Friday, November 5, 2010

ပုံရိပ်ဟောင်းများ

ညီမ ကေ ရဲ့ တက်ဂ်ပါ…။ ပုံရိပ်ဟောင်းများတဲ့…
အမှန်က ကေ လိုချင်တဲ့
ပုံရိပ်ဟောင်း ဆိုတာက တက္ကသိုလ်တုန်းက... ဒါမှမဟုတ် ဘဝ တက္ကသိုလ်တုန်းက ပုံရိပ်ဟောင်းတွေကိုပါ။ သို့သော်လည်း လောလောဆယ်မှာ ကိုယ့်ဆီမှာ ကျောင်းနဲ့ပတ်သက်လို့ ပြစရာ ဓါတ်ပုံတွေ ဘာတွေ တခုမှ ရှိမနေတာမို့ ဟိုတွေး ဒီတွေး တွေးရင်း ရက်တွေသာ ကြာလာတယ်... ပုံရိပ်ဟောင်းကို ဘယ်လိုမှ အကောင်အထည် ဖေါ်လို့ မရခဲ့ပါဘူး။ တရက်ကတော့ ပုံရိပ်ဟောင်းကို စာနဲ့ချည်းပဲ ရေးကြည့်သေးတယ်… ဒါပေမယ့် အတော်လေး ပျင်းခြောက်ခြောက်နိုင်လှတယ်။ ဒီညတော့ You Tube မှာ သီချင်းတပုဒ်ရှာရင်း မမျှော်လင့်ပဲ ကိုယ်ချစ်ခင် နှစ်သက်ခဲ့ရသူတွေရဲ့ ပုံရိပ်ဟောင်းတချို့ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်…။

တစက္ကန့်၊ တမိနစ်၊ တနာရီ၊ တရက်၊ တလ၊ တနှစ်… ဒီလိုနည်းနဲ့ အချိန်တွေ ကုန်လွန်လာတာ မယုံကြည်နိုင်စရာ ကောင်းလှတယ်။ အချိန်တွေနဲ့လိုက်ပြီး ပြောင်းလဲလာတဲ့ ပုံရိပ်တွေဟာ ပြန်ကြည့်လိုက်တိုင်း အမှတ်တရ ဖြစ်စရာ...။

ကိုယ် အခု ပြောပြမယ့် ပုံရိပ်ဟောင်းတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အစိတ်ပတ်ဝန်းကျင်က ပုံရိပ်တွေပါ။ ရုတ်တရက် ကြည့်လိုက်ရင် သိပ်မဝေးသေးဘူးလို့ ထင်ရပေမယ့် တကယ်တော့ တော်တော်လေး ကြာခဲ့ပြီ…။ အနှစ် နှစ်ဆယ်၊ အနှစ် အစိတ်ဆိုတာ အရာတော်တော်များများကို၊ လူတယောက်၊ ဒါမှမဟုတ် ဘဝတခုကို ကောင်းကောင်းကြီး ပြောင်းလဲစေနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ စွမ်းအားတွေရှိတယ်…။ ဒီလိုမျိုး ပြောင်းလဲတတ်တဲ့ သဘာဝကြီးတခုလုံး အထင်အရှား ရှိနေပါလျက်နဲ့ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အချိန်တွေ ဘယ်လောက်ကြာကြာ မပြောင်းမလဲတဲ့ အကြောင်းအရာတွေ ရှိနေသေးတာကတော့ တွေးကြည့်လိုက်မိတိုင်း ရင်နာစရာကောင်းပါတယ်။

