Monday, September 5, 2011

ရွှေဒေါင်းတောင် အွန်လိုင်း ဂျာနယ် မိတ်ဆက်


စာရေးသူ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများကို အွန်လိုင်းဂျာနယ်အသစ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် ပါ…။ ဒီဂျာနယ်ကို ဂျပန်နိုင်ငံမှာ အခြေစိုက်နေထိုင်ကြတဲ့ ဝါသနာရှင် စာရေးသူများနဲ့ ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။

မြန်မာစာပေ အကျိုးပြု ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်အတွက် တာဝန်ခံ အယ်ဒီတာက ကမာနီလာ ဖြစ်ပြီး အယ်ဒီတာ ဒူကဘာ၊ အမှုဆောင် အယ်ဒီတာ ကိုကြည်နိုင်၊ အယ်ဒီတာ အဖွဲ့ဝင်များအဖြစ် သတိုး၊ မြစ်ကျိုးအင်းနဲ့ မယ်ကိုးတို့ ပါဝင်ပါတယ်။ အတိုင်ပင်ခံ အကြံပေး ခင်လေးငယ် ဖြစ်ပြီး ဒီဇိုင်နာအဖွဲ့မှာ သိန်းလှိုင်(လှိုင်းဘွဲ့)၊ ဇောင်း နဲ့ Neo တို့ ပါဝင်ပါတယ်။

စာပေဝါသနာရှင်များအတွက် ပြည်တွင်း ပြည်ပ သတင်းများနဲ့ ကမ္ဘာ့သတင်းများ၊ ဝတ္ထုရှည် ဝတ္ထုတို အက်ဆေးများ၊ ဂန္တဝင်ကဗျာ နဲ့ ခေတ်ပေါ်ကဗျာများ၊ ဆောင်းပါးများ၊ သီချင်း ရုပ်ရှင် ဗီဒီယို ဂီတ စတဲ့ အနုပညာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ မြန်မာစာအုပ် အင်္ဂလိပ်စာအုပ်များနဲ့ စာအုပ် အညွှန်းများ၊ တလတာ ဗေဒင်ဟောစာတမ်းအပါအဝင် ဗေဒင်အကြောင်း သိကောင်းစရာများ၊ ကျန်းမာရေး နဲ့ အားကစား သတင်းများ၊ ခရီးသွားမှတ်တမ်း ခရီးသွားလမ်းညွှန်များ၊ ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများ နဲ့အတူ ဓါတ်ပုံမှတ်တမ်းများ အစရှိတဲ့ ကဏ္ဍအစုံကို အွန်လိုင်းကနေ ဝေဝေဆာဆာ တင်ဆက်မယ့် ဂျာနယ်တခု ဖြစ်ပါတယ်။

အခုလို အွန်လိုင်းဂျာနယ် တင်ဆက်ရတဲ့ ရည်ရွယ်ချက်တွေကို ဂျာနယ် ဖြစ်မြောက်ရေးအတွက် တာဝန်ယူ ဦးဆောင် စီစဉ်သူများက အခုလို ပြောပြပါတယ်…

“စာပေကို ချစ်မြတ်နိုးသူ လူမျိုးတိုင်း မိမိတို့၏ မိခင်ဘာသာ စကားနှင့် ဖွဲ့ဆိုရေးသား တင်ပြကြရာတွင် မိမိတို့လည်း မြန်မာစာပေကို ဖတ်ယူလေ့လာ နိုင်စေခြင်း အလိုငှါ ဤနေရာလေးတွင် မိခင်ဘာသာဖြင့် မြန်မာစာပေ ကဏ္ဍများစွာကို ကျွန်ုပ်တို့ ဖြည့်ဆည်းနိုင်သမျှ အင်အားစုလေးများနှင့် ကြိုးစားကာ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေလိုခြင်းဖြင့် ဤ Website ကို တည်ဆောက်ရေးသား ရပါသည်။ စာရေးဆရာ၊ စာရေးဆရာမ များ၏ အမျိုးစုံလှသော စာပေ အနုလက်ရာများကို ထုတ်ဖော်ခင်းကျင်း ချပြပေးနိုင်သော စာပန်းခင်း အဖြစ်လည်းကောင်း၊ ထို့အတူ အရည်အသွေး ကောင်းမွန်၍ စာရေးခြင်း၌ ခုံမင် တပ်မက်လှသော မြန်မာဘလော့ဂါများ၏ စာပေများကို လေ့လာ ဖတ်ရှုစရာ နေရာအခင်းအကျင်း တခုအဖြစ် ဆင့်ပွားထားသည် ဟူ၍လည်းကောင်း မှတ်မှတ်ထင်ထင် ရှိစေလိုပါသည်။ ထိုသို့သော စိတ်ကူး ရည်ရွယ်ချက်များ နှင့် ရွှေဒေါင်းတောင် ဂျာနယ်ကို အွန်လိုင်းမှတဆင့် လွှင့်တင်ခြင်း ဖြစ်ပါသည်…”

