သူငယ်ချင်း ချစ်ကြည်အေးရဲ့ တက်ဂ်ပိုစ့်ပါ…
ဒီရက်တွေမှာ တွေးနေမိတာတွေကတော့ အများကြီးပဲ…
စိတ်လက်ကြည်သာတဲ့ အခါတွေမှာ ပျော်စရာတွေကို တက်တက်ကြွကြွ တွေးနေမိသလို စကားတွေလဲ အများကြီး ပြောဖြစ်တယ်…။ စိတ်ထဲမှာ သိပ်မကြည်လင်တဲ့ အချိန်မျိုးတွေ၊ ကိုယ်ရော စိတ်ပါ နောက်ကျိ နေတဲ့ အခါမျိုးတွေမှာတော့ လူတွေနဲ့ ဝေးဝေးမှာ တယောက်ထဲ အေးအေးဆေးဆေး ရောက်တတ်ရာရာ တွေးနေမိတာ…။ စာအုပ်ကို မျက်နှာရှေ့မှာ ဖွင့်ထားရက်နဲ့ စာတွေမမြင်ပဲ တွေးနေမိတာ… မော်နီတာရှေ့ မျက်နှာတည့်တည့်ကြည့်ရင်း မော်နီတာပေါ်က အရာတွေကို ဘာမှ မမြင်တော့ပဲ တွေးနေမိတာ…. အတွေးတွေ အကြောင်း ပြောရရင် ဘယ်ဆုံးမှာလဲ…။
ဒါပေမယ့် စိတ်ဆိုတာ တချိန်မှာ တခုကိုပဲ ဖြစ်တည်လို့ရတဲ့ အတွက် အတွေးဟာလဲ တချိန်မှာ တခုသာ တွေးလို့ရတယ်… မျက်စေ့တမှိတ် မျက်တောင်တခတ် အချိန်လေးအတွင်းမှာ အတွေးတခုကနေ နောက်တခုကို ကူးပြောင်းသွားချိန်မှာ အရှေ့ကတွေးခဲ့တာတွေ ပျောက်သွားပြီ…။ စိတ်ထဲမှာ ထင်နေတာကတော့ အချိန်တချိန်ထဲမှာ ငါ အများကြီး တွေးနေမိတာပါလား ရယ်လို့…။ တကယ်တော့ မဟုတ်ဖူး.. လူတယောက်ဟာ တချိန်မှာ အကြောင်းအရာ တခုတိတိကိုသာ တွေးဖြစ်တယ် တွေးနိုင်တယ် တွေးနေတယ်…။
ဒါကြောင့် အခုတလော တွေးနေမိတာတွေ အများကြီးထဲက အချိန်တော်တော်များများမှာ တွေးဖြစ်တာ တခုကို ပြောပြချင်တယ်…။ အဲဒီအတွေးကို တရက်ထက် တရက် အသက်ကြီးလာကြတဲ့ နှစ်ဖက်မိဘတွေ ကိုကြည့်ရင်း ရလာပါတယ်…။ သူတို့တွေ ဒီကို တနှစ်ကို တစ်ခေါက် (သို့) နှစ်ခေါက် ရောက်လာကြတိုင်း တခါ နဲ့ တခါ မတူတော့ပဲ သိသိသာသာကြီး ကွာခြားလာကြတဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ စွမ်းဆောင်နိုင်မှုတွေ၊ ပြီးတော့ ပြောင်းလဲလာတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေ၊ သူတို့ရဲ့ အာရုံဝင်စားမှုတွေနဲ့ စိတ်ဝင်စားမှုတွေကိုကြည့်ရင်း ကိုယ်တွေးမိတာတွေကို ပြောပြမယ်...။
