Sunday, February 12, 2012

စာအုပ်စာပေ လူ့မိတ်ဆွေ

(Picture from Wiki)

စာအုပ်စာပေ လူ့မိတ်ဆွေ တဲ့…
ငယ်ငယ်လေးထဲက ကြားခဲ့ရတဲ့စကား… လူတိုင်းလည်း ပြောဖူး ကြားဖူးကြမှာပါ။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူဘဝတုံးကဆို အဲဒီစကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာပြီး စာစီစာကုံးတွေ ရေးခဲ့ရတာလည်း မကြာခဏ…။ ပြီးတော့ ကိုယ်တိုင်ကလည်း စာအုပ်တွေကို လေးလေးစားစား ချစ်ခင်တတ်သူ… စာအုပ်တွေကို တကယ်ပဲ မိတ်ဆွေရင်းချာတွေလို နှစ်သက် မြတ်နိုးတတ်သူ… ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေဆိုရင် ချက်ချင်း မဖတ်ဖြစ် မဖတ်နိုင်သေးရင်တောင် ကိုယ့်အနားမှာ ကြည့်နေ မြင်နေလို့ ရအောင် ဝယ်ထားလိုက်ရမှ အလှကြည့်နေလိုက်ရမှ ကျေနပ်ချင်သူ…။ အခုတော့ အဲဒီ လူ့မိတ်ဆွေဆိုတဲ့ စာအုပ်တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်နေရင်း ဒီစာကို ရေးဖြစ်တယ်…။

စင်္ကာပူနိုင်ငံရဲ့ အထင်ကရ စာအုပ်ဆိုင်ကြီးတခုဖြစ်တဲ့ အောချတ်လမ်းမပေါ်က Wheelock Place မှာ ရှိတဲ့ Borders ဆိုတဲ့ စာအုပ်ဆိုင်ဟာ ၂၀၁၁ စက်တင်ဘာလမှာ ပိတ်သွားတယ်…။ အဲဒီစာအုပ်ဆိုင်ဟာ စင်္ကာပူမှာ ကိုယ် အနှစ်သက်ဆုံးနေရာတွေထဲက တခုပါပဲ…။ အဲဒီဆိုင်ကို သွားမယ်ဆိုရင် ဆိုင်က အဲကွန်းက အရမ်းအေးလို့ အနွေးထည်ကို မဖြစ်မနေ ယူသွားရတယ်... (အနွေးထည် ပါမသွားတဲ့နေ့ဆို ဆိုင်ထဲမှာ တနာရီထက် ပိုမနေနိုင်ဘူး) ဆိုင်ထဲရောက်ရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ရွေးယူပြီး နေရာကောင်းကောင်းတခုမှာ စိမ်ပြေနပြေ ထိုင်ဖတ်ပေတော့ပဲ… စာဖတ်ရင်း မျက်စိတွေ ညောင်းလာရင်ဖြစ်စေ အရမ်းချမ်းလာရင်ဖြစ်စေ စာအုပ်ဆိုင်နဲ့ အတူတူတွဲဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ကော်ဖီပူပူတခွက် သွားသောက်လို့ ရတယ်။ ပြီးတော့ သီချင်းစီဒီအသစ်တွေ၊ ဒိုင်ယာရီစာအုပ်လို မှတ်စုစာအုပ်လို အဖုံးလှလှနဲ့ စာအုပ် ပိစိ ပေါက်စလေးတွေ၊ ပိုစ့်ကဒ်လှလှလေးတွေ၊ ကော်ဖီမတ်ခွက် လှလှလေးတွေ၊ လက်ဆောင်ပေးစရာ ချစ်စရာ ပစ္စည်းလေးတွေ၊ စာရေးကိရိယာ အဆန်းအပြားလေးတွေကိုလည်း ငေးလို့ ဝယ်လို့ ရသေးတယ်။ အပြန်ကျရင် ဖတ်ချင်စရာ စာအုပ် အနည်းဆုံး တအုပ်ဖြစ်ဖြစ်တော့ ဝယ်လာနေကျ… စာဖတ်တဲ့ စာအုပ်ချစ်သူ မိတ်ဆွေ သူငယ်ချင်းတွေ ဒီကို လာလည်ရင် မဖြစ်မနေ လိုက်ပို့ဖြစ်တဲ့ နေရာတခု… နာမည်စဉ်အလိုက် စီထားတဲ့ အမျိုးအမည်စုံလင်လှတဲ့ သုတ ရသ ဆိုင်ရာ စာအုပ်တွေ၊ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေ၊ ချစ်စရာကောင်းတဲ့ ကလေးစာအုပ် ရောင်စုံလေးတွေ… အို… စုံလို့ စုံလို့ ပါပဲ…။ အဲဒီစာအုပ်ဆိုင်က စနေနေ့ညဆို ညသန်းခေါင် ၁၂ နာရီအထိ ဖွင့်တာမို့ ကိုယ်ကတော့ စနေနေ့ညနေခင်းတွေမှာ သွားရတာကို သဘောအကျဆုံး… အခုတော့ အဲဒီဆိုင် ပိတ်သွားပြီ။

