Saturday, March 27, 2010

လျှို့ဝှက်ခြင်း၏ အသံ

ထိုတံခါးချပ်တို့ကို ပိတ်ထားသည်မှာ နှစ်ကာလအားဖြင့် အတော်ကြီး ကြာမြင့်နေခဲ့ပြီ။ ထိုသို့ ကာလတာရှည်ကြာအောင် ပိတ်ထားခဲ့ခြင်းကြောင့် သော်လည်းကောင်း၊ ရာသီဥတုဒါဏ် မိုးဒါဏ် လေဒါဏ်များကြောင့် သော်လည်းကောင်း၊ အတန်ငယ်ဟောင်းနေသော ထိုတံခါးရွက်များသည် မည်သည့်နည်းနှင့်မျှ အလွယ်တကူ ဖွင့်၍ မရနိုင်ဟု သေသေချာချာ ယုံကြည်ထားမိသည်…။ ထိုယုံကြည်ချက်တို့ကြောင့်ပင် ထိုတံခါးချပ်တို့ကို ဖွင့်ကြည့်ရန်လည်း တခါမျှ မကြိုးစားမိချေ။ ဖွင့်စရာ အကြောင်းကြီးငယ်လဲ မရှိခဲ့ဖူးပါ…။ သို့သော်…

*****

တနေ့…
ထိုနေ့က တမနက်လုံး သာယာကြည်လင်သော ရာသီဥတုနှင့် ကောင်းကင်ကြီး တခုလုံး တိမ်သား မိုးသားများ ကင်းစင်ကာ ပြာလွင် ကြည်စင် လှပနေပါသည်။ ထိုသို့ ကြည်လင်လှပသော ကောင်းကင်ကြီးသည် ရုတ်ချည်း မှိုင်းမှုန်ပြီး မိုးများ သည်းသည်း ထန်ထန် ရွာချလာလိမ့်မည်ဟု မည်သူကမှ မခန့်မှန်းနိုင်ခဲ့ပါ။ သို့သော် ထိုနေ့က မိုးတွေ သည်းကြီး မည်းကြီး ရွာသွန်းခဲ့ပါသည်။

မိုးသံတွေဖြင့် ဆူညံနေသော အချိန်မှာ ကာလအတန်ကြာ တင်းတင်းစေ့ပိတ်ထားသော တံခါးချပ်တို့ကို အပြင်မှနေ၍ ခပ်ဖွဖွ ရိုက်ပုတ်သံ တခုကို ကြားလိုက်ရသည်။ ဘယ်လိုပါလိမ့်… သည်လိုအချိန်မျိုးမှာ သည်တံခါးကို ခေါက်မည့်သူ၊ သည်တံခါးကို လာဖွင့်ခိုင်းမည့်သူ တဦးတယောက်မှ မရှိနိုင်ပါဟု စိတ်ဒုံးဒုံးချ ယုံကြည်ထားခဲ့သည်ပဲ…။ သည်းထန်နေသော မိုးရေစက်တွေကြားမှာ ရောနှောကာ ကြားလိုက်ရသော တံခါးခေါက်သံတွေ…။ စိတ်ထဲကပဲ ထင်နေတာလား… သစ်ကိုင်း သစ်ရွက် တခုခုကများ လေတိုက်ရင်း မတော်တဆ လာရောက် ရိုက်ခတ်မိသည်လား… သို့မဟုတ် တကယ်ပဲ တံခါးကို တစုံတယောက်က လာခေါက်နေတာလား…။ မဖွင့်တာ ကြာပြီမို့ ဖွင့်ရခက်နေမှာ သေချာလှသော တံခါးရွက်တို့ကို ဘယ်သူက လာဖွင့်ခိုင်းသည်လဲ…။ အံ့သြစရာ ပြီးတော့ မယုံနိုင်စရာ… အသံလာရာကို သေသေချာချာ စူးစိုက်၍ နားထောင်ကြည့်မိသည်။ ဟော… ကြားရပြန်ပြီ… သည်တကြိမ်တွင်မတော့ ထိုအသံသည် ဟိုးခပ်ဝေးဝေးမှ လာနေသလို…။ အာရုံများကို စုစည်း၍ နောက်တကြိမ် ပြန်နားထောင်မိသည်။ တံခါးခေါက်သံတွေသည် နီးနီးလေးမှ လာလိုက်၊ ခပ်ဝေးဝေးမှ လာလိုက်နှင့် ခပ်စိတ်စိတ် ဆက်တိုက် ဆက်တိုက် ဆိုသလို ကြားနေရသည်…။