ကိုယ့် အဖိုး (မေမေရဲ့ အဖေ) ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ကိုယ်ဒီကို မလာခင်လေးကပဲ ဆုံးပါးခဲ့ပါတယ်။ သူဆုံးတော့ အသက်က ၉၅ နှစ်…။ ဘာရောဂါမှ မရှိပဲ မဆုံးခင် နှစ်လ လောက်မှာ အစားကောင်းကောင်း မစားတော့ရာက စပါတယ်…။ အသက်ကြောင့် ဖြစ်လာတဲ့ လူကြီးရောဂါလို့ ဆိုကြပါစို့…။ သူလဲ သူ့ကိုယ်သူ သိနေပြီး ကျေကျေနပ်နပ်လက်ခံခဲ့ သလို ကိုယ်တို့ တမိသားစုလုံးလဲ ဝမ်းနည်းတာကလွဲလို့ ကျေနပ်ခဲ့ကြပါတယ်…။ သူ နေမကောင်းတော့ ကိုယ်တို့တွေ လောဘတကြီးနဲ့ သူ့ကို ဆေးတွေတိုက်ကြတိုင်း၊ ဆေးတွေသွင်းကြတိုင်း သူကပြောတယ်… “အဖိုး အသက် ၉၅ နှစ်ပါ… သတင်းစာထဲ ပါရင် ကြည့်ကောင်းတဲ့ အသက်အရွယ် ရောက်နေပါပြီ… ဖြေးဖြေး ဖြေးဖြေး လုပ်ကြပါ တဲ့…”
ကျောင်းအုပ်ဆရာကြီးတယောက် ဖြစ်ခဲ့တဲ့ အဖိုးအကြောင်း နဲနဲ ပြောပြချင်တယ်...။ သူ အသက် ၄၀ မှာ ကိုယ်တို့ မမှီလိုက်တဲ့ အဖွား ဆုံးပြီး မုဆိုးဖို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကိုယ့်မေမေက ၁၄ နှစ် နဲ့ မေမေ့ထက် အငယ် မောင်လေးတယောက် ၁၂ နှစ်တို့ ကျန်ခဲ့ပါတယ်။ အဖိုးက အရပ် ၆ ပေ နီးပါးနဲ့ ရုပ်ရည်လဲ အလွန်သန့်ပြန့် ချောမောပါတယ်။ သူ့ရာထူး သူ့ဂုဏ်သတင်းနဲ့ သူ့ရုပ်ရည်တို့ကြောင့် ဆွေထဲ မျိုးထဲကရော၊ ပတ်ဝန်းကျင်ကပါ သူ့ကို လာစပ်ကြတဲ့ လူတွေ ဝိုင်းဝိုင်းလည်ပဲ လို့ ကြားသိရပါတယ်…။ ချစ်စရာကောင်းတဲ့ အဖိုးဟာ အဲဒါတွေအားလုံးကို လျှစ်လျှူရှု… သမီးနဲ့သား မျက်နှာကိုသာ အရိပ်လိုကြည့်ပြီး သူတို့နှစ်ယောက် အရွယ်ရောက်အောင်၊ လောကအလယ်မှာ တင့်တယ်အောင်၊ ပညာကိုယ်စီနဲ့ အသက်မွေးနိုင်အောင် ဂရုတစိုက် ပျိုးထောင်ရင်း ဒီသမီး ဒီသားတွေနဲ့ အတူတူ အသက် ၄၀ ကနေ ၉၅ နှစ်အထိ အိမ်ထောင်မပြုပဲ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်…။ ငါးပါးသီလကို အချိန်တိုင်း လုံခြုံအောင် ထိန်းပြီး အပျော်အပါး အသောက်အစား ကင်းကင်းနဲ့ သီလ သမာဓိနဲ့ နေခဲ့တဲ့ အဖိုးပါ…။ ဆုံးတဲ့ အချိန်အထိ ဘာရောဂါမှ မရှိခဲ့ပါဘူး…။ အမြင်အာရုံ အကြားအာရုံ၊ အာရုံငါးပါးတွေလဲ သူ့အသက်အရွယ် အလျှောက် ပြည့်စုံပါတယ်။ ဘုရားတရားအလုပ်ကို ရိုသေ ကိုင်းရှိုင်းစွာ ဆောင်ရွက်သလို တဖက်ကလဲ မြေးတွေနဲ့ အတူတူ တီဗွီကြည့်ရင်း သီချင်းနားထောင်ရင်း ဂျာနယ်တွေဖတ်ရင်း သူ့အချိန်တွေကို မျှတခဲ့ပါတယ်…။
