Saturday, January 8, 2011

နတ္ထိ


အိပ်ရာကနိုးထချိန်မှာ ပြူတင်းပေါက်ကနေ မြင်နေကျ မြင်ကွင်းကို လှမ်းကြည့်နေမိသည်။ စိတ်ကူးယဉ် ဝတ္ထုများထဲကလို ကြာဖြူ ကြာနီတွေ ရှိမနေသော၊ အရောင်အဆင်း ပြာလဲ့ ကြည်လင်မနေသော ညိုညစ်ညစ် ရေကန်တခု၊ ရေကန်၏ ဟိုးတဖက်မှ သစ်တောအုပ်ကလေးကတော့ သဘာဝအတိုင်း စိမ်းစိမ်းလန်းလန်း။ အခြားသူများအတွက် ဘာမှ မထူးဆန်းသော ထိုမြင်ကွင်းကိုပင် မရိုးနိုင်ပဲ နေ့စဉ် အိပ်ရာနိုးတိုင်း သတိတရ ကြည့်ဖြစ်သည်။ သည်နှစ်ပေပတ်လည် ပြူတင်းပေါက်လေးကို ရုပ်ရှင်ပိတ်ကားတခုသဖွယ် သဘောထားကာ ကြည့်နေရဦးမည့် အချိန်တွေ နောက်ထပ် နှစ်ပေါင်း မည်မျှကြာဦးမလဲ မသိနိုင်ပါ။ ကြည့်နေစဉ်မှာပင် ရေပြင်ကျယ်ကို ဖြတ်၍ တိုက်ခတ်လာသော လေတွေထဲမှာ မိုးငွေ့တွေပါလာကာ အေးမြလာသည်။ သိပ်မကြာခင်မှာ ကောင်းကင်တခုလုံး မှောင်မဲပြီး မိုးတွေ သည်းကြီး မည်းကြီး ရွာချတော့သည်။ နားထဲမှာ ကြားနေရသော ဆူဆူညံညံ မိုးစက်တွေ ရွာကျသံသည် သာယာသော ဂီတသံတခုဖြစ်သည်။ ခပ်ဝေးဝေးဆီက သစ်ပင်စိမ်းအုပ်အုပ်လေးတွေကို မိုးရေတွေထဲမှာ ဝိုးတဝါး လှမ်းမြင်ရသည်။ ပြီးတော့ မိုးရေစက်တွေကြားမှာ၊ အရှိန်တခုနဲ့ တိုက်ခတ်နေသော လေထန်ထန်တွေကြားမှာ၊ ဘယ်ဘယ် ညာညာ ယိမ်းနွဲ့နေကြသော သစ်ကိုင်းတွေနားမှာ၊ အပြေးအလွှား ပျံသန်းရင်း မိုးခိုစရာ နေရာရှာနေသော ငှက်ငယ်ကလေးများကို တွေ့ရသည်။ ကြားနေရသော ဂီတသံနှင့် သည်မြင်ကွင်းက တကယ့် ရုပ်ရှင်ပြကွက်တခုလို…။ ငှက်ကလေးတွေ… သူတို့ ဒီအနားကို ရောက်လာကြရင် သိပ်ကောင်းမှာပဲ၊ ဆန်ကွဲမရှိပေမယ့် ဆန်စေ့လေးတွေကို ထောင်းပြီး စားစရာ ဖန်တီးပေးမှာပေါ့။ သူတို့ အမောပြေ သောက်စရာ အပြာရောင် ရေခွက်ကလေးကိုလဲ အနားမှာ ချထားပေးမယ်။ သူတို့တတွေ ကျီကျီကျာကျာ အော်မြည်မယ့် အသံတွေကို နားထောင်ရတာ ဟိုတိုက်အိမ်ပေါ်က မကြာခဏ ဖွင့်လေ့ရှိတဲ့ ရစ်ချတ်ကလေဒါမင်ရဲ့ မာကျောကျော စန္တယားတီးလုံးသံထက်တော့ သာယာနာပျော်ဖွယ်ရှိမှာ ကိုယ်တိုင် သေချာနေသေးသည်။ ပျင်းရိငြီးငွေ့စရာကောင်းလှသော သည်အခန်းလေးထဲမှာ ရှင်သန်နေရတာ ကြာပြီ။ ထို့ကြောင့် ငှက်ကလေးတွေကို အဖေါ်အဖြစ် တောင့်တမိသည်မှာ သိပ်တော့ မဆန်းလှပါ။ သူတို့ ဒီနေရာကို ရောက်လာအောင် ဘယ်လိုခေါ်ရမလဲ… ရွှီကနဲ လေချွန်ပြီး အသံပြုလိုက်ရမလား… လက်ခုတ်တီးပြီး ခေါ်ရင် သူတို့များ လန့်သွားကြလေမလား… အခုနေမှာ လက်ထဲ ပုလွေတလက်လောက်ရှိရင် ကောင်းမှာဟု တောင့်တမိသည်။ ပုလွေသံကြားရင် သူတို့ ဒီပြူတင်းပေါက်ကို လာနားလေမလား…။ ဒါမှမဟုတ် ထီးတလက်နဲ့ အဲဒီတောအုပ်လေးပေါ်သွားပြီး သူတို့ကို သွားခေါ်ရရင် ကောင်းမလား။ ထီး… အခုမှသတိရသည်… ပိုင်ဆိုင်သမျှတွေထဲမှာ ထီးဆိုတာ ရှိရော ရှိရဲ့လား… ရှိလဲ ဘယ်နားမှာထားမိလဲ မသိတော့။ ထားပါလေ… မိုးရေထဲ လျှောက်သွားပြီး ခေါ်ရင်လဲ ရတာပဲ။ ခက်တာက သူတို့လေးတွေရဲ့ ယုံကြည်မှု၊ သူတို့ကို ရန်မမူ အန္တရာယ် မပေးပါဘူးဆိုတာ သေချာတဲ့ သူတို့ရဲ့ ယုံကြည်မှုတခုတော့ လိုအပ်နေသည်။ မိုးတွေထဲ အကာအကွယ်မဲ့ လျှောက်လာခဲ့သော မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ လူတယောက်ဟာ သူတို့တတွေကို နွေးထွေးလုံခြုံတဲ့ မိုးလွတ်ရာ နေရာ တနေရာစာ ပေးနိုင်မယ်လို့ သူတို့ဘယ်လိုနည်းနဲ့ ယုံကြည်ကြမှာပါလိမ့်။ ယုံကြည်မှု ဆိုသော စကားလုံးအကြောင်း တွေးလိုက်မိချိန်မှာတော့ ရင်ထဲမှာ လှိုက်ကနဲ ဝမ်းနည်းသွားပြီး ရှက်ရွံ့စိတ်တို့နှင့်အတူ မျက်နှာကို လက်နဲ့ အုပ်ထားလိုက်မိသည်။ ဆက်သွယ်မှုတိုင်း၊ ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုတခုကတော့ မရှိမဖြစ် လိုအပ်နေသည်လေ။ တဦးနှင့် တဦးအကြား ယုံကြည်မှု မရှိလျှင် ရှေ့ကို ဘယ်လို ခရီးဆက်ကြမည်လဲ။ ယုံကြည်မှု ဟူသော စကားလေးသည် အပြောလွယ်သလောက် လက်တွေ့တည်ဆောက်ဖို့ရာမှာ အလွန်ခက်ခဲသည်။ ယုံကြည်မှု မရှိလျှင် ကျန်တာတွေသည်လည်း နတ္ထိ။ ခံစားဖူးသူမှ သိနိုင်လိမ့်မည်။ လောလောဆယ်မှာတော့ သည်အကြောင်းကို ဆက်မတွေးတာ ပိုကောင်းမည်။ မျက်နှာပေါ်အုပ်ထားသော လက်များကို ဖယ်ပြီး မိုးရေတွေထဲကို ပြန်ကြည့်လိုက်တော့ မိုးတွေက ပိုလို့သည်း၊ လေတွေက ပိုလို့ ထန်လာသည်။ လေပြင်းပြင်းတချက်အဝှေ့မှာ မှီတွယ်နေသော ပြူတင်းပေါက် ယိုင်နဲ့နဲ့လေးထဲကို မိုးစက်တွေ အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်လာကြသည်။ ခန္ဓာကိုယ် အပေါ်တပိုင်းလုံး ရွှဲရွှဲစိုသွားသည်။ ဖြစ်နိုင်လျှင် သည် မိုးမြင်ကွင်းမှ မျက်နှာမလွှဲချင်သေးပါ။ သို့သော်လည်း ကြမ်းပြင်တွေ ရေစိုသွားတိုင်း ကြားရလေ့ရှိသော အိမ်ရှင်၏ ဆူပူ အပြစ်တင်သံကို စောစောစီးစီး မကြားလိုသောကြောင့် ပြူတင်းပေါက်ကို မပိတ်ချင် ပိတ်ချင်ဖြင့် ဆွဲပိတ်လိုက်ရသည်။ ပြူတင်းပေါက်လေးဘေးမှ လှည့်အထွက် အေးမြသော မိုးရေစက်များကြောင့် ကိုယ်ပေါ်မှ ချမ်းစိမ့်စိမ့် ခံစားမှုနှင့် တပြိုင်ထဲမှာ မျက်နှာပေါ်သို့ ရိုက်ခတ်ခဲ့သော မိုးစက်များကမူ အံ့သြဖွယ်ရာ နွေးထွေးနေကြောင်း သတိထားလိုက်မိသည်။ ထို့နောက် မျက်နှာကို လက်ဖြင့် အသာတို့ထိကာ စမ်းကြည့်လိုက်မိသည်။ မယုံနိုင်စရာ… ပြူတင်းတံခါးကို ပိတ်လိုက်သော်လည်း မျက်နှာမှာ မိုးရေစက်များက လာရောက်ထိမှန် စီးဆင်းနေဆဲ… ထိုမိုးရေစက်များသည် နွေးထွေးမြဲ နွေးထွေးဆဲ... ပြီးတော့ ပြူတင်းပေါက်လေးအပြင်မှာ ရွာနေသောမိုးတွေလို အဆက်မပြတ် ရွာနေဆဲ…။



