်တော့ ဟုတ်တယ်။ အဲဒါကို သွားစ လိုက်မိလေတော့ ကိုယ်လဲ အဲဒီအထဲမှာ လုံးလုံးလျားလျား နစ်မြော ပျော်ဝင်သွားတယ်ပေါ့…။ ကိုယ် အားမယ့်အချိန်နဲ့ အသီးအပွင့် သီးပွင့်လာမယ့် အချိန်နဲ့ တွက်ပြီး စိုက်စရာ အပင်လေးတွေရွေး၊ ဘယ်ဟာကိုစိုက်ရင် အမြတ်များများ ကျန်နိုင်ပါ့မလဲ တွက်ချက်… ကိုယ့်ရဲ့ ခြံကလေးကို အလှအပ ပြင်ဆင်…။ စိုက်ခင်းလေးတွေကို ညီညီညာညာ စီတန်းပြီး စိုက်ပျိုး… စိတ်ချမ်းသာစရာ ကောင်းတာတော့ အမှန်ပါပဲ…။ သူများတွေစိုက်ခင်းမှာ ဘာပင်တွေများ စိုက်ပျိုးထားကြသလဲ… ဘယ်သူကတော့ဖြင့် လယ်ထွန်စက်တောင် ဝယ်ပြီးသွားပြီ… လက်မှုလယ်ယာကနေ စက်မှုလယ်ယာခေတ်ကို တိုးတက် ပြောင်းလဲရအောင် ကိုယ်လဲ ထွန်စက် ဝယ်အုံးမှ… ဒီလိုတွေ တွေးတော တွက်ချက် ကြံစည်ရင်း အချိန်တွေကတော့ ဘာကုန်သလဲ မမေးပါနဲ့…။ မနေ့ညက သူငယ်ချင်းတယောက်နဲ့ လမ်းမှာတွေ့တော့ သူက ဘယ်လိုနှုတ်ဆက်တယ် ထင်သလဲ... "အော... လယ်ထဲက တက်လာပြီလား" တဲ့... (ရှက်ထှာ...) ဘယ်အရာမဆို စူးစမ်းချင်စိတ်နဲ့ ထီကနဲဆို သွား စ မိတဲ့ ကိုယ့်အပြစ်တွေပေါ့…။

အဲဒါတွေ… အဲဒါတွေကြောင့် အခုတော့ အချိန်တွေကုန်၊ လူလဲ အမြဲတမ်း ပင်ပန်းနေသလိုဖြစ်ပြီး ဒုက္ခတွေ ရောက်နေပါရောလား… စာရေးစရာ စာဖတ်စရာ အချိန်တွေလဲ သူတို့က နှုတ်ယူသွားကြတယ်။ ရုပ်ရှင်ကြည့်စရာ အချိန်တွေကိုလဲ သူတို့ ခွဲယူသွားကြတယ်။ သီချင်းကိုလဲ ဖွင့်သာထားတယ် နားထဲ မဝင်။ စားနေတာတွေလဲ ပါးစပ်ထဲကနေ ဝင်သာသွားတယ် အရသာ မသိ…။ ဒါတောင် သူငယ်ချင်းတွေ အပေါင်းအသင်းတွေနဲ့ G Talk မှာ စကားစမြည်ပြောဆိုတဲ့ အချိန်တွေ၊ စာစီ စာရိုက်လုပ်တဲ့ အချိန်တွေ မပါသေးဘူးနော်…

သည်လိုဆိုရင် ကိုယ်ဘာလုပ်ရမလဲ…
တဖြည်းဖြည်းချင်း လျှော့ချဖို့ တယောက်က အကြံပေးလာတယ်။ နောက်တယောက်ကတော့ သံယောဇဉ်တွေ ကြောင့် သံသရာရှည်ပါတယ် တဲ့… တိ ကနဲ နေအောင် အပြတ်သာ ဖြတ်ချလိုက်တဲ့..။ (သူကတော့ သံယောဇဉ် တကယ်ပြတ်လို့ ဘလော့ဂ်လေးတောင် ပိတ်သွားလိုက်ပြီလေ)။ နောက်တယောက်ကတော့ တိ ကနဲ ဖြတ်လိုက်ရင် အရက်သမားလို ဂွိ ကနဲ ဖြစ်သွားမယ်...။ ဆေးလိပ်သမားတွေလို မျှင်းပြီးတော့ ဖြတ်... ဆိုပဲ…။ ညီမလေး တယောက်ကတော့ ဘယ်ဟာမှ မဖြတ်ပါနဲ့တဲ့ နှမြောစရာ တဲ့…။ နောက်ညီမလေး တယောက်ကတော့ သီချင်းလေး ဆိုပြလာတယ်… "အားလုံးကို ပြတ်သွားအောင် မင်းဖြတ်ရင် ဖြတ်… ဒါမှမဟုတ်ရင် မင်း ငါ့ကိုဖြတ်…" တဲ့။ ဘုရားရေ… ခက်တော့ နေပါပြီ... ဘယ်ဟာကို ဘယ်လိုဖြတ်ရပါ့…။

