Sunday, October 31, 2010

သိစေချင်ပါသည်


ဒီတပါတ် သူ ခရီးသွားနေသည်။ အနားမှာ အတူတူရှိနေစဉ်က ဟိုလိုလှည့် ရစ်လိုက် ဒီလိုလှည့် ဂျစ်လိုက်၊ ဟိုဟာ ဝယ်ခိုင်းလိုက် ဒီဟာ ဝယ်ခိုင်းလိုက်၊ ငြင်းလိုက် ခုန်လိုက် ရန်လုပ်လိုက်နှင့် တနေ့တမျိုး မရိုးရအောင် ပြဿနာရှာနေရသောကြောင့် ပျင်းစရာ အချိန်မရှိခဲ့…။ အခုတော့ အတော်လေးကို ပျင်းစရာကောင်းနေသည်။ တကယ်တော့ ရုံးမှ ခွင့်ယူပြီး သူနှင့်အတူ လိုက်သွားချင်သည်မှာ တပိုင်းမက သေနေသည်။ သို့သော်လည်း အကြောင်းကြောင်းတွေကြောင့် လိုက်မသွားဖြစ်ခဲ့..။

အရင်နှစ်ကလဲ ဒီလိုအချိန်ပဲပေါ့…။ သူ ခရီးသွားနေသော ရက်တွေမှာ မအိပ်မနေ အသက်ရှည် စိတ်တိုင်းကျ ဆိုးသွမ်း သောင်းကျန်းနေခဲ့တာ…။ ပြီးတော့ ကိုယ့်ဟာကိုယ် သောင်းကျန်းတာတွေကို တိတ်တိတ်ဆိတ်ဆိတ်မနေပဲ
ပိုစ့်တခု ရေးပြီး တင်ခဲ့မိသေးသည်။ ထိုအခါ ကိုယ့်ရဲ့ အအိပ်မမှန် အစားမမှန် နေချင်သလိုနေ လုပ်ချင်ရာတွေလုပ်နေသော ဆိုးသွမ်းမှုတွေကို သူ သိသွားသည်။

ထို့ကြောင့် ဒီတခါ သွားခါနီးမှာ ကိုယ့်ကို နေကောင်းအောင်နေရန် နှင့် ညဖက်တွေမှာ ကားကို ဖြေးဖြေးမောင်းရန်မှ အစချီကာ အစားအသောက်ကို အချိန်မှန်မှန် စားရန်၊ ကော်ဖီတွေ အများကြီး မသောက်ရန်၊ ညဖက်တွေ အချိန်မှန်မှန် အိပ်ရန်၊ ညလုံးပေါက် စာအုပ်တွေ ဖတ်နေတာမျိုး၊ မော်နီတာနှင့် မျက်နှာအပ်ကာ ညလုံးပေါက် ဘလော့ဂ်နေတာမျိုး မလုပ်ရန်တွေကို သေသေချာချာ သတိပေး မှာကြားသွားသည်။ ကိုယ်ကလဲ သူမှာသမျှ ဆောင်ရန် ရှောင်ရန်တွေကို သေသေချာချာနားထောင်ပြီး မျက်နှာသေလေးနှင့် စိတ်ချပါ ဟု အခွန်း တသိန်းပြော၍ ခေါင်းကို အခါ တသိန်း ညိတ်လိုက်သည်။ ပြောသည့်အတိုင်း တကယ်လဲ လိမ်လိမ်မာမာ နေနေပါသည်။ အရင်တခါကလို ထင်ရာမြင်ရာတွေ မလုပ်တော့ပါ။ (နဲနဲပါးပါးလုပ်လဲ ပိုစ့်အဖြစ် မမြင်စေရပါ။ ဒီတခါတော့ နပ်သွားပြီ…)

ထို့ကြောင့် ဒီရက်တွေမှာ သူမှာသွားသလို ညတွေကို ကြိုးစားပြီး စောစောအိပ်သည်။ (မှတ်ချက် - အချိန် မမေးရ) မနက်ကို စောစောထသည်။ သို့သော် မနက်အိပ်ရာနိုးတိုင်း ရနေကျ ကော်ဖီနံ့ မွှေးမွှေးလေး မရသောအခါ အတော် စိတ်လေသွားသည်။ ကိုယ့်ဟာကိုယ် ဖျော်သောက်ရသော ကော်ဖီ၏ အရသာသည် ဘာလိုနေမှန်းမသိအောင် ပေါ့ပျက်ပျက်နှင့်… တခုခုလိုနေသည်မှာ သိပ်ကို သေချာပါသည်။

