ရုံးပိတ်ရက် တရက်ပါ။
မနက်စောစောပိုင်း ဈေးဝယ်ထွက်၊ ချက်ပြုတ်စားသောက်ပြီး တနေ့ခင်းလုံး ပျင်းတာရယ် နေကလဲ အတော်ပူတာရယ်ကြောင့် ဘယ်မှ မသွားဖြစ်ပါဘူး။ ငြိမ်တွေပြီး စာရေးစရာ အာရုံတွေ စုစည်းကြည့်ပါသေးတယ်။ မရဘူး… ဒါနဲ့ စိတ်ရော လက်ရော လျှော့လိုက်တယ်…။ ပြီးတော့ ဟိုကြည့် ဒီကြည့်နဲ့ ဘာလုပ်ရမှန်းမသိတဲ့ အဆုံး ထမင်းစားပြီး အခန်းထဲမှာ စာအုပ်တအုပ်နဲ့ ဇိမ်လုပ်နေတဲ့ မေမေ့အနားပဲ သွား၊ သူဖတ်လက်စ စာအုပ်ကို အတင်း လု ပိတ် ပစ်လိုက်ပြီး စာမဖတ်ပါနဲ့တော့ ပျင်းစရာကြီး… စကားပြောကြရအောင်ပါလို့ သွား အနိုင်ကျင့်လိုက်တယ်…။
ဒီလိုနဲ့ မေမေနဲ့ ဟိုအကြောင်း ဒီအကြောင်းတွေ ရောက်တတ်ရာရာ ပြောရင်းက စိတ်ကောင်း စေတနာကောင်းလေးတွေ ကိုယ်စီ ရှိကြသော်လည်း တခါတခါမှာ မထင်မှတ်ပဲ ခွတီးခွကျ ဖြစ်နေတတ်တဲ့ လူတွေ၊ တခါတရံမှာ ရိုးသားလွန်းတော့ အရိပ်အကဲ မသိတတ်၊ အလိုက် မသိတတ်သလို ဖြစ်နေတဲ့ လူတွေ အကြောင်း ရောက်သွားတယ်…။ ဒီလိုလူမျိုးတွေဟာ တခါတရံမှာ နတ်ဖက်တဲ့ ဖူးစာလိုပဲ တယောက်နဲ့တယောက် အကျင့်တူ၊ စရိုက်တူ၊ ပုံစံ စိတ်နေ စိတ်ထားတွေ တူတဲ့ သူအချင်းချင်း ဖူးစာ ဖက်တတ်ကြတယ်လို့ မေမေက ပြောပါတယ်။ အဲဒီလို စုံတွဲတွေအနက်က မေမေပြောပြတဲ့ စုံတွဲ နှစ်တွဲအကြောင်း ပြောပြမယ်နော်…။
ပထမ တတွဲက မေမေတို့ မိတ်ဆွေ တယောက်ရဲ့ အမေနဲ့ အဖေ... အသက်အရွယ်လဲ နဲနဲကြီးနေပြီဖြစ်တဲ့ အဖွားနဲ့ အဖိုး စုံတွဲလေးပါ။ အဲဒီ အဖွားလေးက သူ့အိမ်မှာ စပါယ်ရှယ် ယွန်းကွမ်းအစ် လှလှကြီးနဲ့ အမြဲတမ်း ကွမ်းစားသတဲ့…။ သူ့အိမ်ကို လာလည်သမျှ လူတိုင်းကိုလဲ သူ ဘယ်လောက် စေတနာတရား ထက်သန်တယ်၊ ဘယ်လိုတွေ လှူတယ် တန်းတယ် ဆိုတာမျိုးတွေ အမြဲပြောပြလေ့ရှိသတဲ့…။ ပြီးတော့ သူက သူကိုယ်တိုင် စီစဉ် ပြင်ဆင်ထားတဲ့ ကွမ်းယာ ဘယ်လောက် အချိုးအစား ကောင်းပြီး အစပ်အဟပ် ဘယ်လို တည့်ကြောင်းကို စကားကြုံတိုင်း ပြောတတ်သေးသတဲ့။ သူ့အိမ်ကို လာသမျှ ဧည့်သည်တွေကိုလဲ ကွမ်းယာစားချင်ရင် အချိန်မရွေး အားမနာတမ်း ကိုယ်တိုင်ကိုယ်ကျ ယာစားနိုင်ကြကြောင်း အမြဲပြောတတ်သတဲ့…။ ဒါပေမယ့် ခက်ပုံခက်နည်းက သူက ဧည့်သည်တွေလာရင် ဧည့်ခန်းထဲမှာ အဲဒီကွမ်းအစ်ကြီးကို ခေါင်းအုံးပြီး တချိန်လုံး အိပ်နေတော့တာပါပဲ တဲ့…။
