အခုတလော ဒီမှာ နေ့တိုင်း မိုးရွာတယ်….
မိုး ဆိုတာ လူတွေရဲ့စိတ်ကို အတွေးအမျိုးမျိုး ခံစားမှု အမျိုးမျိုး ပေးတတ်တယ်။ မိုးရွာတာကို သဘောကျ နှစ်သက်တဲ့အချိန်တွေ ရှိနိုင်သလို တနေရာရာကို သွားခါနီး လာခါနီးမှာ မိုးရွာလို့ ဖြစ်လာတတ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ စိတ်အနှောက်အယှက်တွေကြောင့် မိုးရွာတာကို မနှစ်သက်တဲ့ အချိန်တွေလဲ ရှိနိုင်ပါတယ်။ မိုးကပေးတဲ့ ခံစားမှုတွေ၊ မိုးနဲ့ပတ်သက်တဲ့ အတွေးစတွေကတော့ ပြောပြရရင် အများကြီးပေါ့။ ဒီလိုနဲ့ မိုးတွေ သည်းသည်းမဲမဲရွာနေတဲ့ တနေ့မှာ မိုးရေစက်တွေထဲ လမ်းလျှောက်ထွက်တဲ့ အကြောင်းကို မိတ်ဆွေတယောက်က အခုလို ရေးဖြစ်ခဲ့တယ်လို့ ပြောပြီး ကိုယ့်ကို ပေးဖတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တခါတရံ (သို့) အခါများစွာမှာ စိတ်သွားတိုင်း ကိုယ်မပါတဲ့အရာတွေ ရှိတတ်စမြဲ… ဆိုတာကို သူနဲ့အတူ လိုက်ပါခံစားမိတာကြောင့် ဒီပိုစ့်လေးကို သူ့ဆီက တောင်းပြီး တင်လိုက်ပါတယ်။ ဖတ်ကြည့်ပါနော်…
မနေ့ညကပါ။
စွေလိုက်တဲ့မိုး အငြိုးနဲ့များ ရွာလေသလားလို့ ထင်မိတယ်။ ကံဆိုးသူ သွားရာ မိုးလိုက်လို့ ရွာတတ်တယ်တဲ့လေ။ ဟုတ်လား မဟုတ်လားတော့ ဝေဖန် မဆန်းစစ်အားပါဘူး၊ စိတ်ဇောက လမ်းလျှောက်ဖို့ကိုသာ အားသန်နေတော့တယ်။
မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ကြိုက်တဝက် မကြိုက်တဝက် အမြဲဖြစ်နေပြန်တယ်။ မကြိုက်တဲ့တဝက်က အဝတ်တွေ ရေစိုပြီးကပ်နေတာရယ် လမ်းကောင်းကောင်းမလျှောက်တတ်လို့ ရွှံ့တွေ သဲတွေ နောက်ကျောကို စင်တာရယ်… ။ ကြိုက်တဲ့ တဝက်ကတော့ မိုးစက်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတာ။ ပြီးတော့ အမြဲ ပုံစံမကျဖြစ်နေတတ်တဲ့ ဆံပင်တွေ ရေစိုပြီး ပြားကပ်သွားတာတွေကိုပါပဲ။
