Friday, March 5, 2010

တိမ်တွေ လှသောနေ့

ဘယ်က စရေးရမှန်း မသိဘူး…
နိဒါန်းတွေ ဘာတွေလဲ ဘယ်လို ပျိုးပြီး ရေးရမှန်းမသိဘူး…
ကိုယ် ပြောပြချင်တာက သူ့ရဲ့ ဝါသနာ (သို့) သူ့ အကျင့်လေး အကြောင်းရယ်…
တိမ်တွေ သိပ်လှတဲ့ ကောင်းသော သောကြာနေ့လေး အကြောင်းရယ်…

သူက လွှင့်ပစ်တာ သိပ်ဝါသနာပါတယ်…
အိမ်မှာ တခုခု ရှာမတွေ့တော့ရင် စဉ်းစားမနေနဲ့ လိုက်ရှာမနေနဲ့ ဟိုဟို ဒီဒီ လိုက်မေးမနေနဲ့... အချိန်ကုန်တယ် လူပင်ပန်းတယ်…။ သေချာတယ်... သူ လွှင့်ပစ်လိုက်ပြီ…။

သူက ပိတ်ရက်တွေမှာ အိမ်ကူရှင်းပေးတယ်…
ပွနေတဲ့ အရာတွေကို အကုန်ရှင်းသွားတယ်…
အရင်နေ့တွေက သတင်းစာတွေ၊ တလကျော်ကြာသွားတဲ့ ဖတ်ပြီးသား မဂ္ဂဇင်းတွေ၊ စာတိုက်ကလာတဲ့ ကြော်ငြာတွေ ကအစ မီးဖိုထဲက လက်သုတ်ပုဝါ ခပ်ဟောင်းဟောင်းတွေပါမကျန် အစ အနတောင် မတွေ့ရတော့ဘူး… သေချာတယ်… အားလုံး အမှိုက်ပုံးထဲကို ရောက်သွားပြီ…။ သူ့ မျက်စေ့ထဲမှာ ရှုပ်ရှုပ်ပွပွတွေ တွေ့ရသ၍ အားလုံး ကောက်ပြီး လွှင့်ပစ်လိုက်တော့တာပဲ…။ စားပွဲပေါ်မှာ စာရွက်စာတမ်းတွေ ဘေလ်တွေ ဘာညာ ဘာညာတွေ ချထားရင် အသုံးလိုသေးလား မလိုသေးလား ဘာမှ မမေး… အကုန် ကောက် လွှင့်ပစ်တာပဲ…။ ဒါ သူ့ရဲ့ အိမ်ရှင်းနည်း…

အရင်က သူငယ်ချင်းတွေနဲ့ စုနေတဲ့ အချိန်မှာ ကွမ်းကြိုက်တဲ့ သူငယ်ချင်းတစုက သူ့ဒါဏ်ကို အခံရဆုံး…။ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်ဆိုတော့ မြန်မာဆိုင်လေးတွေ အခုလို နေရာအနှံ့အပြားမှာ မရှိသေး… ကွမ်းယာကို ပင်နီစူးလားကလွဲလို့ တခြားနေရာမှာ ဝယ်လို့ မရသေးတဲ့ အချိန်။ အတူနေ သူငယ်ချင်းတွေက တပတ်တခါ အလုပ်နားရက်တွေမှာ ပင်နီစူးလားကို တကူးတကသွားပြီး လဘက်ရည်သောက် စကား ဘာညာပြော... ပြီးရင် ကွမ်းယာလေးတွေ ဝယ်ပြီး အိမ်ပြန်လာကြတယ်။ အိမ်ရောက်တော့ မြန်မာသတင်းစာလေးတွေနဲ့ လုံးပြီး ထုပ်ထားတဲ့ ကွမ်းထုပ်လေးတွေကို စားပွဲပေါ်မှာ၊ ဟိုနား ဒီနားမှာ ချထားမိကြတယ်။ အဲဒါကို သူက စားပွဲပေါ်မှာ သတင်းစာအဟောင်းတွေ လုံးပွနေတယ်ဆိုပြီး ယူ ယူလွှင့်ပစ်လို့ သူငယ်ချင်းတွေ ရင်ကွဲရပေါင်း များလှပေါ့…။

