Tuesday, December 22, 2009

နှစ်ကျပ်ခွဲ ဇာတ်လမ်း

ဟိုတလောက သူငယ်ချင်း တီတီဆွိ က ပြား၂၀ မဆွိတီ ဆိုပြီး ပိုစ့်တခုတင်ထားခဲ့ပြီး ဒီတခါကျတော့ ကိုယ်က နှစ်ကျပ်ခွဲ ဇာတ်လမ်းဆိုလို့ ဒီသူငယ်ချင်းနှစ်ယောက် ငွေရေး ကြေးရေးတွေ အတော်ပြော... ဘာတွေများ ဖြစ်နေကြပါလိမ့်လို့ မတွေးကြနဲ့လေ.. နော်…။

နှစ်ကျပ်ခွဲ ဇာတ်လမ်း ဆိုတာက ဒီလိုပါ။
ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အလွန်တရာမှ ရိုး အ တဲ့ လူတယောက်ရှိတယ်တဲ့…။ သူက ရွာထဲမှာ ဟိုဟိုဒီဒီ ကြုံရာ ကျပမ်း အလုပ်လေးတွေ လုပ်ပြီး ရသမျှ ပိုက်ဆံလေးတွေကို ကြိုးစားပမ်းစား စုဆောင်းလေသတဲ့…။ ဒီလိုနဲ့ တနေ့မှာတော့ သူ့လက်ထဲ ပိုက်ဆံ နှစ်ကျပ်ခွဲ ရှိလာပါလေရောတဲ့…။ ဒီအခါမှာ သူ စုဆောင်းထားတဲ့ အဲဒီ ပိုက်ဆံလေး နှစ်ကျပ်ခွဲကို ဘယ်မှာမှ ထားစရာမရှိအောင် ဖြစ်နေတယ်တဲ့…။ သူက အလုပ်တွေ တပင်တပန်းလုပ်ပြီး စုဆောင်းထားရလေတော့ သူ ဒီပိုက်ဆံလေးကို အလွန် တန်ဖိုးထားတာပေါ့လေ…။ (ဟိုခေတ်တုန်းက နှစ်ကျပ်ခွဲက တော်တော်လဲ တန်ဖိုးရှိပေတာကိုး…။)

ပြီးတော့ သူ့စိတ်ထဲမှာ သူတယောက်ထဲမှာသာလျှင် အဲဒီလောက် များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်နေတာ တဲ့။ ဒီတော့ သူက သူ့ပိုက်ဆံ နှစ်ကျပ်ခွဲကို တနေ့ တနေရာ ပြောင်းပြီး လျှို့ဝှက်စွာ သိမ်းဆည်းလိုက်၊ လူခြေတိတ်တဲ့ အချိန်မျိုးတွေမှာ ထုတ်ပြီး ရေတွက်ကြည့်လိုက်နဲ့ တနေ့တနေ့ အရူးတယောက်လိုပဲ ဖြစ်နေတာ တဲ့လေ…။

ဒီလိုနဲ့ တနေ့ကျတော့ သူတို့ ရွာမှာ ဘုရားပွဲတခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ဖြစ်လာသတဲ့။ ဒီအခါမှာ ရွာသူ ရွာသားတွေဟာ အလှုအတန်းမှာ ပါဝင်ဖို့ အတွက် သူတို့မှာ ရှိတဲ့၊ သူတို့ စုဆောင်းထားတဲ့ ငွေကြေးတွေကို ရွာဦး ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးဆီမှာ လာပြီး လှုကြ တန်းကြတယ်တဲ့…။ ဒီတော့ ခုနက နှစ်ကျပ်ခွဲ ပိုင်ရှင်က သူ့တယောက်ထဲမှာသာ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်ထားရာက အခုကျတော့ လူတိုင်းက သူတို့မှာ ရှိနေတဲ့ နှစ်ကျပ်ခွဲမကတဲ့ ပိုက်ဆံတွေကို လာလှုနေကြတာတွေ့တော့ အခုလို ရေရွတ်သတဲ့…။

