Monday, November 5, 2012

အသည်း အသက်နဲ့ ထပ်တူ


မနေ့က ညကိုးနာရီခွဲ သတင်းကြေငြာချိန်မှာ ဖြစ်ပါတယ်။
အမှတ်တမဲ့ နားထဲဝင်လာတဲ့ သတင်းကြေငြာသံတခုကြောင့် တီဗီကို လှမ်းကြည့်လိုက်မိပါတယ်…။ တမိနစ်လောက် ရှိတဲ့ သတင်းကြေငြာချက်ကို နားထောင်အပြီးမှာ စိတ်ထဲ ၀မ်းသာ ကြည်နူးသလိုလို၊ ၀မ်းနည်းမိသလိုလို ဝေခွဲမရတဲ့ ခံစားမှုတခုကြောင့် အဲဒီသတင်းနဲ့ ပတ်သက်တဲ့ စာမျက်နှာတချို့ကို လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်…။ အခု အဲဒီသတင်းလေးကို ကြည်နူးစရာ ဇာတ်လမ်းလေးတခုအနေနဲ့ “အသဲ အသက်နဲ့ ထပ်တူ” လို့ ခေါင်းစဉ်တပ်ပြီး ဝေမျှလိုက်ပါတယ်…။ ဇာတ်လမ်းလေးက ဒီလိုပါ…

Su Dan ဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး ဘေဂျင်းမြို့မှာ နေထိုင်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ Tian ဆိုသူနဲ့ အိမ်ထောင်ပြုခဲ့ပြီး ကွန်ပျူတာနဲ့ ပတ်သက်တဲ့ Company တခုကို တည်ထောင်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်…။ သူတို့ ဇနီးမောင်နှံမှာ ခြောက်နှစ်အရွယ် သမီးလေးတယောက် ရှိပါတယ်…။ သို့သော် Su Dan တို့ ဇနီးမောင်နှံဟာ သူတို့ Company ရဲ့ စီမံခန့်ခွဲမှုရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများကြရာက စိတ်မြန်လက်မြန်နဲ့ ၂၀၁၂ ဂျူလိုင်လမှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်…။


အဲဒီလို ကွာရှင်းပြတ်စဲပြီး နှစ်လအကြာမှာ Tian ဟာ အသဲကင်ဆာ (Liver Cirrhosis) ဝေဒနာ ခံစားနေရပြီလို့ သိလိုက်ရပါတယ်…။ ဒီရောဂါအတွက် အသဲအစားထိုးပြီး ကုသဖို့ အသဲ အလှူရှင်တယောက် အရေးတကြီး လိုအပ်နေပါပြီ…။ သို့သော် Tian အရှေ့မှာ အဲဒီလို အသဲအစားထိုး ကုသဖို့ အသဲအလှူရှင်ကို တန်းစီပြီး စောင့်နေကြတဲ့ လူနာ ဆယ်ယောက် ရှိနေပါတယ်…။


အဲဒီသတင်းကို ကြားရတဲ့ Su Dan ဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Tian ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူမရဲ့ အသဲ တစိတ်တပိုင်းကို ခွဲဝေမျှပေးဖို့ ဆေးရုံက Ethics Review Committee ကို ခွင့်တောင်းပါတယ်…။ ကံကောင်းချင်တော့ သူမရဲ့ သွေးအုပ်စု၊ Tissue Type အစရှိတာတွေကလည်း လူနာဖြစ်သူ Tian ရဲ့လိုအပ်ချက်နဲ့ ထပ်တူ ကိုက်ညီနေပါတယ်…။


ဒီနေရာမှာ ပြောစရာရှိတာက တရုတ်နိုင်ငံရဲ့ ဥပဒေ စည်းကမ်း စည်းမျဉ်းအရ အခုလို ကိုယ်ခန္ဒာ အစားထိုး ကုသတဲ့နေရာမှာ အသက်ရှင်လျက်ရှိတဲ့ အလှူရှင်ဟာ လူနာရဲ့ ဆွေမျိုးသားချင်း (သို့မဟုတ်) ဇနီး ခင်ပွန်း တော်စပ်သူ တယောက်ယောက် ဖြစ်ရပါမယ်…။ အဲဒါကြောင့် Su Dan ဟာ သူ ချစ်တဲ့ သူ့ ခင်ပွန်းရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဥပဒေနဲ့ ကိုက်ညီအောင် Tian နဲ့ ပြန်လည် လက်ခံပြီး လက်ထပ် ထိမ်းမြားခဲ့ပါတယ်။


