Thursday, September 30, 2010

ပြန်မရနိုင်တော့သော…

ရီဝေ မူးမိုက်ရင်း အိပ်ရာမှ နိုးးလာခဲ့သည်…။ နာကျင်ခံခက်စွာ မူးမိုက်နေရခြင်း၏ အကြောင်းရင်းနှင့် အတူ ကုန်လွန်ခဲ့သော ညက အကြောင်းကို ပြန်တွေးမိသွားသည်…။ ထိုအတွေးနှင့်တဆက်တည်း သူ့ကိုယ်သူ သတိထားလိုက်မိသည်မှာ သူသည် သက်ရှိ လူသားတယောက် မဟုတ်တော့… အသက်ဝိဥာဉ် ကင်းမဲ့နေသော ခန္ဗာကိုယ် တခုသာ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ မနေ့ညက သေဆုံးသွားခဲ့ပြီး ဖြစ်သောကြောင့်ပင်…

သေချာသည်…။ ညက သူ သေဆုံးခဲ့ပြီးပြီ…။
ဘယ်တော့မှ ပြန်လည် သက်ဝင် ရှင်သန်ဖို့ မဖြစ်နိုင်တော့… အမှန်တကယ် သူ သေဆုံးခဲ့သည်။ ဘယ်သူ့ကြောင့် သူ သေဆုံးခဲ့ရသနည်း… သူ့ကို ဘယ်သူက သေစေခဲ့ပါသနည်း ဟု မေးစရာရှိပါသည်…။ မည်သူ့ကြောင့်မှ မဟုတ်ပါ… တရားခံမှာ သူ ကိုယ်တိုင်သာ ဖြစ်သည်။ သူ သည် သူ့ကိုယ်သူ အစီအစဉ်တကျနှင့် လှပ သေသပ်စွာ ကျကျနန အကွက်ချပြီး အဆုံးစီရင်သွားခဲ့ခြင်းသာ ဖြစ်ပေသည်။


ကုန်လွန်ခဲ့သော ရက်ပေါင်း လပေါင်းများစွာကစ၍ အိပ်မက်များ၊ စိတ်ကူးအတွေးများထဲတွင် သူ့ကိုယ်သူ သေလူတယောက် အဖြစ် ကြိမ်ဖန်များစွာ ကြိုတင် တွေ့မြင်နေခဲ့ရဖူးသည်။ အထူးသဖြင့်တော့ အနီရဲရဲ နှင်းဆီပွင့်တွေ အများကြီးပါသော အိပ်မက်မျိုးတွေ မကြာခဏ မက်လေ့ရှိသည်…။ အိပ်မက်တွေထဲတွင် သူသည် နှင်းဆီဆူးများကို မကြောက်မရွံ့ နှင်းဆီခင်းများပေါ်မှာ လှဲလျောင်း အိပ်စက်ရင်း အပြာရောင် ကောင်းကင်ပေါ်ကို မျှော်ငေးကြည့်နေတတ်သည်။ ထိုအခါ နှင်းဆီဆူးများ သူ့ကိုယ်ပေါ် အချက်ပေါင်းများစွာ တစိမ့်စိမ့် ဖေါက်ဝင် ထိုးနှက်… ဆူးချက်များကြောင့် သူ့ခန္ဗာကိုယ်မှာ အပေါက်ပေါင်း မရေမတွက်နိုင်… တကိုယ်လုံး နှင်းဆီနီတို့နှင့်အပြိုင် သွေး ချင်းချင်းနီလျှက်… သို့သော် ရုန်းထွက်ရန် မကြိုးစားမိ… နှင်းဆီဆူးများကြားမှာ ရုန်းလေ နစ်လေ… ထိုအခါ အနီရဲရဲ နှင်းဆီခင်း အိပ်မက်များကြားတွင် သူသည် ပီဘိ သေလူ တယောက်သာ…။

ထိုနှင်းဆီပွင့် အိပ်မက်များထဲမှာ၊ စိတ်အတွေးတွေထဲမှာ သူ့ကိုယ်သူ သေအံ့ဆဲဆဲ လူတယောက် အဖြစ်သာမက သေဆုံးသားပြီး လူတယောက်အဖြစ်ပါ မြင်တွေ့နေရသော အကြိမ်တွေ များစွာ… ကြည့်နေရင်း ကြည့်နေရင်းနှင့် နေရာမှာတင် လဲကျ သေဆုံးသွားခဲ့ရသော အချိန်တွေ များစွာ… ရှိခဲ့ဖူးသည်။