မပိတ်ခင်မှာ သူ့ဆိုင်က စာအုပ်တွေကို လျှော့ဈေးနဲ့ ရောင်းသွားတယ်… ပြီးတော့ Expo မှာလည်း Warehouse Sale လုပ်သွားသေးတယ်… အဲဒီရက်တွေတုန်းက ရုံးမှာရော အိမ်မှာပါ အလုပ်တွေ များနေတာက တကြောင်း၊ မရေမတွက်နိုင်အောင် များပြားတဲ့ စာအုပ်တွေကို ဈေးလျှော့ပြီး အစုလိုက် အပုံလိုက် ချရောင်းနေမယ့် မြင်ကွင်းကို မကြည့်နိုင်၊ ခံစားနိုင်တာက တကြောင်းတို့ကြောင့် မသွားဖြစ်ခဲ့ဘူး။

နောက်တလနေတော့ Parkway Parade က Borders ကလည်း ပိတ်တော့မှာမို့ စာအုပ်တွေကို လျှော့ဈေးနဲ့ ချရောင်းပြန်တယ်။ အဲဒီတုံးကတော့ တညနေခင်းမှာ Parkway Parade ကို ရောက်သွားဖြစ်ပါတယ်…။ အမျိုးအမည် စုံလင်လှတဲ့ စာအုပ်တွေ အများကြီးကို လျှော့ဈေးနဲ့ ချရောင်းနေတဲ့ မြင်ကွင်းကို မြင်ရ တွေ့ရတာ တကယ်ပဲ စိတ်မကောင်းစရာကြီးပါ။ များလွန်းအားကြီးပြီး တယောက်တလက် ရွေးချယ်ရင်း အစီအစဉ်မဲ့ ပျံ့ကျဲနေတဲ့ စာအုပ်ပုံတွေထဲမှာ ကိုယ် ဘာလိုချင်မှန်း မသိတော့သလို ကိုယ်လိုချင်တာကိုလည်း ဘယ်လိုရှာရမှန်းမသိ၊ ဘာဝယ်လို့ ဝယ်ရမှန်းကို မသိတော့ပါဘူး။

အဲဒီဆိုင်တွေနဲ့ ပတ်သက်လို့ ၂၀၁၁ စက်တင်ဘာလထဲမှာ Borders (USA) က တာဝန်ရှိပုဂ္ဂိုလ်က "စကာင်္ပူ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ဆိုင်ခွဲတွေကို တနှစ်ထက် တနှစ် ရောင်းအား သိသိသာသာ ကျဆင်းလာတာကြောင့် ဆိုင်ဖွင့်ခွင့် လိုင်စင်ကို ရုတ်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပိတ်ရမယ်..."လို့ ပြောတာကို သတင်းမှာ ဖတ်လိုက်ရတယ်…။ စင်္ကာပူမှာ အဲဒီဆိုင်တွေ ပိတ်ဖြစ်ဖို့ ဖိအားပေးနေတဲ့ နောက်ထပ် အကြောင်းအရာတခုကတော့ ဆိုင်နေရာ အငှားခတွေ အရမ်းကြီး မြင့်သွားတာကြောင့်လို့ သိရတယ်။