"အော်… လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိကြတာချည်းပါပဲလား…” တဲ့။

အမှန်ကတော့ ဒါဟာ ပုံပြင်လဲမဟုတ်… ဘာမဟုတ် ညာမဟုတ် စကားလေး တခွန်းအကြောင်းပါ။ ဒါပေမယ့် အဲဒီ စကားလေးဟာ ဘာလို့များ ကိုယ့်အတွက် နှစ်ကျပ်ခွဲ ဇာတ်လမ်းရယ်လို့ ဖြစ်နေတာလဲ ဆိုတာ ဆက်ပြောပြပါ့မယ်။

အခုတလော ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ရာသီမှာ နေရာတိုင်းမှာ လူတွေ ပျားပန်းခတ် သွားလာ လည်ပတ် လှုပ်ရှားနေကြတာတွေ တွေ့မိကြမှာပေါ့နော်...။ နေရာတွေတိုင်းမှာလဲ ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ အလှအပတွေ၊ မီးလုံး မီးဆိုင်းတွေ၊ ရွှေရောင် ငွေရောင်တွေ တလက်လက်တောက်ပနေတဲ့ ခရစ်စမတ် သစ်ပင်တွေ အများကြီး တွေ့မိကြမယ် ထင်ပါတယ်…။ အဲဒီလိုနေရာတွေမှာ လူအများစုဟာ ဒီအတိုင်း လျှောက်ကြည့်နေရုံတင်မက မီးရောင်တွေ တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေ ရိုက်နေကြတာကိုလဲ သေချာပေါက် မြင်တွေ့ကြရမှာပါ…။

ပြဿနာက အဲဒီမှာ စတယ်…။
လမ်းတလျှောက် ဓါတ်ပုံရိုက်နေတဲ့သူတွေ တော်တော်များများ (တော်တော်များများ) ရဲ့ လက်ထဲမှာ တွေ့ကြရမှာက ဟိုးမနှစ် တနှစ်လောက်ကလို ဒစ်ဂျစ်တယ် ကင်မရာ ခပ်သေးသေး ခပ်ပါးပါးတွေ မဟုတ်ကြတော့တာကိုပါ။ သူတို့တွေ ရိုက်နေကြတဲ့
ကင်မရာတွေက Nikon တို့ Canon တို့ က ထုတ်တဲ့ DSLR ဆိုတဲ့ Lens အကြီးကြီးတွေနဲ့ အမည်းရောင် အကြီးစား ကင်မရာတွေပါပဲ…။ သုံးချောင်းထောက် စင်တွေရော… ကြီးမား ရှည်လျားလှတဲ့ Lens တွေကိုရော တလေးတလံ ထမ်းပိုးပြီး ဓါတ်ပုံရိုက်နေကြတဲ့ သူတွေကို တွေ့ရတော့ ကိုယ်လဲ အဲဒီလို ကင်မရာ အကြီးကြီး တခုလောက် လိုချင်စိတ် ဖြစ်လာမိပါတယ်…။

ဒီကိစ္စ ချစ်သူကို ပြောပြတော့ သူက ဘာတွေကို ရိုက်မှာမို့လို့ ဒီလိုမျိုး ကင်မရာ လိုချင်ရတာလဲ လို့ မေးပါတယ်…။ ကိုယ်ကလဲ (ဝယ်ပေးချင်စဖွယ် ဖြစ်အောင်) တွေ့ရာ မြင်ရာ အကုန်ရိုက်မှာပေါ့… လို့ ဖြေမိပါတယ်။ ဒါတင်မက အခုရှိနေတဲ့ ရိုးရိုးကင်မရာတွေက ညဖက်များမှာ ရိုက်ရင် ပုံကောင်းကောင်း မရကြောင်း၊ ဒီလို ကင်မရာ အကြီးကြီးတွေကမှ ပုံကောင်းကောင်းရနိုင်တာ ဖြစ်ကြောင်း၊ လူတော်တော်များများမှာ အဲလို ကင်မရာ အကြီးစားတွေ ကိုယ်စီ ရှိနေကြပြီဖြစ်ကြောင်း စတာတွေနဲ့အတူ တနေ့က ရောက်ခဲ့တဲ့ အောချတ်လမ်းမကြီးပေါ်မှာ ဓါတ်ပုံရိုက်နေကြတဲ့သူတွေကို ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။

