Wednesday, February 15, 2012

နေ့သစ်


ပြောရလျှင် သူသည် အိပ်စက်ခြင်းကို နှစ်သက် စုံမက်သူ တဦးဖြစ်သည်။ အိပ်စက်ခြင်းကို စုံမက်သည် ဆိုရာတွင်လည်း လူတဦးချင်းစီအပေါ် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားနိုင်သေးသည်။ တချို့က ညဖက် စောစောအိပ်ရခြင်းကို နှစ်သက်၍ မနက်ကို စောစောထတတ်ကြသည်။ တချို့က ညတွေမှာ မိုးချုပ် ညဥ့်နက်အထိ နေရခြင်းကို နှစ်သက်ပြီး မနက်ကို နောက်ကျမှ ထတတ်ကြသည်။ တချို့တွေကတော့ ညလည်ကောင် တရေးနိုးချိန်တွေမှာ ထပြီး စာဖတ်ကြ ရုပ်ရှင်ကြည့်တတ်ကြသေးသည်။ ယေဘုယျအားဖြင့်တော့ သူသည် ညကို အတော်လေး နောက်ကျမှ အိပ်ရာဝင်ခြင်းကို နှစ်သက်သူတယောက်ဖြစ်ပြီး (အိပ်စက်ခြင်းကို မည်မျှ နှစ်သက်သည် ဖြစ်စေကာမူ) မနက်တွေမှာတော့ နှိုးစက်သံ ဆူဆူညံညံဖြင့် အလုပ်သွားရန် မဖြစ်မနေ နိုးထရသောသူ တယောက်လည်း ဖြစ်နေသေးသည်။

အလုပ်ဆင်းရသော နေ့ရက်တွေမှာ အနီးကပ် နောက်ဆုံးမိနစ်မှ အိပ်ရာထကာ ရေအမြန်ချိုးပြီး အလုပ်ကို ကတိုက်ကရိုက် သွားရလေ့ရှိသည်။ ထို့ကြောင့် နေ့စဉ်ဆိုသလိုပင် အလုပ်ကို စောစောရောက်တတ်သည်မရှိ… တခါတရံဆိုလျှင် အနည်းငယ်ပင် နောက်ကျတတ်သေးသည်။ မနက်ဆို အိပ်ရာမှမထချင်သော အကျင့်ဆိုးကို ပြင်ရန်မှာ နည်းလမ်း တလမ်းသာ ရှိသည်။ ထိုနည်းလမ်းမှာ ညတွေမှာ စောစောအိပ်ရာဝင်ရန်ပင် ဖြစ်သည်။ မနက်အိပ်ရာမှ မထချင် ထချင်ထပြီး ရုံးအလာ လမ်းတလျှောက်တွင် သူ စဉ်းစားမိသည်မှာ ဒီည စောစော အိပ်ရာဝင်မည် ဟူသော အကြောင်းပင်ဖြစ်သည်။ ဤမျှသာမက… ညနေ ရုံးဆင်း အိမ်ပြန်ခါနီးအချိန်မှာရော အိမ်အပြန်လမ်းတလျှောက်မှာရော စဉ်းစားနေမိသည်မှာလည်း အိမ်ရောက်ရင် စားသောက် ရေမိုးချိုးပြီး စောစောအိပ်ရာဝင်တော့မည် ဟူသတတ်…။ သို့သော်လည်း ထိုအကြံအစည်မှာ တရက်မျှ အောင်မြင်သည် မရှိ…။ ညတွေမှာ ဟိုလုပ် သည်လုပ် စာဖတ် ရုပ်ရှင်ကြည့် ကွန်ပျူတာ မျက်နှာအပ်ရင်း ညသန်းခေါင်ကို ကျော်မှန်းမသိ ကျော်သွားတတ်သည်ချည်းသာ…။ ထိုအခါ မနက်တွေမှာ ထုံးစံအတိုင်း မထချင် ထချင်ဖြင့် အိပ်ရာမှထ၊ ငြီးစီစီဖြစ်နေသော စိတ်အစဉ်၊ ကိုက်ချင်ချင်ဖြစ်နေသော ခေါင်းတို့ဖြင့် အလုပ်ကို တရွတ်ဆွဲ သွားရတော့သည်။