အဲဒီဆိုင်တွေ ပိတ်ပြီးနောက် သိပ်မကြာခင်လပိုင်းမှာပဲ Great Wall City က Harris ဆိုတဲ့ စာအုပ်ဆိုင် ပိတ်တော့မှာမို့ စာအုပ်တွေကို ၂၀% ဈေးလျှော့မယ်လို့ ကြော်ငြာထားတာ ဖတ်လိုက်ရပြန်တယ်…။ အဲဒီနောက် မကြာခင်မှာပဲ Jurong Point က Harris ဆိုင်ခွဲလည်း ပိတ်သွားလေတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ပြီးခဲ့တဲ့ တပတ်လောက်က Vivo City မှာရှိတဲ့ Page One ဆိုတဲ့ စာအုပ်ဆိုင်မှာလည်း ဆိုင်ပိတ်တော့မှာမို့ တဆိုင်လုံးမှာ ရှိတဲ့ စာအုပ်တွေကို ဈေးလျှော့တယ်လို့ စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ ကြော်ငြာတွေကို တွေ့လိုက်ရပြန်ပါတယ်။ အဲဒီဆိုင်နဲ့ ပတ်သက်တာတွေ လိုက်ရှာဖတ်တော့ ဆိုင်ဖွင့်ပြီး ၅ နှစ်အကြာမှာ အခုလို အဆမတန် တက်သွားတဲ့ ဆိုင်အငှားစရိတ်ကြောင့် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့လို့ ဆိုတာကို တွေ့ရပါတယ်။ တကယ်ပဲ စိတ်မကောင်းစရာ…။ အဲဒီ Page One ဆိုတဲ့ ဆိုင်လေးကလည်း ဆိုင်အပြင်အဆင် စာအုပ်အထားအသို အစီအစဉ်လေးတွေကအစ အလွန် ချစ်စရာကောင်းတဲ့ ဆိုင်ကလေး တဆိုင်ပါ။ အခုတော့ သူလည်း သွားပြန်ပြီ…။

အခုလို စာအုပ်ဆိုင်တွေ တဆိုင်ပြီး တဆိုင် ပိတ်သွားကြတဲ့ အဖြစ်ဟာ သေသေချာချာ တွေးကြည့်ရင် တော်တော်ကို စိတ်မကောင်းစရာပါ။ ဆိုင်တွေပိတ်ရခြင်းရဲ့ အဓိကကျတဲ့ အချက်က စာအုပ်တွေ ရောင်းအားကျလာလို့ ဆိုတော့ ဘာဖြစ်လို့ အဲဒီလို ရောင်းအားကျရတာလဲ ဆိုတာကို ကိုယ့်ဥာဏ်လေး တထွာတမိုက်နဲ့ စဉ်းစားကြည့်မိတယ်…။ လူအများစုဟာ စာမဖတ်ကြတော့လို့လား… (ဒီလိုတော့လည်း မဖြစ်နိုင်ဘူး ထင်ပါတယ်…) ဒါမှမဟုတ် စာဖတ်သူတွေဟာ စာအုပ်တွေကို အပိုင်ဝယ်မဖတ်ကြတော့လို့ လား… (ဒါတော့ ဖြစ်နိုင်ခြေရှိတယ်…) ဒါမှမဟုတ် အခုနောက်ပိုင်းမှာ ကွန်ပျူတာကတဆင့် ဖတ်လို့ရတဲ့ E Book တွေ ထွန်းကားလာတာကြောင့်လား… သွားရင်းလာရင်း အလွယ်တကူ ကိုင်ဖတ်သွားလို့ရတဲ့ စာအုပ်ရေ အများကြီး သိုမှီးထားလို့ရတဲ့ iPad တို့ Kindle တို့လို Device တွေကြောင့်များလား… (ဒါလည်း ဖြစ်နိုင်တယ်…) ဒီလိုသာဆို နောက်ကို စက္ကူနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေရဲ့ အခန်းကဏ္ဍဟာ သိပ်များ မှေးမှိန် သေးငယ်သွားတော့မလား… စာအုပ်ဖတ်ချင်ရင် Library မှာပဲ ငှားဖတ်ကြရတော့မှာလား… … …

