ဒီနေ့ Facebook က Status မှာ "ဘာရေးရရင် ကောင်းမလဲ..." လို့ ရေးလိုက်တော့ ချစ်စရာကောင်းတဲ့ ဘလော့ဂ် ရောင်းရင်းတွေက ရေးချင်တာ ရေးပါတဲ့… အားပေးမယ် တဲ့…။ တယောက်ကတော့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးပါ… အလုပ်ပိနေလို့ တဲ့… ။ နောက်တယောက်ကတော့ ပေါက်ကရ ရေးပါတဲ့... နာမည်ကိုတောင် ပေါက်ကရ သက်ဝေလို့ ပြောင်းပေးသွားသေးတယ်...။ နောက် ညီမလေး တယောက်ကတော့ အထက်တန်းကျောင်းတုန်းက အကြောင်းတွေ ရေးပါတဲ့…။ ကျောင်းကို လွမ်းနေလို့ တဲ့…။ ဘုရားရေ… အထက်တန်းကျောင်းတုန်းက အကြောင်းတွေသာ ရေးရရင်တော့ ကိုယ်ငယ်ငယ်က ဆိုးတာတွေ ပေါ်ကုန်မှာပေါ့ လို့ ဘုရား တရင်း ပြောမိတယ်…။ ဒီတော့ သူက ဖုံးတန်တာ ဖုံး… ဖိတန်တာ ဖိ ပေါ့တဲ့…။
အိုကေလေ… ကိုယ်လဲ ကျောင်းကို လွမ်းတာပါပဲ…။ ဒီတော့ ကျောင်းနဲ့ ပတ်သက်လို့ စဉ်းစားလို့ရသလောက် ရေးကြည့်မယ် စိတ်ကူးတယ်…။ ပေါ့ပေါ့ပါးပါးလေးလဲ ဖြစ်တန်ကောင်းရဲ့ လို့ ယူဆရတာပဲ…။
ကိုယ် အထက်တန်းကျောင်း သက်တမ်းတလျှောက် မေမေက ဆရာမ ဆိုတော့… အဟဲ… ကျောင်းမှာ လိမ်လိမ်မာမာ နေရပါတယ်…။ စာတွေဘာတွေလဲ တော်... ဆုတွေဘာတွေလဲ ရပေါ့…။ ဆရာမ သမီးဆိုတော့ ဟိုနေရာ ပါရ ဒီနေရာ ပါရ နဲ့ တော်တော်တော့ လူအမြင်ကပ်ကြမှာ.. ကိုယ်က ငယ်သေးတော့ မသိဘူးရယ်…။ အခုမှ ပြန်တွေးကြည့်မိတာ… ဆိုးလိုက်တာ လို့…။
အသက် ၄ နှစ်မှာ မေမေ့ကျောင်းမှာ သူငယ်တန်းလိုက်တက်ပြီး စာမေးပွဲကို အပျော်ဖြေပြီး အောင်သွားတဲ့အခါ ၅ နှစ်နဲ့ ပထမတန်း ရောက်သွားတယ်…။ ပထမတန်းမှာ နေ နေရင်းနဲ့ အသက် ၁၆ နှစ်မပြည့်ရင် ဆယ်တန်း မဖြေရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် အဲဒီနှစ်မှာ သူငယ်တန်းကို တရားဝင် ပြန်ဖြေရတယ်…။ ပထမတန်းမှာလဲ စာမေးပွဲဖြေတယ်…။ (ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကိုယ်ပေါ့…) အဲဒီ နှစ်မှာ သူငယ်တန်းကို တရားဝင် အောင်ပြီး ပထမတန်းကိုလဲ အောင်တယ်...။ ဒါပေမယ့် ဆယ်တန်းမှာ အသက်ပြည့်ဖို့အတွက် အဲဒီ ပထမတန်းမှာပဲ နောက်တနှစ် ပြန်နေခဲ့ရတယ်…။ အတန်းဖေါ်တွေက ဒုတိယတန်းကို တက်သွားတဲ့အခါ ကိုယ့်ကို ဆရာမသမီး စာမေးပွဲကျတယ် လို့ လာ လာပြောင်ကြတယ်…။ စိတ်မဆိုးပေမယ့် တမျိုးတော့ ဖြစ်တာပေါ့…။