နောက်တခုက သူက အိမ်သုံးပစ္စည်းတွေ ဝယ်ရတာ ဝါသနာပါတယ်…
ဈေးဝယ်ထွက်တိုင်း အဝတ်အစားဝယ်ဖို့ကို အတော် ပြောရခက်သလောက် အိမ်သုံးပစ္စည်းတွေ ဝယ်ဖို့ဆို ရှေ့ဆုံးက… တခါတခါဆို ကိုယ်တောင် မသိလိုက်ရဘူး။ လိုလဲ ဝယ်… မလိုလဲ ဝယ်… တွေ့တိုင်း ဝယ်…။
တခုခုဆို ဝယ်ပြီးမှပဲ အမြဲ သိရတယ်…။ (ဘာလို့လဲ ဆိုတော့ ဈေးဝယ်ထွက်တိုင်း သူက အိမ်သုံးပစ္စည်းတွေ ရောင်းတဲ့ နေရာကို ဦးတည်နေတဲ့ အချိန်မှာ ကိုယ်က ဖိနပ်တွေ အိတ်တွေ အဝတ်အစားတွေရောင်းတဲ့ နေရာနားမှာ ရစ်သီ ရစ်သီနဲ့ ကျန်နေခဲ့တာချည်းပဲလေ…)

တကယ်တော့ မဝယ်ခင်မှာ အရင်ကြိုသိရင်လဲ တားလို့မရပါ…
နာမည်ကြီးတံဆိပ်တွေနဲ့ ဓါး၊ ကပ်ကြေး၊ ဇွန်း ခက်ရင်း အစုံတွေ၊ ဟင်းချက်ရင် မကပ်တဲ့ ဒယ်အိုး ဒန်အိုးတွေ အရွယ်စုံ ဆိုက်စုံတွေ၊ သစ်သားစဉ်းနီတုံး လှလှတွေ၊ ဟိုဟာ ဒီဟာ ဘာညာ ဘာညာ ဘာလာလာ အကုန်ကြိတ်လို့ရတဲ့ စက်ပစ္စည်းတွေ၊ လက်နဲ့လှည့်ပြီး ငြုတ်ကောင်းမှုန့်ကြိတ်တဲ့ ဖန်ဘူး လှလှလေးတွေ၊ ကော်ဖီပန်းကန် လှလှတွေ၊ မီးပူတိုက်ရင် မကပ်တဲ့ မီးပူ၊ ရေဖြန်းတဲ့ မီးပူ၊ မီးပူစင်ပေါ်မှာ ခင်းတဲ့ အခင်းတွေ၊ ကြိုးမပါတဲ့ တယ်လီဖုန်းတွေ… အဲဒါမျိုးတွေကို တွေ့တိုင်း ဝယ်တတ်တယ်။ အိုကေ… သူ့ဘတ်ဂျက်နဲ့သူ ဝယ်တာ ဘာမှ ပြဿနာ မရှိပါဘူး…။ ပြဿနာက ဘာလဲဆိုတော့ အဲလို အသစ်တခုခုဝယ်လာတိုင်း အိမ်မှာရှိနေတဲ့ အဟောင်းတွေကို မမေး မစမ်း မပြော မဆိုနဲ့ တခါတည်း လွှင့်ပစ်တတ်တာပါပဲ…။ ဆက်သုံးလို့ရနေသေးတဲ့ ပစ္စည်းတွေကို လွှင့်ပစ်တာ… လွှင့်ပစ်တာမှ ကိုယ် သံယောဇဉ်တွေ တွယ်မနေအောင် တခါတည်း ဟိုး Rubbish Chute ထဲကို ရောက်အောင် အပြီး ပစ်ချလိုက်တာ…။ မှတ်ကရော…