သည်မနက်မှာတော့ ကိစ္စတခုကြောင့် သူ မနက်အစောကြီး နိုးထခဲ့ရသည်။ ညထဲက မပိတ်ရသေးသော ကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်သောအချိန်မှာ အင်တာနက် ကွန်နက်ရှင်က ပြတ်တောက်သွားခဲ့လေသည်။ စမ်းတဝါးဝါးဖြင့် ဟိုဟိုသည်သည် နှိပ်ကြည့် ခလုပ်တွေကို အဖွင့် အပိတ် လုပ်ကြည့်သော်လည်း ထူးမခြားနား။ နာရီလက်တံတွေက မနက် ၆ နာရီကို ညွှန်ပြနေသည်။ သည်လိုနှင့် လက်လျှော့ကာ ပြူတင်းပေါက်မှတဆင့် အပြင်ကို လှမ်းကြည့်လိုက်မိသည်။

စကာင်္ပူ စံတော်ချိန် မနက် ၆ နာရီအချိန်သည် ကောင်းကင်တခုလုံး ပိန်းပိတ်အောင် မဲမှောင်နေဆဲ... လှမ်းမြင်နေရသော လူနေအိမ်ခန်းတွေမှာ တချို့သောအခန်းများက မီးလင်းနေကြသည်။ လူသွားစကြံန်မှ မီးများ၊ လမ်းမီးများလည်း လင်းနေကြသည်။ ကားမီးရောင်များကို ကြည့်ရင်း လမ်းမဆီမှာ ကား အသွားအလာ တော်တော်များနေပါပြီလား ဟု ကောက်ချက်ချမိသည်။ ကိုရွှေဥသြအပါအဝင် ကျေးငှက်ကလေးများကတော့ အိပ်မောကျနေဆဲ ဖြစ်ကြဟန်တူသည်။ ပတ်ဝန်းကျင်မှာ တိတ်တိတ်ဆိတ်ဆိတ်…။ ကြံရာမရသည့်အဆုံးမှာ ပြင်ပလေရှုရန် နှင့် ပတ်ဝန်းကျင်ကို စနည်းနာရန် ဟူသော အကြောင်းပြချက်တို့ဖြင့် အဝတ်လဲကာ အိမ်မှ ထွက်လာခဲ့လိုက်သည်။ မနက်စောစောမို့ အေးမှာပဲ ဟု တွေးကာ ခပ်ပါးပါး ဂျက်ကက်တထည်ကိုလည်း မမေ့မလျော့ ထပ်ဝတ်ခဲ့သေးသည်။

အိမ်ပေါ်မှ အဆင်း ဓါတ်လှေခါးထဲမှာ ကျောင်းဝတ်စုံများ ဝတ်ဆင်ထားကြသော ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးငယ်လေး နှစ်ယောက်ကို တွေ့လိုက်သောအခါ သူ အနည်းငယ် အံ့သြသွားသည်… ကလေးကျောင်းချိန်တွေက စောလှချေလား...။ အိမ်အောက်ကို ရောက်ပြီး ကားလမ်းမဖက်ကို လျှောက်လာလိုက်သောအခါ တရွေ့ရွေ့နှင့် သွားနေသော ကားမီး နီနီများကို စီတန်းလျှက် တွေ့ရသည်… အို… ကားလမ်းတွေက အခုချိန်ထဲက ပိတ်နေတာပဲ…။ ထိုအချိန်မှာပဲ ကျောင်းကြိုကားတစီးက သူ့အနီးမှာ လာရပ်ခဲ့တာ… ခုနက ဓါတ်လှေခါးထဲမှာ တွေ့ခဲ့ရသော ကျောင်းဝတ်စုံ ဆင်တူလေးများ ထိုကားပေါ်သို့ သူ့ထက်ငါ အလုအယက် အပြေးအလွှား တက်သွားကြ… ကားပေါ်မှာလည်း သူတို့လို တူညီဝတ်စုံဖြင့် ကျောင်းသားငယ်လေးများ၏ ဆူဆူညံညံ စကားပြောသံ ရယ်သံ မောသံများက ကားအပြင်ဖက်သို့ ဖိတ်လျှံကျ…။ ထိုအခါ မနက်တိုင်း အိပ်ရာမှ မထတမ်း အိပ်ပုတ်ချင်နေသော သူ အနည်းငယ် မလုံမလဲ ဖြစ်သွားခဲ့သည်။