သို့သော်လည်း Ethics Review Committee အဖွဲ့ဝင်များက Su Dan ရဲ့ တောင်းဆိုမှု နောက်ကွယ်မှာ ငွေကြေးနဲ့ ဆက်စပ် ပတ်သက်မှု တစုံတရာ ရှိနေနိုင်တယ်လို့ ယူဆတာကြောင့် Su Dan ရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။


ကံကောင်းချင်တော့ အဲဒီ အသဲအစားထိုးကုသဖို့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက Su Dan ဟာ သူ့ ခင်ပွန်းဖြစ်သူကို တကယ် စစ်စစ်မှန်မှန် ချစ်မြတ်နိုးလို့ အခုလို သူ့အသဲကို အစားထိုးစေပြီး Tian အသက်ကို ကယ်တင်လိုတယ်ဆိုတာ နားလည်စွာနဲ့ လက်ခံတဲ့အတွက် Su Dan ကို ဒုတိယ အခွင့်အရေးပေးခဲ့ပါတယ်…။ အဲဒါကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဗဟူးနေ့က Su Dan ရဲ့ အသဲ တချို့ တ၀က်ကို Tian ဆီကို အစားထိုးပြီးတော့ ကုသပေးခဲ့ပါတယ်။ စုစုပေါင်း ၁၅ နာရီကြာမြင့်အပြီးမှာ နှစ်ယောက်စလုံးကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်…။


အခုလို ခွဲစိတ်ကုသမှုအပြီးမှာ Tian ဟာ ဆေးရုံမှာ တပတ်ခန့် အနားယူ နေထိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာ သောက်ဆေးတချို့ကို ပုံမှန် သောက်နေရမှာကလွဲလို့ သာမန်လူကောင်း တယောက်လိုပဲ ကျန်းမာတဲ့သူ ဖြစ်သွားပါပြီ။ Su Dan ကလည်း ခွဲစိတ်ပြီး သုံးရက်အကြာမှာ ICU လို့ ခေါ်တဲ့ Intensive Care Unit ထဲမှာ ပုံမှန် လမ်းပြန်လျှောက်နိုင်ပါပြီ။ သူ့ဆီက ဖြတ်တောက်ပေးလိုက်လို့ ရော့ပါးသွားတဲ့ အသဲဟာ နောက် ခြောက်လအတွင်းမှာ ပုံမှန်အရွယ်အစားကို ပြန်လည် ပြည့်ဝလာမှာ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်အကြောင်းကို သိကြတဲ့ သူတို့ပတ်ဝန်းကျင်က ဆွေမျိုး မိတ်ဆွေတွေ၊ ဆေးရုံအသိုင်းအ၀ိုင်းက ဆရာဝန်တွေ သူနာပြု ဆရာမတွေ အားလုံးက Su Dan ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ အနစ်နာခံ စွန့်လွှတ်နိုင်မှုတို့ကို တသသနဲ့ ပြောမဆုံး ချီးကျူးမဆုံး ဖြစ်နေကြပါတယ်။


ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ…။

အဲဒီဇာတ်လမ်းလေးကို အခုလို ဝေမျှအပြီးမှာ ကျွန်မ စိတ်ထဲမှာ တွေးမိတာ နှစ်ခု ရှိပါတယ်…။

ပထမတခုက ကိုယ်တိုင် ထူထောင်ထားတဲ့ အိမ်ထောင်တခုကို တော်ရုံတန်ရုံ စိတ်ဆိုးရုံ ဒေါသဖြစ်ရုံနဲ့ လွယ်လင့်တကူ ပြီးတော့ အလျင်စလို စိတ်လိုက်မာန်ပါ ကွာရှင်း ပြတ်စဲတာမျိုး မလုပ်ကြပဲ ဘာပဲဖြစ်ဖြစ် တယောက်ကို တယောက် ချစ်ခင်မြတ်နိုးတဲ့ စိတ်ကလေးနဲ့ နားလည်မှုရှိရှိ ညှိနှိုင်းယူကြရင် ကောင်းမှာပဲ လို့ တွေးမိပါတယ်။ လောလောဆယ်ကို ကျွန်မ ပါတ်ဝန်းကျင်မှာ အဲဒီလို အလျင်စလို ကွဲကြ ကွာကြတဲ့ ဇနီးမောင်နှံတွေနဲ့ ထစ်ကနဲရှိ ကွဲမယ် ကွာမယ် တကဲကဲဖြစ်နေတဲ့ ဇနီးမောင်နှံတွေ တော်တော်များများ ရှိနေလို့ပါ။


