Friday, May 18, 2012

အစိမ်းရောင် ဖိုးဘီးယား*

(Picture from Google)

ကိုယ်နားလည်တဲ့ အစိမ်းရောင်ဟာ-
သဘာဝရဲ့ အရောင်ဖြစ်တယ် အဝါနဲ့ အပြာတို့ရဲ့ စည်းချက်ညီညီ ပေါင်းစပ်ခြင်းဖြစ်တယ် တရားမျှတခြင်းရဲ့ အရောင်ဖြစ်တယ် သစ်ပင်တွေရဲ့ အရောင်ဖြစ်တယ် ပင်လယ်ရဲ့ အရောင်ဖြစ်တယ် မြက်ခင်းတွေရဲ့ အရောင်ဖြစ်တယ် တွင်းထွက်ကျောက်စိမ်းတွေရဲ့ အရောင်ဖြစ်တယ် သက်ရှိသတ္တဝါတချို့ရဲ့ အသားအရောင်ဖြစ်တယ် အဲဒါတွေအပြင် အစိမ်းရောင်ဟာ ဟန်နီကန်ဘီယာဗူးခွံတခုရဲ့ အရောင်လည်း ဖြစ်သေးတယ်

ကိုယ်နှစ်သက်တဲ့ အစိမ်းရောင်ဟာ-
အသစ်တဖန် ပြန်လည်မွေးဖွားခြင်းရဲ့ သင်္ကေတဖြစ်တယ် နုနယ် ပျိုမြစ်လန်းဆန်းခြင်းရဲ့ သင်္ကေတ ဖြစ်တယ် အချိုးတကျ ဖွံ့ဖြိုးကြီးထွားလာခြင်းရဲ့ သင်္ကေတ ဖြစ်တယ် တောင့်တ မျှော်လင့်ခြင်းရဲ့သင်္ကေတ ဖြစ်တယ် ခေါင်းညိတ် ခွင့်ပြုခြင်းနဲ့ လိုက်လျောခြင်းရဲ့ သင်္ကေတဖြစ်တယ် အပူ အအေး မျှတခြင်းရဲ့ သင်္ကေတဖြစ်တယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ သင်္ကေတဖြစ်တယ်
အဲဒါတွေအပြင် အစိမ်းရောင်ဟာ စတားဘတ်ခ်ကော်ဖီဆိုင်ရဲ့ သင်္ကေတလည်း ဖြစ်သေးတယ်

ကိုယ်မသိလိုက်တဲ့ အစိမ်းရောင်မှာ-
ဖျိုးကနဲ ဖျတ်ကနဲ ကိုယ်ရောင်ဖျောက်နိုင်တဲ့ သတ္တိရှိတယ် မလိုလားအပ်တဲ့ အရိုင်းဆန်မှုတွေ ပါဝင်တယ် ထင်ရှားတဲ့ စိမ်းကား မုန်းတီးမှုတွေ ပါဝင်တယ် သွေးအေးတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်တယ် မနာလို ဝန်တိုခြင်းတွေ ပါဝင်တယ် ထိတ်လန့် တုန်လှုပ်ခြင်းတွေ ပါဝင်တယ်
အဲဒါတွေအပြင် အစိမ်းရောင်မှာ အေးစက်တဲ့ နာဖျားနေမှုတွေလည်း ပါဝင်သေးတယ်

ကိုယ်မြင်လိုက်ရတဲ့ အစိမ်းရောင်မှာ-
အလျင်စလိုနိုင်မှုတွေ နဲ့အတူ အလောတကြီးနိုင်မှုတွေ ပါဝင်တယ် မလိုအပ်တဲ့ အမှားအယွင်းပေါင်း မြောက်များစွာ ပါဝင်တယ် မယုံကြည်နိုင်စရာ… တစက္ကန့်… နှစ်စက္ကန့်… သုံး လေး စက္ကန့်… မျက်တောင်တခတ်အောက်က အံ့သြဖွယ်ရာ ပြောင်းလဲမှုတွေ ပါဝင်တယ် ကုသိုလ်ကံ အကုသိုလ်ကံ… အဲဒီလို ကံတွေနဲ့အတူ တားဆီးလို့မရတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ ပါဝင်တယ် ပြုပြင်ယူလို့ မရတော့တဲ့ နောက်ကျခြင်းတွေ ပါဝင်တယ်
အဲဒါတွေအပြင် ပြင်းထန် ကျယ်လောင်တဲ့ ပေါက်ကွဲသံတခုလည်း ပါဝင်သေးတယ်

အစိမ်းရောင် မီးပွင့်တခုရဲ့ အလွန်မှာ-
အဖြူရောင်လွင်ပြင်ကျယ်ကြီးတခုထဲကို အလင်းတန်းတချို့ အရှိန်ပြင်းပြင်းနဲ့ ဖြတ်ပြေးသွားတယ် အနီရောင်နဲ့ အပြာရောင်တို့ တမဟုတ်ချင်း ရောနှောပေါင်းစပ်သွားတယ် ရှိလက်စ အပျော်တွေ အမြန်ဆုံး နိဂုံးချုပ်သွားတယ် ပျိုမြစ်ခြင်းတွေ အပိုင်းပိုင်း အစစ အက်ကွဲ ကြေမွသွားတယ် ရှင်သန်ခြင်းတွေ အဝေးကြီးကို လွင့်စင်သွားတယ်

နောက်ဆုံးတော့ အဲဒီ အစိမ်းရောင်ထဲမှာ ပြန်လည် ဆယ်ယူလို့မရတဲ့ အရှက် သိက္ခာနဲ့ အတူ ညည်းတွား ငိုကြွေးနေကြတဲ့ ဘဝပေါင်းများစွာ ပါသွားလေတယ်…



ဖိုးဘီးယား* = Phobia

12 comments:

  1. ဘဝများစွာကိုဖျက်ဆီးပစ်တဲ့အစိမ်းရောင်တွေကိုမုန်းတီးလိုက်တာ..