သောက်ခဲ့မိသော မိုခါးတခွက်ကြောင့် သေဆုံးခဲ့ဖူးသည်… စားလိုက်မိသော အညိုရင့်ရင့် ခါးသက်သက် ချောကလက် တခုကြောင့် သေဆုံးခဲ့ဖူးသည်… နမ်းရှိုက်မိသော နှင်းဆီဖြူတပွင့်ကြောင့် သေဆုံးခဲ့ဖူးသည်… မြင်လိုက်ရသော အပြုံးတပွင့်ကြောင့် သေဆုံးခဲ့ဖူးသည်… ဖတ်လိုက်မိသော စာတပုဒ်ကြောင့် သေဆုံးခဲ့ဖူးသည်… ကိုယ်တိုင် ရေးလိုက်မိသော စာတကြောင်းကြောင့် သေဆုံးခဲ့ဖူးသည်… ကြားလိုက်ရသော ငိုရှိုက်သံတိုးသဲ့သဲ့ကြောင့် သေဆုံးခဲ့ရဖူးသည်...

ပြီးတော့ ကြည့်လိုက်မိသော ဓါတ်ပုံတပုံကြောင့်… ရွတ်လိုက်မိသော ကဗျာတပုဒ်ကြောင့်… အကြည့်တချက်ကြောင့်… စကားတခွန်းကြောင့်… မြင်ကွင်းတခုကြောင့်… ရည်ရွယ်၍ ဖြစ်စေ မရည်ရွယ်ပဲနှင့်ဖြစ်စေ အကြိမ်ပေါင်းများစွာ သူ သေဆုံးခဲ့ဖူးသည်…။ ယုတ်စွအဆုံး ခပ်တိုးတိုး မြည်လာသော တယ်လီဖုန်းခေါ်သံများကြောင့်ပင် သူ အခါခါ သေဆုံးခဲ့ဖူးသည်ပဲ…။ ထိုအခါ သေဆုံးခြင်းဆိုသည်မှာ သူ့အတွက်တော့ လက်ပွန်းတတီး ရင်းနှီးပြီးသား… သိပ်ထူးခြား ဆန်းပြားသောအရာတခု မဟုတ်လှပါ…။

သူ မသေဆုံးခင် ညနေမှာ မြို့လေး၏ အနောက်ဖက်ကမ်းခြေကို ရောက်ခဲ့သည်။ ဆုံးဖြတ်ရခက်နေသော သူ့ကိုယ်သူ အားပေးနှစ်သိမ့်ရင်း… ပြီးတော့ တခုခုကို မျှော်လင့် ရင်ခုန်ရင်းပေါ့…။ ပင်လယ်ကမ်းခြေ၏ နေဝင်ရီတရောအချိန်သည် လိုအပ်သည်ထက် ပို၍ လှပနေသည်ဟု မလိုတမာ တွေးနေမိသည်…။ ကမ်းခြေ၏ မြင်ကွင်းတွင် လက်ချင်းချိတ်၍ လမ်းလျှောက်ရင်း ပျော်ရွှင် ရယ်မောနေကြသော ချစ်သူ စုံတွဲများ၊ ကမ်းစပ်တွင် ရေကစားရင်း တယောက်နှင့် တယောက် ကျီစယ်နေကြသော ချစ်သူ စုံတွဲများ၊ ရေစပ်နှင့် မလှမ်းမကမ်း ကော်ဖီဆိုင်လေးတခုတွင် ကော်ဖီခါးခါးတခွက်စီ ရှေ့မှာချကာ တယောက်နှင့် တယောက် အကြည့်ချင်းပြိုင်နေကြသော ချစ်သူ စုံတွဲများကို တွေ့နိုင်သည်။ ချစ်စဖွယ် လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးများကို လက်တဖက်စီ ဆွဲ၍ လမ်းလျှောက် လေ့ကျင့်ပေးနေကြသော ပျော်စရာ မိသားစုလေးများကိုလည်း တွေ့နိုင်သည်…။