အဲဒီလို မဆုံးနိုင်တဲ့ အတွေးတွေအပြင် စင်္ကာပူလို နိုင်ငံသေးသေးလေးမှာ အခုလို စာအုပ်ဆိုင်ကြီးတွေ တဆိုင်ပြီး တဆိုင် ပိတ်သွားကြတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပေဘူးလို့ ဆက်တွေးနေရင်း ငယ်ငယ်က ရွတ်ဖတ် သင်ကြားခဲ့ရတဲ့ "စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုတဲ့ စကားလေးကို မကြာခဏ သတိရနေမိတော့တာပါပဲ…။




20 comments:

  1. တကယ်စိတ်မကောင်းစရာပါဘဲ...။
    ဒီမှာလဲ တူတူပါပဲ..။ပိတ်ကျရတယ်..။
    စာအုပ်ဖတ်ရင် စက္ကူစာရွက်ကိုသာ ကိုင်ဖတ်ချင်တယ်.။
    အခုတလော သူငယ်ချင်းတယောက်ဆီက အုပ်၂၀ကျော်၃၀လောက် ဓါးမြတိုက်ခဲ့တယ်..။

    ReplyDelete
  2. စာအုပ်ကိုင်ဖတ်ရတာပဲအားရတယ်။ ကွန်ပျူတာမှာ မတတ်သာလို့သာဖတ်နေရတာ။ စာအုပ်သာရလို့ကတော့ အီးဘုတ်ကို လှည့်ကိုမကြည့်ချင်ဘူး။ အဲလိုထိုင်ဖတ်လို့ရတဲ့စာအုပ်ဆိုင်မျိုး တစ်ခါမှ မကြုံဖူးဘူးမသက်ဝေရေ.. အဲလိုဆိုင်မျိုးပိတ်သွားတာ နှမြောစရာ... ဘယ်နိုင်ငံမှာမဆို စာအုပ်ဆိုင်ကောင်းကောင်းတွေ အများကြီးရှိစေချင်တယ်။

    ReplyDelete
  3. တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရဲ့ ဆိုးကျိုးတခုဖြစ်မယ်ထင်မိတယ် သူငယ်ချင်းရယ်။ ကိုယ်နှစ်သက်တဲ့ စာအုပ်လေးကို လက်မှာကိုင်ရင်း ဖတ်ရတဲ့ အရသာနဲ့ ကွန်ပျူတာမျက်နှာပြင်တို့ အိုင်ပက်တို့ပေါ်က ဖတ်ရတဲ့ E-book အရသာနဲ့က ဘယ်လိုမှ မတူနိုင်တာပဲ။ စိတ်မကောင်းဖြစ်မိပါတယ်။

    ReplyDelete
  4. အိုင်ပက်ကနေ အီးဘုတ်တွေ ဖတ်ကြည့်တော့ ကြာရှည် ဖတ်ရတာ မကောင်းဘူး၊ အိုင်ပက်က ခေတ္ဆ browsing လုပ်ဖို့ပဲ ကောင်းတယ် ၊ ပြီးတော့ presentation အတွက်ပဲ ကောင်းတယ် ဆိုတာ သိလာရတယ်၊

    နောက်ဆုံးတော့ စာအုပ်ပဲ ပြန်ကိုင်ဖြစ်တယ်၊
    ပိတ်ခဲ့တဲ့ စာအုပ်ဆိုင်တွေကို ရောက်ဖြစ်သေးတယ်။

    ReplyDelete
  5. စာအုပ်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်ပိတ်တာ ကြားရတာ ဘ၀င်မကျဘူး.. တကယ်တမ်း အင်တာနက်မှာ ဖတ်နိုင်တယ်ဆိုဦး.. စာအုပ်နဲ့ အင်တာနက်က တူကိုမတူတာ... တကယ်နှမြောစရာဗျာ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. အိုင်ပဒ်တွေကိုင်ဖတ်တာတော့တွေ့တယ်၊စာဖတ်နည်းသွားကြတာပိုဖြစ်နိုင်မလား...