ပြီးတော့ အဝတ်အစား၊ အင်္ကျီ ဘောင်းဘီတွေ… သူ ဝယ်ဖို့ လိုအပ်ပြီလို့ ယူဆရင် ဝယ်တယ်။ တခါတခါ ကိုယ် ပြောလွန်း ဆိုလွန်း တိုက်တွန်းလွန်းလို့ နားပူမခံနိုင်ရင် ဝယ်တယ်။ သူလိုချင်လို့ ဝယ်မယ်ဆို ကိုယ်တွေလို Discount ရှိတာ မရှိတာ ဘာမှ စိတ်မဝင်စားဘူး။ တပြားမှ မလျှော့လဲ စင်ပေါ်မှာ ချိတ်ထားတဲ့ ဈေးအတိုင်း ဝယ်တယ်။ အဲဒီအထိလဲ ကိစ္စမရှိသေးဘူး…။ ကိစ္စက ဘာလဲဆိုတော့ အင်္ကျီအသစ် နှစ်ထည်ဝယ်လာခဲ့ရင် အိမ်ရောက်တာနဲ့ ဘီဒိုထဲက အင်္ကျီတွေထဲက အဟောင်း နှစ်ထည်ကို ချိတ်ကနေ ဖြုတ်ပြီး လွှင့်ပစ်လိုက်တယ်…။ ဘောင်းဘီ အသစ် နှစ်ထည်ဝယ်လာရင် ရှိနေတဲ့ အဟောင်း နှစ်ထည်ကို လွှင့်ပစ်လိုက်တယ်…။ အလားတူပဲ ဖိနပ် အသစ်ဝယ်လာရင် စီးလက်စ အဟောင်း (အမှန်က မဟောင်း တဟောင်း) ကို ချက်ချင်း မိနစ်မဆိုင်း လွှင့်ပစ်တယ်။

သူ့အပြောအရဆိုရင် ဒီလို အိမ်ကျဉ်းကျဉ်းလေးထဲမှာ အသစ်တွေရောက်လာတိုင်း အဟောင်းတွေကို မလွှင့်ပစ်ရင် လူနေစရာ နေရာ ဘယ်ရှိပါတော့မလဲ တဲ့…။ ဘီဒိုထဲမှာလဲ အဝတ်အသစ်တွေ ရောက်လာတိုင်း အဟောင်းတွေကို လွှင့်မပစ်ရင် နေရာ ဘယ်ဆန့်ပါတော့မလဲ တဲ့…။ သူ့ဟာသူ လွှင့်ပစ်တာ အကြောင်းမဟုတ်ပေမယ့် အခုတလောတော့ ကိုယ့်ကိုပါ ထိခိုက်လာတယ်။

တနေ့က ဘီဒိုထဲမှာ ကိုယ့်အဝတ်တွေ နေရာမဆန့်တော့လို့ ပိုက်ဆံအိတ်တွေ ထည့်တဲ့ နေရာကို ရှင်းပြီး အဝတ်တွေထည့်ဖို့ စီစဉ်မိတယ်။ ဒီအခါမှာ နေစရာ နေရာမဲ့သွားတဲ့ အိတ်တွေကို သူ့ဖက်အခြမ်းမှာ သွားထည့်မိတယ်။ သူ့ဆီမှာ နေရာတွေ ချောင်နေတယ်လေ။ ဒီတော့ သူက ကိုယ့်ရဲ့ အိတ်တွေကို တွေ့သွားတယ်။ ရာဇသံကတော့ နောက်ကို အိတ်အသစ် တလုံး ဝယ်ရင် အဟောင်း နှစ်လုံးကို လွှင့်ပစ်ရမယ် တဲ့…။ အခုလဲ ဘယ်ဟာတွေ ဟောင်းနေပြီလဲ ထုတ်ပါ… ထုတ်ပါ… နေရာကုန်တယ် အခါတည်း လွှင့်ပစ်လိုက် တဲ့…။

ဘုရား… ဘုရား… ကိုယ့်ရဲ့ရင်ခုန်သံတွေ အတိုင်းမသိ ကျယ်လောင်လာတယ်…။ မျက်လုံးတွေလဲ ပြာဝေလာတယ်…။ ချက်ချင်းပဲ သူ့ဘီဒိုထဲကို ထည့်မိတဲ့ ကိုယ့်ရဲ့အိတ်တွေကို ပြန်ဆွဲထုတ်ပြီး ကိုယ့်ဘီဒိုထဲကို ဝင်သလောက် အတင်းကာရော ပြန်ထည့်ဖို့ ကြိုးစားနေတုန်းမှာ ကိုယ့်ရဲ့ များပြားလှစွာသော အဝတ်တွေကို သူ မြင်သွားပြန်တယ်။ မဝတ်တော့တာတွေကို အခုချက်ချင်း လွှင့်ပစ်ခိုင်းနေပြန်တယ်။ အား………………