ဒီပုံက ၁၉၈၄-၈၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ ကိုင်ဇာနဲ့ မေဆွိတို့ရဲ့ တူနှစ်ကိုယ်တိုင်းပြည်အခွေ ကာဗာပါ။ ကြည့်ပါအုံး… မေဆွိထိုင်နေတဲ့ အရှေ့မှာ ကစားစရာ အိမ်လေးတွေ ချလို့၊ ဖြူစင်မှုတွေနဲ့ ချစ်စရာ ပုံရိပ်ဟောင်းတခုပါ…။ ဆယ်တန်းတုန်းက မုန့်ဖိုးတွေစုပြီး အဲဒီ သီချင်းခွေကို ၂၅ ကျပ်နဲ့ ဝယ်ခဲ့ဖူးပါတယ်။ ကိုယ့်မုန့်ဖိုးနဲ့ကိုယ် ပထမဆုံး ဝယ်ဖူးတဲ့ သီချင်းခွေဆိုတော့ အမြဲသတိတရနဲ့ မှတ်မိနေတဲ့ ပုံရိပ်ဟောင်းတခုဆိုလဲ မမှားပါဘူး...။



ဒါက ၁၉၈၅ ခုနှစ်က မြန်မာ့ရုပ်မြင်သံကြားမှာ လွှင့်ခဲ့တဲ့ "စကားရှိတိုင်းသာ ဖြေရမလား" ဆိုတဲ့ သီချင်းလေး… ဆံပင်ပုံစံ ဝတ်ပုံစားပုံ… မျက်နှာ အလှပြင်ပုံတွေဟာ တကယ့် ပုံရိပ်ဟောင်းတခုပါပဲ…။


ဒီပုံရိပ်ဟောင်းကတော့ ၁၉၈၅-၈၆ ပတ်ဝန်းကျင်ကပါ… ဒါပေမယ့် ဒီဇိုင်းကတော့ ပြောင်းလာပြီ။ အကြေကောက်ဆန်ဆန်ဆံပင်မျိုးနဲ့ မျက်နှာမှာ ပြင်ဆင်ခြယ်သပုံကလဲ ပိုပြီး လှလာတယ်။ ပန်းနုရောင် ဖျော့ဖျော့ လင်းလင်းတွေ သုံးလာကြတာတွေ့ရတယ်။ နောက်ပြီး စီးကရက်စလို ပိတ်စပြောင်ပြောင်တွေနဲ့ ဖဲစတွေ ဝတ်လာကြတယ်။ ပြောရရင် ဟေမာနေဝင်းရဲ့
"ကိုကိုရေ သိပ်ချစ်တယ်..." နဲ့ တချိန်တည်းလောက်ပဲ…။


အိပ်ဆေးမရှိ၊ နှုတ်စကားကြားမှ ယုံလိုသူ စတဲ့သီချင်းတွေမှာ မေဆွိကို အခုလို အပြင်အဆင်တွေနဲ့ တွေ့ရတယ်...။



ဒါကတော့ နဲနဲလေး ပိုနောက်ကျလာပြီ… ၁၉၉၀ ပတ်ဝန်းကျင်ကပါ။ အနောက်မှာ ဂစ်တာတီးနေတဲ့သူက အဆိုတော် မိုးသက်တင်ပါ။


၁၉၈၄ ခုနှစ်က ဟေမာနေဝင်းရဲ့ ပထမဆုံး အခွေ… ဟေမာနဲ့ တသားထဲ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ ယုံလား (ကိုကိုရေ သိပ်ချစ်တယ်…) သီချင်း ဆိုတဲ့ အချိန်တုန်းက ပုံရိပ်ဟောင်း…


ဟေမာနေဝင်းရဲ့ ခွင့်လွှတ်နော် အခွေ ကာဗာပါ။ ၁၉၈၅-၈၆ ခုနှစ်လောက်မှာ ထွက်ခဲ့ပါတယ်။ ဒိုင်ယာနာပုံဆန်ဆန် ဘေးခွဲဆံပင်အတိုနဲ့ နှုတ်ခမ်းနီ ပန်းရောင်နဲ့…။ အဲဒီအချိန်က အဲဒီနှုတ်ခမ်းနီအရောင်က တော်တော်လေး ခေတ်စားပါတယ်။ လူတိုင်းနဲ့ မလိုက်ဖူးလို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ဖူးရယ်… ဖြူတဲ့သူရော ညိုတဲ့သူရောနဲ့ ကြည့်ကောင်းတာ တွေ့ရတယ်။