    ReplyDelete
  7. barnes & noble ပိုင်ရှင်ကတော့ဒီနှစ်စူပါဘော၊နယူးရောက်နိုင်သွားလို့
    သူ့ဆိုင်တွေကိုကျားကန်နိုင်မယ်ထင်တယ်၊
    သူကသူ့မြို့ကအမြဲလောင်းနေကြ.. :)

    ReplyDelete
  8. ညီမ သက်ဝေရေ

    ဒီသတင်းကို ကြားရတာ တော်တော်စိတ်ညစ် သွားတယ်

    ကျေးကျေးညီမ

    ရွှေစင်ဦး

    ReplyDelete
  9. စာအုပ်ကိုင်ပြီးမိုးအေးအေးနဲ့ စောင်ခြုံလေးနဲ့ ဖတ်ရတဲ့အရသာကိုအကြိုက်ဆုံး။
    စာအုပ်ထဲမှာကိုယ်ကြိုက်တာကို high light လုပ်ရတာတို့ စတစ်ကာလေးနဲ့ ကပ်ပြီး မှတ်ထားရတာတို့ က ကွန်ပြူတာမှာဖတ်ပြီး high light လုပ်ရတာတို့  note ထဲ့ရတာတို့ နဲ့ အရသာ တခြားစီဘဲနော်။
    အိုင်အိုရာ

    ReplyDelete
  10. ဟုတ်တယ်နော် အစ်မသက်ဝေ။ စာအုပ်ဆိုင်တွေ တစ်ခုပြီး တစ်ခုပိတ်သွားတာဟာ Singapore အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ အတွေးတွေကိုလေးလေး နက်နက်တွေးတတ်တဲ့ အတွက် လေးစားပါတယ်ခင်ဗျာ၊

    ReplyDelete
  11. ဟုတ်တယ် မမသက်ဝေ..ကောက်ညှင်းပေါင်းခေတ်ကြီးရောက်နေပြီဆိုတော့ ပုံနှိပ်စာအုပ်တွေရဲ့ တန်ဖိုး ကျဆင်းနေပြီများလားလို့တောင် တွေးမိရတယ်။

    ReplyDelete
  12. စာအုပ်တွေဆိုတာ လူတွေရဲ့ အသိဥာဏ်တံခါး တွေကို ဖွင့်ပေးတဲ့ တံခါးတွေမို့ စာအုပ်ဆိုင်တွေ ပိတ်တာ..ဝမ်းနည်းစရာ ကောင်းတယ်နော်မမ ..

    ReplyDelete
  13. Vivo က Page One ကို အမြဲသွားနေကြ....ဆိုင်အပြင်အဆင်လေးကိုကြိုက်လို့....

    စိတ်မကောင်းဘူး....:(

    ReplyDelete
  14. အမရေ... အမပိုစ့်လေးဖတ်ပြီးတော့ ညီမတို့ရွှေပြည်ကြီးက လူမသိ၊ သူမသိပိတ်သွားတဲ့ စာအုပ်ဆိုင်လေးတွေကို ပြေးသတိရမိတယ်။