ပြီးတော့ ဟိုတနေ့က ရောက်ခဲ့တဲ့ စာပေဟောပြောပွဲမှာလဲ နာမည်ကြီး ဘလော့ဂ်ဂါတွေဟာ အဲဒီလို ကင်မရာ အကြီးကြီးတွေ အသီးသီး ကိုင်ဆောင်ပြီး သကာလ စာရေးဆရာ ဆရာမများကို သူ့ထက်ငါ အပြိုင်အဆိုင် ဓါတ်ပုံတွေ ရိုက်နေကြကြောင်းကိုပါ ရှည်ရှည်လျားလျား ဖြည့်စွက် ပြောဆိုမိပါသေးတယ်။

ပြီးတော့ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ကျောင်းက အင်ဂျင်နီယာ သူငယ်ချင်းတွေ တော်တော်များများမှာ အဲလို ကင်မရာတွေ ကိုယ်စီ ကိုယ်ငှ ရှိနေကြပြီ ဖြစ်ကြောင်းကိုလဲ (အမြင်ကပ်စဖွယ် ကောင်းစွာ) ပြောမိပါသေးတယ်။ ပြောလို့ မနိုင် နိုင်တာနဲ့ ကိုင်ပေါက်တဲ့ သဘောပါ။ (အင်ဂျင်နီယာ မဟုတ်သူများ စိတ်မရှိကြပါနဲ့နော်..)

အခု လက်ရှိ အနေအထားမှာ သူ နဲနဲတော့ တွေဝေစပြုနေပါပြီ…။
ဒီကြားထဲ ကိုယ့်အတွက် စစ်ကူတယောက်လဲ ရှိနေပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ ချစ်လှစွာသော ဖေဖေပါ။ သူ့ကိုလဲ ကိုယ့်အတွက် စစ်ကူအဖြစ် တတပ်တအား ပါဝင် ကူညီဖို့ ပြောထားပါတယ်။ ကိုယ် ပြောတဲ့စကားကလဲ တော်တော်လေးကို ချစ်စရာ ကူညီချင်စရာ ကောင်းပါတယ်။ အဲဒါကတော့ “သူ မဝယ်ပေးရင် ဖေဖေ ဝယ်ပေးရမှာနော်…” လို့ပါ။

ချစ်ရတဲ့ မေမေကလဲ သူတတ်နိုင်သလောက် တဖက်တလမ်းကနေ ကိုယ့်ကို အားပေး ကူညီပါသေးတယ်။ တီဗွီမှာ Canon EOS ကြော်ငြာလာတိုင်း သမီးရေ… ဒီမှာ.. ဒီမှာ... လာနေပြီ... လို့ ခေါ် ခေါ်ပြီး အသိပေးခြင်း နည်းနဲ့ပါ။

အရေးထဲ သူငယ်ချင်းတယောက်က အဲဒီကင်မရာရဲ့ တန်ဖိုးက ပိုက်ဆံအိတ် တလုံးစာလောက် ရှိတယ်နော် စဉ်းစားအုံး... လို့ ပြောလာလို့ ကိုယ့်ခေါင်းထဲက သချာင်္တွက်စက်တွေ နဲနဲတော့ အလုပ်များသွားပါသေးတယ်။ ဒါပေမယ့်လဲ ပိုက်ဆံအိတ်က ဖေဖေါ်ဝါရီလ IC Show လာရင် မျှော်လင့်နိုင်သေးတာမို့ အခု ၂၀၁၀ နှစ်သစ်ကူးအတွက်တော့ ဒီ ကင်မရာကိုသာ…

နောက်ဆုံးမှာတော့ ကိုယ် အဲဒီ အကြီးစား ကင်မရာကို အလွန်လိုချင်ကြောင်း သူတို့တွေ အားလုံး အခါမလပ် သတိရနေစေဖို့ အချိန်လုံး မိုးလင်း မိုးချုပ် တတွတ်တွတ်နဲ့ သတိပေး ရေရွတ်နေမိတဲ့ စကားကတော့…

“လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိနေကြပြီနော်…” လို့ပါ..။

ခုထိတော့ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးစားနေဆဲပါ။
အဲ… မကြာခင် အချိန်တွေမှာ ဒီဘလော့ဂ် စာမျက်နှာပေါ်မှာ ကိုယ်တို့ စင်္ကာပူကျွန်းပိစိမှာ ရှိနေတဲ့ ရှိစုမဲ့စု တောင်ပုံတွေ၊ တိမ်ပုံတွေ၊ ကမ်းစပ်က ရေလှိုင်းပုံတွေ၊ ရှုမျှော်ခင်းပုံတွေ ဝေဝေဆာဆာ တွေ့လာရပြီ ဆိုရင်တော့ ကိုယ့်လက်ထဲ အဲဒီ နှစ်ကျပ်ခွဲကြီး ရောက်နေပြီလို့သာ မှတ်ယူကြပါတော့…။

38 comments:

  1. ဟားဟား ဟုတ်ပါ့... နှစ်ကျပ်ခွဲကြီးရအောင် တောင်းပါ။ ဓာတ်ပုံရိုက်တာ စိတ်အပန်းတွေပါ ပြေစေလို့၊ ပိုက်ဆံကုန်ပေမယ့် ကုန်ရကြိုးနပ်အောင် ချစ်သူကို သေချာသိအောင် ပြောပါလေ...

    လူမှန်ရင် နှစ်ကျပ်ခွဲတော့ရှိတယ်.. ဆိုတာ ရီသွားတယ် အမ :D ဟိဟိ...

    ReplyDelete
  2. နှစ်ကျပ်ခွဲကြီး မြန်မြန်ရပါစေသတည်း၊

    ReplyDelete
  3. လူတယောက်ကို မုန်းရင် သူ့ကို ကင်မရာတလုံး လက်ဆောင်ပေးလိုက်ပါလို့ ဆိုကြတယ်လေ...

    သူရှိနေရင် (အရင်ခေတ်ကတော့ ဖလင်ဖိုးနဲ့ ကူးခနဲ့) ကုန်ပေါက်ကြီးပဲကိုး...

    နှစ်ကျပ်ခွဲမရတာ ကိုယ့်ကို ဝိုင်းချစ်နေကြလို့ မှတ်လိုက်ပေါ့ဗျာ...

းဝ)

    ReplyDelete
  4. အမ ဝယ်သာဝယ်လေ

    သူများတွေဆို ၂ ကျပ်ခွဲ မက သုံးကျပ်လေးကျပ် ရှိကြောင်း
    I Phone တွေ ဘာတွေ တောင် ပြကြသေးတာ
    ပြီးရင် ဓါတ်ပုံတွေ ကြည့် ရတာပေါ့

    ReplyDelete
  5. အဟိ.. wiiရလို့ ဒီနှစ်ကျပ်ခွဲရောဂါငြိမ်နေတယ်သိလား။
    ပြုံ
    ကုံတိုင်းရွာက မကြုံကြွား mm

    ReplyDelete
  6. ဟားဟား..အစ်မက ကလေးပေါက်စလိုပါဘဲလား...။ အဲဒီ ၂ကျပ်ခွဲကြီးနဲ့အစ်မရိုက်တဲ့ Orchard X'mas ပုံတွေကြည့်ချင်လိုက်တာ...
    (အဆင်းကို ဝိုင်းတွန်းပေးလိုက်ပြီ ) :D

    ReplyDelete
  7. လူမှန်ရင် နှစ်ကျပ်ခွဲတော့ရှိကြတာပဲ ဆိုပေမယ့် နှစ်ပိဿာခွဲလောက် လေးတဲ့အရာကြီးကို သွားလေရာ လည်ပင်းမှာ ဆွဲသွားရမယ့် ဒုက္ခကိုလည်း ထည့်တွက်ဖို့လိုသေးတယ်နော်။း-)

    ReplyDelete
  8. မကြီး

    အဲလို ကင်မရာမျိုး ရှိသင့်တာကြာပေါ့။ အစ်ကို ၀ယ်မပေးဘူး ဆိုရင် အစ်ကို့ဘက်က ပေါ့သွားတာလို့ သံသယ ၀င်ချင်တယ်။ မရမချင်း အနားကပ်ပြီး တတွက်တွက်နဲ့သာ ပူဆာပေရော့ ....