ထို့အပြင် အသက်အရွယ် ကြီးရင့်လာသော်လည်း တယောက်ကို တယောက် ချစ်ခင်နှစ်သက်စွာ လိုအပ်နေကြဆဲဖြစ်သော အဖိုး အဖွားစုံတွဲလေးများကိုလည်း ကြည်နူးစရာ တွေ့မြင်နိုင်ပါသေးသည်…။ ပြီးတော့ သဲများဖြင့် သဲအိမ်ဆောက်တမ်း ကစားနေကြသော ကလေးငယ်ငယ်များ၊ ရေစပ်မှာ ဘောလုံးရောင်စုံများဖြင့် ပြေးလွှား ဆော့ကစားနေကြသော လူရွယ်များ၊ စွန်လွှတ်နေကြသူများ၊ စက်ဘီးစီးနေကြသူများ၊ ချစ်စဖွယ် မိန်းမငယ်ကလေးများ… ကြီး လတ် ငယ် အရွယ် အမျိုးမျိုး စုံလင်လှသည်။ ကမ်းခြေ၏ အရောင်စုံ မြင်ကွင်းသည် သူ့အားဖမ်းစားလှသည်…။ သို့သော် ထိုမြင်ကွင်းကိုကြည့်ရင်း မျှော်လင့်ထားသလို သူ ပျော်ရွှင်မလာပါ… စိတ်ကြည်လင် ရွှင်ပြ မလာပါ…။ ဆုံးဖြတ်ချက်တခုကိုသာ ခိုင်မာသည်ထက် ခိုင်မာလာစေသည်…။

ကြည့်နေစဉ်မှာပင် ကမ်းခြေစပ်တွင် မေးတင်နေသော နေလုံးနီနီသည် ရေထဲသို့ စုန်းစုန်းမြုတ်အောင် ဝင်ရောက် ပျောက်ကွယ်သွားပြီ…။ ကမ်းခြေတလျှောက်တွင် သဘာဝ အလင်းမဟုတ်သော မီးရောင်စုံတွေ တခုပြီးတခု လင်းလက်လာကြသည်ကို တွေ့ရသည်…။ သူ သွားရတော့မည်… သူ သွားမှ ဖြစ်တော့မည်… အချိန်နဲနေပြီ…။ ဖြေးညှင်းစွာ လျှောက်လာရာ လမ်းတလျှောက်တွင် မျက်စေ့ကို စုံမှိတ်ရင်း ခေါင်းကို ငိုက်စိုက်ချ ခါယမ်းနေမိသေးသည်…။

ပြန်မရနိုင်တော့သော အချိန်တွေ… ပြန်မရနိုင်တော့သော ရင်ခုန်ခြင်းတွေ… လိုက်ရှာသော်လည်း ဘယ်မှာမှ မရှိနိုင်တော့သော ယုံကြည်မှုတွေ… အစားထိုးမရနိုင်သော ပျော်ရွှင်ကြည်နူးမှုတွေ… ပြီးတော့ ဆုံးရှုံးမှု၊ နာကျင်မှုတွေ... သွားပြီ… ကမ်းစပ်မှာ အနီရောင် နေလုံးကြီး ဝင်ရောက် ပျောက်ကွယ်သွားသလို ထိုအရာတွေအားလုံးလဲ သူနဲ့ အတူတူ တခါတည်း လိုက်ပါ ပျောက်ကွယ်သွားကြဖို့ အဆင်သင့် ဖြစ်နေပြီ…။ မသေချာ မရေရာမှုတခုကို စိတ်တထင့်ထင့်ဖြင့် တွေးဆ မျှော်လင့်နေရသည်နှင့် စာလျှင် သေဆုံးသွားရသည်က ပို၍ အေးချမ်းမည် မဟုတ်လား…။

မမျှော်လင့်ပဲ စောစောက တဖျတ်ဖျတ် တောက်ပနေသော ရောင်စုံ မီးရောင်တွေ ရုတ်တရက် မှိန်ကျသွားသည်…။ ညက လ မရှိ... တိတိပပပ မှောင်မိုက်နေသည်…။ ထိုအချိန်မှာပဲ ဆုံးဖြတ်ချက်တခုကို ပြတ်ပြတ်သားသား ချကာ ဓါးသွားထက်က ပျားရည်စက်နှင့်တူသော စာကြောင်းများ၊ သူ့ထက်ငါ အလုအယက် ခုန်ပေါက်ကာ ထွက်ကျလာသော စကားလုံးများနှင့်အတူ သူ့ကိုယ်သူ လှပစွာ ချေမှုန်း အဆုံးစီရင်လိုက်မိတော့သည်…။




19 comments:

  1. ဟုတ်ပါတယ်...
    ပြန်မရနိုင်တော့သော..
    .....
    .............
    အချိန်တွေ ..
    အတွေးတွေ..
    အသက်ရှုသံတွေ..
    ငိုကြွေးခြင်းတွေ..
    ရယ်မောခြင်းတွေ..
    ပျော်ရွှင်ခြင်းတွေ..
    ....တွေ
    ............တွေ...