အမိုးအကာမပါပဲ မိုးရေထဲကို လမ်းလျှောက်ထွက်ရင် မိုးရေစတွေ စင်လျင်စင်ခြင်း အပြစ်ကင်းတဲ့ ကလေးဘဝကိုပဲ စိတ်ရောက်မိတယ်။ မိုးရွာထဲမှာ ဆော့ကစားပြီး အမေ မဆူမခြင်း အိမ်ထဲကို မဝင်တတ်ခဲ့ဘူး။ လက်တွေ ပဲကြီးရေပွသလိုဖြစ်၊ နှုတ်ခမ်းတွေလည်း ပြာလုလုဖြစ်၊ လူလည်း မေးချင်းရိုက်နေတော့မှ အိမ်တံစက်မြိတ်အောက်က ရေတံလျှောက်အောက်ကို စ ဝင်တယ်။ ဒါတောင် ရေတံလျှောက်ကနေ တဆင့် ကျလာတဲ့ မိုးရေကို ခံထားတဲ့ စဥ့်အိုးနားမှာ ဟိုလှည့်ဒီလှည့် လုပ်နေလိုက်သေးတာကိုး။ နောက်ဆုံးအကြိမ် ဆင့်ခေါ်စာ ကြိမ်လုံးရွှမ်းခနဲ ရိုက်တဲ့အသံကို စောင့်နေသေးတာ။ ရေစိုစိုနဲ့ အရိုက်ခံရရင်တော့ မလွယ်ပါ… တကယ်ကို မလွယ်ပါ။
ကျောင်းစတက်တော့ မိုးတွေညို့လာရင် မိုးရေထဲမှာ လမ်းလျှောက်ချင်လာပြန်တယ်။ လွယ်အိတ်ထဲက စာအုပ်တွေကို ငဲ့ညှာရင်းနဲ့ မိုးစက်တွေကို လက်တွေ ခြေတွေနဲ့ပဲ နှုတ်ဆက်ခဲ့ရတယ်။ ကျောင်းကနေ ကျူရှင်ကူးအပြီး အိမ်ပြန်ရတာမို့လို့ မိုးရေချိုးဖို့ အချိန်ဆိုတာ မကျန်တော့သလောက်ပါပဲ။
အဲဒီလိုနဲ့ စာအုပ်တွေကို ငဲ့တဲ့အခါ ငဲ့လိုက် အချိန်အခါကို ငဲ့လိုက်၊ ဘေးနားက အဖော်ကို ငဲ့လိုက်နဲ့ မိုးရေစက်တွေကို အရင်လို၊ ဟိုးငယ်ငယ်တုန်းကလို လွတ်လပ်စွာ ရင်းနှီးခင်မင်ခွင့် ပါးလျားသွားခဲ့သည်။
တခါတရံ ရှားရှားပါးပါး ရတတ်သော အခွင့်အရေးတွေ ကြုံရင် လက်လွတ်မခံချင်ပြန်။ ရေတုတ်တုတ်ရွှဲအောင် စိုနေသော အဝတ်အစားများကို လျစ်လျူရှုလျက် လိုင်းကားပေါ်ကို မတက်ချင်တော့သောအခါ လမ်းလျှောက်ခြင်းဖက်ကို ပိုအလေးပေးမိပြန်သည်။ သို့သော် မကြာခဏ ဖျားနာတတ်သော သူမို့ အိမ်ပြန်ရောက်ရင် အဆူခံထိမှာလည်း သေချာသည်။ ရေစိုကြီးနဲ့ဆိုတော့ ကားပေါ်က တခြားသူတွေကို အားနာလို့ဆိုတဲ့ ဆင်ခြေနဲ့ လမ်းလျှောက်ခြင်းကို မတန်ရင်ကာ ဖုံးကွယ်ရဦးမည်။
မိုးရေစက်တွေရဲ့ အေးမြခြင်းက အတိုင်းမသိ စိတ်လက်ချမ်းသာခြင်းကို ဖြစ်စေသည်။ တကိုယ်လုံးအနှံ့ကို ဖြန်းပက်ပေးသည်။ အချောင်းလိုက်ဖြစ်နေသော ဆံပင်တွေကြားက မျက်နှာတလျှောက်မှာ ရေစီးကြောင်းတွေ ဖြစ်ထွန်းစေသည်။ မှုန်မှုန်ဝါးဝါးမြင်ကွင်းကို မိုးရေတွေက ဖုံးလိုက် လက်နဲ့ရေတွေကို သပ်ချလိုက်နဲ့ မျက်နှာကို ဝိုက်ပါတပ်ဖို့လိုများ လိုအပ်နေသေးတော့သလို...။