နောက်ဆုံးမှာတော့ ကိုယ့် ဘလော့ဂ်လေးကို ဘယ်နည်းနဲ့မှ မဖြတ်နိုင်တာကြောင့် မွေးထားတဲ့ အကောင်လေးရယ် စိုက်ပျိုးထားတဲ့ ခြံကလေးရယ်ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ဖြတ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အကောင်လေးကို ဆက်မကစားတော့ဘူးဆို သူ့ကို မကျွေးမမွေးပဲ၊ ဂရုမစိုက်ပဲ ဒီအတိုင်း ပစ်ထားလိုက်ရင် ငရဲတွေ ဘာတွေတော့ မကြီးတန်ကောင်းပါဘူးလေ လို့ ကြောင်တောင်တောင် အတွေးမျိုးလဲ တွေးမိပါတယ်။ အပင်တွေကတော့… အင်း.. ရိတ်သိမ်းချိန်မှာ မသိမ်းနိုင်ရင် နွမ်းခြောက်ကုန်ကြမှာပေါ့နော်… အပြစ်တော့ မရှိတန်ကောင်းဘူးလို့ ထင်ရတာပဲ…။ မတတ်နိုင်ဘူးလေ… ဒီလိုမှပဲ ဖြစ်တော့မယ်..။

ဒီက စပြီး ရှေ့ကိုဆို…
မျက်နှာစာအုပ်မှာ မွှေနှောက်နေတဲ့ အချိန်တွေမှာ သီချင်းနားထောင်၊ သူငယ်ချင်းတွေနဲ့ အပြင်လောကမှာ တွေ့ဖို့ ဆုံဖို့ အချိန်တွေပိုပေး၊ Pet နဲ့ကစားနေကျ အချိန်တွေမှာ စာရေး စာဖတ်၊ ရုပ်ရှင်ကြည့်၊ ဒါမှမဟုတ် အိမ်ထဲမှာ အလှမွေးလို့ရတဲ့ ရွှေငါးလေးတွေကို အစာကျွေး၊ FarmVille မှာ သစ်ပင်စိုက်တဲ့ အချိန်တွေမှာ သူနဲ့အတူ တယောက်လက်ကို တယောက်ကတွဲလို့ လမ်းလျှောက်ရင်း အပန်းဖြေ၊ ကော်ဖီတခွက်စီနဲ့ စကားတွေပြော၊ ဒါမှမဟုတ် အိမ်တွင်းစိုက်တဲ့ သစ်ပင် စိမ်းစိမ်းလေးတွေ၊ ပန်းပင်လေးတွေ စိုက်၊ ရေမှန်မှန်လောင်း… အဲဒီလိုလေး လူနေမှု ပုံစံသစ်ပြောင်းပြီး နေကြည့်မယ်လို့ ကိုယ် စဉ်းစား ဆုံးဖြတ်လိုက်တယ်…။

ကိုယ် ပျော်မယ် လို့ ထင်ပါတယ်…။



စာကြွင်း ။ ။ အမ မခင်မင်းဇော်ရေးထားတဲ့ တို့တူတူ လက်ချင်းတွဲလို့လေ ပိုစ့် နှင့် မကေ ရေးထားတဲ့ မျက်နှာများ ထဲက... မျက်နှာတွေ ပိုစ့် နှစ်ခုကို ဖတ်အပြီး Virtual World ထဲက နဲနဲဖြစ်ဖြစ် ရုန်းထွက် လွတ်မြောက်ချင်သော စိတ်အတွေးနှင့် ဆက်တွေးမိသမျှ ရေးထားခြင်းဖြစ်ပါသည်။