    အမျိုး

    ReplyDelete
  2. သေဆုံးဖို့
    မကြာခဏရေရွတ်မိတတ်တယ်။ ငါဆိုတဲ့အရာ ဖြစ်တည်မှုမရှိခဲ့ရင်ဆိုတာနဲ့ နောင်တတွေကို ချေဖျက်လို့ မရဘူးဆိုတာသိသိခြင်းနဲ့ပင် ဒီကမ္ဘာကပျောက်ဆုံးသွားဖို့ ဆန္ဒအမြဲပြုမိတတ်ပါတယ်။
    ကျန်ရစ်သူတွေအတွက် စိတ်ချမ်းသာစေမယ်၊ ကောင်းကျိုးသုခ ဖြစ်စေမယ်ဆိုရင် ထိုက်တန်မယ်နော်။
    လက်လွတ်စပယ်သေဆုံးခြင်းမဟုတ်ပဲ စနစ်တကျနဲ့ အံဝင်ခွင်ကျ သေဆုံးသွားခဲ့ရင်ဆိုတာမျိုး...........
    အရေးကြီးဆုံးတခုက ဒီသေဆုံးမှုနောက်မှာ ဘယ်သူကိုမှ မချည်နှောင်ထားခဲ့လိုမှုပါ

    ReplyDelete
  3. နောက်တခါ ကမ်းခြေမှာ ကာဖီတစ်ခွက်နဲ့
    ထိုင်ပြီး သွားငေးမော မကြည့်မိဖို့
    ကြိုးစားရမယ်..။



    အမျိုး

    ReplyDelete
  4. ကမ်းခြေကို ရောက်ရင် တစ်စုံတစ်ရာကို ခံစားရစမြဲ..။
    ကြာတော့ သွားတောင်မသွားဝံတော့ဘူး...။
    ဒါပေမယ့် မသွားရရင်လည်း မနေနိုင်ပြန်ဘူး...။
    ပြန်မရနိုင်တာတွေ....အများကြီး...၊ ရှိပါစေတော့ဗျာ..။

    ReplyDelete
  5. မောင်မျိုးOctober 1, 2010 at 12:20 AM

    တစ်ခါသေဖူးပြီးရင် ထပ်ပြီး သေဖို့ ၀န်မလေးတော့ပေမယ့် ထပ်ပြီး ရှင်သန်ဖို့ကိုတော့ စိုးထိတ်မိတယ် ဒါပေမယ့်လည်း မသေခင်တစ်နေ့တော့ ဘ၀အမှတ်တရလေးတွေ ထားခဲချင်သေးတာပေါ့ ။ တစ်နေ့နေ့တော့ ကိုယ်လည်း လက်ပြနှုတ်ဆက် .............

    ReplyDelete
  6. အမကဒါမျိုးလေးတွေလည်း ရေးတတ်တယ်နော်... ငယ်ငယ်က အဲဒီလို စာမျိုးတွေ စာအုပ်တွေထဲမှာတွေ့ရင် သိပ်မဖတ်ဖြစ်ဘူး။ အခု အမရေးထား ဖတ်ကြည့်တော့ သိပ်ပျင်းစရာမကောင်းဘူးပဲ... ဖတ်လို့ကောင်းတယ် :)

    ReplyDelete
  7. ရှင်သန်ချင်းသည်ပျင်းချောက်ချောက်နှင့်
    တနေ့နေ့သူနဲ့ဆုံဖြစ်မယ်ထင်တယ်ကလွဲ၍
    ၊ဘာမှမယ်မယ်ရရသိပ်မရှိတော့...
    .".တမျိုးအထွန့်တက်ပြီးရေးကြည့်တာ၊
    ကိုယ်လဲကျင့်နေတယ်.".. :)

    ReplyDelete
  8. မသက်..
    ဒီပို့ စ်လေးက ရင်နဲ့ တထပ်တည်းကျတယ်ဗျာ...
    ကိုယ်တိုင်မပြောတတ်လို့ ...။
    ခုတော့ ဒီစာကိုဖတ်ရင်းးးးး