16 comments:

  1. ဆက်သွယ်မှုတိုင်း၊ ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုတခုကတော့ မရှိမဖြစ် လိုအပ်နေသည်လေ .....
    အမှန်ကန်ဆုံး စကားပါပဲ မမသက်ဝေ ။ ယုံကြည်မှုတွေ ပျောက်ဆုံးရင်တော့ ဘာမှ မကျန်ရစ်တော့ပါဘူး ။ သူက သူနဲ့တပါးတည်း အားလုံးကို နှတ်ယူသွားပြီလေ ... ။။။။

    ReplyDelete
  2. ဖတ်ရတာ ဆွတ်ပျံ့ဖို့ကောင်းတယ်..
    မိုးကိုချစ်တဲ့သူချင်းမို့လားမသိဘူး ပုံဖော်ထားတာလေးနဲ့ ရေးသွားပုံလေးရဲ့ ခံစားချက်တွေရင်ထဲထိတယ်..
    တိတ်..တိတ်.. ယုံကြည်မှုကို ဒီလိုပဲ တဖြည်းဖြည်းလုပ်ယူကြတာပေါ့..

    >>
    Craton

    ReplyDelete
  3. မိုးရွာနေတဲ့ မနက်ခင်း မြင်ကွင်းက ပီပြင်သလို ယုံကြည်ချက် ပျက်စီးလို့ ဝမ်းနည်းအားငယ်နေတဲ့ လူတယောက်ရဲ့ ခံစားချက်တွေကလည်း ပေါ်လွင်ပါတယ်...
    အက်ဆေးကောင်းလေး တခုပါ။

    ReplyDelete
  4. သိပ် လှ ပါ တယ်။

    ယုံကြည်မှုဆိုတာ အေးစက်နေခိုက်မှာ နွေးထွေးနေတဲ့ မိုးရေတွေလိုပဲ တခါတခါတော့ ဆောင်းလေတွေလို ရင်ထဲစိမ့်အောင် အေးမြသွားတတ်တာမျိုး။ စကားလုံးတွေ မဖြစ်မနေ မလိုအပ်တဲ့ ဆက်ဆံရေးတွေမှာ အရာရာဟာ ပျော်ဝင်နေနိုင်တာပဲ။