တရုပ်နှစ်ကူးဆိုရင်လဲ ကိုယ်တိုင်က တရုပ်တွေ မဟုတ်ပါပဲနဲ့ သူ ပစ္စည်းအသစ်တွေ ထပ်ဝယ်ချင်တိုင်း အဟောင်းတွေကို ဘာဖြစ်လို့ ညာဖြစ်လို့၊ နှစ်ဟောင်းက မကောင်းတာတွေ ကုန်သွားအောင် ဘာညာနဲ့ အမျိုးမျိုး အကြောင်းရှာပြီး လွှင့်ပစ်တတ်သေးတယ်…။ ဒါကြောင့် ဟိုတလောက နှစ်ကူးခါနီး ရက်တွေမှာ ကိုယ် သူ့ကို မျက်ခြေမပြတ် ကြည့်နေရတယ်… ဘာတွေများ လွှင့်ပစ်အုံးမလဲ လို့…။ ဒီနှစ်တော့ ဖိနပ်အဟောင်း တချို့ရယ်၊ အဝတ်ဟောင်း တချို့ရယ်၊ မဟောင်း တဟောင်း ဒယ်အိုးတလုံးရယ်၊ ပြီးတော့ ကိုယ့်ကိုလဲ အတင်းပူညံလွန်းလို့ Leather နဲနဲ ကွာချင်နေတဲ့ အိတ်နှစ်လုံးရယ် ပစ်လိုက်ရသေးတယ်…။ အဟောင်းတွေ ထွက်သွားမှ အကောင်းတွေ ဝင်လာမယ် ဆိုပဲ…

သူ့ရဲ့ ဘယ်အရာကို မဆို၊ ဘယ်အချိန်မှာ မဆို လွှင့်ပစ်တတ်တဲ့ ဝါသနာကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ တော်တော်များများက သိကြတယ်…။ ကိုယ်ကလဲ အခုတလော သူ ကိုယ့်အဝတ်တွေ ကိုယ့်အိတ်တွေကို မျက်စောင်းထိုးနေကြောင်း၊ အတင်း လွှင့်ပစ်ခိုင်းနေကြောင်း သူငယ်ချင်းတွေကို ပြောပြမိတော့…. သူတို့က ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းပမ်းတသာ အားပေးကြတယ်…။ နင်တောင် ကံကောင်းလို့ ၊ ဒါမှမဟုတ် အိမ်နောက်ဖေးက Rubbish Chute နဲ့ မဆံ့လို့ အလွှင့်ပစ် မခံရတာ တဲ့…။ ပြီးတော့ ပြောကြသေးတယ်… အသစ်တွေ ဝယ်လာ၊ ရလာတိုင်း အဟောင်းတွေကို လွှင့်ပစ်တတ်တယ်ဆိုတော့ သူ နောက်တယောက် အသစ်မတွေ့သေးလို့ နင့်ကို မလွှင့်ပစ်သေးတာ နေမှာပါ တဲ့…။ တချို့ကလဲ ပြောကြတယ်… နင့်ကို ပစ်လို့မရတိုင်း စိတ်နာနာနဲ့ တခြားပစ္စည်းတွေကို မဲပြီး ပစ်နေတာ နေမှာ တဲ့…။ ကိုယ့်မှာ ကိုယ့်စကားနဲ့ ကိုယ် ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး…။ အဲဒါတွေ တွေးရင်း ညက အိပ်မပျော်ဘူး…

ဒါနဲ့ မနက် အိပ်ရာနိုးတော့ သူ့ကို မေးကြည့်မိတယ်…။
သူတို့တွေ ပြောသလို တကယ် ဟုတ်သလား လို့…။
ဒီအခါမှာ သူက ကိုယ့်ကို ပြုံးစစနဲ့ ကြည့်ရင်း ပြန်ပြောတယ်…။
ကြားစကားတွေကို မယုံပါနဲ့တဲ့… တခြားပစ္စည်းတွေသာ လွှင့်ပစ်ရင် ပစ်မယ်…
ကိုယ့်ကိုတော့ ဘယ် တော့ မှ (ဘယ် တော့ မှ . . .) လွှင့်မပစ်ပါဘူး တဲ့…။

ဒီလိုနဲ့ ဒီနေ့ဟာ ကိုယ့်အတွက် ကောင်းသော သောကြာနေ့ ဖြစ်သွားတယ်…
ဒီနေ့မနက် သူဖျော်ပေးတဲ့ ကော်ဖီက အရင်နေ့တွေကထက် ပိုကောင်းနေတယ်…
ပြီးတော့ ဒီနေ့ မနက် ကောင်းကင်ပေါ်က တိမ်တွေ… တိမ်တွေ… သိပ်လှတာပဲ….