အဲ… အဖိုးလေးကတော့ စားချိန် အိပ်ချိန်လောက်ကလွဲရင် တနေ့လုံး ခြံထဲမှာ တလှုပ်လှုပ်နဲ့ အချိန်ကုန်လေ့ရှိသတဲ့…။ ခြံထဲမှာက သီးပင် စားပင် နဲ့ ပန်းအလှပင်တွေ တော်တော် များများရှိတယ်တဲ့…။ သူကလဲ ခြံထဲမှာ အချိန်ပြည့် နေနေပြီး လာလည်သမျှ လူတိုင်းကို အုန်းသီး စားချင်ရင် ပြောပါ… ဘုရားပန်းကပ်ဖို့ လိုချင်ရင် ပြောနော်… ဘူးသီးနုနု လိုချင်ရင် ပြောနော်… နဲ့ လောကဝတ်တွေ လုပ်လေ့ရှိတယ်တဲ့…။ သို့သော်လည်း အုန်းသီးလိုချင်လို့ မေးတဲ့သူတွေကို အုန်းပင်တက်သမား ခေါ်မရသေးလို့ လို့ အကြောင်းပြတတ်ပြီး ဘုရားပန်း တောင်းတတ်တဲ့သူတွေကို ပန်းခူးပေးဖို့ အိမ်ထဲဝင်ပြီး ပန်းညှပ်တဲ့ ကပ်ကြေးရှာနေလိုက်တာ တနာရီမက ကြာတတ်သတဲ့…။ အဲ… ဘူးသီးအကြောင်း မေးမိရင်တော့ ဘူးသီးက အရွယ်မရောက်သေးလို့ ဒါမှမဟုတ် မျိုးစေ့လိုချင်လို့ အခြောက်ခံမှာ မို့လို့ စတဲ့ ဆင်ခြေလေးတွေ မရိုးရအောင် ပေးတတ်သတဲ့လေ…။ ဒီလိုနဲ့ ကြာလာတော့ လူတွေလဲ အထာတွေနပ်ကုန်ပြီး နောက်ကို ဘာမှ မတောင်းလို ကြတော့ဘူးတဲ့….။ လိုက်လဲ လိုက်ဖက်တဲ့ ချစ်စရာ ရယ်ချင်စရာ အဖိုးနဲ့ အဖွားတွေပဲနော်…။
နောက်ထပ် စုံတွဲတတွဲကတော့ လူကြီးပိုင်းရောက်ကာစ စုံတွဲတတွဲပါ။ သူတို့နှစ်ဦးဟာ တယောက်နဲ့တယောက် အလွန် လိုက်ဖက် တင့်တယ်တဲ့ စုံတွဲတတွဲဖြစ်တာမို့ ဟိုက ဒီက ဖိတ်ကြားတဲ့ ပွဲလမ်းသဘင်တွေကို အစဉ်သွားရောက် ချီးမြှင့်ရလေ့ရှိသတဲ့…။ သူတို့နှစ်ယောက်ရဲ့ အကြိုက်ဆုံး အစားအစာတွေထဲက တခုက လဘက်သုပ် ပါတဲ့…။ ဒီလိုနဲ့ တနေ့ အလှူတခုမှာ တည်ခင်းတဲ့ နေ့လည်စာကို စားအပြီးမှာ အချိုပွဲစားတဲ့ အချိန်ကို ရောက်လာသတဲ့…။ ထုံးစံအတိုင်း မြန်မာအလှူတွေပီပီ အချိုပွဲမှာ မပါရင် မပြီးတာက လဘက်သုပ်ပေါ့…။ ဒီတော့ သူတို့ နှစ်ယောက်က သူတို့ကိုယ် သူတို့ သတိမထားလိုက်မိခင်မှာပဲ လဘက်ပန်းကန်မှာ တပ်ထားတဲ့ ဇွန်းနှစ်ချောင်းကို တယောက် တချောင်းကျစီ ကိုင်ဆောင်ပြီး တဇွန်းပြီး တဇွန်း အေးအေးဆေးဆေး သုံးဆောင်ကြလေသတဲ့…။