    ဒီမှာလိုတော့ ငှားခနေရာပြဿနာ အခက်အခဲကြောင့် မဟုတ်ဘူး။ တစ်အုပ်ကို မြန်မာငွေ ၁၀၀၀ ကျပ်နဲ့ အုပ် ၁၀၀၀ ရိုက်တာ၊အုပ် ၁၀၀၀ လုံးကုန်အောင် မရောင်းနိုင်ရင် အရှုံးပေါ်တာပဲ ပေါ့။ ဒါက တစ်အုပ်ကို ၁၀၀၀ ကျပ်နဲ့ရောင်းတဲ့ စာအုပ်တွေ။
    ဟိုးရှေးခေတ်က စာတွေကို ပြန်စုထုတ်တဲ့ စာအုပ်တွေလဲ လေး ငါးထောင်၊ တစ်သောင်းကျော်နဲ့ ရှိကြတယ်။ အဲ့လိုဈေးကြီးစာအုပ်တွေကို တချို့ဝယ်ဖတ်နိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် " တချို့ " ပဲဝယ်နိုင်တဲ့အတွက် စာအုပ်ဆိုင်တွေ၊ ထုတ်လုပ်သူတွေ အရှုံးပေါ်တာပါပဲ။

    ဖတ်တဲ့သူတွေဘက်ကကျပြန်တော့လဲ ကဗျာဆရာမိုးလှိုင်ညရဲ့ အက်ဆေးလား၊ ကဗျာလား သေချာမဖတ်မိတော့ဘူး။ အဲ့ဒီထဲမှာ သူပြောသလို စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးက ကျနော့်ညီမလေးရဲ့ ကျူရှင်ခ ပေးလို့ရတဲ့အတွက် စာအုပ်တွေကို ကျနော်တို့ဝယ်မဖတ်နိုင်တော့ဘူးဆိုလား ( အဓိပ္ပါယ်တူ၊ စာသားများလွဲနိုင် ) ... အဲ့လိုမျိုးတွေဖြစ်နေပြန်တော့

    mirror တစ်ယောက် ဘာတွေဝင်ပြီးအာချောင်မိပြန်ပြီ မသိပါဘူး။ :D

    လေးစားခင်မင်လျက်

    ReplyDelete
  15. ဒီမှာတော့ WH Smith ဆိုတာ နေရာတကာ ရှိနေတယ်.. Oxford မှာ စာအုပ်တွေ ဈေးပေါပေါနဲ့ ရောင်းတဲ့ ဆိုင်လေးလဲ ရှိသေးတယ်.. ဒါပေမယ့် အကြိုက်ဆုံးက နှစ်ပါတ်တခါ ဖွင့်တဲ့ ဈေးက ဆိုင်ရယ်.. British Heart Foundation တို့လို စာအုပ်အဟောင်းတွေ လူတွေ လှူတာကို ပြန်ရောင်းတာရယ်.. ဘုရားကျောင်းတွေမှာ ပုံပီး ရောင်းတာတွေရယ်.. မွှေရတာ ဘယ်လိုပျော်မှန်းမသိဘူး.. ဝယ်လိုက် ဖတ်လိုက်.. သိပ်မကြိုက်ရင် မသိမ်းထားပဲနဲ့ ပြန်လှူလိုက်..

    ebook တွေက ခရီးသွားတုန်း တခြားဘာမှ မပါလာရင်သာ ဖတ်ကောင်းတာပါ.. စာရွက်လှန်ရတဲ့ အရသာ.. စာအုပ်ဆိုင် ဝင်မွှေရတဲ့ အရသာ.. ဘာနဲ့မှ မတူဘူးနော် မမသက်ဝေ

    ReplyDelete
  16. အင်တာနက်ပေါ်က စာတွေ ဘယ်လောက်ဖတ်စရာများလာပစေ.. စာအုပ်ကို လက်ကကိုင်ပြီး ဖတ်ရတာလောက် အားမရတာ အမှန်ပါ.
    ညီမအထင်တော့ လူတွေဟာ စာအုပ်ကိုင်တဲ့အချိန်ထက် ကွန်ပျူတာရှေ့မှာ ရောက်နေတဲ့ အချိန်တွေက ပိုများလာတာကြောင့်လို့ထင်ပါတယ်
    တခြားမကြည့်ဘဲ ကိုယ့်ကိုယ်ကို ကြည့်ရင်တောင် ကွန်ပျုတာရှေ့ အချိန်ကုန်တာ ပိုများလာတာ သိသိသာသာတွေ့ရပါတယ်။
    ခုလို စာအုပ်ဆိုင်တွေ ပိတ်သွားတာ ကိုယ်တွေပါ ကြားထဲက မဆီမဆိုင် နှမြောနေမိတယ်။ စိတ်မကောင်းစရာဘဲ အစ်မရေ.