38 comments:

  1. အယ်

    ကြော်ငြာ

    ကိုကြီးရေ...........ဝေ...

    ညှပ်ခေါက်ဆွဲကြော်ကျွေးပါ.

    ReplyDelete
  2. ကောင်းသော သောကြာနေ့မှာ
    ကော်ဖီ ကောင်းကောင်း သောက်ပြီး
    တိမ်လှလှတွေ ကြည့်ရင်း
    ဘာတွေ လွင့်ပစ်ရင် ကောင်းမလဲ စဉ်းစားနေပါတယ်။

    (ခေါင်းစဉ်ကြည့်ပြီး နှစ်ကျပ်ခွဲကြီးနဲ့ လက်စွမ်းပြဦးမယ် ထင်နေတာ။)

    မချို

    ReplyDelete
  3. ငါ့နှမရေ..ယောင်္ကျားဆိုတာ အဲလိုပဲသာမှတ်ပါဟေ့.....
    ဒီလိုနဲ့ ညာစားနေရတာ...( သူများလင်မယားကြားဝင်မပါဘူးနော်..း)))

    ReplyDelete
  4. တိုက်ဆိုင်မှုတွေများနေသည်။

    နှစ်ရက်စာချက်ပြီး ရေခဲသေတ္တာထဲခွဲသိမ်းထားတဲ့ဟင်းတွေ လစ်ရင်လစ်သလို လွှင့်ပစ်လို့ ရင်နာရတာ ခဏခဏ..။

    ယောက်ျားယူသည် လွှင့်ပစ်တတ်သောအမျိုးလား....။

    ReplyDelete
  5. ဟူသည် ရေးတာ ယူသည်ဖြစ်သွားပါလား.... :(

    ReplyDelete
  6. မသက်ဝေ အိမ်ကတယေက်လည်း ဒီလိုပဲ။ အိမ်မှာ စာရွက်စာတမ်းတွေ ပွတယ်ဆိုပြီး အမှိုက်ပုံးထဲ သွားပစ်ချထားလို့ ပိုက်ဆံတောင် အမိုက်ပုံးထဲက ပြန်သွားရှာရဖူးတယ်။တော်သေးတယ် ကောင်စီက အမှိုက်လာသိမ်းတဲ့နေ့မဟုတ်လို့။ နောက်ပိုင်းတော့ ကျွန်မစာအုပ်ပုံတ၀ိုက် ဘယ်လောက်ပဲ ပွပွ အဲဒီမှာ ရှိတာတွေကို လုံးဝ လက်ဖျားနဲ့တောင် မထိနဲ့လို့မှာထားရတယ်။

    ReplyDelete
  7. ကျွန်တော်လည်း မျက်စိထဲရှုပ်ရင် လွှင့်ပစ်လိုက်တာပဲ။ ပြီးမှ လိုချင်ရင် မရှိတော့ဘူး ...

    အမ... ကိုကြီး ပစ္စည်းတွေ လွှင့်ပစ်နေလို့ စိတ်ညစ်တာကိုပြောချင်တာလား အမကို ဘယ်တော့မှ လွှင့်မပစ်ဘူးဆိုတာကို ကြည်နူးနေလို့ ကြွားချင်တာလား ဟင်း... သိတယ်နော် :D

    ReplyDelete
  8. ဟယ်များ ကိုများစောင်းရေးနေလား။ ကိုကြိးနဲ့ တူသွားပြီ။ မျက်စိထဲရှင်းရင်ပြီးရော အကုန်ပစ်လိုက်တာပဲ။
    အဟီး
    mm

    ReplyDelete
  9. ရေးထားတာအရမ်းချစ်ဖို့ကောင်းတယ်။
    YTU ရဲ့စာအုပ်ကိုလည်း ဖတ်ကြည့်ချင်သေးတယ်။

    ReplyDelete
  10. ဒီနေ့မနက် သူဖျော်ပေးတဲ့ ကော်ဖီက အရင်နေ့တွေကထက် ပိုကောင်းနေတယ်…

    You make me happy.
    I got a reaction from your emotion.
    Thanks for your post.