23 comments:

  1. ဟင်.... တွေးရုံပဲတွေးပါလားအစ်မရယ် ။

    ReplyDelete
  2. ခေါင်းစဉ်အရ သီချင်း ဆက်ဆိုရင်
    'ဒီကစပြီး ရှေ့ကိုဆို၊ သူ့အပေါ်ထာဝစဉ်ငဲ့ညှာမယ်' ဖြစ်ရမှာ ....။
    ခုတော့ မသက်ဝေက သစ်စိမ်းချိုးချိုးပြီပေါ့.....။
    FarmVillae မှာ အိမ်နီးချင်းတောင် မဖြစ်လိုက်ရဘူး...။

    p.s ညီမလည်း အစ်မ ညွှန်းတဲ့ မခင်မင်းဇော်နဲ့ မကေတို့ စာတွေ ဖတ်ပြီး နောင်တ ရသလိုလို ဖြစ်မိသေးတယ်.. နောင်တတွေနဲ့ပဲ ပြောင်းဖူးပင်တွေ စိုက်လာခဲ့တယ်...။


    sdl

    ReplyDelete
  3. မသွားပါနဲ့၊ လာနော်

    ReplyDelete
  4. အမ ..

    အဲဒါကြောင့် ကျနော်ဆို.. မကလိဘူး

    စာဖတ်နေတာများတယ်

    ReplyDelete
  5. ဟယ်.. အဲလို လုပ်နဲ့လေ.. အခုပဲ..လယ်ထဲကို အလည်ခေါ်ကြလို့..လာမလို့ လုပ်နေတာကို။း)
    မျှင်းဖြတ်..မျှင်းဖြတ်..
    ဒီလိုပါပဲ..မရယ်.. သုံးစရာ ရှိ သုံးပြစ်လိုက်..ပျော်စရာရှိ ပျော်ပြစ်လိုက်.. ခုခေတ်ကြီး.. တခြားဘာသွားလုပ်မလဲ..။ခေတ်မီအောင်နေ..။း)

    ReplyDelete
  6. ကျွန်မတော့ ဘလော့နဲ့တောင် ရှုပ်လှပါပြီ မမရယ်။ ဒါနဲ့ face book မှာ အစကို မလုပ်မိဘူး။ လာ add ရင် accept လုပ်တာလောက်ပဲ ရှိပါတယ်။

    ReplyDelete
  7. စာရေးစာဖတ်ရတာ ကြိုက်တယ်။ ဘလော့ဂ်ပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းဂျာနယ်ပဲဖြစ်ဖြစ်၊ နီးစပ်ရာပေါ့။ ၀ါသနာတူတွေနဲ့ မိတ်ဆွေဖြစ်ရတာလည်း အတိုင်းထက် အလွန်ပဲ။ ဖေ့စ်ဘွတ်ခ်လည်း ၀င်ဖြစ်တယ်။

    ဒါပေမဲ့ ကျွန်တော်လည်း တခါတလေ ကိုယ့်ကိုကိုယ် အချိန်တွေဖြုန်းပစ်နေသလို ခံစားရတယ်။ အွန်လိုင်းတင် မဟုတ်ပဲ အော့ဖ်လိုင်းမှာပါ အရေမရအဖတ်မရတွေ ဝေလေလေ လုပ်နေလို့။

    ReplyDelete
  8. ကလူသစ်တို့ကတော့ မြန်တယ်။ ဘလော့ဂ်ကိုဖြတ်၊ မာဖီးယားကို ကျောခိုင်း၊ မျက်နှာစာအုပ်ကို မလာတချက် လာတချက်။................အဲ့..............ဒုတိယကမ္ဘာစစ်မှာ စစ်တော့ ၀င်တိုက်နေမိသေးတယ်။ ခွိခွိ