    (ခြေထိုးသွားပါ၏)
    လေးစားစွာဖြင့်

    ReplyDelete
  9. ဟားဟား ကိုပေါ ပြောသလိုပဲ တွေးနေမိတာ။

    ကျွန်မကတော့ ငပျင်း မို့လား မသိ။
    သွားလေရာ ဒါကြီး သယ်ရမှာ ဒုက္ခများလှပါတယ် တွေးမိတယ်။
    ဖုန်းတောင် မသယ်ချင်တော့ဘူး။ မြန်မာပြည်လို ရှိုးပြလို့ ကောင်းတဲ့ အရာ မဟုတ်တော့။

    ReplyDelete
  10. ကင်မရာ = ပိုက်ဆံအိတ်တစ်လုံးစာ
    ပိုက်ဆံအိတ်= အိုင်စီရှိုး

    နားလည်ဘူး။
    :)

    ReplyDelete
  11. အော် ... သူက၂ကျပ်ခွဲဆိုတော့ ကိုယ့်ထက် ၂ကျပ်ပြား၃၀ကြီးများတောင် များသွားပြီဆိုပြီး ကမန်းကတန်းဖတ်လိုက်တာ ကင်မလာအကြောင်းဖြစ်မေပါရောလား ... ရအောင်ဝယ်ခိုင်းဗျို့ ... အဲဒါမျိုးကမှ ရိုက်ရတာ ဖီလင်လာတာ ... ဟိဟိ ... အဆင်းဘီးတပ်ပေးလိုက်ပြီ။...

    ReplyDelete
  12. ကျနော့်ကိုလည်း ၂ကျပ်ခွဲတန်နဲ့ ဓါတ်ပုံရိုက်ပေးပါ။။
    လှလှလေးး..ဟိ

    ပေါက်

    ReplyDelete
  13. ဟဟဟား အကြံကောင်းတော့တစ်ချက်ပါလား..
    သြော်.. နှစ်ကျပ်ခွဲ.. နှစ်ကျပ်ခွဲ.. မှတ်သားသွားတယ် တီတီသက်ဝေး)))

    ReplyDelete
  14. I b try 2 diet 4 model :)

    ReplyDelete
  15. Photographer & ..... :P

    ReplyDelete
  16. နှစ်ကျပ်ခွဲတန် ကြီး မြန်မြန်ရပါစေဗျာ...။ ဟိုလူကလဲ နှစ်ကျပ်ခွဲ ဒီလူကလဲ နှစ်ကျပ်ခွဲနဲ့ ပုလုတောင် ဝယ်ရင်ကောင်းမလားလို့...ဒါပေမဲ့ ဓါတ်ပုံသေသေချာချာ ရိုက်တက်ဘူးဗျ...

    ReplyDelete
  17. ရှုးးးးးးးးး………. ကိုကြီးကို ဒီကော်မန့် သွားမပြနဲ့ နော်…
    အချင်းချင်းမိုလို့ ပြောတာပါ သက်ဝေရယ်… တို့ မှာလေ… ၂ကျပ်ခွဲမပြောနဲ့  ၁ကျပ်ခွဲတောင် မရှိပါဘူး…
    ဘာပဲဖြစ်ဖြစ် ကိုကြီးမေးရင် ရောချပေးမယ်နော်… သက်ဝေမှာ ၂ကျပ်ခွဲကြီးရှိတော့ တို့ လဲ ကပ်ရိုက်လို့ ရတာပေါ့….

    ReplyDelete
  18. အင်း...ကိုယ်လဲ နှစ်ကျပ်ခွဲ ရအောင်တော့စုမှ...