မိုးတွေ လေတွေထဲမှာ ထိုတံခါးကို သွားဖွင့်ရန် သင့် မသင့် စဉ်းစားရင်း တွေဝေနေမိသည်။ သေချာသည်ကတော့ ထိုတံခါးသည် မည်သည့်နည်းနှင့်မျှ အလွယ်တကူ မပွင့်နိုင်…။ တကယ်ဖွင့်ရန် လိုအပ်လာပြီ ဆိုလျှင်တော့ ကြိုးစားပမ်းစား ဖွင့်ရပေမည် ဟု တွေးနေမိသည်။ တံခါးရွက်မှာ ချောင်းကြည့်ပေါက်လေး မထည့်ထားမိသည်ကို မဆီမဆိုင် တွေးရင်း နောင်တ ရချင်သလိုလို။ ထိုသို့ တွေးနေရင်းမှာပင် မိုးသံတွေ နည်းနည်းစဲသွားသည်။ တံခါးခေါက်သံတွေသည်လဲ ကျဲပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ တချိန်လုံးခေါက်နေတာကို လာမဖွင့်လို့ လက်လျှော့သွားပြီ ထင်ပါရဲ့…။

နောက်တနေ့ မနက်မှာ အပြင်ဖက်မှာ ရာသီဥတု သာယာကြည်လင်နေပြီ။ ကြပ်ပြီး အဖွင့်ရခက်နေမှာ သေချာနေသော ထိုတံခါးကို အပြင်ဖက်မှ သွားကြည့်မိသည်…။ အနီးအနားမှာ လေဝှေ့လျှင် အသံပြုတတ်သော သစ်ရွက်ခြောက်များ၊ သစ်ကိုင်းခြောက်များ ရှိနေပါက ဖယ်ရှားထားမည် ဟူသော အတွေးတို့ဖြင့် ကြည့်မိခြင်းပင်။ သို့သော် တကယ်တမ်းမှာ တံခါးချပ်တွေ၏ အပြင်ဖက်မှာ ဘာ အနှောက်အယှက်မျိုးမှ ရှိမနေ။ အားလုံး ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ်…။ ရှိစေတော့လေ…

သည်လိုနှင့် ရက်ပေါင်းများစွာ ကျော်လွန် ဖြတ်သန်းလာခဲ့သည်။ လူ့လောက၏ များပြားလှသော တာဝန် ဝတ္တရားများကြားမှာ ရှင်သန် ကျင်လည်နေရသော်လည်း မိုးသည်း ညနေက ကြားခဲ့ရသော တံခါးခေါက်သံတို့ကိုကား တနေ့မှ မေ့မရခဲ့…။ သည်တခါ တံခါးခေါက်သံ ကြားလာရလျှင်တော့ဖြင့် မဆိုင်းမတွ ဖွင့်နိုင်ရန် စိတ်ထဲမှာ ကြိုတင် ပြင်ဆင်ထားခဲ့မိသည်။ ထိုမျှသာမက တံခါးသံတို့ကိုလည်း အချိန်တိုင်းလိုလို သတိထား နားစွင့်နေမိသည်။ မတော်တဆ အိပ်နေချိန်မှာများ တံခါးခေါက်လာခဲ့သော် မကြားလိုက်မှာ စိုးထိတ်သော စိတ်အစဉ်တို့ဖြင့် နိုးတဝက် အိပ်တဝက် ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ အိပ်ပျက်ညများ ဆက်တိုက်ဖြစ်လာသောအခါ ကျန်းမာရေးလဲ ချို့ယွင်းလာသည်။ သို့သော်လည်း မိုးညနေက ကြားခဲ့ရသော တံခါးခေါက်သံမျိုးကိုမူ တခါမှ ထပ်မကြားရတော့ချေ…။ စိတ်ထဲမှာ ယူကျုံးမရ နောင်တတွေဖြင့်…