ဒါကတော့ အဲဒီ အကြေကောက်တွေနောက်မှာ လုံးဝ တိုချလိုက်တဲ့ ဟေမာရဲ့ ချစ်စရာ ဆံပင်လုံးလုံးလေးနဲ့ ပုံရိပ်ဟောင်းလေး တခုပါ။ အဲဒီအချိန်မှာတော့ နှုတ်ခမ်းနီ အခြောက် အရောင်ရင့်ရင့် (Dry & Matt) တွေကို အနားသတ် Lip Liner နဲ့ ဆိုးတဲ့ခေတ်ပေါ့။ နှုတ်ခမ်းပါးတဲ့သူရော နှုတ်ခမ်းထူတဲ့သူတွေပါမကျန် အားလုံးလိုလို လိုက်ဆိုးကြတဲ့ အချိန်... ပြီးတော့ မျက်ခုံးတွေလဲ မရိပ်ကြတော့ဘူး…။ Mic ကို ပါးမှာကပ်ရင်း ချစ်စရာ ဟေမာ... ဆိုနေတဲ့ သီချင်းက "ပြန်သိမ်းထားမယ်" တဲ့...။


အဲဒီပုံရိပ်ဟောင်းနဲ့ အချိန်သိပ်မခြားတဲ့ ဟေမာနေဝင်းရဲ့ နောက်ဒီဇိုင်းတခုပါ။ သူ ဆိုနေတဲ့ သီချင်းက "ရှင်းရှင်းပြောပါလား..." တဲ့...။


အရာရာတိုင်းဟာ ခေတ်ရေစီးကြောင်းအလိုက် အနည်းနည်း အဖုံဖုံနဲ့ ပြောင်းလဲ လာကြတိုင်းမှာ တချိန်က သစ်လွင်တောက်ပခဲ့တဲ့ ပုံရိပ်တွေကို နောင်တချိန်မှာ ပုံရိပ်အဟောင်းတွေအဖြစ်နဲ့သာ တွေ့မြင်ကြရမှာ သဘာဝပါပဲ... ပုံရိပ်အသစ်တွေကို သဘောကျ နှစ်သက်လက်ခံကြသလို ပုံရိပ်အဟောင်းတွေကိုလဲ ဘယ်တော့မှ မေ့ပစ်လို့ မရစကောင်း... အမှတ်တရ သိမ်းဆည်းထားဖြစ်ကြမှာ သေချာပါတယ်...။

ဒီပုံတွေအားလုံးကို You Tube မှာ တင်ထားတဲ့ သီချင်းတွေက တဆင့် ရယူပါတယ်။ နောက်ထပ် ရှာဖွေတွေ့ရှိထားတဲ့ ချစ်စရာ ပုံရိပ်ဟောင်းတွေပါတဲ့ သီချင်းဖိုင်လ်တွေ အများကြီး ရှိနေသေးပေမယ့် ဘလော့ဂ် သိပ်လေးနေမှာစိုးလို့ မတင်တော့ပါဘူး။ ကြည့်ချင်ကြသေးတယ်ဆိုရင်တော့ You Tube မှာ မေဆွိ၊ ဟေမာနေဝင်း စသည်ဖြင့် ရိုက်ထည့်ပြီး ရှာကြည့်လို့ရပါတယ်။ အချိန်ရရင် တပုံချင်းစီအတွက် သီချင်း Link တွေ တင်ပေးပါအုံးမယ်။

ညီမ ကေရေ... ကေ့ ပုံရိပ်ဟောင်းရဲ့ ဆိုလိုရင်းကို တမျိုးတဖုံ ပြောင်းပစ်တဲ့ သက်ဝေကို စိတ်မရှိပါနဲ့နော်...။ သိပ်မကြာခင်မှာ ကျောင်းနဲ့ ပတ်သက်တဲ့ ပိုစ့်တခုလဲ ရေးဖို့ တွေးနေပါတယ်… အဲဒီပိုစ့်မှာတော့ ကေ လိုချင်တဲ့ ပုံရိပ်ဟောင်းတချို့ကို ပုံဖေါ်နိုင်တန်ကောင်းရဲ့လို့ မျှော်လင့်ပါတယ်…။ သတိတရ အမှတ်တရ တက်ဂ်လာတဲ့ ကေ့ကို ကျေးဇူးတင်ပါတယ်။