ငါးတန်းမှာ ချစ်ရတဲ့ သူငယ်ချင်း (မိန်းကလေး) က ယောင်္ကျားလေးတွေနဲ့ ရောပြီး ဘောလုံးကန်နေတာကို ကွင်းစပ်ကနေ ရေဗူးလေး ကိုင်ပြီး စောင့်နေခဲ့ဖူးတယ်…။ ပထမအကြိမ် ကျောင်းတက် ခေါင်းလောင်း တီးတော့ သူ့ကို လာတော့ လို့ ခေါ်တာ မရဘူး..။ နောက် ၅ မိနစ်မှာ တခါ ထပ်တီးပြန်တော့လဲ သူက မရပ်နိုင်သေးဘူး…။ နောက်ဆုံး အတန်းထဲကို နောက်ကျပြီး ချွေးတွေ သံတွေနဲ့ ယောင်္ကျားလေးတွေနဲ့ အတူတူ ဝင်မိတော့ ကိုယ်တို့နှစ်ယောက်ထဲကို ဆရာမ ဆူတာ အမှတ်တရပါပဲ…။ အတန်းချိန် နောက်ကျတာချင်းအတူတူ ဟိုကောင်လေးတွေကျ အဆူမခံရဘူး လို့ ဆရာမကို စိတ်ထဲက ပြန်ပြောနေမိတဲ့ အခိုက်အတန့်လေးပေါ့…။ ယောင်္ကျားလေးနဲ့ မိန်းကလေး အခွင့်အရေး ကွာဟနေတာကို သတိပြုမိတဲ့ အချိန်လေး ဆိုလဲ မမှားပါဘူး…။
ပြီးတော့ အဲဒီ ငါးတန်းနှစ်မှာပဲ မြန်မာစာ ဖတ်စာအုပ် မပါလို့ ဆရာမ ရိုက်တာ ခံရဖူးတယ်…။ ကျောင်းသူဘဝမှာ ပထမဆုံး အရိုက်ခံရတာမို့ မေ့မရဘူး…။ ညာဖက် လက်ဖဝါးမှာ နီရဲသွားပြီး သိပ်နာတယ် လို့ ခုထိ ခံစားလို့ရနေတယ်…။
နောက် ရှစ်တန်းနှစ်မှာ တခါ အရိုက်ခံရသေးတယ်…။ ပထဝီ အချိန်မှာ ကမ္ဘာ့ ပထဝီနဲ့ မြန်မာ့ ပထဝီ ဖတ်စာအုပ် မှားယူလာမိလို့…။ လက်ဖြန့် ဆိုတော့ ဘယ်ဖက်လက်ကို ဖြန့်ပေးလိုက်တယ်။ ညာဖက်ဆို ပိုနာတယ်လို့ ဘာလို့ တွေးနေမိမှန်း မသိဘူး…။ ကိုးတန်းနှစ်ကတော့ ကျောင်းမှာ အပျော်ဆုံးနှစ်ပဲ…။ Stress သိပ်မများလို့ လို့ ထင်တာပဲ…။ ဘာတွေ ပျော်နေမှန်းကို မသိဘူး… ပျော်တာတော့ အလွန်ပျော်ပဲ…။ ဆယ်တန်းရောက်တော့ နဲနဲတော့ စိတ်ညစ်ရတယ်… ကျူရှင်တွေ တက်ရလို့…။
ဒီလိုနဲ့ ဆယ်တန်းရောက်တဲ့အထိ တခါမှ ကျောင်းမပြေးဖူးတာမို့ နေအုပ်မှာ ကျူရှင်တက်ရင်း ငါတို့ ကျောင်းပြေးရအောင်လို့ သူငယ်ချင်း (ငါးတန်းမှာ ဘောလုံးကန်တဲ့ သူငယ်ချင်းပဲ) နဲ့ တိုင်ပင်ပြီး နေအုပ်ကျူရှင်အပြီး မနက် ၉ နာရီမှာ ကျောင်းကို ပြန်မသွားပဲ အဲဒီ အနီး အနားတဝိုက် လျှောက်ကြည့်ကြတယ်…။ မေမေ့ကိုတော့ နေအုပ်က အချိန်ပို ခေါ်တယ်လို့ ပြောထားခဲ့တယ်…။ အဲဒီ သူငယ်ချင်းနဲ့က ဘယ်သွားသွား အတူတူ၊ ကျူရှင်တွေလဲ အားလုံး အတူတူဆိုတော့ သူနဲ့ဆို မေမေတို့က အိုကေ ပြီးသား…။ ဒီလိုနဲ့ ကုန်ဈေးတန်းတို့ ဘာတို့ တဝိုက် တွေ့တာတွေ ဝယ်စားပြီး အဖြူ အစိမ်းဝတ်ပြီး လွယ်အိပ် တယမ်းယမ်းနဲ့ တမနက်လုံး လျှောက်သွားကြတယ်…။ မှတ်မိသလောက်ကတော့ မုန့်ဟင်းခါး ဝယ်စားတယ်။ ပြီးတော့ ဘယာကြော် ဝယ်စားကြတယ်…။