နောက်တခုကတော့ အမျိုးသမီးတွေမှာ ရှိကြတဲ့ မိခင်စိတ် ရောယှက်နေတဲ့ ကြီးမားတဲ့ မေတ္တာအကြောင်းပါ။ Su Dan ဟာ သူ့ ခင်ပွန်း Tian ကို တော်ရုံတန်ရုံ မေတ္တာစိတ်မျိုးနဲ့ အခုလို ဆုံးဖြတ်နိုင်ဖို့ မလွယ်လှပါဘူး။ တကယ်ကို လေးနက်တဲ့ မေတ္တာစိတ်နဲ့ ချစ်ခင် စာနာတဲ့စိတ်မျိုးရှိနေလို့သာ အခုလို ဆုံးဖြတ်နိုင်တာပါ။ ပြောရရင် ကျွန်မဟာ ပြင်းထန်တဲ့ Feminist တယောက် မဟုတ်ပါဘူး။ ဒါပေမယ့် Su Dan နေရာမှာ Tian သာ ဆို သူနဲ့ ကွာရှင်း ပြတ်စဲပြီးသား ဇနီးဟောင်းတယောက်ကို ခင်ပွန်းဟောင်းတယောက် အနေနဲ့ အခုလို မေတ္တာစိတ် အပြည့်ထားပြီး စွန့်စွန့်စားစား အသက်ကယ်နိုင်ပါ့မလား လို့ တွေးနေမိတာပါပဲ…။




မှတ်ချက် - ၂၀၁၂ ဒီဇင်ဘာလ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Reference က ဒီနေရာ မှာပါ


22 comments:

  1. နှစ်ယောက်ကြားမှ စိတ်နာလောက်အောင် ဆက်ဆံရေးမဆိုးဝါးခဲ့ဘူးထင်တယ်နော် .. ဒါမှမဟုတ် ရှိခဲ့သည့်တိုင်အောင် အမျိုးသမီးဘက်က သဘောထားကြီးတာလား .. အဲ့ယောကျားကုသိုလ်ကံလည်းပါမယ်ပေါ့လေ .. :D

    ReplyDelete
  2. မြသွေးတော့ ဖတ်အပြီးတွေးနေမိတာက ...
    အသည်းတစ်ခုကို နှစ်ယောက်မျှဝေပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက် ပြန်လည်သင့်မြတ်လက်တွဲကြလေမလား??..
    တစ်ဦးကိုတစ်ဦးအပြန်အလှန် ပိုနားလည်တန်ဖိုးထားလာလေကြမလား...??

    ReplyDelete
  3. အစ်မရယ်.. လူတစ်ယောက်ကို နားလည်ဖို့ဆိုတာ..အဲဒီလူရဲ့နေရာကို ရောက်ဖူးမှ ပိုသိနိုင်တယ်.။ အိမ်ထောင်တစ်ခုမှာ တစ်ဖက်သတ်ကြီး တစ်ယောက်တည်းက ခွင့်လွှတ်... နားလည်နေလို့ မဖြစ်ဘူးလေ...။ သာယာတဲ့ အိမ်ထောင်ပိုင်ရှင် ကြင်နာတတ်တဲ့ အိမ်ထောင်ဘက်ကို ရထားသူအဖို့ ... မပြေလည်တဲ့ ဘ၀တွေကို သေချာ နားလည်နိုင်မယ် မထင်ပါဘူး။ ဘယ်သူမှ ကိုယ်တည်ဆောက်ထားတဲ့ အိမ်ထောင်ကို အလွယ်တကူ မပြိုကွဲချင်ကြပါဘူး..။ စိတ်ပိုင်းဆိုင်ရာအားဖြင့် အရမ်းကို နာကြင်ရတယ်။ တော်ရုံတန်ရုံ စိတ်ဆိုးဒေါသဖြစ်ရုံနဲ့တော့ ဘယ်သူမှ ဒီလမ်းကိုရွေးမယ် မထင်ပါဘူး။ if Your were in their shoes....

    ReplyDelete
  4. အသဲ အသက်နဲ့ ထပ်တူတစ်ဦးကိုတစ်ဦးအပြန်အလှန် ပိုနားလည်တန်ဖိုးထားလာကြမယ်ပေါ့

    ReplyDelete
  5. အမျိုးသမီးက အတော်ချစ်တယ်နဲ့တူတယ်။ ကွဲကွာဖို့ထိ ဘာတွေ ဖြစ်ဖူးတယ်မှ မသိရတာနော်။ အတူကြာရှည်စွာနေခဲ့ဖူးတဲ့ သံယျောဇဉ်ဆိုတာလဲ ရှိသေးတာကိုး။

    ReplyDelete
  6. ဟုတ်တယ်၊ ဝမ်းနည်းဝမ်းသာ ခံစားမှု နှစ်မျိုးရတဲ့ အဖြစ်အပျက် ပါပဲ၊ သေခြင်းတရားက ခင်ပွန်းဟောင်းကို တံခါးလောက်ခေါက်တဲ့အခါ သတ္တိရှိရှိ မိခင်စိတ်နဲ့ ပြုမှုခဲ့တာ လေးစားစရာပါ...။

    ReplyDelete
  7. Anonymous သို့ ...

