Tuesday, June 4, 2013
ကြက်ခြေခတ်တို့၏ နောက်ကွယ်မှ လှပသော တေးတပုဒ်
မိုး ပြောသွားသော စကားလုံးတိုင်းသည် သူမ၏ နှလုံးသားကို ဒါးထက်ထက်ဖြင့် တလွှာချင်းစီ လွှာချနေသကဲ့သို့ နာကျင်ခံခက်စွာ… စွေးစွေးနီနေသော သွေးစက်တို့သည် ပါးပါးလွှာထားသော နှလုံးသားအချပ်များနှင့်အတူ တစက်ချင်းစီ စီးဆင်းကျနေဆဲ…။ နောင်တ (သို့) ယူကျုံးမရသော စိတ်ခံစားမှုတို့သည် ဆံဖျားမှသည် ဟိုး… ဖဝါးအောက်ခြေသို့တိုင်အောင် တစိမ့်စိမ့် စီးဆင်းနေဆဲ…။ ခွင့်လွှတ်နိုင်ခြင်းငှာ ခက်ခဲလှသော အမှုကိုမှ မိုး ပြုမူခဲ့သည်ပဲ…။ ခေါင်းမာသော၊ နှလုံးသား မာကျောသော၊ လူတဖက်သား၏ အမှားကို တစက်ကလေးမျှ လက်မခံနိုင်၊ ခွင့်မလွှတ်နိုင်တတ်သော သူမ၏ စိတ်အစဉ်ကို သူမကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် ခါးသီး မုန်းတီး မိပေပြီ…။ လွယ်လင့်တကူ ကြေအေး ခွင့်လွှတ်တတ်သော နှလုံးသားမရှိသည့်အပြင် အညှိုးအတေးကလည်း ကြီးခဲ့မိသောကြောင့် သူမမှာ နောင်တရစရာ အကြောင်းတရပ် ဖြစ်ခဲ့ပြီးလေပြီ…။ ယခု ဒုတိယအကြိမ်အဖြစ် သူမ နောင်တ မရချင်ပါ…။ ထို့ကြောင့် သူမကို မျက်နှာပျက်ပျက်ဖြင့် ကြည့်နေသော မိုးကို ခွင့်လွှတ်ကြောင်း ပြန်ပြောနိုင်ရန် ကြိုးစားနေဆဲမှာပင်… မိုးက… ငါပြန်တော့မယ်နော်… ဟု ခပ်တိုးတိုး ပြောလာခဲ့တာ… ပြောပြောဆိုဆိုနှင့် ထိုင်နေရာမှ ထရပ်လိုက်သော မိုးကို ဖျတ်ကနဲ လက်ကို လှမ်းဆွဲလိုက်မိသည်…။
မိုး အံ့သြသွားသည်ဟု ထင်ရသည်။ သူမ၏ စိတ်နှင့် သူမ၏အကြောင်းကို မိုး ကောင်းကောင်းသိသည်လေ…။ မိတ်ဆွေ သူငယ်ချင်းများအပေါ်တွင် လိုအပ်လျှင် လိုအပ်သလို အနစ်နာခံတတ်၊ ကိုယ်ကျိုးမငဲ့ပဲ လိုက်လျော ကူညီတတ်၊ စေတနာထားတတ်သော သူမ အကြောင်း၊ တဦးတယောက် အကူအညီလိုလေတိုင်း ကိုယ်တတ်နိုင်သလောက် ကူညီတတ်ပြီး အချို့အချိန်များမှာ မိဘများ၏ အကူအညီကိုယူ၍ တမျိုး၊ မိဘများနှင့် အတိုက်အခံပြု၍ တဖုံ မရ ရအောင် ကူညီတတ်ခဲ့သော သူမအကြောင်းကိုလည်း မိုး မေ့လိမ့်ဦးမည်မထင်…။
ထားတော့လေ… အခုအချိန်မှာတော့ သူမ၏ စိတ်အစဉ်ကို အတတ်နိုင်ဆုံး လျှော့ချကာ မိုးကို ခွင့်လွှတ်ကြောင်း ပြောဖို့ လိုအပ်နေပါပြီ…။ မိုး… ငါ နင့်ကို ခွင့်လွှတ်တယ် နော်… ဟူသော စကားစု တိုတိုလေးကို ပြောရန် သူမ နှုတ်ခမ်းလွှာတို့ကို ဖွင့်ဟရန် သူမ မည်မျှ ကြိုးစားရကြောင်း သူမသာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ကြိုးစားပမ်းစား ပြောရသော ခွင့်လွှတ်ခြင်းထက် ရင်ထဲက လာသော