    ReplyDelete
  17. စာအုပ်ချစ်တတ်သူတွေအတွက် တကယ့်ကိုရင်နင့်စရာပါပဲ...
    ဒါကြောင့် တို့ကတော့ ဘာကမှ မချစ်တတ်အောင် နေတယ်...းD

    ReplyDelete
  18. မမရေ ဒိုးကန်လဲအဲစာအုပ်ဆိုင်ကြီးပိတ်သွားတာအင်မတန်မှ စိတ်မကောင်းဖြစ်ရတယ်
    ကျောင်းသားဘ၀တုန်းကဆိုအဲမှာစာသွားသွားဖတ်ရတာအမောဘဲ
    အိမ်ကပန်းစာအုပ်တွေ မုန့်စာအုပ်တွေ အ၀တ်ဒီဇိုင်းတွေမှာတိုင်း သွားရှာရတာ သိပ်သဘောကျခဲ့တာ .
    စာအုပ်ဖတ်ရတာက ဇိမ်တမျိုး ကွန်ပြူတာကတမျိုးမတူးဘူး .စာအုပ်ကိုပိုသဘောကျတယ်
    ခုတော့မလေး ကေအယ်က မက်ထရိုဂျာရာမှာ ဘော်ဒါစာအုပ်ဆိုင်ကြီးကိုတွေ့လို့ သဘောတကျကျနဲ့ သွားသွားဖတ်နေတယ်မမရေး)

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  19. အစ်မရေ.... ကော်မန့်ကို ဖျက်လိုက်မိတယ်။ ကော်ပီရှိရင် ညီမကို ပြန်ပို့ပေးနော်။ စကားလုံးထည့်ဖို့ ကျန်ခဲ့လို့။ :D

    ReplyDelete
  20. တကယ့်ကို စိတ်မကောင်းစရာသတင်းပါ...း(

    ညီမလည်း စာအုပ်ချစ်သူ၊ စာအုပ်ကို ဖတ်ကိုင်ရမှ ကျေနပ်အားရသူတစ်ယောက်ပါ။ ပိတ်သွားတဲ့ ဆိုင်ကြီးတွေက စာအုပ်တွေ လျှော့ဈေးရောင်းမယ်ကြားပေမယ့် မသွားဖြစ်ခဲ့ဘူး။ အစ်မလိုပဲ စာအုပ်ကိုဝယ်ပြီး ချက်ခြင်းမဖတ်နိုင်ရင်တောင် အပိုင်ရှိနေတာကို ကြည့်ပြီး စိတ်ချမ်းသာနေတာ။
    ဆိုင်ခန်းငှားခ ဈေးကြီးလာတာကြောင့်ရော၊ ရောင်းအားသိသိသာသာ ကျသွားတာကြောင့်ရော ဆက်ပြီးတောင့်မခံနိုင်တော့တာဖြစ်မယ်။
    ညီမ သတိထားမိသလောက် ခုခေတ် ကလေးတွေ၊ လူငယ်တွေက ဟိုခေတ်ကလို စာဖတ်အား မကောင်းကြတော့ဘူး။ စာဖတ်ဝါသနာ အရင်းခံရှိတဲ့ ကလေးတွေပဲ ဆက်ဖတ်နေကြတာ။ အများစုက ဂိမ်းကစားတာနဲ့ အွန်လိုင်းပေါ်မှာ အချိန်ကုန်သွားကြတော့ စာဖတ်အား သိသိသာသာနဲလာပြီး မဖြစ်မနေ ဖတ်ရတဲ့ ကျောင်းစာကလွဲရင် ကျန်တဲ့စာ သိပ်မဖတ်ဖြစ်ကြတော့ဘူး။း((

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...