သူ့တသက်လုံး၊ အဓိက ကတော့ သူ အသက် ၈၀ ကျော် ၉၀ နားနီးလာတဲ့ အချိန်ကစလို့ သူ့ရဲ့ နောက်ဆုံးအချိန်အထိ သူ့နံဘေးမှာ သား သမီး၊ မြေး မြစ် မိသားစု အစုံအလင်၊ သူ့ကို ချစ်ခင် လေးစားကြတဲ့ မိတ်ဆွေ သင်္ဂဟ အစုံအလင်နဲ့ ၊ ပြီးတော့ မိတ်ဆွေ ဆရာဝန်တွေ ကိုယ်တို့နဲ့ ညီအကို မောင်နှမလို ရင်းချာတဲ့ ဆရာဝန်တွေ ရဲ့ နာရီမပြတ် ဂရုစိုက် ပြုစု စောင့်ရှောက်မှုတွေကြားမှာ ဘာဆိုဘာမှ လိုလေသေး မရှိအောင် နေခဲ့ရပါတယ်…။ ငွေနဲ့ပေး ဝယ်ယူလို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ပြည့်စုံတဲ့ အကြောင်းကို ကိုယ် မတွေးပါဘူး…။ အခုဟာက ဘာနဲ့မှ အစားထိုးလို့မရ၊ ငွေနဲ့ ပေး ဝယ်လို့မရတဲ့… ကိုယ့်ရှိသမျှ စည်းစိမ်ဥစ္စာတွေ အကုန်ပုံပေးပြီး လဲလို့တောင် မရနိုင်တဲ့ နွေးထွေးလှပတဲ့ မေတ္တာတွေ အကြောင်းပါ…။
သိတဲ့သူတိုင်းက သူ့ကို သိပ်ကံကောင်းတယ်လို့ ပြောကြပါတယ်…။ ဟုတ်ပါတယ်… အဖိုးဟာ သိပ်ကံကောင်းခဲ့ပါတယ်…။ ကိုယ်လဲ အဲဒီအချိန်တွေကို ပြန်တွေးမိတိုင်း ဝမ်းနည်းပေမယ့် ကြည်နူးနေခဲ့ပါတယ်။
အခု ဆက်တွေးနေမိတာက ကိုယ့်ရဲ့ နှစ်ဖက်မိဘတွေ အကြောင်းပါ…။ အပေါ်မှာပြောခဲ့သလို သူတို့ရဲ့ ပြောင်းလဲမှုတွေကြားမှာ ဇရာ ဆိုတာကို တွေ့နေ မြင်နေရပြီ…။ သူတို့ကလဲ ကိုယ့်ဆီမှာ အချိန်ပြည့် မနေနိုင် ကိုယ်ကလဲ လက်ရှိ အခြေအနေတွေကို ပစ်ပြီး သူတို့ရှိရာကို အချိန်ပြည့် သွားမနေနိုင်နဲ့… အဲဒါတွေ တွေးမိတိုင်း ဝမ်းနည်းတယ်…။ သူတို့မှာ အတိုင်းအတာတခုအထိ ပြည့်စုံတဲ့ ရုပ်ဝတ္ထု ပစ္စည်းနဲ့ ငွေကြေးပမာဏတွေ ကိုယ်စီ ရှိနေကြပေမယ့် အဖိုးတုန်းကလို လုံလောက်တဲ့ နွေးထွေးတဲ့ မေတ္တာတွေ ပြုစုယုယမှုတွေ သူတို့အတွက် ရှိနိုင်ပါ့မလား၊ ကိုယ်ကရော ရာနှုန်းပြည့် ပေးနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် ခဏ ခဏ ပြန်မေးမိတယ်…။ ကိုယ်တို့နှစ်ယောက်စလုံးက မောင်နှမတွေထဲမှာ အကြီးဆုံးတွေဖြစ်နေကြတာမို့ မိဘတွေနဲ့ ပတ်သက်ရင် အစစ အရာရာကို တာဝန်ယူနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်…။ အသက်အရွယ်ရလာတဲ့ မိဘတွေကို ကိုယ်က သူတို့အနားမှာ မနေနိုင်သော်လည်း သူတို့ကို ကိုယ်နဲ့ အနီးဆုံးမှာ ထားနိုင်အောင် ကြိုးစားနေတုန်းပါ…။ ထင်သလောက်တော့ မလွယ်လှဘူးပေါ့…။