ခွင့်လွှတ်စကားကိုသာ သူမ လိုလားသကဲ့သို့ မိုးလည်း လိုလားမည်မှာ အမှန်ပင်…။ သူမ လှိုက်လှိုက်လှဲလှဲ တချက် ပြုံးလိုက်သည်… တဆက်တည်းမှာပင် ပြန်ခါနီးဆဲဆဲ မတ်တပ်ရပ်လျှက် အနေအထားဖြင့် သူမကို ငုံ့ကာ ငေးစိုက်ကြည့်နေသော မိုးကို ဆက် ပြုံးပြလိုက်သည်။ သူမအပြုံး အသက်ဝင် မဝင်ဆိုသည်ကို သူမနှင့် နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် ပေါင်းသင်းလာခဲ့သူ မိုး သေသေချာချာ သိပါသည်။ ပြီးတော့ နှုတ်ခမ်းဖျားမှာ အပြုံးတဝက်နှင့်ပင်… မိုးရယ်… နင့်ကို ငါ ခွင့်လွှတ်ပါတယ်… စိတ်ထဲ ဘာမှ မထားနဲ့တော့နော်… ပြီးခဲ့တာတွေကို မေ့ပစ်လိုက်ပါ… ငါလည်း မေ့လိုက်ပြီ… နော် ဟု ချိုမြ အေးချမ်းစွာ ပြောလိုက်ပါသည်။
အံ့သြမှုကို မျိုသိပ်မထားနိုင်သော မိုးက မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝေ့ဝဲလာသည့်အထိ စိတ်လှုပ်ရှားနေမှန်း သူမ သိလိုက်သည်။ ပြီးတော့ သူမ ကျေနပ်သွားသည်။ မိုးလို သူငယ်ချင်း ငယ်ပေါင်းတယောက်ကို သူမ မဆုံးရှုံးချင်ပါ…။ နင် တကယ်ပြောတာနော်… ဟု မိုးက တုန်ယင်သော အသံဖြင့် ပြန်မေးပါသည်..။ ထိုအခါ သူမက ခေါင်းကို သေသေချာချာ ညိတ်ပြရင်း တကယ်ပေါ့ဟ… ဟု ပေါ့ပေါ့ပါးပါး… ပြီးတော့ အေးအေးသက်သာ ပြန်ပြောလိုက်သောအခါ မိုးက ထိုင်နေသော သူမကို အတင်း ဆွဲထ စေကာ သူမ၏ မျက်ဝန်းတွေထဲကို မျက်နှာချင်းဆိုင် စူးစိုက်ကြည့်ရင်း သူမကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်တော့တာ ဖြစ်သည်။
*****
သူမနှင့် မိုးတို့၏ အခင်ဆုံး အချစ်ဆုံးဟု ပြောနိုင်သည့် ငယ်ပေါင်း သူငယ်ချင်းတယောက် လွန်ခဲ့သော ရက်အနည်းငယ်က ကွယ်လွန်ခဲ့သည်လေ…။ သူ့အမည်အရင်းကို ရံဖန်ရံခါမှသာ ခေါ်ဖြစ်ပြီး ငယ်ငယ်ထဲက တွင်နေ နှုတ်ကျိုးနေသော နာမည်ပြောင်ကိုသာ အမြဲတစေ ခေါ်ဖြစ်ခဲ့သည်။ နာရေးကြော်ငြာတွင် သူ့နာမည်ရင်းကို တွေ့လိုက်ရသောအခါ ရုတ်တရက် လက်မခံချင်သော စိတ်အစဉ်ကြောင့် လူမှားတာ ဖြစ်ပါစေဟု သူမ ကြိတ်ဆုတောင်းခဲ့ပါသေးသည်။ သို့သော် ဆုတောင်းမပြည့်ခဲ့ပါချေ။ သူ့မှာ စွဲကပ်နေသော ပျောက်ကင်းရန် အခွင့်အလမ်း ပါးလျလွန်းသော ရောဂါအကြောင်း သူမ သတင်းကြားထားနှင့်ပြီးသားပဲ…။