*****

သည်နေ့မနက် အိပ်ရာအနိုး အပြင်မှာ နှင်းတွေကျနေသည်ကို တွေ့ရသည်…။ မြူတွေ နှင်းတွေနှင့်မို့ မနက်ခင်းက စိုစွတ်စွတ် အေးစက်စက်…။ အေးချမ်းမှုကို အန်တုရန် စောင်ထဲ အသာပြန်ဝင်ပြီး နွေးစေခဲ့သည်။ ထိုအချိန်မှာပဲ… ထိုအချိန်မှာပဲ… တံခါးရွက်တို့ကို လက်ဖြင့် ခပ်ဖွဖွ ရိုက်ပုတ်သံလေးကို ဒုတိယအကြိမ်အဖြစ် ကြားခဲ့ရတာ…။ အိုး… သူ ပျော်ရွှင်လှသည်လေ…။

စိတ်ထဲတွင် အတော်ကြီး ခက်ခက်ခဲခဲ ဖွင့်ရမည်ဟု တွေးထင်ထားသော တံခါးချပ်တို့ဆီသို့ အပြေးကလေး သွားမိသည်။ ပြီးတော့ စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့ကြောင့် အေးစက်နေသော လက်ချောင်းလေးများသည် တံခါးချက်ဆီသို့…။ အို… တံခါးချက်တွေက ထင်ထားသလို ကြပ်မနေကြပါလား…။ ပြီးတော့ တံခါးရွက်တွေကိုလည်း ထင်ထားသည်ထက် လွယ်ကူ ချောမောစွာ သက်တောင့်သက်သာပင် တွန်းထုတ် ဖွင့်လှစ်လိုက်နိုင်သည်။ ထို့နောက် တံခါးပွင့်သွားသောအခါ တံခါးခေါက်သံများ၏ ပိုင်ရှင်ကို ရှာမိသည်။ သို့သော် ဘာမျှ မတွေ့…။ နောက်တကြိမ် သေသေချာချာ ထပ်ရှာကြည့်မိပြန်သည်။ နှင်းတွေ မြူတွေ ပိတ်ဆည်းနေသောကြောင့် မတွေ့ မမြင်ရတာများလား…။ ထိုအခါ သိပ်ချစ်ခဲ့ဖူးသော ဖြူလွလွ နှင်းပွင့်များကို ပထမဆုံးအကြိမ်အဖြစ် မုန်းတီး ရန်လိုမိတော့သည်။

တံခါးခေါက်သံသာ ကြားရပြီး တံခါးကို ဖွင့်လိုက်ချိန်တွင် ဘာမှ မတွေ့ရသောကြောင့် စိတ်ထဲတွင် ကသိကအောက် ဖြစ်မိသည်မှာ ဆိုဖွယ်ရာ မရှိ။ တကယ်ဆို တံခါးကို ခေါက်ပြီးပါက တံခါးဖွင့်လာမည့် တခဏတာ အချိန်လေးကို စိတ်ရှည်လက်ရှည်များ စောင့်ပါအုံးတော့လား ဟု မချင့်မရဲ ဖြစ်မိသည်။ သို့တည်းမဟုတ် အုံ့ဆိုင်း ဝေမှိုင်းနေကြသော နှင်းထု၏ သိပ်သည်းဆကြောင့်ပဲ တံခါးခေါက်သူကို မမြင်ရလေသလား… တံခါးကို ခေါက်ရုံသာ ခေါက်ပြီး အဘယ်ကြောင့် ကိုယ်ရောင်ဖျောက် သွားရပါသနည်း… မည်သို့မှ စဉ်းစား၍ မရနိုင်သော အတွေးများဖြင့် နေ့ရက်များစွာ ချာချာလည်နေတော့သည်။