    ခုလို နာကျင်စေဖို့  လုံးဝ မရည်ရွယ်ပါဘူး... တနေ့ ကပဲ မိတ်ဆွေတယောက်ကို နှစ်သိမ့် ဖြောင်းဖြခဲ့ရတာမို့  လောလောလတ်လတ် ခေါင်းထဲ ရောက်လာတဲ့ အကြောင်းအရာ တခု... သေသေချာချာ ညှိကြပါအုံးလို့  နားချဖြစ်လိုက်တဲ့ အချိန်ပိုင်းလေးကိုသတိရလို့  ရေးလိုက်မိတာပါ...
    ကိုယ်ဟာ လူတွေကို အတတ်နိုင်ဆုံး နားလည်ပေးချင်သူ တယောက် စိတ်ချမ်းသာစေချင်သူ တယောက်သာ ဖြစ်ပါတယ်... ကိုယ့်ပိုစ့်ကြောင့် စိတ်မကောင်းဖြစ်သွားရတယ်ဆိုရင် တောင်းပန်ပါတယ်...

    သက်ဝေ

    ReplyDelete
  8. စလုံးမှာ မင်းသားတစ်ယောက်က သူ့ဇနီးမင်းသမီးကို အသဲပေးဘူးပါတယ်၊ မိန်းမယောကျာင်္းမဆိုင်ဘူးလို့ထင်ပါတယ်

    ReplyDelete
  9. ဟုတ်ပါတယ် ကျွန်မ ဒီပိုစ့်ကို ရေးနေရင်းမှာပဲ သူတို့  နှစ်ယောက်အကြောင်းကို သတိရနေပါတယ် ထည့်ရေးဖို့ လည်း စဉ်းစားပါသေးတယ် ဒါပေမယ့် အဲဒီတုန်းက သူတို့ က စလုံးမှာ နာမည်ကြီးနေတဲ့ မင်းသား မင်းသမီးတွေ ပြီးတော့ ချစ်သူတွေလေ... ပိန်ဆေးတွေ သောက်ပြီး အသဲပျက်သွားတဲ့ ချစ်သူ မင်းသမီးကို မင်းသားက အသဲပေးခဲ့တာ...
    အခုက ကတောက်ကဆဖြစ်ပြီး ကွာရှင်းပြတ်စဲပြီး ဇနီး မောင်နှံ... အသဲ ပေးဖို့ အတွက် ပြန်လည် ပေါင်းစည်းကြတဲ့ အကြောင်းလေးမို့  ရေးဖြစ်တာပါ... အဲဒီမိန်းမနေရာမှာ ယောက်ကျားဖြစ်နေခဲ့ရင် ကွာရှင်းပြီးသား ဇနီးတယောက်ကို အခုလို ပြန်ပြီး ကြင်နာနိုင်ပါအုံးမလားလို့  တွေးမိတာလေးကို ရေးပြရုံပါ...
    အခုလို စာလာဖတ်တာ မှတ်ချက်ရေးခဲ့တာ ကျေးဇူး အများကြီးတင်ပါတယ် ကို Sosegado...

    ReplyDelete
  10. ကိုယ်နဲ့  အတူတူ လိုက်တွေးရင်း မှတ်ချက်ရေးပေးသွားကြတဲ့ မိုးခါး မြသွေး ဂျစ်တူး တီတီဆွိ နဲ့  ကိုညီလင်းသစ်တို့ ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်...

    ReplyDelete
  11. မရေးပေးခဲ့ရင်ရော ဟင် !!!
    ပုံ.. အမည်မဖေါ်လိုသူတဦး

    ReplyDelete
  12. pls let me share,

    regards,

    SOETHI

    ReplyDelete
  13. Su Dan ရဲ့ အချစ်မျိုးက ရှိတော့ရှိမယ်... ဒါပေမယ့် ရှားမယ်...