ပြဿနာက အဲဒီသူငယ်ချင်းက ကွမ်းစားချင်တယ်တဲ့…။ အင်းလေ.. စားချင်ရင် စားပေါ့ လို့ ပြောပြီး လူလည်လုပ်ပြီး ကွမ်းယာ အချိုတွေ ဝယ်ကြတယ်…။ ဝယ်ပြီးမှ သတိရတာက ကွမ်းစားရင် ပါးစပ်တွေ နီကုန်ရင် ကျောင်းပြန်ရောက်တော့ ဆရာမတွေ ချက်ချင်း ရိပ်မိမှာပေါ့ လို့…။ အမလေး.. တော်သေးရဲ့.. တော်သေးရဲ့… လို့ အခါတသိန်းရွတ်ပြီး ဝယ်လာတဲ့ ကွမ်းယာတွေကို အင်္ကျီအိပ်ထဲ ကိုယ်စီ ထည့်လိုက်ကြတယ်…။ ဒီလိုနဲ့ နေ့လည် မုန့်စားကျောင်းဆင်းချိန်မှာ ဟန်မပျက် ကျောင်းကို ချောချောမောမော ပြန်ရောက် လာခဲ့ကြတယ်…။ အတန်းထဲမှာ အိနြေ္ဒရရလေးတွေ ဝင်ထိုင်နေကြပြီး ကိုယ်တိုင်လဲ ငါတို့ကျောင်းပြေးဖူးသွားလေပြီ… ဘယ်သူမှ မရိပ်မိပါ… လို့ အကျေနပ်ကြီး ကျေနပ်နေကြလေရဲ့…။
ကျောင်းတက်ခေါင်းလောင်းထိုး အတန်းထဲကို ဆရာမ ဝင်လာပြီးတော့ လေ့ကျင့်ခန်း စာအုပ်တွေ လာထပ်ကြလို့ ပြောတော့ အတန်းရှေ့ ဆရာမရှေ့သွားပြီး စာအုပ်ထပ်ရတယ်…။ အဲဒီမှာ…. အဲဒီမှာ… လား.. လား… ကိုယ်တို့ နှစ်ယောက်စလုံးရဲ့ အင်္ကျီအိပ်တွေမှာ ကွမ်းယာအထုပ်ထဲက အနီရောင်တွေက စိမ့်ပြီး စွန်းနေကြတာလေ…။ ဒီလိုနဲ့… ဒီလိုနဲ့… ကိုယ်တို့နှစ်ယောက် ကျောင်းပြေးပြီး မြို့ထဲမှာ ယောင်နေကြတာရော၊ မိန်းကလေးတန်မဲ့ ကွမ်းယာတွေ စားမလို့ ဝယ်လာကြတာရော ပေါ်သွားပြီး အဆူတွေ တပုံကြီး ခံရပါရောလား…။
ကျောင်းမှာက ဆယ်တန်းဆိုရင် ဝိုင်းကျူရှင်တွေတက်ကြ၊ အိမ်မှာပဲ စာတွေ ကျက်ကြနဲ့ အောက်တိုဘာလ လောက်ဆို အတန်းထဲမှာ လူတော်တော်ပါးနေပြီ။ ကိုယ်တို့တဖွဲ့ကတော့ ကျောင်းမှာ၊ ဆရာ၊ ဆရာမတွေ အနားမှာပဲ စာကျက်ရင်း၊ မသိတာ နားမလည်တာတွေ မေးရင်း စာမေးပွဲဖြေဖို့ ကဒ်ပြားထုတ်တဲ့ နေ့အထိ ကျောင်းတက် မပျက်ဖူး…။ စာတွေကျက်ရင်း အချစ်တော်တွေကလဲ ဖွဲ့ကြရသေး၊ စာတွေလဲ အပြန်အလှန် ရေးကြရသေးတာ။ ပြီးတော့ ကျောင်းပိတ်ခါနီးမို့ ရေးလိုက်ကြတဲ့ အော်တိုတွေဆိုတာလဲ ပလူပျံနေတာပဲ…။ အဲဒီတုန်းက ကိုယ့်ရဲ့ အော်တိုစာအုပ်ထဲမှာ ကိုယ့်အမျိုးသား ရေးထားခဲ့တာတွေကို အခုချိန်မှာ သူ့ကို ပြန်ရွတ်ပြရင် သူက "ပေါက်ကရတွေ လာရွတ်ပြနေတယ်… သွား.. သွား.." လို့ နှင်ထုတ်တတ်တယ်…။ (သူပဲ ရေးတုန်းကတော့ ရေးပြီးတော့လေ… နော်…) အော်… အဲဒီတုန်းကတော့ ရိုးရိုးသားသား သူငယ်ချင်းတွေပါ… ယုံကြပါလေ…။
ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲကြီး ပြီးသွားတော့ အမြဲ တတွဲတွဲနဲ့ သိပ်ချစ်ခင်ခဲ့ကြတဲ့ သူငယ်ချင်းတစုဟာ ကျောင်းကြီးနဲ့ ဆရာ ဆရာမတွေကိုလဲ သိပ်ချစ်ကြတော့ အကြောင်းအမျိုးမျိုးရှာပြီး ကျောင်းမှာပဲ ဆုံဖို့ ချိန်းဖြစ်ကြတယ်။ တချို့ကလဲ ကျောင်းမှာ အငယ်တန်းလေးတွေမှာ လုပ်အားပေး ဆရာမလေးတွေ ပြန်လုပ်ကြတယ်။ မိဘနဲ့ အတူမဟုတ်ရင် ဘယ်နေရာကိုမှ သွားရလေ့မရှိတဲ့ ကိုယ့်အတွက်လဲ ကျောင်းမှာ ချိန်းတော့ ဟန်ကျတာပေါ့...။ မေမေ ကျောင်းသွားရင် လိုက်သွားရုံပဲ…။ ခဏ ခဏ ချိန်းတော့ ခဏ ခဏ တွေ့ရတာပေါ့လေ… (အဟဲ... သူငယ်ချင်းတွေနဲ့ ပြောတာပါ…)
ဒီလိုနဲ့ သူငယ်ချင်းတွေ မကြာခဏ ဆုံကြပြီး ဆရာကန်တော့ပွဲလေးတခု လုပ်ကြဖို့ တိုင်ပင်ကြတယ်…။ အဲဒီနှစ်က ကိုယ်တို့ စလိုက်တဲ့ ဆရာကန်တော့ပွဲလေးဟာ အဆင်ပြေ အောင်မြင်ပြီး ပျော်စရာကောင်းလွန်းလို့ နောင်နှစ်တွေတိုင်း ကျောင်းမှာ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲလုပ်ခဲ့တာ ၂၀၀၉ မှာ ၂၁ ကြိမ် တောင် ရှိသွားပြီ…။ ဆရာ ဆရာမ တရာ့ ငါးဆယ်ကျော် နဲ့ ကျောင်းသားဟောင်း သူငယ်ချင်းဟောင်းတွေ လေး ငါးရာလောက်နဲ့… သိပ်ပျော်စရာ ကောင်းတာပဲ…။ ခေတ်ကောင်းတုန်းကဆို ကျောင်းသားဟောင်းတွေပါတဲ့ နာမည်ကြီး တီးဝိုင်းတခုက လာတီးပေးပြီး အဆိုတော်တွေကို ဖိတ်လို့… သိပ်စည်ကား သိပ်ခန်းနားတာပဲ…။ (အရေးအခင်းနောက်ပိုင်းမှာ အဲလို တီးဝိုင်းထည့်တာ ခွင့်မပြုတော့ဘူး)
ကိုယ်တို့တွေလဲ အခမ်းအနား မလုပ်ခင်ကထဲက အစည်းအဝေးတွေ အပတ်တိုင်းခေါ်ပြီး တိုင်ပင်ကြ စီစဉ်ကြ၊ ကန်တော့ပွဲနီးနေတဲ့ ရက်တွေမှာဆို နေ့တိုင်းလိုလို ကျောင်းကိုရောက်နေပြီး လိုအပ်တာတွေ ပြင်ဆင်ကြ၊ အကျွေးအမွေးအတွက် စီစဉ်ကြ၊ ကန်တော့ပွဲ ပြီးသွားပြန်တော့လဲ ငွေစာရင်း ရှင်းဖို့တို့၊ မလာဖြစ်တဲ့ ဆရာ ဆရာမတွေဆီ ကန်တော့ ပစ္စည်း လိုက်ပို့ဖို့တို့တွေအတွက် တချိန်းချိန်း တွေ့ကြ…။ သိပ်ပျော်စရာ ကောင်းခဲ့တာ ဘယ်တော့မှ မမေ့ဘူး။ အခုတော့ အဲဒီ ဆရာကန်တော့ပွဲတွေကို အလှူငွေသာ လှမ်းထည့်နိုင်ပြီး ကိုယ်တိုင် ကိုယ်ကျ လုပ်အားပေး ပါဝင်ဖို့ ပျက်ကွက်နေခဲ့တာ ၁၀ နှစ် ရှိပြီပေါ့…။