အခုလည်း မကြာခင်အချိန်လေးအတွင်းက အရှေ့တည့်တည့်က လမ်းမှာ အတော်လေး စည်စည်ကားကားရှိနေခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်မှာ လူတွေ အုံခဲနေသည်။ မှတ်တိုင်ဘေးက မုန့်ဆိုင်၊ ကွမ်းယာဆိုင်မှ စလို့ လမ်းမထက် စတိုးဆိုင်တွေ အကုန်လုံး ရောင်းသူဝယ်သူတွေနဲ့ တရုန်းရုန်း။ အငွေ့တထောင်းထောင်းထအောင် ကင်နေသော အကင်ဆိုင်သည်လည်းကောင်း၊ အမွှေးနံ့ တလူလူနဲ့ ဖြတ်သွားသူတိုင်းကို နှိပ်စက်ကလူပြုနေသော ဘိုကလေးမုန့်ဟင်းခါးလား မြောင်းမြမုန့်ဟင်းခါးလားမသိ သည် လည်းကောင်း၊ စဥ့်အိုးခွက်အတွင်း အသီး အရွက် အသား အမျိုးအမည်စုံလင်စွာ ရောထည့်ပြီးရောင်းသော မြေအိုးမြီးရှည်သည် သည်လည်းကောင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။ မိုးစတင်ရွာပြီး သိပ်မကြာခင် ထိုသူတို့ အားလုံး ပျောက်ဆုံးကုန်ကြသည်။
ပြောင်းလဲငြိမ်သက်သွားသော လမ်းတစ်လျှောက် ဖြည်းဖြည်းနှစ်သက်စွာ လျှောက်လာရသည်မှာ အရသာတစ်မျိုးပင်။ ကိုယ်မရောက်ဖူးသော အရပ်ဒေသတစ်ခုကို ရောက်နေရသလိုလို။ ခပ်စောစောက ပျော်ရွှင်မြူးထူးစွာ လမ်းပေါ် ဖြတ်လျှောက်နေသူတို့သည် ယခုအခါတွင်မူ ကြောက်ရွံ့နေသည့်အလား အမိုးတစ်ခုခုအောက်မှ ငေးမောနေကြပြန်သည်။ တကယ်တမ်း ခုံမင်နေသည်မှာ အဆိုပါမိုးခိုသူတို့က မိုးရွာထဲကို စိတ်အေးလက်အေး ဖြတ်လျှောက်နေသော သူ့ကို ကြည့်တတ်ကြသည့် အကြည့်ကိုဖြစ်ပါလိမ့်မည်။
ထိုထို အရာတို့ ဖြစ်ပျက်စေလိုသော စိတ်သည် အရှိန်ပြင်းထန်လွန်းလှပေသည်။ ထိုင်နေသော ဘီးတပ်တွန်းလှည်းခုံပေါ်မှ အတင်း ကုန်းရုန်းထလိုက်သော်လည်း နှစ်ကာလကြာရှည်စွာ အိပ်မောကျနေခဲ့သော သူ့ခြေထောက်တို့သည် မသိလိုက်ဖာသာ။ တကယ်တမ်း သူစွမ်းသမျှသည် မှန်ပြတင်းတစ်လျှောက် အကြောင်းလိုက် စီးဆင်းနေသော မိုးရေစက်များကို မြင်လျက် စိတ်ဖြင့် တချိန်တုန်းကလို မိုးရေထဲမှာ လမ်းလျှောက်ထွက်ခြင်းပင်ဖြစ်ပါသည်………….

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း

လှတဲ့ အက်ဆေးလေး...
ReplyDeleteအင်း... စိတ်သွားတိုင်း ကိုယ်ပါ ဆိုတဲ့ စကားကို ပြန်တွေးနေမိတယ်...