    BINO

    ReplyDelete
  11. မမရေ.. ပစ္စည်းအသစ်ဝယ်တိုင်း အဟောင်းတွေ လွှင့်ပစ်တတ်တယ်ဆိုတော့ စင်ကာပူမှာသာ နေမယ်ဆိုရင် မမတို့ အိမ်နားမှာ နေတယ်.. အမှိုက်ပစ်တဲ့အချိန် စောင့်ပြီး ကောက်ယုံပဲ.. ;P

    နောက်ဆုံး စာပိုဒ်လေးဖတ်ရတာ ကြည်နူးစရာ.. မမ ကို ဘယ်တော့မှ ဘယ်တော့မှ မလွှင့်ပစ်ပါဘူးတဲ့လား.. အဟိ..:)

    ReplyDelete
  12. အပြည့်အ၀ ထောက်ခံပါကြောင်း...( မသက်ဝေ ကို မဟုတ်)း)
    ကိုယ်တိုင် မိန်းကလေး ပေမဲ့..အိတ်တွေ များ..ဖိနပ်တွေများ.. ထပ်ကာ ထပ်ကာ ၀ယ်သော သူများအား.. ပတ်ဝန်းကျင် နေရာ ယူမူ နဲ့.. အရေးယူ ချင်ပါသည်။း)

    ReplyDelete
  13. ရွာသားလေး... ကိုကြီး ကြားအောင် အော်ပါ...း))

    မချို... အခုတလော ရွာလည်နေလို့ လက်စွမ်းမပြနိုင်သေးဘူး...

    ကိုကြီးကျောက်... ကြား သုံး ကြား နော်... ဟဲဟဲ

    စင်စင် နဲ့ မငယ်... အဲဒါတွေလဲ တူတယ်... သိပ်ရှည်သွားမှာစိုး၍ ချန်လှပ်ထားခဲ့ခြင်းဖြစ်... စိတ်ပါလျှင် အပိုင်း ၂ လာမည်...း))

    ကိုပီတိ... သိရင် တိတ်တိတ်နေပါ...း))

    မွန်... သာမီး ကြောက်ကြောက်...

    The snow Night, Glacier & Ko Bino... Thanks a lot...

    နုစံ ညီမ... သမီးလေး အိပ်နေတုန်း ဘလော့ဂ်လည် ထွက်တယ်ပေါ့လေ... သတိရနေတယ်...

    ကေ အစုတ်ပလုပ်လေး... ရိုက်ခံရမယ်နော် ဟွန်း...

    ချစ်စရာ မှတ်ချက်လေးများနှင့်အတူ စာလာဖတ်သူများအား ကျေးဇူးအများကြီး တင်ပါသည်...။ ကောင်းသော သောကြာည နှင့် အနားရသော ပိတ်ရက် နှစ်ရက် ဖြစ်ကြပါစေ...

    ReplyDelete
  14. မသက်ဝေ
    မကေနဲ့ ကျမနဲ့ တူတယ်။
    ကိုကြီးနဲ့လည်း တူတယ်။ ကျမက မျက်စိရှုတ်တာ အကုန် လွှင့်ပစ်တယ်။
    ကိုကြီးနဲ့ ကိုကိုမောင်မောင်ဆရာနဲ့ ဈေးဝယ်တတ်တာ တူတယ်။

    ဒါပေမယ့် ဒီပို့စ်က ကိုကြီး မသက်ဝေကို မလွှင့်ပစ်ပါကြောင်း ပျော်လွန်းလို့ ပီတိနဲ့ ကြွားတဲ့ ပို့စ်ကြီး ဟင်းဟင်းဟင်း။

    မအယ်

    ReplyDelete
  15. သန့်လဲ မျက်စိထဲပိုနေတယ်ထင်တာမှန်သမျှ လွှင့်ပစ်တာပဲ....ဒီတစ်ခေါက်အိမ်ပြန်တော့တောင် ယူ လွှင့်ပစ်လို့မေမေက ဒီအကျင့်မပျောက်သေးဘူးလားတဲ့... :D
    ****အစ်မကြွားတာကို မသိချင်ယောင်ဆောင်သွားတယ်.... :P

    ReplyDelete
  16. လွှင့်ပစ်တတ်တာကို အနော်နဲ့ တူတယ်လို့ ရေးရမလား။
    မလွှင့်ပစ်ပါဘူးဆိုတဲ့ အကို ပြောတာကို လိုက်ရေးရမလား ။
    ဖတ်လို့ တော့ အရမ်းကောင်းပဲ။

    ReplyDelete
  17. သေချာပါတယ်ဟာ...နင့် ကိုယ်လုံးက အမှိုက်ပစ်တဲ့ အပေါက်နဲ့ မဆန့်သေးလို့ပါ...ငါနဲ့ တွေ့မှ နည်းပေးလိုက်ပါအုန်းမယ် ၃ပိုင်း ပိုင်းရင်တော့ ဆန့်နိုင်လောက်တယ်လို့...:)

    (ဟယ် ဘာတွေများ ပြောနေမိပါလိမ့်......)