ကိုယ်တို့ သူငယ်ချင်းတတွေ ကျောင်းကြီးနဲ့ ဆရာ ဆရာမတွေကို တွယ်တာတဲ့ သံယောဇဉ်က တော်တော်ကို ကြီးပါတယ်။ ခုချိန်ထိလဲ စွဲစွဲလမ်းလမ်း ရှိနေဆဲပါ…။ အဲဒီကျောင်းအပေါ် ရှိနေတဲ့ သံယောဇဉ်တွေနဲ့ အတူတူပဲ ကျောင်းက တကျောင်းတည်းထွက် သူငယ်ချင်းတွေ၊ အတန်းကြီးက အကို အမတွေ၊ အတန်းငယ်က မောင် ညီမတွေ အပေါ်မှာလဲ တော်တော်ကို ချစ်ခင်မှု ရှိကြတယ်…။ အစွဲအလမ်းကြီးတယ်ပဲ ပြောပြော ကျောင်းကလို့ ဆိုလိုက်တာနဲ့ ဘယ်နှစ်ကပဲ ဖြစ်ဖြစ် အချင်းချင်း ရင်းနှီးဖို့၊ ချစ်ခင်ဖို့၊ လိုအပ်ရင် ကူညီဖို့ ဘယ်သူမှ ဝန်မလေးကြဘူး…။ အဲဒါတွေဟာ ကိုယ်တယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး…။ ကိုယ်သိသလောက် အားလုံးဟာ အဲဒီလို အတူတူတွေချည်းပဲ…။
လောလောဆယ် ဒီမှာ ရှိနေတဲ့ သူငယ်ချင်း စာရင်းကို ပြန်တွက်ကြည့်ရင် အခု ကိုယ်နဲ့ အရင်းနှီးဆုံး၊ အနီးကပ်ဆုံး နေရာမှာ ရှိနေတဲ့ ငယ်သူငယ်ချင်း စာရင်းဝင် ချစ်ရတဲ့ သူ အပါအဝင် ငါးတန်းတုန်းက ဘောလုံးကန်ခဲ့ပြီး ဆယ်တန်းတုန်းက ကွမ်းစားချင်ခဲ့တဲ့ သူငယ်ချင်းရယ်၊ စာရေးကောင်းတဲ့ သူငယ်ချင်း ချစ်ကြည်ရယ်… ဒေါ်ချစ်ကြည်နဲ့ အတူတူနေတဲ့ သူငယ်ချင်းလေး ခိုင်ရယ်… ပြီးတော့ နောက် ယောင်္ကျားလေး သူငယ်ချင်း ၃ ယောက်လောက်ရယ် ရှိနေတယ်…။ နောက်တယောက်ကတော့ ကိုယ့်ကို ဒီပိုစ့်လေးရေးဖို့ အကြံပေးခဲ့တဲ့… ညီမလေး မွန် (သုနှင်းဆီ)... လူချင်း အနေဝေးပေမယ့် ကျောင်းကြီးကို ချစ်တဲ့ သံယောဇဉ်တွေကြောင့် စိတ်ချင်း အမြဲနီးနေတဲ့ ညီမလေးပေါ့…။ တချို့ သူငယ်ချင်းတွေကတော့ ရေကြည်ရာ မြက်နုရာတွေမှာ ကိုယ်စီဘဝတွေကို တည်ဆောက်နေကြရင်း တကွဲတပြား ပျံ့နှံ့လို့… သူတို့တွေ ဒီကို အဝင် အထွက် အလည် အပတ် လာရင်တော့ တွေ့ဖြစ်ကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ ရန်ကုန်မှာ…
ကျောင်းနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေ ရေးရမယ်ဆိုရင် များလွန်းလို့ တော်တော်နဲ့ ပြီးနိုင်မယ် မထင်ပါဘူး…။ အခုလိုလေး ရေးလိုက်ရတော့ ကျောင်းကို လွမ်းနေတာ၊ ဆရာမတွေကို လွမ်းနေတာ၊ သူငယ်ချင်းတွေကို လွမ်းနေတာ တွေ နဲနဲတော့ သက်သာသလိုလိုပဲ…။ အရင်ကတော့ ကျောင်းကို သတိရရင် ဝိုင်းစုခိုင်သိန်း ကျောင်းထဲမှာ သွားရိုက်ထားတဲ့ သီချင်း MTV ကို ကြည့်ဖြစ်တယ်…။ ခုတော့ မကြည့်တော့ဘူး… ကြည့်လိုက်ရင် ပိုလွမ်းလာလို့…။