ပြီးတော့ ပုံမှန်နေ့စွဲတွေအတိုင်း ရုံးကို အချိန်မှန်မှန် သွားသည်၊ အချိန်မှန်မှန် ပြန်သည်။ ပြန်ရောက်လာလျှင် မေမေချက်ထားသော ထမင်း ဟင်းကို စားသည်။ အညောင်း အညာပြေ လမ်းလျှောက်သည်။ သူမှာသွားသလို သစ်ပင်လေးတွေကို ရေလောင်းသည်။ ငါးလေးတွေကို အစာကျွေးသည်။ အော… တညနေကတော့ ဘာကြောင့်မှန်းမသိ၊ ကန်ထဲမှ ငါးတွေ ပျော်ရွှင်မြူးတူးစွာ လူးလာခေါက်ပြန်နှင့် အလွန်တရာ ကဲကဲလှုပ်နေကြသောကြောင့် ကြမ်းပြင်ပေါ်ကို ရေတွေ စင်ထွက်လာသည်။ ရေတွေကို အဝတ်နှင့် လိုက်သုတ်ရသောကြောင့် မောပြီး စိတ်တိုကာ သူတို့ကို ညစာမကျွေးပဲ အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။ (သို့သော် ခဏကြာတော့ ထိုအကြောင်းကို ဖေဖေသိသွားပြီး သမီးက အတော်ဆိုးပါလားဟု ဆူကာ ငါးတွေကို အစာ သွားကျွေးလိုက်သည်…) ရေတွေ သုတ်ရသောကြောင့် မောပြီး တိုနေသောစိတ်တွေသည် အဆူခံရသောအခါ ပို၍ ပို၍ တိုသွားပြီး “အဆိုးကောင်တွေ… နေနှင့်ဦး… နောက်နေ့ကျမှ ငါးကြော်နှပ် လုပ်စားပစ်မည်…” ဟု စိတ်ထဲမှနေ၍ အသံတိတ် ကြိမ်းဝါးလိုက်သေးသည်။ ကိုယ့်စိတ်ကူးကို သူသိလျှင်တော့ အတော်ကြေကွဲသွားနိုင်သည်။

ရုံးပိတ်ရက်တွေမှာတော့ ဈေးဝယ်သည်။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်သည်။ ပြီးတော့ ပျင်းပျင်းနှင့်ပင် အိမ်ရှင်းသည်။ အခန်းထဲမှာ ပွနေသော စာအုပ်တွေ အခွေတွေကို ရှင်းသည်။ အဝတ်ဘီဒိုကို ရှင်းသည်။ မီးပူတိုက်သည်။ မလိုတာတွေ လွှတ်ပစ်သည်။ စာဖတ်သည်။ သီချင်းနားထောင်သည်။ ချက်ရမှာ ပျင်းသော တချို့ရက်တွေမှာ မေမေတို့ကိုခေါ်ပြီး ညနေစာကို အပြင်မှာ သွားစားကြသည်။ နောက်ပြီးတော့ ဝယ်သမျှ စားသမျှတွေကို သူ့ကို ပြန် Claim လုပ်ရန် Bill တွေ၊ Receipt တွေကိုလည်း တစုတစည်းထဲ သိမ်းထားပါသေးသည်။

လုပ်စရာရှိတာတွေ အားလုံးပြီးမှ အချိန်နဲနဲအားသွားသောအခါမှ ဘလော့ဂ်တွေကို ခဏတဖြုတ် သွားရောက် လည်ပတ်ပါသည်။ မျက်နှာစာအုပ်မှာလဲ ခဏတဖြုတ် မွှေပါသည်။ ကိုရီးယားကားတော့ မကြည့်ပါ။ စာရေးချင်စိတ်ရှိသောအချိန်မှာ စိတ်ကူးထဲ ပေါ်လာသမျှကို ချရေးဖြစ်ပါသည်။ သို့သော် သူပြန်မလာမချင်း ရေးပြီးသား စာအသစ်တွေကို တလစပ် မတင်ဖြစ်အောင် သတိထားပါမည်။ မဟုတ်ရင် ညမအိပ်ပဲ စာရေးနေသလားဟု အမေးခံရဖွယ် ရှိသည်လေ…။

အိုကေ… သူမှာကြားသွားသမျှကို အတတ်နိုင်ဆုံး လိုက်နာကျင့်ကြံနေထိုင်ပြီးသောအခါ ကိုယ် မှာရန် အလှည့်ရောက်ပြီ…။ လိုချင်သည်များကို အင်တာနက်မှာ ရှာဖွေပြီး Screen Shot ရိုက်ကာ သူ့ကို အီးမေးလ် ပို့ရန် ပြင်ဆင်သည်။ သူတော့ ညတွေတိုင်းမှာ ခေါင်းကို ဆင်နင်းသည်ဟူသော အိပ်မက်မျိုးတွေ မက်နေလောက်ပြီ။ အီးမေးလ်ကို အချိန်မီ မစစ်ဖြစ်မှာစိုးသောကြောင့် ထိုမှာတမ်းကို မျက်နှာစာအုပ်မှတဆင့် ထပ်ပို့လိုက်သည့်အပြင် Check your mail please... ဟူသော Message ကိုလည်း ပို့လိုက်ပါသေးသည်…။