သူတို့နဲ့ တဝိုင်းထဲ အတူတူစားတဲ့သူတွေထဲက အမျိုးသားတယောက်က ဒီလို စားစချင့်ဖွယ် ပြင်ဆင်ထားတဲ့ လဘက်သုပ်ကို သူလဲ စားချင်နေတာ… သို့သော် ဇွန်းက ဘယ်လိုမှ သူ့လက်ထဲ ရောက်မလာနိုင်၊ လက်နဲ့ ယူစားဖို့ကလဲ မဖြစ်နိုင်နဲ့ အတော် အကြပ်ရိုက်နေတာပေါ့…။ ဒါပေမယ့် သူက အင်မတန်မှ ဟာသဥာဏ် ရှိတဲ့သူဆိုတော့ လဘက်ဇွန်း သူ့လက်ထဲရောက်လာဖို့အရေး ဘယ်လိုလုပ်ရပါ့ ဆို အကြံထုတ်ပြီး ခဏနေတော့ သူက ဒီလိုပြောသတဲ့…။
“အန်ကယ်ခင်ဗျား… အန်ကယ့်လက်ထဲက ဇွန်းက အလှူက ဇွန်း ဆိုရင်လဲ ခဏလောက် ချပါ… အန်ကယ့်ရဲ့ ကိုယ်ပိုင်ဇွန်း ဆိုရင်လဲ ခဏလောက် ငှားပါလား ခင်ဗျာ… ”
အဲဒီလို ခပ်ပြုံးပြုံးလေး ပြောလိုက်တော့မှ အဲဒီ လင်မယားနှစ်ယောက်လဲ သူတို့ အပိုင်စီးထားမိတဲ့ လဘက်ဇွန်းတွေကို အသာချ၊ ဘေးနားကလူတွေရဲ့ ပြုံးစေ့စေ့ အကြည့်တွေကြောင့် ခဏနေတော့ ရှက်ရှက်နဲ့ ထပြန်သွားကြလေသတဲ့…။
မေမေ့နားမှာ မေမေပြောတာတွေ နားထောင်ရင်း တခွိခွိနဲ့ ရယ်ရင်း… တဖြေးဖြေး မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်သွားလိုက်တာ တော်တော်ကြာသွားတယ်…။ အခုမှ နိုးလာပြီး မှတ်မိတာလေးတွေ မေ့မသွားခင် ကမန်းကတမ်း ချရေးလိုက်ပါတယ်…။ ဒါလေးကို ဖတ်မိပြီး အနည်းဆုံးတော့ မျက်နှာကြောလေးတွေ နဲနဲရော့ပြီး တချက်လောက် ပြုံးမိသွားတယ် ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီလေ…။
မှတ်ချက် ။ ။ လွန်ခဲ့တဲ့ နှစ်လလောက်က မေမေဒီမှာ ရှိနေတုန်းက ပြောဖြစ် ရေးဖြစ်ခဲ့တဲ့ ပိုစ့်လေးပါ။ ရေးထားပြီး ဘယ်လိုက ဘယ်လိုဖြစ်လို့ မတင်မိတယ် မသိဘူး။ ဒီနေ့ ကွန်ပျူတာထဲက မလိုတဲ့ ဖိုင်လ်တွေ ရှင်းရင်းက ဒါလေးကို ပြန်တွေ့လိုက်လို့ ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ တင်လိုက်ပါတယ်။ ပျော်စရာ စနေ တနင်္ဂနွေ ပိတ်ရက်များ ဖြစ်ကြပါစေ...။
၁
ReplyDeleteရေးရကျိုးနပ်ပါတယ်။ ဒီမှာ ဖတ်ပြီး၊ ပြုံးပြီး ပြန်သွားကြောင်းပါ။း)
ReplyDeleteး) လိုက်လဲ လိုက်ပါတယ်....။ အသွင်တူ အိမ်သူ ဖြစ်တဲ့...း) ပြုံးယုံ မက ရီသွားပါတယ်။း)
ReplyDeleteုပြုံးမိသွားတယ်...
ReplyDeleteကွမ်းအစ်ကြီးရယ်...