17 comments:

  1. လောလောဆယ်တော့ ပုံရိပ်ဟောင်း အတိတ်ဟောင်း ဘယ်တော့မှမရိုးနိုင်မယ့် နားစွဲနေကြ သီချင်းဟောင်းတွေဆီ ပြန်လှည့်လို့နေနေမိတယ် ။

    ReplyDelete
  2. ဟင်း. ခမမ ဆီပါသွားပြန်ဘီ.

    ReplyDelete
  3. ပုံရိပ်ဟောင်းများသည် အမှတ်တမဲ့မှ အမှတ်တရများဖြစ်သည်.. :)

    ReplyDelete
  4. ခွင့်လွှတ်နော် ကာဗာကို လုံးဝ လုံးဝ လုံးဝ မှတ်မိတယ်၊ ကျနော့်ရဲ့ ကလေးဘဝနေ့ရက်ပေါင်းများစွာထဲက ကွက်လပ်ပေါင်းများစွာကို ဖြည့်ဆည်းပေးခဲ့တဲ့ အခွေကာဗာလေးပေါ့ဗျာ (အသံများတုန်ခါသွား)

    ReplyDelete
  5. ကျွန်တော်လဲ တစ်ပုဒ်ဆိုထားတာ ရှိတယ်ဗျ။ မတွေ့လိုက်ဘူးလား ... ဟီးဟီး။

    ReplyDelete
  6. ဟားဟား ..သင်ဇာအေး ပြောသလိုဘဲ။ ကျွန်တော်လဲ ငယ်ငယ်တုန်းက ခဏခဏနားထောင်ဖြစ်တယ်။ တူးတူးသီချင်းတွေနားထောင်လိုက် ဟေမာသီချင်းတွေနားထောင်လိုက်နဲ့ ပျော်စရာတွေပါဗျာ။

    ReplyDelete
  7. ဒီမှာ အိပ်မရတာ ဘာကြောင့်လဲ။ ဒီမှာ အိပ်မရတာ အချစ်ကြောင့်ပေါ့ကွယ်။

    အဲဒါက "ယုံလား" ထဲက မဟုတ်လား။ :)

    ReplyDelete
  8. သြော..မသက်ဝေ ဆိုတာ.. မေဆွိ နဲ့..ဟေမာနေ၀င်း ကြားက.. ရုပ်ကလေး ဖြစ်မယ် လို့..မှန်းကြည့်သွားလိုက်တယ်။း)

    ကျေးဇူးပါ..မရေ..း)

    ReplyDelete
  9. ဂလိုလား...
    "အစ်မသက်ဝေတို့ခေတ်ကYIT"ကိုလဲ ပုံရိပ်ဟောင်းအဖြစ် အသက်သွင်းပါအုံးဗျာ...

    ReplyDelete
  10. အဲဒီသီချင်းတွေ ပြန်ကြည့်ပြီး ငယ်မူပြန်ပြန်နေတာ။ ကိုယ်တစ်ယောက်တည်း ထင်နေတာ။ ဟားဟား ... ဘ၀တူတွေတွေ့ပြီ။ အန်တီသက်ဝေ ကတ်စေးနဲ။ သူ့ပုံပါတဲ့ ပုံရိပ်ဟောင်းတွေကျ မတင်ပဲနဲ့ ဟွန့်။

    ReplyDelete
  11. တီတီသက်ဝေက အဲ့ဒီခေတ်ကလား။ :)))


    မအယ်

    ReplyDelete
  12. TZA အသံက နဂိုကတည်းက တုန်နေတာ မဟုတ်ဘူးလားးး အသက်ကြီးရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ :)

    ReplyDelete
  13. ယုံလား...
    ယုံရင်ပြောပြဖို့...စိတ်ကူးပြီးသားကွယ်...
    မယုံရင်တော့...အိပ်မက်ကလေးများ ပြိုကွဲသွားနိုင်တယ်....
    ကိုကိုရေ...သိပ်ချစ်တယ်....