    ReplyDelete
  19. ကိုကိုချစ် ကလဲ ၂ကျပ်ခွဲ လိုချင်လို့ တပူပူ တကျီကျီ ဖြစ်နေတာ..
    မီးချစ်ကတော့ ပိုက်ဆံအိတ်ကိုပဲ ပိုလိုချင်နေတာလေ..း))

    ReplyDelete
  20. တစ်ကျပ်ပဲရှိတယ်အစ်မ =)

    ReplyDelete
  21. မိသားစုဝင်အားလုံးရဲ့ အချစ်ကို သိမ်းပိုက်နိုင်သူမို့ တောင်ပုံတွေ၊ တိမ်ပုံတွေ၊ ကမ်းစပ်က ရေလှိုင်းပုံတွေ၊ ရှုမျှော်ခင်းပုံတွေ ဝေဝေဆာဆာ တွေ့ကိုတွေ့ရမှာသေချာပြီးသား.... အဲဒီအချိန်ဆိုရင် ဘလောဂ့်ပိုင်ရှင်ရဲ့ ပုံတွေလည်း ဝေေ၀ဆာဆာတင်ပါအုံးလို့နော်...

    ReplyDelete
  22. ရအောင်ပူဆာ.. ရရင် နည်းလေးမျှဖို့မမေ့နဲ့း)

    ReplyDelete
  23. ဟင်... သက်ဝေညီမရေ... ကင်မရာအကြီးက ကောင်းတော့ ကောင်းပါရဲ့ သယ်ရပြုရတာ စတိုင်မကျဘူးဟ။ အဲဒီကျ ကိုကြီးကိုပဲ ကိုင်ခိုင်းမှဖြစ်မယ်.. အမတော့ ဗွီဒီယိုကင်မရာကြီး ကိုင်ရလွန်းလို့ ဘာဆိုဘာမှကို မကိုင်ချင်တော့ပါ.. ဒါပေမယ့် သက်ဝေ ၂ ကျပ်ခွဲ ရသွားရင်တော့ဖြင့် ဓါတ်ပုံအရိုက်လာခံပါဦးမယ်...
    အမခင်မင်းဇော်
    (ဒီနေ့မှ နည်းနည်းအားလို့ ဘလော့လည်ဖတ်နေတာ)

    ReplyDelete
  24. အစ်မသက်ဝေရေ... ဝယ်ဖို့ ထောက်ခံမဲပေးပါတယ်း) နေရာတိုင်း သယ်သွားဖို့ ခက်ပေမယ့် ဝါသနာပါရင် မရိုက်ဖြစ်တဲ့အချိန်တွေမှာတောင် သူ့ကို ကြည့်နေမြင်နေရတာနဲ့တင် ကျေနပ်စရာ ကောင်းနေရော...း))

    ReplyDelete
  25. ချစ်သူက ကျောပူတာသာ ခံနိုင်မယ်.. နားပူတော့ မခံနိုင်ဘူး ဆိုပြီးတော့ကာ... ဆိုပြီးတော့ကာ...း))

    လောလောဆယ်မှာ အရမ်း အရမ်းကို လိုချင်နေတော့လဲ နှစ်ပိဿာခွဲ လောက်လေးတာတွေ၊ သယ်ရ ယူရ စတိုင်မကျတာတွေ၊ လည်ပင်းကျိုးမလို ဖြစ်မှာတွေ၊ နောက်ဆက်တွဲ ဝယ်စရာတွေနဲ့ ကုန်ပြီးရင်း ကုန် ဖြစ်နေမှာတွေ... ဘာညာ ဘာညာတွေ ဘာမှမတွေးနိုင်ဘူး ဖြစ်နေတယ်...