တချိန်တည်းမှာပင် ရုပ်ဝတ္ထုဆန်ဆန် တိုးတက်လာသော ခေတ်မီနည်းပညာ ဆက်သွယ်ရေး ကွန်ယက်များကြောင့် လူသားဆန်သော နွေးထွေးမှုများ သူ့အလိုလို လျော့နည်း ပါးလျားသွားကြသည်ကို သတိထားလိုက်မိသည်။ သူကလည်း ကိုယ့်ဆီ ဖုန်းမခေါ်လာ၊ သူ အားလား မအားလား မသိတော့ ကိုယ်ကလဲ စပြီး မခေါ်ဖြစ်၊ ပြောစရာရှိလျှင် Message ပို့ကြသည်။ အိမ်မှာ အဝတ်လျှော်စက် ပျက်သွားတာကို မျက်နှာစာအုပ်မှ တဆင့် လှမ်း၍ အသိပေးလိုက်သည်။ သူ့ရဲ့ တနေ့တာ လှုပ်ရှားသွားလာမှုတွေကိုလဲ မျက်နှာစာအုပ်ပေါ်သို့ တက်လာသော ဓါတ်ပုံများမှတဆင့် ကြည့်မြင် သိရှိရသည်။ Like တွေ လုပ်ပြီး Comment တွေ ဘာတွေလည်း ရေးရသေးသည်ပေါ့…။

မျက်နှာစာအုပ် မတွင်ကျယ်သေးခင်ကဆိုလျှင်တော့ စာတွေ၊ ဓါတ်ပုံတွေကို အီးမေးလ်နှင့်သာ ပို့ရပေလိမ့်မည်။ ထို့ထက်စောသော ဟိုးခပ်ဝေးဝေး အချိန်တွေတုန်းကဆိုလျှင်တော့ စာတိုက်မှလာသော စာကို မျှော်ရပြီး ဓါတ်ပုံတွေကိုတော့ သူ ပြန်လာမှသာ ဖလင်လိပ်ကို ကူးဆေးပြီး ကြည့်ရမည်ပေါ့…။ တဆင့်ခံ တယ်လီဖုန်းကိုသာ အားကိုးရသော အချိန်တွေတုန်းကတော့ ပြောချင်တာလေး ၅ မိနစ်လောက် ပြောရဖို့အရေး Overseas Exchange က မမတို့ရဲ့ ဖုန်းပြန်ခေါ်အလာကို စောင့်ရသည်မှာ တနာရီလဲ မက၊ နှစ်နာရီလဲ မက၊ ပြောရတော့လဲ မကြားတကြား အားမလို အားမရ အပြေးအလွှား ၅ မိနစ်...။ အခုတော့ စက္ကန့် မိနစ် မဆိုင်း တယောက်ကို တယောက် ဆက်သွယ် ပြောဆို၍ ရနိုင်သည်။ တယောက်အသံကို တယောက်က အလွယ်တကူ ကြားနိုင်သည်… သို့သော်ငြားလည်း ဖုန်းဆက်ဖို့၊ အသံကြားရဖို့ မကြိုးစားကြတော့ပဲ ပြောစရာ မှာစရာရှိသည်များ၊ သိစေ မြင်စေချင်သည်များကို မျက်နှာစာအုပ်ပေါ်တွင် ဓါတ်ပုံများ စာလုံးများဖြင့် ချပြလာကြသည်…။ အနည်းငယ်တော့ အေးစက်စက်နိုင်သည်ဟု ခံစားရသည်။

ဘာတွေပဲပြောပြော ဒီရက်တွေမှာတော့ အတော် ပျင်းခြောက်ခြောက်နိုင်လှသည်။ စားချိန် အိပ်ချိန်တွေမှာ ကြားနေကျ ဆူသံ ပူသံတွေ မကြားရသောအခါ၊ အသားလွတ် ဂျစ်တိုက်ပြီး ရစ်စရာလူမရှိသောအခါများတွင် သူ့ကို တကယ်လွမ်းပါသည်။ ကော်ဖီသောက်လို့ မကောင်းသောအခါတွေမှာလဲ သူ့ကို လွမ်းပါသည်။ အခု ဒီပိုစ့်ကိုရေးနေရင်းလဲ သူ့ကို လွမ်းနေပါသည်။ အလုပ်တဖက်နှင့် မအားသော်လည်း ရသမျှ အချိန်လေးမှာ သတိတရနှင့် ကိုယ့်ဘလော့ဂ်ကို ဝင်လာပြီး ဒီပိုစ့်ကို ဖတ်မိသောအခါ အနည်းဆုံး စိတ်ထဲကပဲ ဖြစ်ဖြစ် ပြုံးမိသွားလျှင် (သို့မဟုတ်) တယ်လီဖုန်းခေါ်ချင်စိတ်ကလေး ပေါ်လာခဲ့လျှင် ကိုယ် ရေးရကျိုးနပ်ပြီပေါ့…။ ထိုမှတဖန် သူ့ပြောစကားတွေ မြေဝယ်မကျ နားထောင်ကာ လိမ်လိမ်မာမာနေ နေသည်ကို အသိအမှတ်ပြုပြီး မှာလိုက်သည်များကို တခုမကျန် စိတ်ရှည်လက်ရှည် ရှာဖွေ ဝယ်ယူလာမည်ဆိုလျှင်တော့ သည်လိုပိုစ့်မျိုးကို သူ ခရီးသွားနေသော ရက်များတလျှောက်မှာ နေ့စဉ် နေ့တိုင်းပင် ရေးလိုက်ချင်ပါသေးသည်။