    ReplyDelete
  9. အင်း..ရောဂါတူ သူချင်းတွေ့နေပါပေါ့လား...တို့ကတော့ ဘလော့ဂ်ကိုတော့...ထူးအိမ်သင်ရဲ့.. အိုး အချစ်ရယ်..နိုး နိုးပေါ့.. ဟဲဟဲ..pet လေးကတော့ ရေချိုး အစာကျွေးပြီး အပင်စိုက်ရုံပဲ.. အပြေးပြိုင်တာ..ကြိုးခုန်တာကတော့ သမီးလေး လုပ်တယ်..ငါးကတော့ သားငယ် ၀င်ဖမ်းတယ်..ပိုက်ဆံတွေ အကုန်သုံးမပစ်ဖို့တော့ မှာထားရတာပေါ့လေ.. သူတို့က အားရင် mystery box သွားသွားဝယ်လို့..။

ွFarm Ville ကတော့ သွားနေတာပဲ မရောက်သေးဘူး... လောလောဆယ် ဆော့နေတဲ့ Farm Village ထဲမှာ ကွန်နက်ရှင်မကောင်းလို့ သုံးလေးရက်ထားလို့ ရတဲ့ အပင်တွေပဲ စိုက်ထားတယ်..ဒီတော့ လေးရက်လောက်ကြာမှ ၀င်ပြီး ရိတ်သိမ်းလိုက် ပြန်စိုက်လိုက်နဲ့ ဖြေးဖြေးမှန်မှန်ပါပဲ...ဒါတောင် ပန်းပင်တွေကို မနော်က ရေလာလောင်းပေးလို့...:P

    ဖြေးဖြေးပေါ့ သက်ဝေရယ်..

    ReplyDelete
  10. ဟုတ်တယ်မသက်ဝေရေ ... ရုံးမှာလဲ တစ်နေကုန်ကွန်ပြူတာနဲ့ အလုပ်လုပ် ... အိမ်ရောက်တော့လဲ ကွန်ပြူတာရှေ့ စွေ့ကနဲရောက် ... on line စွဲလန်းမှုပြသနာကို နဲနဲဖြစ်ဖြစ်ပျောက်အောင် ကုသနေပါတယ်...တစ်ခါတစ်လေများ အတွေ့ကျဲနေရင် ခွင့်လွှတ်ကြပါကုန် ...

    ReplyDelete
  11. ဟယ် ရေးတဲ့ တို့ထက် သူက အမြန်နောင်တ ရသွားတယ်.. ကောင်းထှာ...
    အမလဲ farm town ကို ၃၄ ရောက်ပြီးရင် သီးပင်တွေစိုက်ခဲ့ပြီး ရပ်လိုက်တော့မယ်.... စိတ်ကူးထားတယ်....
    ဘလော့ကတော့ ဆက်ဘလော့နေဦးမှာပဲ... ဘယ်သူမှမတားနဲ့....
    ကျန်တာတွေတော့ ဖြည်းဖြည်းမျှင်း ......

    ReplyDelete
  12. အမြင်မှန်တွေ ရကုန်ပြီကွယ်။ အဟဲ...

    ReplyDelete
  13. Cut every thing....is good idea...
    But not me...:P

    ReplyDelete
  14. ဟဲဟဲ.. သိနေဒယ်လေ.. ဒါကြောင့် လယ်လုပ်ငန်းတွေ.. pet မွေးတာတွေ အစကို မလုပ်တာ..။ တနိုင်တပိုင်.. မျက်နှာစာအုပ်နဲ့ ဘလော့လေးပဲ :D

    ReplyDelete
  15. မမရေ.... ဟုတ်တယ်နော်.... နောင့် လဲ ခု နဲနဲဆင်ခြင် ဖို့ တွေး နေရပြီ... နောင့် ကအားလုံးကို ဖြတ်ချင်တာ..။ ခုထိ တစ်ခုမှ လဲ ဖြတ်လို့ မရသေးဘူး...။ သံယောဇဉ် မဖြတ်နိုင်ဘူး ဖြစ်နေတာ...။ တစ်ခုခုတော့ ဆုံးဖြတ်မှပါ.. ရုံးမှာ အင်တာနက် မပေးထားရင်လဲ ကောင်းသား... အိမ်ငှားရင်လဲ အင်တာနက် မရတဲ့ အိမ်မှာနေ... ဟိဟိ အဲ့လို တွေးကြည့်တော့လဲ ... ပျင်းလို့ .... တစ်ရက်တောင် နေနိုင်မှာ မဟုတ်ဘူး..။