ဒီဂျာနယ်ကို အခု စက်တင်ဘာလဆန်းက စပြီး တင်ဆက်ပါတယ်။ အနုပညာ သုတ ရသ ကဏ္ဍစုံလင်တဲ့ စာ ကဗျာတွေကို တနေရာထဲမှာ တစုတစည်းထဲ ဖတ်ရှုနိုင်ကြမှာမို့ စာချစ်သူ ပရိတ်သတ်များ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဏ္ဍတခုချင်းစီအတွက် ပိုစ့်တွေကို တရက်ထက် တရက် စုံလင်အောင် ကြိုးစား တင်ဆက်ပေးနေပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာ ကဏ္ဍအစုံကို ဝေဝေဆာဆာ တွေ့မြင် ဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ ပိုစ့်အသစ် တင်ပြီးတိုင်း ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်ရဲ့ Facebook စာမျက်နှာ မှာ update လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဘလော့ဂ်စာမျက်နှာတွေပေါ်က စာရေးဖေါ် မိတ်ဆွေ သူငယ်ချင်းများနဲ့ အခြားသော ဝါသနာရှင်များရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ စာ ကဗျာ ပန်းချီ ဓါတ်ပုံ အစရှိတဲ့ အနုပညာ လက်ရာများကိုလည်း ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်က လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ စိတ်ဝင်စားသူများ "editor@shwedaungtaung.com" ကို ဆက်သွယ် ပေးပို့ နိုင်ကြပါတယ်…။

အင်တာနက် စာမျက်နှာပေါ်ကို ရောက်လာခဲ့တဲ့ မြန်မာစာပေ အကျိုးပြု ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် လှပအောင်မြင်စွာ တည်တံ့ရှင်သန်နိုင်စေကြောင်း ဆန္ဒပြု ဆုတောင်းပါတယ်။




6 comments:

  1. ကျေးဇူး သက်ဝေ...
    သွားဖတ်လိုက်မယ်

    ReplyDelete
  2. ကျေးဇူးပါမမသက်ဝေ

    ဖတ်စရာတစ်ခုထပ်တိုးလာတာဝမ်းသာစရာပါ
    ကြိုဆိုပါတယ်

    ခင်မင်လေးစားလျှက်

    မဒိုးကန်

    ReplyDelete
  3. ဝင်ရေးဦးမယ် ။ :)

    ReplyDelete
  4. ဟန်ကြည်: ရွှေဒေါင်းတောင် အကြောင်း အခုမှပဲ သိရတယ်...ကျေးဇူး...
    8 Sep 11, 00:08
    cherry: တန်ဖိုးရှိမယ့် ဂျာနယ်အတွက် စောင့်မျော်ဖတ်ပါဦးမည်... ချမ်းမြေ့ပါစေဟု
    7 Sep 11, 10:22
    mgthant: အလည်ရောက်လာတယ်... မြန်မာစာပေတွေ အင်တာနက်ပေါ် များများရောက်လေ ကောင်းလေ
    6 Sep 11, 10:02
    နန်းရှင်: မြန်မာစာပေအတွက် အားတက်စရာတစ်ခုပါ။
    6 Sep 11, 00:21
    ...အလင်းစက်များ: စာတွေရေးဖို့  ကြံအုန်းမှ.....

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...