    .
    . ဖတ်ခွင့်၊ခံစားခွင့်ရလိုက်တာလေးကို ကျေးဇူးတင်ပါတယ်..နောက်တကြိမ်..
    မသေဆုံးခင် ကြားကာလလေးအထိပေါ့ဗျာ..။

    ReplyDelete
  9. တစ်ခါတစ်ခါမှာ လူတစ်ယောက်ဟာ စာတစ်လုံး စကားတစ်ခွန်းကြောင့်လည်း အချိန်မရွေး သေဆုံးနိုင်ကြတယ်နော်။
    အဲဒီစာတစ်လုံး စကားတစ်ခွန်းနဲ့လည်း အရာရာဟာ ပျက်စီး ပျောက်ကွယ်နိုင်ကြသေးတယ်..

    ReplyDelete
  10. အက်ဆေးလေးက သိပ်လှတယ်.. ဒီစာကိုဖတ်မိလို့ သေဆုံးသွားသူလည်း ရှိဦးမယ်

    ReplyDelete
  11. ဖတ်ပြီးတော့ တစ်မျိုးကြီးခံစားလိုက်ရတယ်။
    နှင်းဆီပန်းနီနီနဲ့ အက်ဆေးဖတ်ရင်း 'American Beauty' ဇာတ်ကားကို သွားသတိရမိတယ် အစ်မ။

    Have a good weekend ahead! :)

    ReplyDelete
  12. အခုတလော ကိုယ့်ကိုယ်ကို သတ်သေတဲ့
    ကဗျာဆရာတွေအကြောင်း ဖတ်နေတာ၊ အမ
    ရဲ့ အက်ဆေးကို ဖတ်ပြီး သေချင်းတရားက
    ဘယ်လို မျိုးပါလဲလို့ ထပ်တွေးမိတယ်၊ ရှင်ဥက္ကဋ္ဌကတော့ ဟောထားတယ် လူသေရင် လူဖြစ်တယ်တဲ့ ...း)

    ReplyDelete
  13. အက်ဆေးလေးတွေ သိပ်ရေးတတ်တာပဲနော်။ ငယ်ငယ်က မဂဇင်းတွေမှာ ဖတ်ရတဲ့ အက်ဆေးလိုလို ၀ထ္ထုလိုလိုလေးတွေ သတိရသလို ငယ်ဘ၀ကိုတောင် ပြန်သတိရသွားတယ်။ ခုချိန်မှာ ဒါမျိုးတွေ မဖတ်ဖြစ်တာ ကြာလှပေါ့။

    ReplyDelete
  14. ငါ့မမက ဒါတွေလဲ ရေးတတ်တယ် :)

    နှင်းဆီပွင့်တွေ ထပ်ထားတာ post နဲ့ အရမ်းလိုက်တယ်

    ReplyDelete
  15. စာလေး လှလိုက်တာ မမ။အရမ်းကြိုက်တယ်။

    ReplyDelete
  16. လူအများ ရေးထားသလို ရေးတတ်လိုက်တာ... ဆိုတာရယ်...
    mae ပြောသလို နှင်းဆီပွင့်တွေ ထပ်ထားတာ post နဲ့ အရမ်းလိုက်တယ် ဆိုတာ သတိထားမိပါတယ် ဆိုတာရယ်သာ...ပြောပါရစေတော့...
    ဒီထပ်တော့ ထပ်မရေးပါရစေနဲ့တော့နော် သူငယ်ချင်း
    ပန်ပန် ပြောသလို သေသွားမှာစိုးလို့ပါ

    ဒီက သေအံ့မူးမူး

    ReplyDelete
  17. အားလုံးလှတယ် .. စကားလုံးတွေကော ၊ အဓိပ္ပာယ်ရော..ဓါတ်ပုံရော...
    ဒါပေမဲ့ ကိုယ့်ကြောင့်တော့ ဘယ်သူ့ကိုမှမသေစေချင်ဘူးးးးး

    ReplyDelete
  18. ဒီလိုမျိုးရေးတတ်ချင်တယ်...
    စာထဲမှာ စိတ်ကို အလိုက်သင့် မျောမျောလေးလုပ်ပြီး ဖတ်လိုက်တာ အရသာရှိလိုက်တာ...

    ReplyDelete
  19. ပျော်စရာကြီးနေမှာ.... ဒီက စာပေ ဟောပြောပွဲ တွေတော့ မသိလိုက်တာနဲ့... မအားတာနဲ့ ... တခါမှ မရောက်ဖူးဘူး။:P

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...