    ReplyDelete
  14. ကိုယ်ချစ်ခင်ဖူးတဲ့လူကို အလှုအနေနဲ့ ပေးတာလည်းနေမယ်၊ ပြန်ပေါင်းချင်မှတော့ပေါင်းကြမှာပါ။ ပေးချင်တိုင်းလည်း ပေးလို့ ရမှကိုး၊ ပေးလို့ ရရက်သားတော့ သေချင်သေဆိုမထားဘူးထင်ရဲ့ ။ မုန်းလို့ ခွဲခွာကြတာမဟုတ်ဘူးထင်တာပဲ။ သဘောထားမတိုက်ဆိုင်လို့ ကွဲကြတယ်ဆို ပြန်ပေါင်းဖို့ လည်း ခက်သားပဲ။ .. သူ့ အချစ်က မေတ္တာအရင်းခံလို့ နေမယ်။

    ReplyDelete
  15. လေးစားစရာအမျိုးသမီးတစ်ယောက်ပဲအမ...သူ့နေရာမှာကိုယ်တွေဆို လုပ်နိုင်ပါ့မလားတွေးမိတယ်...။

    ReplyDelete
  16. စိတ်ဝင်စားစရာပဲ....။
    ကိုယ်အသဲပေးလိုက်မှ အသက်ရှင်ရမယ်ဆိုရင် (ကိုယ်လည်း အသက်အန္တာရယ်မရှိဘူးဆိုရင်) .... ငါသာဆိုရင် လို့ တွေးနေတာ..အဟီး...။ ။
    အန္တရယ်ကတော့ ရှိမှာပဲနော်... ICU ထဲေ နရတယ်ဆိုတော့......။
    ပြန်ပေါင်းကြရင်ကောင်းမှာပဲ...။ မပေါင်းဖြစ်ရင် အသဲရတဲ့လူကတော့
    အသဲ တစ်ခြမ်းကို လွမ်းဖို့ သိမ်းထားပါရစေဦး သီချင်းလေး ဆိုနေရတော့မှာပ....။


    Pifpif

    ReplyDelete
  17. တစ်ချို့ကိစ္စတွေက မှန်တယ်၊ မှားတယ်လို့ ပြောလို့မရအောင် သိမ်မွေ့လွန်းပါတယ် အစ်မသက်ဝေရယ်။

    ReplyDelete
  18. လူတွေကစိတ်ကူးတွေအမျိုးမျိုးနဲ့
    လက်တွဲလိုက်ပြန်ခွဲလိုက်နဲ့,ခရီးအထွေထွေမှာ
    နှလုံးသားနဲ့တကယ်ချစ်ဖူးကြတယ်ဆိုရင်တော့၊
    အရေးကြုံတဲ့အခါတာဝန်ယူမှူနဲ့ပြနိုင်ကြတယ်နော်၊
    သိပ်စွန့်စားရတဲ့ကိစ္စမဟုတ်ဖူးဆိုရင်တော့
    ယောက်ကျားဘဲဖြစ်ဖြစ်၊
    မိန်းမဘဲဖြစ်ဖြစ်လုပ်နိုင်မှာပါ.. :)

    ReplyDelete
  19. ချစ်တယ်..
    ဒါပေမယ့်...
    ခပ်ဝေးဝေးမှာနေမယ်..
    တစ်ကယ်လိုအပ်လာရင် ခန္ဒာကိုယ်အစိတ်အပိုင်းကို
    ဖြတ်တောက်ပေးမယ်ဆိုတဲ့..
    သမာရိုးကျ မဆန်တဲ့ ချစ်ခြင်းတစ်မျိုးပေလားကွယ်..

    ReplyDelete
  20. အမ ရေ တင်တဲ့ နေ့ထဲက ဖတ်ဖြစ်ပါတယ် ။ ပို့စ် တင်မက ကွန်မန့် တွေပါ ဖတ်ခဲ့လို့ အကြောင်းအရာတစ်ခု အပေါ် အမြင်တွေ အမျိုးမျိုး ကွဲလဲ နိုင်တာကို သေချာ သဘောပေါက်သွားပါတယ် ။

    ReplyDelete
  21. ကိုယ့်သမီးရဲ့ အဖေကိုး မသက်ဝေ။ လူကြီးတွေသာ တယောက်ကို တယောက် မလိုအပ်တော့ဘူး ဖြစ်နိုင်ပေမယ့် ကလေးကတော့ သူ့အဖေကို လိုအပ်နေမှာပဲ မလား။

    ယောကျာ်းကလည်း မိန်းမကို ပေးမယ် ထင်ပါတယ်။ အသည်း တစပေးတာ ကျောက်ကပ်တလုံး ပေးရတာမျိုးလည်း မဟုတ်ပြန်ဘူးလေ။

    ReplyDelete
  22. မသက်ဝေ အပေါ်က မအယ်ရေးတာ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...