44 comments:

  1. သားနဲ့ တိုင်ပြောမယ်... :)

    စာဖတ်နေတုန်း တန်းလန်းကြီး စချင်စိတ်ဖြစ်လာတယ်၊ ပြီးတော့ ဘယ်သူမှ ဝင်မရေးသေးတော့ မကြီးဘလော့ဂ်မှာ ပထမဆုံးအမှတ်တရ မန့်လိုက်တာ...
    စာဆက်ဖတ်လိုက်အုံးမယ်... :)

    ReplyDelete
  2. တို့ကသေချာဖတ်နေတာ...အစအဆုံး. နေရာမဦးမိလိုက်ဘူး. ဟင်း.

    ကိုမဆလာိုသာဆိုရင်တော့မမှာပါနဲ့ကွာ. အလုပ်နဲ့ သွားတာ အပျော်သွားတာမဟုတ်ဘူး။ မင်းမှာတာတွေလဲမရှာအားပါဘူးလို့ပြောလိမ့်မယ်။

    (Like တွေ လုပ်ပြီး Comment တွေ ဘာတွေလည်း ရေးရသေးသည်ပေါ့…။ ) ဆိုတာဖတ်ပြီးတော့ကာတော့ zt ပို့စ်ကိုသတိရမိတယ် မှာတာတွေ ဝယ်မလာရင်တော့ block လုပ်ရင်ဖြစ်ဖြစ် remove ဖြစ်ရင်ဖြစ်ဖြစ်တစ်ခုခုတော့လုပ်ပါသက်ဝေ.
    ပါလာရင်တော့လဲ အင်း....ဘလော့မှာရော ဖဘမှာရောကြွားပါလေ. ကြည့်ပရစေ.

    ReplyDelete
  3. ဒါနဲ့စကားမစပ်ဖန်ခွက်က ဘာအဓိါပါယ်လဲ။.

    ReplyDelete
  4. တော်ပါသေးရဲ့...
    ဆုံးဖြတ်ချက်မှန်သွားလို့ အရီးကွန်ကို ၅မိနစ်ခန့်နဲ့ ကပ်ကျောသွားတာ...
    အလောတကြီး ရေးလိုက်မိတာ သိပ်တော့လည်း မကောင်းပါဘူးလေ...

    ဖတ်ပြီးပါပြီ...
    ရသကိုစုံနေတာပါပဲ...
    မကြီးတို့ကတော့ ချွဲတတ်ပါ့ဗျာ...
    သိပ်ကိုတော်ပါပေတယ်...
    ပို့စ်လေးက အစွမ်းထက်လွန်းလို့ အစ်ကိုတစ်ယောက် ဒီပို့စ်ဖတ်ပြီးရင် ချက်ချင်းပြန်ပြေးလာနေအုံးမယ်...

    မကြီးပြောသလိုပဲ နည်းပညာတိုးတက်မှုတွေကြောင့် ဆက်သွယ်ရေးတွေ လွယ်ကူအဆင်ပြေလာပေမယ့် အေးစက်စက်တော့ အဖြစ်သား...
    ဘာလို့ အစ်ကို့ဖုန်းကို messageမပို့တာလဲ၊ အဲဒါက နည်းနည်းပို အအေးဓာတ်လျော့စေမလားပဲ...

    အဲ့လို မခွဲဖူးသေးဘူး...
    ကိုယ်ချင်းစာပါတယ် အစ်မသက်ဝေ...
    အိမ်က ခလေးမ ဒီပို့စ်ကို ပေးဖတ်လို့မဖြစ် နဂိုတည်းက လူက အရည်ပျော်ချင်နေတာ...

    ReplyDelete
  5. အေးစက်စက်နဲ့ အရည်ပျော်တာ၂ခုကို ပြောချင်တာနဲ့ တူတယ် အရီးကွန်...
    ဟီး ရမ်းတုတ်ကြည့်တာ... :D

    ReplyDelete
  6. TOI နဲ့ မမ... ချက်ချင်းလာဖတ်ကြတာ ကျေးဇူးပါ...