    ReplyDelete
  16. သက်ဝေရယ်… တို့ တွေ ခေတ်နောက်ကျလိုက်ပုံများ သူများတွေရပ်တော့မှ ကိုယ်က စ မလို့ ရှိသေး… ဒီပို့ စ်လေးဖတ်ပြီး စသင့်မစသင့် စဉ်းစားနေရပြီ… ဘလော့တောင် ကော်မန့် တွေ မှန်မှန်မပြန်နိုင် သူများအိမ်လေးတွေ ပုံမှန်မလည်နိုင်နဲ့  တာဝန်မကျေဖြစ်နေတာ… သက်ဝေရေ… ဒီလိုလုပ်… စိုက်ခင်းနဲ့  အကောင်လေးကို အိမ်ကလူတွေ တလှည့်စီတာဝန်ယူခိုင်းလိုက်ပါလား… သက်ဝေက မီးပူလေးပဲတိုက်… ဟုတ်ပါဘူး.. ဘလော့လေးပဲရေးပေါ့…ကောင်းဘူးလား….

    ReplyDelete
  17. စိတ်ချမ်းသာသလိုသာ လုပ်ပါ မမ။
    စိတ်ကျေနပ်ရင် ပြီးတာပဲ။

    ReplyDelete
  18. ဟယ် pet ကလေးသနားစရာ... ဒို့pet ခလေးကတော့ တနေ့တခေါက်၅မိနစ်လောက် အချိန်ပေးရုံနဲ့ အဆင်ပြေပါတယ်.... farm ville တော့သိပ်မဆော့ဖြစ်ဘူး... farm town ကတော့ အချိန်ပေးရတယ်... pet ကအချိန်သိပ်မကုန်ဘူးလားလို့ ပြန်စဉ်းစားပါအုံး :))

    ReplyDelete
  19. မျက်နှာစာအုပ်ကို အခုချိန်ထိအောင် မ၀င်ရဲသေးဘူးဖြစ်နေတယ်၊
    ဘလော့ဂ်စာမျက်နှာနဲ့တင် အချိန်တွေ အများကြီးပေးနေရလို့။
    ဒါပေမယ့် ဘလော့ဂ်ကိုတော့ ကျေနပ်တယ်လေ၊ ကိုယ့်ရဲ့အရိပ်ကို ကိုယ်ပြန်တွေ့ရတတ်လို့။

    ReplyDelete
  20. သူများတွေ ဆုံးမရင် ဟုတ်သားဆိုပြီး ဆင်ခြင်မယ်လို့ ဆုံးဖြတ်လိုက်တာပဲ... ခုထိတော့ မပြတ်နိုင်သေးဘူး အမရယ်

    ReplyDelete
  21. အမရေ..ကျနော်လည်း ဘလော့ခ်တခုတည်း ရှိတာတောင်ဂရုမစိုက်နိုင်ဘူး.. သူငယ်ချင်း ဘလော့ခ်တွေလည်း မှန်မှန်မလည်နိုင်နဲ့.. နောင်ဆို ပိုဆိုးမယ်.. face book မှာ အကောင်လေးတွေ မွေးကြည့်မလား စိတ်ကူးနေတာ.. အခု ဒီပို့စ်လေး ဖတ်လိုက်ရတော့ အစ မလုပ်တာ ပိုကောင်းမယ်ထင်တယ်နော်.. အဟီး.. :D

    ReplyDelete
  22. ကိုယ်တိုင်လည်း နေ့စဉ်ဘဝမှာ ငြီးငွေ့နေတုန်း ဒီပို့စ်လေးကို ဖတ်မိတာပါ အစ်မသက်ဝေရေ...။ အစ်မပြောသလိုပဲ Virtual World ထဲက သံယောဇဉ် ဖြတ်လို့ရသမျှလေးတွေကို နည်းနည်းချင်းတော့ ဖြတ်ဦးမှ။ အလုပ်နဲ့ဘလော့ကြားမှာ လုံးလည်လိုက်နေတဲ့ ကြားထဲက လယ်ထဲ ဆင်းကြည့်ဖို့လည်း ကြံစည်နေတာ။ သီသီလေးရယ်။ အခု အစ်မရေးထားတာ ဖတ်ပြီး ကိုယ်ရှိန်သတ်လိုက်ပါပြီး)

    ReplyDelete
  23. ဖတ်ပြီးသက်ပြင်းချသွားသည်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...