    ReplyDelete
  18. ဖတ်နေရင်းနဲ့ နောက်မယ်လို့ စဉ်းစားနေတာ ..နောက်စရာမလိုအောင် တခြားလူတွေက ဦးအောင် နောက်သွားပြီ ။

    “အသစ်တွေ ဝယ်လာ၊ ရလာတိုင်း အဟောင်းတွေကို လွှင့်ပစ်တတ်တယ်ဆိုတော့ သူ နောက်တယောက် အသစ်မတွေ့သေးလို့ နင့်ကို မလွှင့်ပစ်သေးတာ နေမှာပါ တဲ့…။”

    ဖတ်ဖူးတဲ့ကဗျာတစ်ပုဒ်လိုပါပဲ
    အချစ်ဆိုတာကတော့ ဘယ်တော့မှ မဟောင်းပါဘူး
    ချစ်လေ သစ်လေ ပါပဲ ။

    ReplyDelete
  19. ကျနော်လဲပစ်ခဲ့တယ်..အများကြီးပဲ..
    မလိုတော့တဲ့ပစ္စည်းတွေ..



    ပေါက်

    ReplyDelete
  20. တန်ဖိုးရှိလို.ပြတိုက်တောင်ဆောက်ပေးရတယ်လေ

    ReplyDelete
  21. များတို့ဖြင့် မယုံပေါင် ... အမှိုက်ပုံးမဆန့်သေးလို့ဖြစ်မယ် ...ဟားဟား ... ဟိုမယ် ရွာသားလေးပြောနေတယ်လေ ... လူတစ်ယောက်လုံး အမှိုက်ပုံးထဲ ပစ်ချနည်းစာအုပ်ရှိသတဲ့ ... KAxx ကို ငှါးခိုင်းလိုက်မယ်နော် ...
    သူများတွေ ကြည်နူးနေတာ မနာလိုလို့ ရေးသွားသည် ...း)))

    ReplyDelete
  22. ဟုတ်တယ် မသက်ဝေ၊
    တိမ်တွေ အရမ်းလှနေတာ တွေ့လိုက်ရတယ်။ :P

    (ဒီနေ့ esplanade ရောက်ခဲ့တယ်၊ မသက်ဝေက ဓါတ်ပုံကို ဘယ်နေရာလောက်က ရိုက်တာဆိုပြီး ပြောဖြစ်ကြတယ်၊ ဒီနေ့ တိမ်တွေ အဲဒီလို ပြာမနေဘူး)

    ReplyDelete
  23. ပျော်စရာကြီးပါလားဝေ

    ReplyDelete
  24. ပျော်စရာကောင်းတယ်..ဖတ်ရတာ ကြည်နူးတယ်။ ဖတ်လို့လဲ ကောင်းတယ်။

    ReplyDelete
  25. မမဆီမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က စာအုပ်တွေရှိတယ် တချှို့ အ၀တ်အစားတွေရှိတယ်.. လေးတန်းတုန်းကစပြီး၁၀ တန်းထိ ရေးတဲ့ စာစီစာကုံးစာအုပ်တွေရှိတယ်.. လက်သဲဆိုးဆေးဗူးခွံတွေရှိတယ်
    မိပ်ကပ်ဗူးခွံတွေရှိတယ်..း(..... အခန်းထဲ မှာ ရှုပ်ပွ နေတာ.. :P

    ReplyDelete
  26. နှမြောစရာ.. ဒါပေမယ့် ပြုံးစရာ...း)

    ReplyDelete
  27. ကိုကြီးးး အမှန်ခြစ် အကြီးကြီး တမှတ်။
    (ဟွန်းး သူ့ညီမ အတိုင်းပဲ)

    ReplyDelete
  28. ပြောဖို့ မေ့လို့ ထပ်လာပြောတယ်။
    ချိုသင်းလဲ ကိုကြီးနဲ့ တဂိုဏ်းတည်းသမား။

    ReplyDelete
  29. မအယ်... တော်တော် တူတယ်ဆိုတော့ တွေ့ချင်သွားပြီ...