    TOI... Phone ကို Message ပို့ပါတယ် ဒါလဲ အေးစက်စက်ပါပဲ...း))

    မမ... ဖန်ခွက်က တယောက်ထဲ အမူးသောက်နေတယ်လို့ ဆိုလိုတာပေါ့...း))

    ReplyDelete
  7. အခုအဓိဌာန်ပုတီးစိတ်နေလို့နော်..ဟင်း.ဟင်း..
    အရက်ခွက်က အဓိဌာန်ပျက်အောင်လုပ်နေတယ်နော်..
    ဟင်းဟင်းဟင်း...
    ခင်မင်စွာဖြင့်
    ဒေါင်းမင်း

    ReplyDelete
  8. အဲဒါ အရက်ခွက်လား...။
    ရေအေးအေး ထင်နေတာ...

    ReplyDelete
  9. ကိုဒေါင်းမင်းနဲ့ ကိုဘွိုင်းဇ်...
    ရေသောက်ပြီး မူးနေတာပါဗျ...း))

    ReplyDelete
  10. မမသက်ဝေက လွမ်းနေတာကိုး.. ဟုတ်တယ်.. အဲလိုမျိုး ခံစားဖူးတယ်.. ထိုင်ရမလို ၊ ထရမလို.. အခုပဲ ထလိုက်သွားရင်ကောင်းမလိုလိုနဲ့.. အစ်မမှာတဲ့လက်ဆောင်တွေ အကုန်ပါလာပါစေ..

    ReplyDelete
  11. ကူလွမ်းပေးရမလားဟင်...
    အမည်မသိ
    မခင်မင်းဇော်

    ReplyDelete
  12. Blogspot
    မှ/တဆင့်
    ..... သို့ အိတ်ဖွင့်ပေးစာ။ :P

    ReplyDelete
  13. ကိုကြီးက ဘယ်အားပါ့မလဲ၊ သူ အသည်းလေး နဲ့ တွေ့နေပြီ။ ဟားဟား
    တနေ့က အသည်းအကြောင်း စာတမ်းဖတ်ပွဲမှာ သူ့စာတမ်းနဲ့ ရိုက်တဲ့ပုံ ဖဘမှာ တွေ့လိုက်ရလို့ပါ။ :P

    ReplyDelete
  14. ;P
    Halloweenအကြောင်း တွေးနေတာတဲ့။
    ဘာလို့ တွေးနေတာလဲဆိုတော့ .. ဒါကြောင့်ကိုး။ သိသွားပြီ။
    ပုံ
    ဆားပုလင်း..နှင်းမွန်
    mm

    ReplyDelete
  15. အစ်မသက်ဝေ လွမ်းနေပြီ ထင်တယ်...။

    ReplyDelete
  16. မမ စာလေးက ချစ်ဖို့ကောင်းလိုက်တာ ။း)

    ReplyDelete
  17. (မ).....ချစ်သူ့ထံ ရည်မှန်း ပျို့မှာတမ်း ဆက်တယ်ရှင်....
    မိုးလေးညို့ညို့ လွမ်းစိတ်ပိုရင်...
    post တခုတော့ ရတာပဲရှင်...
    သော်တာလမင်း သာဆဲမှာပဲ ဒါပဲ စိတ်စွဲလို့ပင်
    ချစ်သူမျက်နှာလေးကိုတမြင်မြင်..စားစားသွားသွားနေနေ မောင့်အပူ ပွေသူပါရှင်..

    (ကျား)..ခိုင်းတော့သက်ဝေ..အချစ်စမ်းချင်စမ်း မစမ်းချင်နေ..မင်းခိုင်းလို့ နိုင်ငံခြားထိပြေးလို့ ငွေရှာသလေ..လိုရာကိုယူကြည်ဖြူပါတယ်လေ...

    ReplyDelete
  18. အောာာာ လက်စသတ်တော့ အကိုဂျီး ဖုန်းမဆက်လို့ ကိုး
    ငှဲငှဲ

    ReplyDelete
  19. ကိုကြီးကျောက် သီချင်းလေးရေးသွားတာ သဘောကျလိုက်တာ… အဲဒီသီချင်းကို ပြန်ဆိုကြတဲ့သူတချို့တောင် စာသားကို မှန်အောင် မဆိုတတ်ကြဘူး…
    မောင့်အပူ ပွေ သူ ပါ ရှင်… ဆိုတာကို မောင့်အပေါ် ဗွေ မ ယူ ပါ ရှင်… လို့ ဆိုလိုဆို…
    မိန်းကလေး လက်ရေး သီ ရင် ခွင့်လွှတ်မယ်ထင်… ဆိုတာကို မိန်းကလေး လက်ရေး သိရင် လို့ အဓိပ္ပါယ်တွေ အကောက်လွဲပြီး ဆိုနေကြတာ… ကြားရတာ အဆင်မပြေဘူး...