ဘူးသီးရယ်...
လက်ဖက်သုပ်ဇွန်းရယ်....သုံးခါတောင်... :)
ကျနော်ဆိုလည်း အဲ့လိုပဲအပြောခံရမှာ
ReplyDeleteသူများအိမ်မှာ လက်ဖက်ကျွေးတော့ လက်ဖက်ကို ဖိုးကြီးသုပ်ဖွားကြီးသုပ်လေး
လက်ဖက်သားလေးတစ်ဇွန်း ပဲကြော်တစ်ဇွန်း ပုဇွန်ခြောက်တစ်ဇွန်း နှမ်းတစ်ဇွန်း ကြက်သွန်ဖြူလေးကိုနေတုန်း ပါးစပ်ထဲက လက်ဖက်သားက ကုန်သွားပြန်ရော ဒါနဲ့ အစက ပြန်စ အဲ့ဒီမှာ ဇွန်းက ချမရ၊ ခေါင်းကိုငုံ့စားနေတော့ ဖေနဲ့မေက မျက်လုံးပြူးပြတာလဲ မမြင်ရ မျက်နှာရိပ်မျက်နှာကဲ ပြတာလည်း မမြင်ရ။ အိမ်ရှင်တွေက ကြည့်နေတာလဲ မသိ
မရီနဲ့ဗျ ဘာလဲမသိဘူး
"ဇွန်းလေးကဘယ်ကလုပ်တာလဲ" လို့လဲပြောကြပါသေးတယ်
ReplyDeleteပုံ
မကြာခဏ အပြောခံဖူးသူ
စာဖတ်ရတာ အရမ်းကောင်းလိုက်တာ၊ အမ အတွေးလည်း
ReplyDeleteလှတယ်။
ပြုံးစရာလေးရသွားလို့ ကျေးဇူးပါရှင်။
ReplyDeleteတို့လဲအကြံမရသေးဘူး. သက်ဝေ.
ReplyDeleteစားရတာလက်ဝင်လိုက်တာ.
ReplyDeleteလူအမျိုးမျိုး စိတ်အထွေထွေပေါ့ သက်ဝေ
ReplyDeleteဖတ်ရတာ ချစ်စရာကောင်းတဲ့ စာလေး တပုဒ်ပါ။
အမေကို အနိုင်ကျင့်တယ် ဆိုတာလေး သဘောကျတယ်။
မမသက်ဝေနဲ့ အကိုကြီးကရော ဘာတွေတူလဲ ပြောပါ၊ မလျှိုကြေး.. လူမြင်ကွင်းမို့ မပြောချင်ရင် email နဲ့ တိတ်တိတ်လေး ပြောပါ
ReplyDeleteအပေါ်က အစားပုပ်တဲ့ နှစ်ယောက်ကိုပါ ရယ်ပြီး ပြန်သွားတယ်
ReplyDeleteမမတို့ အတွဲကရော ဘယ်လိုမျိုးများလဲ။ တယောက်က သိမ်း၊ တယောက်က လွှင့်ပစ် လဲ နတ်ရေးတဲ့ ဖူးစာပဲ မဟုတ်လားဗျ။
ReplyDeleteဒီကလူတွေကို သက်သေတည်ပြီး ပြောလိုက်မယ်။ အလှူမှာ ရွာသား စားတဲ့စားပွဲ တို့ မထိုင်။ :))
အပေါ်က ကွန်မန့်က ချိုသင်းနော်..၊ အကောင့်မှား ၀င်မိလို့..။
ReplyDeleteတို့ကတော့ "ဇွန်းပါမစ်လေး လျှောက်ထားတာ မကျသေးဘူးလားရှင်" လို့ မေးလိုက်တာပဲ....:P
ReplyDeleteအဲဒီလို ဖူးစာဖက်တွေကိုရေးတဲ့နတ်က နတ်တော့နတ်ပဲ...၊
ReplyDeleteမာန်နတ် ဖြစ်လိမ့်မယ်ထင်တယ်နော်...း)
(ပြုံးပြီးပြန်သွားပါကြောင်း)
ပျော်စရာဘဲ၊..အဲဒီနတ်ကမျက်မှန်လေးဘာလေးတော့လုပ်သင့်နေပြီ...