ဒီပိုစ့်လေးကို ဖတ်မိတော့ ငယ်ငယ်က မိုးရွာတဲ့ အချိန်တိုင်း အိမ်ပေါ်က ဝရန်တာပေါ်ပြေးပြေးပြီး သမန်တလင်းမှာ မိုးရေတွေနဲ့ လျှောစီးတမ်းကစားတာကို သတိရမိတယ် .. လွမ်းလိုက်တာ မရယ်..ငယ်ငယ်တုန်းကဘဝလေးတွေကို ....
ReplyDeleteအက်ဆေးလှလှလေးတွေ ရေးပြီး ခဏခဏလွမ်းအောင်လုပ်တယ် ဟွန့်
ငယ်ငယ်တုန်းကတော့ မိုးရေထဲ လျှောက်သွားရတာပျော်တယ်.. ဒီမှာ မိုးရွာရင် ချမ်းတော့ အခုကျတော့လည်း မိုးရွာမှာတောင် စိုးမိတယ်.. :)
ReplyDeleteမိုးရွာထဲ လမ်းမလျှောက်ဖြစ်တာကြာပြီး ဒီပို့စ်ဖတ်ပြီးမှ အရင်က မိုးအမှတ်တရ ပျော်စရာ ခလေးဘ၀လေး လွမ်းမိသလိုလို ။
ReplyDeleteမိုးဖွဲဖွဲလေး ရွာနေတဲ့အချိန်ဆိုရင် အဲလို
ReplyDeleteလျှောက်ရတာ အရမ်းပျော်ဖို့ ကောင်းမှာပဲ။
သနားပါတယ်။ အောက်ဆုံးအပိုဒ်က အတော်ထိသား။
ReplyDeleteအလုပ်အပြန်မိုးရွာရင်ကြိုက်တယ်
ReplyDeleteမိုးရွာတာ ကြိုက်တယ်။ မိုးအကြောင်းဖွဲ့ ကြနွဲ့ ကြတာ တွေများတယ်။ ကောင်းတာ နည်းတယ်။ သက်ဝေ မိုးအကြောင်း များများဆက်ရေးပါဦး။ ဖတ်ရတာ အေးလို့။ ကျန်းမာပါစေ။
ReplyDeleteမသက်
ReplyDeleteတွန်းလှဲပေါ်က လမ်းမလျှောက်နိုင်သူတစ်ယောက်ရဲ့ အတွေးက မိုးေ၇ထဲမှာလမ်းနိုင်သူအားလုံးကို ခြေလှမ်းတွေ တုန့် ကနဲ ၇ပ်သွားအောင်
ရေးတတ်ပါပေတယ်..။
ထိုင်နေသော ဘီးတပ်တွန်းလှည်းခုံပေါ်မှ အတင်း ကုန်းရုန်းထလိုက်သော်လည်း နှစ်ကာလကြာရှည်စွာ အိပ်မောကျနေခဲ့သော သူ့ခြေထောက်တို့သည် မသိလိုက်ဖာသာ။ တကယ်တမ်း သူစွမ်းသမျှသည် မှန်ပြတင်းတစ်လျှောက် အကြောင်းလိုက် စီးဆင်းနေသော မိုးရေစက်များကို မြင်လျက် စိတ်ဖြင့် တချိန်တုန်းကလို မိုးရေထဲမှာ လမ်းလျှောက်ထွက်ခြင်းပင်ဖြစ်ပါသည်………….
ReplyDeleteအဲဒီ့နေရာလေးကျမှ ၀ှက်ဖဲလေးတစ်ချပ် လှစ်ဟပြလိုက်သလိုပါပဲ.
စိတ်မကောင်းစရာဖြစ်သွားသလို စိတ်ကူးလေးနဲ့ လမ်းလျှောက်ထွက်တဲ့ အခါမှာ ဖြစ်ပေါ်မိတဲ့ ခံစားချက်လေးကိုပါ ကိုယ်ချင်းစာလိုက်မိတယ်.
နောက်နောင် ခုလို စာကောင်းပေမွန်လေးတွေ ဆက်လက် မျှဝေနိုင်ပါစေဗျာ.
Y.