    ဒီပိုစ့်ကိုရေးနေတုန်းက ပျို့မှာတမ်းလို့ ခေါင်းစဉ်တပ်မလို့တောင် စဉ်းစားမိသေးတယ်…း))

    ခိုင်းတော့သက်ဝေ ဆိုရင်တော့ ခိုင်းရက်ဖူးကွယ့် သည်မောင့်လည်ဆွဲ ပုလဲသွယ်ရေ လို့ ပြန်ဆိုလိုက်မှာပေါ့…း))

    အမ မခင်မင်းဇော်၊ ကိုဇက်တီ၊ ညီမ Sunny၊ ချိုသင်း၊ ဆားပုလင်း နှင်းမွန်၊ ပုံရိပ်၊ မယ်ကိုး၊ Vista နဲ့ ကိုကြီးကျောက်… ကော်မန့်များအတွက် ကျေးဇူးပါ…။

    ReplyDelete
  20. ဒီစာဖတ်ပြီးရင်တော့ မှာတာတွေရော၊ မမှာတာတွေပါ တထောကြီးဝယ်လာတော့မှာပဲ..
    ဖုန်းလည်း ချက်ချင်းကောက်ဆက်မှာ....။

    ReplyDelete
  21. ကိုယ်ဖတ်မိ သလောက် ဘလောက်တွေကနေ - ဒီ conclusionကိုရ၏။
    ဘလောက်ဂါ မမတိုင်း၏ ယောက်ကျားများသည် စိတ်ရှည်သည်းခံ မိန်းမကို သိပ်ချစ် သိပ်အလိုလိုက်၏။ (သို့) စိတ်ရှည်သည်းခံ မိန်းမကို သိပ်ချစ် သိပ်အလိုလိုက်သော ယောက်ကျားရှိသူများသာ ဘလောက်ဂါ မမ ဖြစ်ကြ၏။
    ဥပမာ - မသက်ဝေ၊ မစုချစ်သူ၊ မချစ်ကြည်အေး၊ မမိုးချိုသင်း၊ လင်းလက်ကြယ်စင်
    ထိုသူများ၏ ပို့စများကို ဖတ်သောအခါ ချိုအီအီ ခံစားရသည် (မနာလိုတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ဟီး)

    ဘလောက်ဂါ ယောက်ကျားများတွင် သိပ်ချစ် သိပ်အလိုလိုက် ယောက်ကျားကို ဖူးဖူးမှုတ်ထားသော မိန်းမများရှိဟန်မတူ။ ဥပမာ - ကိုပေါ၊ တီဇက်အေ၊ ကိုဒီဘီ၊ ဂျူလိုင်အိမ်မက်
    ထိုသူများ၏ ပို့စများကို ဖတ်သောအခါ ရသစုံ ခံစားရသည်။ (ရယ်စရာ စိတ်ညစ်စရာ ပျော်စရာ စသည်ဖြင့်)

    ခရေဖြူ

    ReplyDelete
  22. ဒီအထဲတွင် မမကွန် တယောက်သာ ယောက်ကျားမကျ မိန်းမ မက (ဘလောက်ဂါ သီအိုရီ အရ)ဖြစ်နေ၏။ တခါတလေ ကိုမဆလာ ၏ ချစ်ကြောင်းများဖတ်ရ၍ တခါတလေ ကိုမဆလာ ဂရုမစိုက်ကြောင်းများဖတ်ရသည်။
    ဘလောက်ဂါ မူနှင့် မကိုက်ညီ၍ မမကွန်အား ဘလောက်ဂါမမ မှ ဘလောက်ဂါအန်တီအဖြစ် ရာထူးတိုးပေးလိုက်သည်။ ဒန် တန်တန်

    ခရေဖြူ

    ReplyDelete
  23. ဒီစာဖတ်ပြီးရင်တော့ မှာတာတွေရော၊ မမှာတာတွေပါ တထောကြီးဝယ်လာတော့မှာပဲ..
    - စင်စင်ဖို့ ဝက်အားတိုးဆေးလေးပါ မှာပေးပါ မသက်ဝေ အဟိ

    ခွေဖြူ

    ReplyDelete
  24. ဟိုက် တီဇက်အေ ဘလောက်နဲ့ မှားပြီ: အများကြီးမန့်မိသွားတယ် ဘွာတေး

    ခွေဖြူ

    ReplyDelete
  25. ညီမ ခွေဖြူ...
    စာလာဖတ်တာ ကျေးဇူးပါ... တီဇက်အေ ဘလော့ဂ်မဟုတ်ပေမယ့်လဲ ကြိုက်သလောက် မန့်လို့ရပါတယ်... ဒီအိမ်ရှင်က တီဇက်အေထက် သဘောကောင်းပါတယ်လေ... (တိန်)

    ဒါက ဒီလိုရှိတယ် ညီမရဲ့...
    သူ့အကြောင်းတွေ စာထဲထည့်ရေးတယ် ဆိုတာ ကောင်းတာလေးတွေပဲ ရွေးပြီးရေးရတာပေါ့လေ... မကောင်းတာတွေ ထည့်ရေးလိုက်မိရင်
    "တော် တန် တိတ်... ဒီ ဘလော့ဂ် ပိတ်..." ဆို ဘယ့်နှယ့်လုပ်မတုံး...း))