    ReplyDelete
  2. ငါ့အမရေးတတ်လိုက်တာ

    ReplyDelete
  3. ဟုတ်တယ် အဲဒီအစိမ်းရောင်အကြောင်းပေါ့ တွေးမိရင်တော်တော်စိတ်မသက်သာဘူး။ မနက်အစောကြီး taxi စီးရမှာအရမ်းကြောက်မိတယ်

    ReplyDelete
  4. မယဉ်ကျေးသေးတဲ့ အစိမ်းရောင်နေ့များကုန်လွန်ပါစေ.....

    ReplyDelete
  5. အရောင်ကိုခံစားပြီးဖွဲ့ဆိုထားတဲ့စာစုလေး ... နှစ်သက်တယ်...

    ReplyDelete
  6. အစိမ်းရောင်နဲ့ ပတ်သက်တာတွေ အများကြီးပဲ။ သုံးနေတဲ့ မောက်စ်ပက်ဒ်က အစိမ်းရောင်။ ရုံးက ပါတေးရှင်းက အစိမ်းရောင်၊ ပြူတင်းပေါက်က တစ်ဆင့် မြင်နေရတဲ့ အပင်တွေက အစိမ်းရောင်။ ဘုရားပန်းသစ်ခွကလည်း အစိမ်းရောင်ပဲ။ ဟူးးးးးးး နှစ်သက်စရာ အစိမ်း၊ တုန်လှုပ်စရာ အစိမ်း...........။ မီးပွိုင့်အစိမ်းတွေမြင်ရင် အရင်လို ဖျတ်ကနဲ ကူးမိမယ် မထင်တော့ဘူး.......
    ဖိုဘီးယားးးးးးးးးးးခံစားသွားတယ်...

    ReplyDelete
  7. စိမ်းကားခြင်း နဲ့ အေးမြခြင်း အဓိပ္ဗါယ် အမျိုးမျိုးနဲ့ အစိမ်းရောင် ကိုဖတ်သွားပါတယ်..

    ReplyDelete
  8. အစိမ်းရောင်နှစ်သက်သူမို့ အစိမ်းရောင်အကြောင်း ရေးထားတာလေးကို သေသေချာချာ ခံစားသွားပါတယ်။ မီးစိမ်းသွားလည်း ကိုယ့်ဘက်က ဘယ်လောက်မှန်မှန် တစ်ဖက်လူက အမှားလုပ်ရင် ခံရတတ်တာမို့ မီးစိမ်းလည်း အမြဲသတိထားနေမိတယ်။

    လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  9. အရင်က အစိမ်းရောင်ဆို ဘာမဆို နှစ်သက်မိခဲ့မိသလောက်..
    အခုဆို အစိမ်းရောင်ထဲက အစိမ်းရောင်တချို့ကိုသာ လက်ခံနိုင်တော့တယ်။ အစိမ်းရောင်အချို့က ဘ၀တွေကို အစိမ်းလိုက် ၀ါးမြိုချသွားပစ်ခဲ့တာကိုး...

    ReplyDelete
  10. တော်လိုက်တဲ့ အမသက် .. ၂ ခါပြန်ဖတ်ရတယ်.. အစိမ်းက ကျွန်တော့အကြိုက်ဆုံးအရောင်ပဲ... အမှန်တော့ လူတွေလုပ်ထားတဲ့ စည်းမျဉ်းတွေကို လူတွေကသာ သစ္စာ မရှိစွာ ချိုးဖေါက်ကြတာမို့ .. အသက်မရှိတဲ့ အရောင်တွေမှာ အပြစ် မရှိလှပါဘူး.. အစိမ်း ဟာ အမြဲ ကျွန်တော့ ရဲ့ Favorite ဖြစ်နေဦးမှာ ပါ...း))

    ReplyDelete
  11. အပြစ်မဲ့တဲ့အစိမ်းရောင်လေးကို သူ့ဝန်းကျင်ရဲ့ အရိပ်ဆိုးတွေကြောင့် လူတွေရဲ့ အထင်လွဲ မုန်းတီးမှုကို ခံစားနေရပြီထင်ပါတယ် မသက်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. အဲ ဒါေ တွ အ ပြ င် အ စိ မ်းေ ရာ င် ဟာ
    စ တား ဘ တ် ခ်ေ ကာ် ဖီ ဆို င် ရဲ့ သေ င်္က တ လ ည်း ဖြ စ်ေ သး တ ယ် . . . . . . )))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...