နောက်ဆက်တွဲ အတွေးကတော့ နီးတယ် ဝေးတယ်လို့ ကြိုပြောလို့မရတဲ့ ခရီး၊ ကိုယ်တို့ရဲ့ မငယ်တော့တဲ့ အသက်အရွယ်တွေနဲ့ ပြီးတော့… ဇရာ…။ နောက် မီးဇာကုန် ဆီခမ်း ဖြစ်လာမယ့် အချိန်တွေ…။ ပြီးတော့ လက်ရှိ ကျင်လည် နေထိုင်နေရတဲ့ ရေမြေ အနေအထားနဲ့ ဆွေဝေး မျိုးဝေး ပတ်ဝန်းကျင်...။ မေမေကတော့ ကံ ကံ၏ အကျိုးကို ယုံကြည်ဖို့ပဲ ပြောပါတယ်…။ သမီးတို့ လုပ်ခဲ့တာတွေက သမီးတို့ကို အကျိုးပေးမှာမို့ မစိုးရိမ်ဖို့ နှစ်သိမ့်ပါတယ်…။ စိုးရိမ်တယ်တော့လဲ မဟုတ်ပါဘူး… စိတ်ထဲမှာ ဆက်တွေးမိတာလေးကို ပြောပြတာပါ…။ (ကိုယ်တွေးတာ သိပ်လွန်သွားပြီ…)
ကိုယ့်အတွေးဟာ အဆုံးသတ်လို့မရတဲ့… အဖြေပေါ်အောင် တွေးလို့မရတဲ့… နိဂုံးချုပ်လို့မရတဲ့ အတွေးစ ဖြစ်နေတာမို့ ဒီအတိုင်းပဲ ရပ်ထားလိုက်ပါရစေတော့…။ ကိုယ်နဲ့ အတူတူ လိုက်တွေးချင်ရင်လဲ တွေးကြည့်ကြပါ…။
မိုးတွေ စွေနေတဲ့ စနေနေ့ မနက် စောစောစီးစီးမှာ တင်လိုက်တဲ့ ကိုယ့်ရဲ့ အတွေး ပိုစ့်ဟာ စာဖတ်သူတွေရဲ့ စိတ်ကို နောက်ကျိသွားစေတယ်ဆိုရင်လဲ နားလည် ခွင့်လွှတ်ပြီးသာ ဖတ်သွားကြပါတော့…။ ကိုယ်ကတော့ ဆက်တွေးနေမိအုံးမှာ…

စိတ်အနှောင့်အယှက်မဖြစ်ပါဘူး..ငါ့နှမရယ်..
ReplyDeleteလူတိုင်းတွေးတတ်တဲ့အကြောင်းလေးတွေမို့..
မှန်လိုက်လေခြင်းလို့ပဲ..ထင်မိပါတယ်
ဟုတ်တယ်...တွေးမိတယ် ။ နောင့် က တော့ တွေးတိုင်း ပြန်ဖို့အကြောင်းကို အရင် စ တွေးမိတော့တာပါပဲ မမရယ်။ မိသားစု နဲ့ ခွဲမနေချင်တဲ့ စိတ်ကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်း ပြန်ဆိုရင်လဲ မပြန်ချင်သေးပြန်ဘူး။
ReplyDeleteအဲသဟာကြောင့်မတွေးလိုဘူး.။
ReplyDeleteမမရေ..
ReplyDeleteမမ ပို့စ်ကို ဖတ်ပြီး ချိုသင်းလဲ ကိုယ်ချင်းစာ နားလည်မိတယ်။
အဖေနဲ့ ပြည်ပမှာ အဖော်လုပ် အတူနေတော့ အဖေ့ကို ပျော်ရွှင်အောင် ကိုယ်တတ်အားသရွေ့ ထား၊ ပြုစု ပါတယ်။ တခါတော့ မိသားစု ဆုံကြဖို့ စီစဉ်ကြတယ်။ အမတွေနဲ့ ဆုံကြဖို့ပါ။ အဲဒီမှာ အဖေနဲ့လဲ တွေ့ပြီးရော ချိုသင်း အမအကြီးဆုံးက ချိုသင်းကို ပြောလိုက်တဲ့စကားက တကယ် heart ထိသွားတာပါ။ သူက ဘာပြောသလဲဆိုရင် အဖေက လူကျန်းမာပါတယ် တဲ့၊ ဒါပေမဲ့ စိတ်မှ မကျန်းမာဘဲ တဲ့။ အဖေက အလွမ်းတွေနဲ့ အရမ်းခံစားနေတတ်သူမို့ပါ။
ဟုတ်ပါ့ မမရေ.. မိသားစု၊ မောင်နှမ၊ ဆွေမျိုး၊ အပေါင်းအသင်း အသိုင်းအ၀ိုင်းရဲ့ တန်ဖိုးဟာ ကြီးလေ လိုအပ်လေပါပဲ။ တွေးမိတိုင်း စိတ်ထိခိုက်မိတာ အမြဲပဲ။
စာရှည်သွားပြီ.. ဆောရီးး။
မသက်ဝေ
ReplyDeleteအတွေး တွေက တွေးသင့်တဲ့ အတွေးတွေပါ...
ကျေနပ်စွာဖတ်သွားပါတယ်..