    ReplyDelete
  26. မမသက်ဝေ ချစ်ချစ်ကိုလွမ်းတဲ့ပို့စ်လေးက ချစ်စရာလေး..မနက်မိုးလင်းရင် ကော်ဖီနံ့မွှေးမွှေးလေးကို သတိရတယ်တဲ့...ကော်ဖီကို ချစ်ချစ်က ကိုယ်တိုင်ဖျော်ပေးသတဲ့လား...
    အားကျတယ်မမ..း)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  27. har har..... :))

    ama..mie mie le lwan thwar tae.

    Missing someone. (don't ask who)

    Myatnoe

    ReplyDelete
  28. ချစ်စရာ ဇနီးအလိမ္မာလေးပေါ့.... လွမ်းရတဲ့နေ့တွေ အမြန်ကုန်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...

    ReplyDelete
  29. အစ်ကိုကြီး ပြန်လာရင် ဒီပို့စ်ဖတ်မိလည်း ပြုံးစိစိဖြစ်နေမှာပဲး)

    ReplyDelete
  30. စာလေးက ဖတ်ရတာ ချစ်စရာကောင်းလိုက်တာ
    သက်ဝေရယ်...
    ဒါနဲ့ နေပါအုံး... သူ့ဆီက ဖုန်းတွေ ဘယ်နှစ်ခါ လာပြီးပြီလဲ မှန်မှန်ပြောနော်... ပြီးတော့ ကော်မန့်တွေကလဲ ရေးထားလိုက်ကြတာ အများကြီးပဲ ကော်မန့်တွေဖတ်ရတာလဲ တကယ်ကို ချစ်စရာကောင်းတယ်...

    ReplyDelete
  31. ရယ်လိုက်ရတာ မမသက်ဝေ.. တရစပ် မတင်ပဲ အရှည်ကြီးတင်လိုက်တယ်ပေါ့.. ဟတ်ဟတ်

    မေမေလဲ ဖေဖေဖျော်ပေးတဲ့ ကော်ဖီမှ သောက်တာ.. ပီးတော့ မနက်တခါ ညတခါ ဖုန်းပြောကြသေးတယ်.. ဒါတင်မက အနော် online တက်ရင် နှစ်ယောက်လုံးနဲ့ တိုးသေးတာ.. အဟိ

    မမသက်ဝေတို့လဲ ဒီထက်မက ချစ်နိုင်ကြပါစေ.. :D

    ReplyDelete
  32. ညီမ ခရေဖြူ ကို မမလဲ ရှင်းပါရစေကွယ်.. :)

    တို့ ဘလော့ဂါ မမများဟာ အကောင်း ကြံဖန် မြင်တတ်သူများလို့ ယူဆရင်လဲ ဖြစ်ပါတယ်။ အကောင်းလေးတွေ ရှာကြံ ရွေးထုတ် ကြည်နူးတတ်သူများပါလေ.. (ကိုယ့်ကို ဂရုမစိုက်တဲ့ အဆိုးတွေလဲ အများကြီး ရေးဖူးပါတယ်နော်)
    မကောင်းတာများ သိချင်သလားးး ဖုန်းဆက်လိုက်ရမလား၊ ဖုန်း...ဆက်လိုက်ရမလားးး
    (သူ မတွေ့နိုင်တဲ့နေရာမို့ အသံကျယ်ကျယ် ပြောသွားသည်)

    ReplyDelete
  33. လွမ်းရပြီပေါ့ငယ်ကျွမ်းဆွေ.....

    ReplyDelete
  34. ဖုန်းဆက်လိုက် အမ၊ အသံဖမ်းပြီ: အကိုကြီးကိုပြန်ဖွင့်ပြမလို့ ဟီဟိ

    အမချစ်ကြည်နဲ့ အမစုတို့ကို ဘာပြောကြမလဲ စောင့်လိုက်အုန်းမှ

    ခွေဖြူ

    ReplyDelete
  35. မမသက်ဝေ..

    လွမ်းနေပြီလား..

    “သိစေချင်ပါသည်” .. အခုလောက်ဆို သိနေလောက်ပါပြီ မမဖို့ လက်ဆောင်များများ ၀ယ်နေရောပေါ့နော်..။ ပါလာရင် ပြောပြပါဦး:))

    ReplyDelete
  36. လွမ်းနေတာလား။ စာတွေတော့ အများကြီးပဲနော်...စာထဲကလူ အမြန်ပြန်နိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်.....

    ReplyDelete
  37. သိစေချင်ပါသည် ဆိုတော့ သများတို့ကို ပြောတယ်မှတ်လို့ လာဖတ်တာ ကိုကြီးသိစေချင်တာကိုး ... အဟင့် ခြေထောက်ပေါက် စိတ်ကောက်ပြီး ပြန်သွားပါပြီ...
    ကိုကြီးသိပါစေတော် ...