    တအိမ်လုံးကတော့ ဟိုအကောင်လက်ထဲ ဟိုအသီး ရနေသလိုပဲ လို့ တမျိုး၊ ဘာဆို ဘာမှကို မစားနိုင်တော့အောင် ဗိုက်ဝနေပြီလို့ တသွယ် တခဲနက် အားပေး ဂုဏ်ပြုနေကြပါတယ်...။

    နှစ်ကျပ်ခွဲပိုစ့်ကို လာဖတ်ကြပြီး ချစ်စဖွယ် မှတ်ချက်များ ရေးသွားကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်...
    အခါ အခွင့်သင့်ရင်ဖြင့် သူငယ်ချင်းများ အားလုံးကို အဲဒီ နှစ်ကျပ်ခွဲကြီးနဲ့ ဓါတ်ပုံလှလှလေးတွေ ရိုက်ပေးချင်ပါတယ်...။

    စိတ်ချပါ..
    လှလှလေး ရိုက်ပေးနော် လို့ ပြောလိုက်ရင် တချို့ဓါတ်ပုံဆရာတွေ ပြန်ပြောတတ်ကြသလို နဂိုရှိမှ နဂိုင်းထွက်မှာပေါ့တို့...
    လူလှမှ ဓါတ်ပုံက လှမှာပေါ့ တို့... စတဲ့ ဘာညာ ဘာညာတွေ ပြန်မပြောပါဘူး...
    ပုံ ၂၀၀ လောက်ရိုက်လိုက်ရင် အနည်းဆုံး နှစ်ပုံ သုံးပုံတော့ အကောင်းကျန်မှာပါလို့ ရဲရဲကြီး အာမခံပါတယ်...း))

    ReplyDelete
  26. ဝမ်းသာမိပါကြောင်း. ပုံ .....၉၅ပြား လာဖတ်သွားသည်။

    ReplyDelete
  27. ထောက်ခံမဲတွေချည်းပါပဲလားဗျာ။

    ReplyDelete
  28. မမ ခင်ဦးမေ... ကျေးဇူး...
    ၉၅ ပြားဆိုတော့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်သွားတယ် ရှင်းပါအုံးလေ... နော်...

    ကိုတောင်ငူ... အားပေးကြတာပါ...း))

    Steve... Thanks for visiting..!!

    ReplyDelete
  29. ဓာတ်ပုံရိုက် ဝါသနာပါတယ် ဆိုရင်တော့ ဝယ်သာဝယ်။ အဲဒါကြီးနဲ့ အော်တို ဖိုးကပ်ချည်းရိုက်ရင်တော့ သိပ်မတန်လှဘူး။ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ ၅ နှစ်က ဝယ်ထားတဲ့ တမတ်တန် ကင်မရာလေးနဲ့ အဆင်ပြေနေတာပဲ။

    ReplyDelete
  30. တစ်ကျပ်မှာ ပြားတစ်ရာ ရှိပါတယ်

    ReplyDelete
  31. အစ်မသက်ဝေ ရေ

    ၂ကျပ်ခွဲကို သဘောကျသွားလို့ အုန်းသီးလေး ၀ယ်ထားတဲ့အကြောင်း စာရေးဖြစ်သွားတယ်
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  32. အားပေးတယ်...လုပ်ပစ်လိုက်!!!!
    သူများတွေနှစ်ကျပ်ခွဲဆို....သုံးကျပ်တန်လောက်ဝယ်ဗျာ..
    ဒါမှခေတ်မှီတာ

    ReplyDelete
  33. အမြန်ရပါစေဗျား။ လည်ပင်းမှာဆွဲရင် လည်ပင်းလေးတယ်။ လက်ကကိုင်တော့ ကြာရင် လက်ညောင်းတယ်။ သုံးချောင်းထောက်ပါရင် ခရီးမတွင်ဘူး။ ဒွတ်ခတွေတော့ များသားခင်ဗျ။ အားပေးပါတယ်ဗျို့

    ReplyDelete
  34. :) တန်ပါတယ် အစ်မရေ။ အကောင်းဆုံးအချိန်တွေကို ရပ်တန့်စေနိုင်တာ ဒီအရာပဲရှိတာကိုး။

    ReplyDelete
  35. သိသွားပြီ... မိန်းမတွေ အကြောင်း...။ ဒါမျိုးတွေ့ရင် နောက်..နောင် သတိထားရမယ်.. :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...