ကဲ… ကျောင်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကို ပေါ့ပေါ့ပါးပါးဆိုပြီး ရေးလိုက်တာ အဆုံးသတ်မှာ လေးလံတဲ့ ပိုစ့်တခု ဖြစ်သွားပြီ ထင်ပါရဲ့…။ ဘာပဲပြောပြော ကျောင်းနဲ့ ပတ်သက်တာ တခုခုရေးပါ လို့ အကြံပေးခဲ့တဲ့ ညီမလေး မွန် ကို ကျေးဇူး အများကြီး တင်ပါတယ်…။ ညီမလဲ အချိန်ရရင် ကျောင်းနဲ့ ပတ်သက်တာ တခုခု ရေးပါအုံး…။ Tag တယ်လို့ မဆိုသာပေမယ့် သူငယ်ချင်း ချစ်ကြည်ကိုလဲ ရေးစေချင်ပါသေးတယ်… မွေးနေ့မှာ အမှတ်တရပေါ့…။

ငယ်ငယ်တုန်းကလေ ဆရာမသမီးသိပ်ဖြစ်ချင်ခဲ့တာပဲ။ ဆရာမ သမီးဆို အားလုံးက၀ိုင်းချစ်တာခံရတယ်လို့ ထင်တယ်။ သက်ဝေက ဆရာမသမီးတစ်ကယ်ဖြစ်ခဲ့တာကိုး။
ReplyDeleteအစ်မသက်ဝေ (ဟိ ဒေါ်ဒေါ် ခေါ်တော့ပါဝူး)
ReplyDeleteတော်တော် မှတ်ဉာဏ်ကောင်းတယ်နော် ဟိုးးး နှစ်ပေါင်းးးများစွာ (သံရှည်စွဲ၍ဖတ်)က အဖြစ်တွေမှတ်မိနေတာကိုး
အင်းးး ၂၀၀၉ ထဲက ၂၁ နှုတ်၊ မနှုတ်လောက် ၁၀ချေး၊ လက်၁၀ချောင်းထောင်၊ မနှုတ်လောက်သေးတော့ နောက်ထပ် ၁၀ထပ်ချေး.... အဲ..ဘယ်လောက်ရလဲဟင်င် ဒါမှမဟုတ် ၂၁ ပေါင်းချင်လဲပေါင်းကြည့်ပေါ့ အဟတ်ဟတ် နော့ပြီး ""ကျောင်းသားဟောင်းတွေပါတဲ့ နာမည်ကြီး တီးဝိုင်းတခုက"" ဆိုတော့ ကျနော်တော့ emperor band ကိုမြင်မိတာပဲ၊ တခြား တီးဝိုင်းလည်းဖြစ်ချင်ဖြစ်မှာပေါ့နော.... စကားမစပ် ဝိုင်းစု ကျောင်းထဲမှာ ရိုက်တဲ့ MTV ဆိုတာလေး ကြည့်ချင်လိုက်တာ... လင့်လေးး? ကျနော် ကြိုက်လို့ဗျ :P (ဝိုင်းစုကတော့ ဒဂုံ ၁ ကျောင်းသူဗျ :)
ခမမ
၎နှစ်နဲ့ ကျောင်းနေပြီလား မသက်ဝေ ။ ကံကောင်းလိုက်တာ။ မအယ် ကျိကျိကတော့ ၆ နှစ်ကျော်မှ သူငယ်တန်း တက်ရတယ်။ အိမ်နဲ့ ကျောင်းက ၄မိုင်ဝေးတယ် ပြီးတော့လည်း ၁၄၄ နဲ့မို့။
ReplyDeleteမအယ်
အဟမ်း ကိုးတန်းနှစ်ကတော့ ကျောင်းမှာ အပျော်ဆုံးနှစ်ပဲဆိုပဲ...
ReplyDeleteတစ်ကိုင်းတည်းနားတဲ့ ငှက်လေးတွေ သိပ်ပျော်မှာပဲလေ.. ပျော်မှာပေါ့..မော်မှာပေါ့ ချစ်သူနဲ့ပဲလေ။
(သီချင်းဆိုတာပါ)
mm
မွေးစာရင်း တစ်ခု အပိုလုပ်လိုက်ရောပေါ့။ စင်ကျားပိုလို စာရွက်အတုလုပ်လို့ ထောင်ကျတဲ့ တိုင်းပြည်မှ မဟုတ်တာ။ :P ကျွန်တော်လည်း ၄ နှစ်ခွဲနဲ့ ကျောင်းနေတာပဲ။ ၁၀ တန်းအောင်တော့ ၁၅ နှစ်ခွဲပဲ ရှိသေးတယ်။
ReplyDeleteလက်စသတ်တော့စတိတ်ကျောင်းထဲကရည်းစားထားနေတာကိုး..ဟင်း..
ReplyDeleteစာဖတ်သူ
လွမ်းတယ်ဆိုပြီးရှောက်ဖတ်မှ၊ပိုလွမ်းအောင်လုပ်တဲ့စာတွေလာတွေ့နေ..