    သို့သော် ယုံကြည်မှုဆိုတာ ဘာမှမမျှော်မှန်းနိုင် ဘာမှမမြင်လိုက်ရခင်မှာတင် ဘာမှမထိန်းချုပ်နိုင်ပဲ ပေးလိုက်ရတာ။ ဘာမှမဟုတ်တဲ့ အပေါ်ယံတွေကို ယုံကြည်မှုနဲ့ လဲလှယ်ယူလိုက်ကြတဲ့အခါမျိုး ဆိုရင်တော့ နှမြောစရာ။

    ပန်ဒိုရာ

    ReplyDelete
  5. လူဆိုတာ လူ့အသိုင်းအ၀ိုင်းနဲ့ ကင်းကင်းနေလို့မရသလို...တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင်လဲ ဘယ်လိုမှခရီးဆက်လို့ မရပါတော့ဘူး...။ သိပ်လှတဲ့ စာလေးတစ်ပုဒ်ပဲ...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  6. အင်း...အရမ်းလှတဲ့ ရသလေးတစ်ပုဒ်ကို တနင့်တပိုးကြီး ခံစားသွားပါတယ်..မမ..ရေးထားတာလွမ်းစရာ..

    ReplyDelete
  7. အက်ဆေးလေး ဖတ်ပြီးပြီ။ မမသက်ဝေက အရေးအသား ကောင်းလိုက်တာ။ အပြင်မှာ မိုးတွေ ရွာနေသလို... ပါးပြင်ပေါ်မှာ ပူနွေးတဲ့ မျက်ရည်မိုးတွေ စီးဆင်းနေတာ နှစ်ခုကို နှိုင်းယှဉ် ရေးပြထားတာ သိပ်သဘောကျတယ်။

    ReplyDelete
  8. ဖတ်ပြီး ဘာကိုမှန်းမသိ လွမ်းသွားတယ်...

    ReplyDelete
  9. စာလှလှလေးတွေ ပုံမှန်ရေးနိုင်တာ ချီးကျူးပါတယ်.. မသက်ဝေရယ်..

    ReplyDelete
  10. ငှက်ကလေးတွေက ဆန်စေ့ကြိုက်ပါတယ် လူတွေက ဆန်ကွဲကို ဈေးသက်သာလို့ ကျွေးလို့ စားနေရတာပါတဲ့။
    အစ်မစာလေးတွေ သိပ်နူးညံ့တာပဲ။
း)
    mm

    ReplyDelete
  11. မမ....ဖတ်ရတာ သဘောကျလွန်းလို့ ဂျင်း facebook မှာ share လိုက်တယ်နော်။

    ReplyDelete
  12. ဆရာမမေငြိမ်းပြောသွားသလိုပဲ ညီမကလည်း မန့်ချင်တာပါ။ စာလှလှလေးတွေကို ပုံမှန်ရေးနိုင်တဲ့ မမသက်ဝေရယ်လို့။း)
    ဖတ်ရင်းနဲ့ဇာတ်ကောင်နေရာဝင်ခံစားပြီး မိုးနဲ့အတူ အေးစက်နွေးထွေးခြင်းတွေ တပြိုင်တည်း ခံစားသွားရတယ်။

    ReplyDelete
  13. ကျနော် ဒီပို့်စ်လေးမှာ ဒီစကားလေးက ခဏခဏပြန်ပြန်ဖတ်နေမိတယ် ကြိုက်လွန်းလို့

    “““ ယုံကြည်မှု ဟူသော စကားလေးသည် အပြောလွယ်သလောက် လက်တွေ့တည်ဆောက်ဖို့ရာမှာ အလွန်ခက်ခဲသည်။”””

    ReplyDelete
  14. ရင်နဲ့အတူသည်းလိုက်မယ်မိုးရေ...

    ReplyDelete
  15. အက်ဆေးဆရာမကြီးကတော့ တပုဒ်ဆို တပုဒ်ပါပဲဗျာ..

    ReplyDelete
  16. အက်ဆေးလေးတွေ ရေးတာသိပ်ကောင်း။ စာအုပ်ထုတ်ပါလား။ ဘလော့ဂ် မဖတ်နိုင်သူတွေလဲ ဖတ်ရအောင်လေ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...