    ပုံရိပ်ဟောင်းများကို ဖတ်ပြီးသကာလ အနှစ် ၂၀ စာ ငယ်မူပြန်သွားပါသည်။

    ReplyDelete
  14. မမ...ဂျင်းလည်း အဲဒီအချိန်တွေတုန်းက တကယ့်ကိုအသက်ငယ်ငယ်လေးပဲရှိခဲ့ပေမယ့် TVမှာ လွှင့်ပေးတတ်တဲ့သူတို့ရဲ့ပုံရိပ်လေးတွေကို စွဲနေတုန်းပဲ။ အခုထိလည်း Youtubeမှာစိတ်ကူးပေါက်ရင်ပေါက်သလိုပြန်ရှာပြီး နားထောင်ဖြစ်တယ်။း)

    ReplyDelete
  15. ဟေမာနေ၀င်းဒီဇိုင်းကိုသိပ်ကြိုက်တာ အဲဒီတုန်းက ညီမလေးတို့ ခုနှစ်တန်း ရှစ်တန်းပဲရှိသေးတယ်...ဟေမာနေ၀င်းဆံပင်ပုံဆိုပြီး အရှေ့အတိုနဲ့အနောက်ခပ်ကုတ်ကုတ်ပုံစံလေးကို လိုက်ညှပ်ကြသေးတယ်...။ အဲဒီတုန်းကအချိန်တွေကိုလွမ်းတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  16. အမသက်ဝေ ငယ်ငယ်က ပုံရိပ်ဟောင်းတွေ ကြည့်ချင်ပါတယ်...
း-)

    ReplyDelete
  17. ညီမလည်း အဲဒီအချိန်တုန်းက ငယ်ပေမယ့် တီဗွီမှာ မေဆွိရဲ့ အိပ်ဆေးမရှိတို့၊ ခင်မောင်ထူးရဲ့ မောင့်ဆေးကျောင်းသူသီချင်းတို့လာရင် မလွတ်တမ်းကြည့်တာ။ တူနှစ်ကိုယ်တိုင်းပြည်အခွေလည်း အိမ်မှာရှိတယ်။ အဲဒီ့တုန်းက ဇွန်က ၄၊ ၅ နှစ်လောက်ပဲ ရှိဦးမယ်။
    ဟေမာနေ၀င်းခေတ်မှာ နဲနဲကြီးလာပြီ။ ဖေဖေက ညီမကြိုက်မှန်းသိလို့ ထွက်သမျှခွေအကုန်ဝယ်ပေးတယ်။ ခွင့်လွှတ်နော် အခွေက သီချင်းတွေ တစ်ပုဒ်မကျန် အလွတ်ရတဲ့အထိ ဆိုခဲ့သေးတယ်။ သီချင်းတွေလိုက်ဆို၊ သူ့ဆံပင်ပုံစံလိုက်ညှပ်။ သူ့ပုံပါတဲ့ ပြက္ခဒိန်မှန်သမျှတွေဝယ်ပြီး အိမ်မှာချိတ်ထားလိုက်သေးတယ်။ သူဝတ်သမျှ အကျီင်္ပုံစံတွေလိုက်ကြည့်ပြီး ချုပ်ဝတ်ချင်သေးတာ။ ကိုယ်က ငယ်နေလို့သာ။ :D အဲ့လောက်ထိ ဟေမာ့ကို ရူးသွပ်ဖူးပါတယ် အမရေ။
    ရေးရင်းနဲ့ ပုံရိပ်ဟောင်းများကို လွမ်းသွားပြီ။

    ချစ်မသက်ဝေရဲ့ ကျောင်းတော်က ပုံရိပ်ဟောင်းများကိုလည်း ဖတ်ချင်ပါတယ်နော်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...