း))း))း))

    ReplyDelete
  38. ခွေဖြူ
    မင်းလေးဟာ ကိုယ့်လူ သူ့ဘက်သားပါလားကွဲ့..
    :D

    ReplyDelete
  39. အဲဒီ ခွေဖြူနဲ့ မွှေဖြူ အဲလေ...စင်စင်ဟာလေ... အိမ်တိုင်ရာရောက် တံခါးလာ ခေါက်တော့တာ၊ ဒီက အကြောင်းသိတွေမို့ မပြောချင်လို့ မရဘူး။ ကိုကြီး လေယာဉ်ပေါ် ခြေတဖက် လှမ်းရုံ ရှိသေး သက်ဝေက "လွတ်လပ်ပြီ လွတ်လပ်ပြီ တို့တွေ လွတ်လပ်ပြီ" အဲသလို သီချင်း အော်ဆိုတော့တာ၊ နှစ်ယောက်အိပ် ခုတင်ကြီး တယောက်တည်း အိပ်ရပဟ ဆိုပြီး ပျော်နေတာ....။ ဒါ ဖျစ်ညှစ်ပြီး လွမ်းပြနေတာ၊ သက်ဝေလေးရေ အိတ်တွေ ဝယ်လာမှာပါကွယ်...ငှဲ ငှဲ....ဒါဂလောက်လည်း လွမ်းမနေပါနဲ့။

    ဒီတခါ သက်ဝေအိမ်သွားလို့ ငါးကြော်နှပ် ကျွေးရင် သတိထားမှပါလေ....:D

    ခွေဖြူနဲ့ စင်စင် ဒါက ဒီလို ရှိတယ်လေ။ မိန်းမဆိုတာ ရုပ်လှတာ၊ ပညာတတ်တာ ဘာညာနဲ့ မဆိုင်ဘူး၊ ယောင်္ကျား ချစ်အောင် နေတတ်ရတယ်ကွဲ့...ရက်တို သင်တန်း ဖွင့်မယ်လေ....လာတက်ကြ၊ ပြောပြမယ်
    မမကွန်ကို သင်တန်းခ ဖရီးနော် ဟိဟိ :)

    ReplyDelete
  40. ဟုတ်ပ ဟုတ်ပ
    မချစ်တို့ မသက်ဝေတို့ဆီ သင်တန်းတက်ချင်လိုက်တာ
    ဖတ်ပြီး အားကျတယ်..
    အဲလိုစာလေးတွေဖတ်ပြီး လူက ပြုံးနေမိတယ်
    ကြည်နူးစရာလေးတွေကိုး
    ချွဲတဲ့ ပိုစ့်လို့လည်း ပြောလို့ရမယ်ထင်တယ်နော်
    အဟိ

    ReplyDelete
  41. သူ သိသွားပြီလား???
    ♫ ဘယ်လိုများ သူလေသိ...♪♪♪ အဟိ

    ReplyDelete
  42. အမချစ်ကြည် - စင်စင်က သင်တန်းတက်စရာမလိုတော့ပါ။ ဆာမဂျီးဖြစ်နေပြီ။ မျိုးနဲ့ရီတာကိုခေါ်လာမယ်နော် ဟိ
    မမကွန်က ဒါတွေနာက ဖြစ်လာတာပါကွာ အဟင်းဟင်း လို့တောင် ရယ်နေလိုက်အုန်းမယ်။ ကြုံလို့ပြောရရင် အမမိုးချိုသင်း ဘလောက်ကို အမြဲဖတ်တယ်။ ဘဝမာ အေးချမ်းတယ်လို့ထင်လို့။ ကိုယ်ကသာ ပူစပ်ပူလောင် အဲလို အေး၂
    ချမ်းနေတဲ့လူတွေတွေ့ရင် အားကျတယ် နာလဲအသက်ကြီးလာရင် အဲလိုနေရမယ် (အိမ်း ခုတော့ငယ်သေးသကိုး ဟီး)လို့ အမြဲတွေးမိတယ်

    ခွေဖြူ
    (ယောက်ကျားချစ်အောင် ပြေးစက်ပေါ်တွင် နေ့တိုင်းအပြေးကျင့်နေသော အမချစ်သို့ - အဟိ)

    ReplyDelete
  43. ရေ မြေ ခြား သွား ရ တော့ ( သက် ဝေ ) အ သဲ လေး ကို ထား ခဲ့ ရ ပြီ ပေါ့ မျက် ကွယ် ရာ စ လုံး မှာ .....

    ReplyDelete
  44. ပိုစ့်လေးကိုဖတ်ရတာလည်း ကြည်နူးစရာကောင်းသလို ကွန်မန့်တွေဖတ်ရတာလည်း ပျော်စရာကောင်းတယ်မမ....း))

    ဂျင်း

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...