ထိုကျောင်းကြိုကားလေး ထွက်သွားတော့ သူ့အကြည့်တွေက လမ်းပေါ်သို့ ရောက်သွားခဲ့သည်။ လမ်းဘေး ပလက်ဖေါင်းတလျှောက်မှာရော လူကူးမျဉ်းကြားမှာရော သွက်လက်သော ခြေလှမ်းများနှင့် လှုပ်ရှားသွားလာနေကြသော အရွယ်စုံ အရောင်စုံ ကျောင်းသား ကျောင်းသူများ ရုံးသမားများ… ကျောင်းဝတ်စုံဝတ် ကလေးငယ်များကို လက်ဆွဲကာ ရုံးဝတ်စုံတွေဖြင့် လမ်းကူးရန် လူကူး မီးအစိမ်းကို စောင့်နေကြသူများ… အားကစားဝတ်စုံ ကိုယ်စီဝတ်ဆင်ကာ လမ်းကို အပြေးတပိုင်း ခပ်သွက်သွက်လျှောက်နေကြသူများ... လမ်းမတလျှောက် မြင်ကွင်းမှာ စည်စည်ကားကား…။ သူတကြိမ်မှ မကြုံဖူးသော၊ သူ လုံးဝ ထင်မှတ်မထားသော မနက်စောစော မြင်ကွင်းတွေကို ခပ်ငေးငေးကြည့်နေရင်း ဟိုတွေး သည်တွေးနှင့် သူ လမ်းဆက်လျှောက်လာခဲ့သည်။

ကောင်းကင်ပေါ်မှာ အမှောင်ထု အနည်းငယ်ရော့ပါးသွားပြီး လင်းရောင်နီသဲ့သဲ့ကို မြင်နေရပြီ။ ထိုစဉ်မှာ မလှမ်းမကမ်းက မြက်ခင်းစိမ်းစိမ်းနှင့် ပန်းခြံသေးသေးလေးမှာ လှုပ်လှုပ်ရွရွနှင့် လူတစုကို သူ လှမ်းတွေ့လိုက်သည်။ အားလုံးသော ခန္ဒာကိုယ်များက တညီတညာထဲ လှုပ်ရှားနေကြသည်ပဲ…။ သူတို့တွေ ဘာများ လုပ်နေကြပါလိမ့်ဟု သိချင်ဇောနှင့် ခပ်သွက်သွက် ဆက်လျှောက်သွားလိုက်သည်။ အနီးကို ရောက်သောအခါ လေးတွဲ့တွဲ့ သီချင်းသံကိုလည်း ကြားရသည်။ ဟော… တွေ့ပြီ… အသက်ခပ်ကြီးကြီး အမျိုးသားတွေရော အမျိုးသမီးတွေရော တရုတ်လို တိုက်ကျိ ဟုခေါ်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေကြသည်ကိုး...။ လှုပ်ရှားမှုကြောင့် ချွေးစို့နေသော ထိုသူတို့၏ ခန္ဒာကိုယ်များကို မြင်သောအခါ သူ ဝတ်လာသော အပေါ်ဝတ် ဂျက်ကက်လေးကို ရုတ်တရက် ငုံ့ကြည့်ရင်း ရှက်သလို ခံစားလိုက်ရသည်။

ထိုစဉ်မှာ ရောင်နီသန်းလာသော ကောင်းကင်ကြီးကို မော့ကြည့်ကာ အလိုလိုနေရင်း သူ့စိတ်တွေ နွေးထွေး ပျော်ရွှင်လာသည်။ ငှက်ငယ်လေးများ၏ ကျီကျီကျာကျာ အသံများလည်း ကြားနေရပြီ…။ ဥသြကလည်း သူဆိုနေကျ တေးချင်းကို ဆိုနေပြီ...။ ပန်းခြံလေးထဲမှ သစ်ပင်အုပ်အုပ်လေးများမှ ပန်းရနံ့တချို့ကိုလည်း ရလာသည်…။ သေချာတယ်… ဒါဟာ နေ့သစ်ပဲ…

ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရသည့်အတိုင်း နေထွက်ရာအရပ်ကို မျက်နှာမူကာ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းရင်း သန့်ရှင်း လတ်ဆတ်သော လေနုအေးကို တဝကြီး ရှူရှိုက်လိုက်သည်။ ထိုအခိုက်အတန့်လေးမှာ ခန္ဒာကိုယ်မှာ လည်ပတ်နေသော သွေးတွေ နွေးထွေးသွားသလို ခံစားရပြီး လူက ပေါ့ပါး လန်းဆန်းလာသည်။ ထို့နောက် ခေါင်းရော ကိုယ်ကိုပါ ဘယ် ညာ အသာစောင်းငဲ့ကာ လေ့ကျင့်ခန်းလုပ်သလို လုပ်ကြည့်ရင်း သူ တယောက်တည်း အသံထွက်အောင် ရယ်မောလိုက်မိသည်။ ထို့အပြင် သူ့ကို ပြုံးစစနှင့် ကြည့်ရင်း တံမြက်စည်းလှည်းနေသော သန့်ရှင်းရေး အလုပ်သမားလေးကိုလည်း ဂွတ်မောနင်းဟု ကြည်ကြည်လင်လင် လှမ်းနှုတ်ဆက်လိုက်သေးသည်။

ဟော… အိမ်အောက်တွေမှာ၊ အိမ်ဝရန်တာတွေမှာ လင်းနေသော မီးပွင့်တွေ ငြိမ်းသွားပြီ။ ဒါဆို ၇ နာရီထိုးပြီဟု သူ သိလိုက်သည်။ ဒါဆို နောက်ထပ် အချိန်နာရီဝက်လောက် ရသေးသည်ပဲ။ ပေါ့ပါးပြီး ပျော်ရွှင်သာယာသော စိတ်အစဉ်ဖြင့် ထိုပန်းခြံသေးသေးလေးထဲမှာ လမ်းပတ်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။ ဝတ်လာသော ဂျက်ကက်ကို ချွတ်ကာ အနီးရှိ ခုံလေးတခုပေါ် လှမ်းတင်လိုက်သည်။ ပန်းခြံကလေး၏ မနက်ခင်း မြင်ကွင်းသည် အားကစားဝတ်စုံအပြည့်ဖြင့် လမ်းလျှောက်နေသူများ၊ ခွေးပုစိလေးများကို ကြိုးတန်းလန်းဖြင့် ဆွဲကာ လမ်းလျှောက်နေသူများ၊ လေ့ကျင့်ခန်း လုပ်နေသူများဖြင့် အသက်ဝင် စည်ကားလှသည်။

နာရီဝက်ကြာ လမ်းလျှောက်အပြီးမှာ အိမ်ပေါ်ပြန်တက် ရေချိုး ကော်ဖီသောက်ကာ ရုံးသို့ ထွက်လာခဲ့သည်။ လမ်းတလျှောက်မှာ မနက်စောစောထသောကြောင့် ရရှိခဲ့သော မြင်ကွင်း အဆန်းများနှင့် အတွေ့အကြုံ အသစ်များကို ပြန်လည် တွေးတော မြင်ယောင်ရင်း ကြည်လင် လန်းဆန်းမှုများနှင့်အတူ စိတ်ရော ကိုယ်ပါ ပေါ့ပါး သွက်လက်နေသည်ကို သိသိသာသာ ခံစားရသည်။

“ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ… စောစောစီးစီး စကားမများကြနဲ့… ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့ အချိန်ဝယ်… လေကောင်းတွေ ရှုရှိုက်ကြ သဘာဝကို မှီဝဲကြ… ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အား အသစ်တွေ ပေးလာမယ်…” ဟူသော သီချင်းတပိုင်းတစကို တီးတိုး ဆိုညည်းရင်း နောက်ဆိုလျှင် ညတွေမှာ စောစောအိပ်ရာဝင်ပြီး မနက် စောစောထကာ နေရောင်ခြည်တို့ဖြင့် နွေးထွေးလှပသော နေ့သစ်တွေကို ကြည်လင်စွာ ကြိုဆိုဖြစ်တော့မည်ဟု သူ့ကိုယ်သူ သေချာနေပါတော့သည်…။




22 comments:

  1. မယုံသေးဘူး၊ အိပ်ပုပ်မ...