ခင်တဲ့
ရွှေစင်
အတွေးလေးအတွက်ရော၊ အရေးလေးအတွက်ပါ ကျေးဇူးပါ သူငယ်ချင်း၊ နေကောင်းအောင်နေ၊ ချောင်းဆိုးစာ ရှောင်ပါ....:)
ReplyDeleteတွေးတွေး တွေးရင်းငေး
ReplyDeleteငေးငေး ငေးရင်းတွေး
ကြုံသလိုတွေး ဖြစ်သလိုတွေး
စိတ်ကူးရှိလို့တွေး စိတ်ကူးမရှိလို့တွေး
အဆုံးသတ်လို့မရတဲ့အတွေး အဖြေမရှိတဲ့အတွေး
နောက်ဆက်တွဲအတွေး လွန်သွားတဲ့အတွေး
တွေးတွေး များများတွေး
များများရေး
ရေးတဲ့အတွက်ကျေးဇူး
ခင်တဲ့
seesein
မ . အဘိုးပုံကို မြင်ယောင်ပြီး..စိတ်တွေတောင် ချမ်းမြေ့သွားတယ်..
ReplyDeleteအဲဒါပဲလေ.. အခြေခံ လူ့သဘာဝ..ဘာသာရေး အကြောင်းအချက်တွေ မပြောင်းလဲပေမဲ့..ခေတ်အနေတွေက..ပြောင်းလေပြီမို့..“ ငါ့ကျရင်” ဆိုတာလည်း မတွေးတာ ပဲ ကောင်းပါတယ်။
လူကြီးတွေ အတွက်.. တကယ်တော့..ရုပ်စည်းစိမ် ထက်.. စိတ်ပီတိက.. အဓိက အားဆေးပါ...
စိတ်တွေနောက်ကျိမသွားပါဘူး.... လေးနက်တဲ့အတွေးတွေကို မျှဝေခံစားသွားပါတယ်
ReplyDeleteတွေးမိတာတွေပဲ တူတူပဲ မမ၊ နောက် နှစ်နဲနဲကြာလာရင်တော့ စက်ာပူပြန်ပြီး အမေအဖေနဲ့ တူတူပြန်နေဖို့ စဉ်းစားထားတယ်၊
ReplyDeleteအသက်ကြီးလာတော့ မိသားစုဆိုတာကို ပိုတန်ဖိုးထားမိသလိုပါပဲ
ကျနော်လဲတွေးတာကြိုက်တာ..
ReplyDeleteငေးငိုင်ပြီးရောက်တတ်ရာရာတွေးနေတာအရသာတစ်မျိုးပဲ.
ကျနော့်ရဲ့ဘဝရဲ့အမှတ်တရနေ့တစ်နေ့ဖြစ်တဲ့ဒီနေ့(၃လ၂၁ရက်
မှာဒီပို့စ်ကိုဖတ်လိုက်ရတဲ့အတွက်..အတွေးတစ်ခုဖြစ်စေတယ်..
ဒီပို့စ်ကိုမသက်ဝေက၂၀ရက်မှာရေးတာမှန်ပေမယ့်..ဒီနေ့မှလာဖတ်မိတာကိုး..
အမျိုးတစ်ယောက်
စာဖတ်ပြီး အဖိုးရဲ့ ဘဝကို အားကျမိတယ်...
ReplyDeleteအသက် ၄၀ ကတည်းက တယောက်ထဲ ဖြစ်သွားတာက လွဲရင်ပေါ့...
းဝ)
Move my way...no 13 :)
ReplyDeleteအိမ်မက်ထဲလာနေရသလိုပါဘဲနော်၊ခွဲချိန်ကျတော့၊တကယ်ဘာမှမရှိတော့ပါဘူး,
ReplyDeleteအမှန်တရားနဲ့စာစီကုံးထားတာတွေဖတ်ခွင့်ရလို့ကျေးဇူးဘဲ
ကျေးဇူးဘဲစာရေးဆရာရယ်.....
ကျေးဇူးဘဲ...... :)
အိမ်မက်ထဲလာနေရသလိုပါဘဲ၊တကယ်တမ်းခွဲချိန်ကျဘာမှမရှိတော့ဘူး
ReplyDeleteဘာမှလဲမသိတော့ဘူးထင်တယ်
အမှန်တရားတွေနဲ့စာစိကုံးထားတာဖတ်ခွင့်ရလို့ကျေးဇူးဘဲ
ကျေးဇူးဘဲစာရေးဆရာရယ်.....
ကျေးဇူးဘဲ.... :)
ဆက်တွေးလိုက်ပါ့မယ် ..
ReplyDelete