အမှန်ဆိုရပါလျှင် ဤတံခါးကို ချက်ထိုး သော့ခတ်ပြီး အသေပိတ်ချလိုက်နိုင်သော်လည်း မသိစိတ်မှာ ဖြစ်တည်နေသော သံယောဇဉ်တို့ကြောင့် နောက်တကြိမ် ကြားလာရမည့် တံခါးခေါက်သံ တိုးဖွဖွကို (မသေချာ မရေရာမှုများစွာကြားမှပင်) စောင့်ကြည့် မျှော်လင့်၍ နေချင်ပါသေးသည်။ ထို့အပြင် တံခါးရွက်များ၏ နောက်ကွယ်တွင် တတိယအကြိမ် တံခါးခေါက်သံကို ကြားလာရလေနိုးဟု စိတ်ရှည်စွာ မျှော်လင့် စောင့်ဆိုင်းနေသူ တယောက် ရှိနေကြောင်းကိုလည်း တံခါးလာခေါက်သော သူ သိစေချင်လှပါသည်။

14 comments:

  1. စေ့စေ့ပိတ်ထားတဲ့ တံခါးတွေကို ချောင်းကြည့်နေတာတော့ ကြာပြီ။ ဒီနေ့တော့ အသာလှစ်ကြည့်သွားတယ်။ တံခါးရဲ့ ရှေ့ကလူနဲ့ တံခါးရဲ့နောက်ကွယ်ကလူ.။ တံခါးတချပ်က တံတိုင်းသဖွယ်။

    ReplyDelete
  2. မဖွင့်ပေးဘူးထင်ရင်လဲ ပြတင်းပေါက်က ကျော်ဝင်ပစ်လိုက်တာမဟုတ်ဘူး။ လှည့်ပြန်ရတယ်လို့နော်။
    mm

    ReplyDelete
  3. သော့တူတွေ ဒီလောက်ပေါနေတာကွာ...ဒါမှမဟုတ် အမိုးကဖောက်ဝင်ရင်ရော....
    ဒါကြောင့် အခွင့်အရေးဆိုတာ ၂ခါ လာမခေါက်ဘူးလို့ ဆိုတာပဲ...လာထပ် ခေါက်ပြန်တော့လဲ ခေါက်သူက မရှိ ဆိုတော့ လာနောက်တာများလား....:)

    ReplyDelete
  4. ဒေါက်...ဒေါက်....ကြိုက်တယ်ကွာ :)

    ReplyDelete
  5. ဟင်.. သရဲများလားမှမသိဒါ ..ကြောက်ထှာ (မဟုတ်တရုတ်တွေးသွားသည်)

    ReplyDelete
  6. မြန်မြန်လေးသာ တံခါးလာခေါက်ပါစေလို့ စောင့်ရတာမောလွန်းလို့

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  7. သရဲလားလို့ဖတ်ရင်းနဲ့ကြက်သီးထသွားတယ်.... လာမခေါက်တော့ဘူးထင်တယ်နော်....

    ReplyDelete
  8. ချစ်စရာ ၀တ္တုတိုလေး တပုဒ်

    ReplyDelete
  9. တွေ့ဖို့်အစီအစဉ်မရှိဘဲ ဘာလို့တံခါးကိုလာခေါက်ရတာတုန်း....ဟင်းးးးး

    ReplyDelete
  10. အိုး...ဘယ်လိုလေးလဲ...မောလိုက်တာ... တံခါး လာထပ်ခေါက်ပြီး ... သူတစ်ခုခု ကိုတွေ့သွားစေချင်လိုက်တာ။

    ReplyDelete
  11. တံခါးတွေအကြောင်း ဖတ်ရင်းနဲ့ ပိုနားလည်လာသလိုပဲ ရပ်စောင့်သူနဲ့ တံခါးပိတ်ထားသူ ၊ သူ့အကြောင်းနဲ့သူ ၊ဝေးဖို့ဖန်လာရင် ဆုံစည်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့မှန်း အခု နားလည်သွားပါတယ်

    ခမမ

    ReplyDelete
  12. မမျှော်လင့်ချင်ဘူး. ခံစားရတယ်။

    ReplyDelete
  13. ရှုး.. တိုးတိုး မမသက်ဝေ ..
    ခေါ်သံလေးသဲ့သဲ့လေးကြားလိုက်တယ်း)

    ReplyDelete
  14. ချစ်စရာ အရေးအသားလေးပါပဲ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...