ReplyDeleteရည်းစားကမူလတန်းမှာစရတာလား? အလယ်တန်းမှာလား၊
အမှန်ကိုကြားချင်ပါတယ်။
အရိုက်ခံဘူးတာတင်လား
ဆိုးလို့ခုံပေါ်မတ်တတ်ရပ်ရတာမျိုးကောကျန်ခဲ့သေးလား၊
ဖတ်ပြီ: ကျောင်းလိုက်တတ်ရသလိုပါဘဲ
ကျေးဇူးဘဲ.....ကျေးဇူးဘဲ
ဟင်း.
ReplyDeleteဒီပိုစ်ကိုအတက်ခံလို့တော့မဖြစ်ဘူး
မေ့ကုန်ပြီ.
ကြာပြီကိုး.။
၎ နှစ်နဲ့ ကျောင်းနေတဲ့ မွေးစားရင်း ၂ခုနဲ့ အနော်ပါဗျ။
ReplyDeleteကိုဇက်တီလိုပဲ ၁၀တန်းအောင်တော့ ၁၅နှစ်ပြည့်ယုံ ဟိဟိ။
ငယ်သူငယ်ချင်းတွေအနားမှာရှိတော့ကောင်းတာပေါ့။
ကျနော့်မှာတော့ ငယ်ငယ်တုန်းကကျောင်းတူတူ၂ယောက်ရှိတယ် စလုံးမှာ။ ကျနော့်ကိုကိုနဲ့  နောက်သူငယ်ချင်းကောင်လေး တစ်ယောက်ပေါ့။
ခဏ ခဏ ချိန်းတော့ ခဏ ခဏ တွေ့ရတာပေါ့လေ…အဟမ်းးး..အဟမ်းးး...အော်...မဖြစ်နိုင်ပါဘူး...အဲဒီတုန်းက ရိုးရိုးသားသားသူငယ်ချင်းတဲ့...ယုန်လိုက်ပါမယ်လေ........ :))))
ReplyDeleteငယ်ငယ်တုန်းကအကြောင်းတွေ ပြန်တွေးရင် ပျော်စရာတွေကြီးပဲ။ အထက်တန်းကျောင်းမှာတုန်းက ပျော်ခဲ့ပေမယ့် တက္ကသိုလ်တုန်းကလောက် အမှတ်တရ မကျန်ခဲ့ဘူးဗျ...
ReplyDeleteဒေါ်မွန်နဲ့ တကျောင်းထဲထွက်ဆို... မိန်းကလေးကျောင်း ဟုတ်ဘူးလား... ဘာလို့ ယောင်္ကျားလေးတွေနဲ့ ရောနေတာလဲဟင်...
ပျော်စရာလည်း ကောင်း၊ လွမ်းစရာလည်း ကောင်းတယ် မမသက်ဝေ... တခါတလေ အဖြူအစိမ်းတောင် ပြန်ဝတ်ချင်တယ်း)
ReplyDeleteသက်ဝေတို့ ချစ်ကြည်တို့ ခြေရာတွေ အများကြီးရှိနေခဲ့တဲ့ ကျောင်းကြီးကို ညမှောင်မှောင်မှာ ဒီက ရောက်ဖူးနေခဲ့တယ်။ သူငယ်ချင်းရဲ့အဖေက ကျောင်းအုပ်ကြီးလား မြို့နယ်ပညာရေးမှူးလား မသိဘူး။ အဲ့ဒီကျောင်း အပေါ်ဆုံးထပ်မှာ သူတို့ မိသားစု နေလို့ စာသွားမေးရတာလေ။ စာနဲ့ ပတ်သက်ပြီး အမြဲကူညီခဲ့တဲ့ အဲ့ဒီသူငယ်ချင်းရဲ့ ကျေးဇူးကို ဒီပို့စ်နဲ့အတူ သတိရလိုက်ပါတယ်။
ReplyDeleteဘုန်းကြီးကျောင်းသားဘ၀ လေးသတိရမိသွားကြောင်း..ဒူ..ဝေေ၀..(ကြေးစည်ထုသံ)
ReplyDeleteပျော်စရာလေးတွေ ရေးရင် လွမ်းစရာလေးတွေ ဖြစ်နေတယ် ပေါ့...