ReplyDeleteချစ်သက်ဝေက ဒါမျိုးတွေလဲ ရေးတတ်တယ်လား
ReplyDeleteဖတ်လို့ကောင်းပါတယ်
များများရေးပါ
မမရေးထားတဲ့ အကြောင်းတွေထက်လေ အမနဲ့ အမမေမေ စကားအေးအေးဆေးဆေး ပြောတာလေးကို မျက်စေ့ထဲ မြင်ယောင်လာပြီး ကြည်နူးမိတယ်... ကျနော်လည်း အမေ့ပေါင်ပေါ် ခေါင်းအုံးပြီး အဲလိုလေး နေချင်လိုက်တာ.. :))
ReplyDeleteတခါမှတော့ မကြုံဖူးဘူး..။
ReplyDeleteလက်ဖက်ကျွေးတဲ့ဧညိ့်ခံပွဲသွားတာနဲလို့နေမှာပါ။
တခါကြုံတာကတော့ ..
ရိုးရာမင်ဂလာဆောင်မှာပါ..။
၁၀ယောက်ထိုင်စားပွဲဝိုင်းမှာ လူသုံးယောက်က
ဟင်းတစ်ပွဲချင်းချလိုက်တိုင်း..အရင်ဦးအောင်ယူပါ..။
အားမနာတမ်းပေါ့ ။အဲ့ဒီတစ်ခါပဲကြုံဖူးတာပါ..။။
(ဖြစ်ရမှာက...ခင်ဗျားအရင်ယူပါ..ဘာညာ ဖြစ်ရမှာ..
ယဉ်ကျေးမှုအရ သူတစ်ပါးကို ဦးစားပေးရမှာ..
အခုတော့ သူတို့၃ယောက်ပဲ အလောတကြီးယူတယ်..)
ကော်မန့်ရှည်သွားတယ်..ဆောတီးး..
ဟီးး
ပုံ/
guessကြည့်
အမျိုးဆိုတာ လုံးဝမပြောပြဘူး..
ဟီး ၁ ခါမက ပြုံးလဲပြုံး ရီလဲရီသွားတယ်.... ကိုယ့်ကို စောင်းရေးထားသလား အောက်မေ့ရတယ်....လက်ဖက်စားတဲ့ အကြောင်းပြောတာပါ... ဘူးသီးနဲ့ ကွမ်းအစ်လိုတော့ မလုပ်တတ်ပါဘူးနော်... တူများက ကပ်စေးလဲ မနဲတတ်သလို တူများကျွေးရင်လဲ ပဲမများပဲ စားတာ...ပူးတေလက်ဖက်စားနေရင် ခင်တဲ့မိတ်ဆွေတွေရော အိမ်ကမိသားစုတွေကရော လက်ဖက်ကို ခေါက်ဆွဲကြော်နဲ့ မှားစားနေတယ်တဲ့... ဟီးးးး ပဲလေးနဲ့ မစားပဲ ပလုတ်ပလောင်း နမ်းစတော့ပ်(non-stop) ထည့်နေလို့လေ...
ReplyDelete:)... ပြုံးမိတယ်.. ဖတ်ရင်းနဲ့
ReplyDeleteခင်မင်တဲ့
နေ၀သန်
အိမ်မှာ ရှုပ်ရှုပ်တွေ လုပ်နေလို့ ခုမှလာဖတ်ဖြစ်တယ် ... အန်တီသက်ဝေရေ့ ...ထူးထူးဆန်းဆန်း အသွင်တူတဲ့ စုံတွဲလေးတွေရဲ့ အဖြစ်ကို ဖတ်ပြီး ပြုံးသွါးပါတယ် ... ကွမ်းအစ်ကြီး ခေါင်အုံးအိပ်တာတော့ ... ဆိုးပါ့တော် ... ရယ်ရတယ် ...
ReplyDeleteငယ်ငယ်က မောင်နှမတွေ လဖက်စားလို့ သူ့အလှည့်မရောက်ရင် အမေက အမြဲပြောတယ် " အမေ့ထံ ဇွန်းပြန်ပို့ပါ " တဲ့။
မမရေ....ပိုစ့်လေးရော ကွန်မန့်တွေရော ဖတ်ပြီး ပြုံးလည်းပြုံး ရီလည်းရီမိတယ်။
ReplyDeleteပြုံးမိပြီးတစ်ခုခုကိုသတိရလိုက်တယ်
ReplyDelete