    ReplyDelete
  2. အားပေးသွားတယ်နော်....အောင်မြင်ပါစေဗျာ.....

    ReplyDelete
  3. သာမီးလဲ ညဆိုစောစောမအိပ်တတ်ဘူး...
    ဒီနှစ်ဆောင်းတွင်းကို မနက်စောစောတခါမှမထသေးဘူး..။ ခါတိုင်းနှစ်ဆို လေးနာရီခွဲထ လမ်းလျှောက် ထိုက်ကျိသွားကစားတယ်...။ ညည အိပ်ယာဝင်နောက်ကျတဲ့အကျင့်ပြင်ရမယ်..။

    ReplyDelete
  4. အပေါ် ၂ ပိုဒ်ကတော့ ကျနော်နဲ့ ကွက်တိပဲ။ အိပ်ယာထချိန်ကတည်းက ဒီညတော့ စောစောအိပ်မှပဲ လို့ စတွေးမိတာ ညရောက်တဲ့အထိပဲ။ ပြီးတော့လည်း ထုံးစံအတိုင်း ဇီးကွက်ပါပဲ။

    အဲဒီထက်ဆိုးတာက ည ၉ နာရီလောက် အိပ်ပျော်သွားခဲ့ရင် ည ၂ နာရီကျော်လောက်ဆို အိပ်ရေးဝသလိုကို ဖြစ်ပြီး ပြန်နိုးလာတော့တယ်။ အမှောင်နဲ့ချစ်သူတွေ ဖြစ်နေပြီနဲ့ တူပါရဲ့။

    ReplyDelete
  5. စောအိပ်မယ် စိတ်ကူးတယ်..။
    ၁၂ထိုးတော့မယ်လေ..။
    ပုံလေးက လှတယ်..။

    ပေါက်

    ReplyDelete
  6. We are the same....We are the owls...Sometimes we need to try to get up early and peek the beaty of dawn.It taste sooooooooo good:)
    Gyidaw

    ReplyDelete
  7. အိပ်ရာဝင်နောက်ကျသလို စောစောထတက်တဲ့ အကျင့်လည်း ပျောက်နေတာ ကြာပြီမမရေ..:):)

    ReplyDelete
  8. စောစောအိပ်လို့စောစောထလို့
    စောစောနှုတ်ဆက်ကြပါစို့
    ဒို့ ကအာရုံဦးကိုမြင်ပြီးမှစိတ်ချလက်ချအိပ်နေကြ..:)

    ReplyDelete
  9. ဟုတ်တယ်အမ ..စောစောအမြဲအိပ်ပါတယ်.... ခိခိ..ဒါပေမယ့် မနက်စောစောဖြစ်နေတာလေးတခုပဲ ...

    ချစ်တဲ့
    ဝသုန်

    ReplyDelete
  10. ဂျင်းလည်း မနက်စောစောမထတတ်တဲ့သူထဲမှာ ပါတယ်....

    ReplyDelete
  11. ချစ်စရာကောင်းလိုက်တဲ့.. မနက်ခင်းလေးဗျာ.. နံနက်ခင်းဆိုတာ ကျက်သရေမင်္ဂလာနဲ့ ပြည့်နေတာမို့ ဘာကြည့်ကြည့် သိပ်လှနေတာပဲနော်..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  12. စောစောထချင်ပါတယ် အစ်မသက်ဝေ
    ဒါပေမယ့် ညတွေကို အိပ်ပစ်ရမှာ နှမြောလို့ပါ
    ( ဟိ .... ဆင်ခြေ ဆင်ခြေ )

    ReplyDelete
  13. စောစောအိပ်မယ်တွေးလိုက်
    မနက်စောစောမှအိပ်လိုက်
    ဖြစ်နေတယ်။
    မနက်စောစောကိုချစ်တယ်။ ဒါပေမဲ့ထကိုမထချင်ဘူး။
    အိုင်အိုရာ