    သန့်ကလေး... ဆိုးတယ်နော်... ဟွန်း...

    Vista... ကျေးဇူးပါ ညီမရေ...

    ချစ်ကြည် နဲ့ တီတီဆွိ... တွေ့ကြသေးတာပေါ့ကွာ...

    လင်းဒီပ... ကြိုက်သွားပြီ... ချစ်လေ သစ်လေ တဲ့...

    ပေါက်... မလိုရင်တော့ ပစ်ရမှာပေါ့လေ...

    Hmoo... ဘာပြောသွားတာလဲ... နားလည်ဝူး...း))

    အပြုံးပန်း၊ မသီတာ၊ မေဇင် နဲ့ ရွှမ်းမီ... ကျေးဇူး...း))

    မမသီရိ... ကိုယ်လဲ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေးတွေ ကိုယ်သံယောဇဉ်ရှိတဲ့ ပစ္စည်းလေးတွေကို သိမ်းတတ်ပါတယ်...း))

    ချိုသင်း... ကိုကြီးက ဖတ်ပြီး ရယ်နေတယ်...း))

    စာလာဖတ်ကြသူများနှင့် ချစ်စရာ မှတ်ချက်လေးများ ချန်ထားခဲ့ကြသူများ အားလုံးကို ချစ်ခင် ကျေးဇူးတင်လျှက်...

    ReplyDelete
  30. ဪအဟောင်းတွေဆိုတာတန်ဖိုးရှိပါတယ်လို့။ အကုန်ကြခံပြီးပြတိုက်တွေဆောက်ပေးရတာဘဲကြည့်လေ၊ ဟူးမောလိုက်တာကွာ၊

    ReplyDelete
  31. ခဏခဏမမေးနဲ့တော့၊ပြတိုက်ထဲမှာဘဲဒို့ကိုထားခဲ့လိုက်......

    ReplyDelete
  32. စင်္ကာပူညဓါတ်ပုံများ သိပ်မိုက်ပါတယ်။ တိမ်တွေလှတဲ့အကြောင်းတော့ နောက်မှပဲဖတ်တော့မယ် ရှည်လို့။ တိမ်တွေလှတာ လူတွေသိပ်မသိကြ ရှာဘူး။ ကောင်းကင်ကိုမော့ကြည့်ဖို့ သတိမရကြလို့ ။ သက်ဝေ ကျန်းမာပျော်ရွှင်စေ။

    ReplyDelete
  33. အခုလို အမောခံပြီး သေသေချာချာ ရှင်းလင်း ပြောကြားသွားတဲ့ Hmooကို ကျေးဇူးတင်ပါတယ်...

    ဓါတ်ပုံ အကြောင်း မှတ်ချက်ကို တိမ်တွေဆီမှာ လာရေးပြီး တိမ်တွေ အကြောင်းကိုကျတော့ ရှည်လို့ ဖတ်မသွားဘူးတဲ့...
    ဆိုးတဲ့ ကိုဘလူးစကိုင်းပဲ... ဆိုးပေမယ့်လဲ ကျေးဇူးတော့ တင်ပါတယ်...
    ကျန်းမာ ပျော်ရွှင်စွာ စာတွေ များများ ရေးနိုင်စေ...း))

    ReplyDelete
  34. သူ……ယုံသွားပြီ။

    ReplyDelete
  35. အချစ်ဆိုတာ လွှင့်ပစ်လို့ ရကောင်းတဲ့ အရာမှ မဟုတ်ပဲလေ။ (ဟဲ..ဟဲ)

    ReplyDelete
  36. စာကြွေးတွေလာရှင်းပါတယ် အစ်မသက်ဝေ။း)

    ဇွန်လည်း အိမ်သုံးပစ္စည်းတွေကြိုက်တယ်။ အဲ..လွှင့်ပစ်တာတော့သိပ်အားမသန်ဘူးရယ်။ :D

    ReplyDelete
  37. ဒီပို့စ်ဟောင်းလား ခုမှ ဖတ်မိတာ သိပ်ကြည်နူးစရာကောင်းတာပဲး)))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...