ReplyDeleteမသက်ဝေ ကျောင်းတုန်းကအကြာင်း ရေးထာဖတ်ရတော့ ကျွန်မလည်း ကျောင်းတုန်းက ငယ်ငယ်က ဘ၀တွေကို ပြန်သတိရသွားတယ်။ သူငယ်တန်းကနေ ၁၀ တန်းအထိ နှစ်တိုင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေကို အကုန်မှတ်မိပါတယ်။ ဒါပေမဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ အားလုံးက အခုချိန်မှာ ကြံ့တွေ ဖွတ်တွေ ဖြစ်နေကြပြီ။
ReplyDeleteအမ ..မီးမီးလည်း၁၀တန်းအောင်စာရင်းထွက်တာတောင် ၁၆နှစ်ပြည့်သေးဘူး..
ReplyDeleteအမရေ.. လေးနှစ်နဲ့ကျောင်းစတက်လို့ ပထမတန်းရောက်ပြီးမှ သူငယ်တန်းပြန်ဆင်းပြီး သူငယ်တန်းကို ၂ ခါဖြေတာ ညီမရောပဲ...။ :)
ReplyDeleteအချစ်တော်ထားတဲ့ ရန်ကုန်က ကျောင်းသူတွေက ရီစရာ၊တချို့လဲ အိမ်ထောင်တွေကျ ကလေးတွေသာမွေးတယ်။ခုထိ သတိတရရှိနေတတ်ကြတဲ့လူတွေ မြင်ဖူးတယ်။ ဖြူဖြူစင်စင်ချစ်ခဲ့ကြလို့လား မသိဘူးနော်။
မမရေ..ကျောင်းတော်သာကို ဖတ်ရင်း ကြည်နူးရပါတယ်။ ဇွန်က မိန်းကလေးကျောင်းနေခဲ့ပေမယ့် အချစ်မထားဖူးလိုက်ဘူး။ အော်တိုတွေရေးရတာရော သူများရေးတာဖတ်ရတာရော သိပ်သဘောကျခဲ့တာ။ ဖြူစင်ပျော်ရွှင်ခဲ့တဲ့ မမေ့နိုင်စရာနေ့ရက်တွေပါပဲ မမရယ်။
ReplyDeleteကွန်မန့်က မွန်ဆီမှာ ရေးတာနဲ့ အတူတူပဲ၊ :)
ReplyDeleteလွမ်းသွားပြီ၊
တနေ့တော့ ရေးဖြစ်ပါအုံးမယ်။
လွမ်းစရာကြီးနော်... ပျော်စရာကောင်းတဲ့နေ့ရက်တွေပိုင်ဆိုင်ခဲ့ရတော့ အမြဲသတိရနေမှာပေါ့....
ReplyDeleteမမွန်နှင့် မြို့မမောင်နှမများသို့..
ReplyDeleteညီမလည်း မြို့မကျောင်းသူပါ။ ၁၉၉၇ မှာ ၁ဝတန်းအောင်ပါတယ်။
ဆရာမ သမီးဖြစ်တဲ့ မသက်ဝေးဆိုတာကို ညီမသိသလိုပဲ။ အစ်မက ၁၉၉၆ က ၁ဝတန်းအောင်တာများလား။
ဆရာမသမီးဆို ညီမတို့ထက် အသက်ကြီးတဲ့ (၈)တန်းကဆရာမတစ်ယောက်ရဲ့ သမီးရယ်
နောက် (၆)တန်းက ဆရာမတစ်ယောက်ရဲ့ သမီးရယ်ပေါ့။ ဟိဟိ
မသက်ဝေးက ဘယ်တစ်ယောက်လဲဟင်။
မမနဲ့ အမကိုကြီးက တကယ်ကို သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးတွေနော်.. တက္ကသိုလ်ရောက်မှ တွေ့တယ်လို့ ထင်ထားတာ.. အခုတော့ ငယ်ကျွမ်းဆွေတွေပဲ..:D အမရေးထားတာ ဖတ်ပြီး အစပိုင်းတော့ ပျော်ရတယ်.. အမ.. ကျနော်ဆို အလယ်တန်း၊ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ မဆုံဖြစ်တာ အနှစ် ၂၀ နီးပါးတောင် ရှိတော့မယ်.. သူတို့တွေကို သတိရလို့ FB မှာ ရှာကြည့်သေးတယ်.. မိန်းကလေးတွေ တစ်ယောက်မှ ရှာမရဘူး.. အမက ကံကောင်းတယ်. အခုထိ အနားမှာ သူငယ်ချင်းအရင်းကြီးတွေ ရှိသေးတာ.. (အမကိုကြီးကိုတော့ ထည့်မတွက်နဲ့ပေါ့နော်.. ) :D
ReplyDeleteဟွန်းဟွန်း...နောင်တရသွားမယ်နော်...ဒီပိုစ့်ကို လာရေးခိုင်းတာ...နာမည်ကိုက ချစ်ကြည်ဖွ လို့ပြောင်းတော့မှာ...ငှဲ ငှဲ....:))
ReplyDelete