    ReplyDelete
  14. အစ်မသက်ဝေ...
    ချစ်စရာအက်ဆေးလေး...
    မြသွေးတော့ မနက်ခင်းသစ်လေးတွေနဲ့ မကြုံတာ ကြာပြီ။ အိပ်တာကိုက မနက်၂နာရီလောက်မှ...။ ဆိုတော့...၇နာရီတို Alarm နဲ့ လူးလဲထရတာ..။ :)

    ReplyDelete
  15. မနက် ၆ခွဲ ထပြေးတော့ အိမ်နားကလေးတွေက ကျောင်းတောင်သွားနေပီ တချို့ အစောကြီးထကြရတယ် သနားပါတယ် ကျောင်းက ဝေးလို့ တဲ့။

    ReplyDelete
  16. ဂယ်လားဟင်။ စောစောထမယ် ဆိုတာ။ ဟီး... နောက်တာနော် အစ်မသက်ဝေ။ အစ်မရဲ့ လေးကိုဖတ်ရင်း နံနက်ခင်းရဲ့ လေကောင်း၊ လေသန့်တွေ ရနေမိတယ်။

    ReplyDelete
  17. ဒါဆိုဂွတ်မောနင်းပေါ့နော .မမသက်ဝေး)

    ReplyDelete
  18. အိပ်ရာမှ စောစော နိုးလေ့ရှိသော ကျွန်မသည် ငှက်ကလေးများ၏ အိပ်ရာထချိန်ကို ကောင်းကောင်းကြီး သတိထားမိသည်၊
    တခါတရံ ငှက်ကလေးများ၏ အရင် နိုးမိလျှင် သူတို့လေးတွေ၏ “ကောင်းသော နံနက်ခင်းပါ” ဟု နုတ်ဆက်တေးသံများကို ကြားရတတ်သည်၊ နိုးသော်လည်း ငါးမိနစ် ငါးမိနစ်နှင့်
    အိပ်ရာမှ မထသေးပဲ ဇိမ်ယူနေသေးသော ကိုယ့်ကိုယ်ကို သဘောကျမိပြီး ပြုံးမိရသည့် အခါလည်း ရှိပါသည်၊

    သို့သော် နံနက်ခင်းသည် ချိုမြိန်လှသည်ကို အမြဲမခံယူနိုင်သော ကိုယ်တိုင်အပြစ်အား အားမလိုအားမရ ဖြစ်ရသည်မှာ အခါခါ ဖြစ်သည်။

    (အရေးအဖွဲ့ကို အားကျလို့ ဆက်ရေးကြည့်တာ :)

    ReplyDelete
  19. ကြည်လင်တဲ့ မနက်ခင်းလေးပါ
    ဘာရေးရေး ချစ်စရာကောင်းနေတော့တာပဲ...း)

    ReplyDelete
  20. ညီမ ငယ်ငယ်ကဆို မနက်အစောကြီးပဲ စာထကျက်တတ်တာ။ မေမေက ညည့်နက်အောင် နေတာမကြိုက်လို့ စောစောအိပ်ရတယ်။ ခုများတော့ တခြားစီပဲ မရေ။ အဲလိုနေ့သစ်တွေကို ရင်ဆိုင်ဖို့ကြိုးစားရင်း နှစ်သာပေါက်လာတာ အကောင်အထည်က မဖော်နိုင်သေးဘူး။ :D

    ReplyDelete
  21. စင်္ကာပူမှာနေတုံးက အလုပ်သွားရခါနီးမှ ကမန်းကတမ်းထ ရေချိုး တက်သုတ်ရိုက်သွားရတာ သတိရတယ်။ ဟော ပိတ်ရက်တွေဆို ရုံးမသွားရဘူးဆိုတာ သိတော့ မနက် ၆နာရီဆို လူကနိုးပြီ။ ထနေပြီ။

    အရေးအသားကတော့ တစ်ပုဒ်ဖတ်ပြီးတိုင်း ကောင်းလိုက်တာလို့ စိတ်ထဲက ပြောနေမိတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...