သူ ဆုံးပါးသွားပြီဟု လက်ခံလိုက်ရသောအခါ စိတ်ထိခိုက်မိသော်လည်း နာကျည်းချက်များက သူမကို အနိုင်ယူခဲ့သည်။ သူမ မာန ကြီးခဲ့သည်။ အညှိုးအတေး ကြီးခဲ့သည်။ ထိုနာရေးကို သူမ မသွားခဲ့ပါ။ နောက်ဆုံး နှုတ်ဆက်ခြင်းဖြစ်မည်မှန်း၊ မလွဲမသွေ သွားရောက် နှုတ်ဆက်သင့်မှန်း သိသိကြီးနှင့် သူမ ခေါင်းမာခဲ့သည်။ အတူသွားရန် ဖုန်းဆက်ခေါ်ကြသော သူငယ်ချင်းများကို သူမ လှပစွာ ရှောင်တိမ်းခဲ့သည်။ သူမ သတိမထားခဲ့မိသည်မှာ သူမကို ဖုန်းဆက်ကာ နာရေး သတင်းမေးသွားရန် ခေါ်ကြသော သူငယ်ချင်းများအနက်တွင် မိုး တယောက် မပါဝင်ခဲ့ခြင်းပင်…။ သို့သော် သူမ ဘာမျှ မရိပ်မိခဲ့ပါ။ ကွယ်လွန်သူ သူငယ်ချင်းကိုသာ နာကျည်းလျက်၊ ခွင့်မလွှတ်နိုင်ခြင်းများ ပြည့်နှက်လျက်… မရိုးသားသူ ကတိ မတည်သူ… သူမကို အရှက်ရစေသူ… အစရှိသော စွတ်စွဲချက်များဖြင့် ပစ်ပေါက်လျက်…။ ထိုညနေက သည်းသည်းမဲမဲ ရွာချသော မိုးစက် မိုးပေါက်တွေကြားမှာ မဆုံးနိုင်အောင် နာကျင် ခံခက် နေခဲ့မိတာ ဖြစ်သည်။
*****
သူ၏ နာမည်ပြောင်မှာ ပေါင်ပေါင် ဖြစ်သည်။ ငယ်စဉ်က ထမင်းဘူးထဲတွင် ထမင်းထက် ပေါင်မုန့် ထောပတ်သုပ် (သို့) ပေါင်မုန့် ယိုသုပ်များသာ အမြဲတစေ ပါလာတတ်သော သူ့ကို နောက်ပြောင်ရင်း တတန်းလုံးက ပေါင်ပေါင်ဟု ခေါ်ကြသည်။ တက္ကသိုလ်ရောက်သောအခါ သူ့အနီးအပါးမှာ ဝိုင်းဝိုင်းလည်နေသော မိန်းမလှလှလေးများက သူ့နာမည် အပြည့်အစုံကို ကို တပ်ပြီး တိုးညင်းစွာ ကနွဲ့ကလျ ခေါ်ဆိုနေကြသော်လည်း သူမနှင့် မိုးကတော့ဖြင့် ဟဲ့… ပေါင်ပေါင်… အကောင်စုတ်… ဟု တရင်းတနှီး ခေါ်ဝေါ်ကာ နင် တလုံး ငါ တလုံးဖြင့် ပြောဆို နောက်ပြောင်ကြမြဲပင်…။
ထိုနေ့က သူမ နေထိုင်ရာ အပြင်ဆောင်ကို တခါမှ မဆက်စဖူး ဖုန်းဆက်လာသူမှာ ပေါင်ပေါင်ဖြစ်သည်။ အသံကလည်း အမောတကော၊ ရေးကြီး သုတ်ပြာနှင့်…။ သူ ပြောသွားသော စကားတိုတိုများထဲတွင် နားလည်လိုက်သည်က သူ ငွေကြေးပြဿနာတခုတွင် ပါဝင်နေလျက် လောလောဆယ် အရေးတကြီး ငွေလိုနေသည်… ထိုငွေကို အချိန်မီ ရှာမရလျှင် သူ အမှုပတ် ဒုက္ခရောက်ရလိမ့်မည်… ဟူ၍သာ…။ အပြင်ဆောင်တွင် နေထိုင်ရင်း ကျောင်းတက်နေရသူ သူမမှာ သူပြောသလောက် ပိုလျှံသော ငွေကြေး ပမာဏ ရှိမနေပါ။ သို့သော် သူ့ကို ကူညီချင်သော၊ သူ ဒုက္ခမရောက်စေလိုသော စိတ်အစဉ်ကြောင့် သူမ အိမ်ကို ငွေပြန်မှာရန် ဆုံးဖြတ်လိုက်မိတာ ဖြစ်သည်။ များပြားသော ငွေကြေးပမာဏကြောင့် မိဘများက မေးမြန်းလာသောအခါ သူမကလည်း ရိုးသားစွာပင် ပေါင်ပေါင် အရေးတကြီး ငွေလိုနေလို့… ဟု ပြောခဲ့လိုက်တာ…။ မိဘများကလည်း သူမတို့ ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးနေမှု အတိုင်းအတာကို သိရှိပြီးဖြစ်သောကြောင့် ဘာမှ ဆက်မမေးသော်လည်း ပြန်ရပါ့မလား ဟူသော သံသယစွက်သည့် စကားမျိုး ဆန်ဆန်တော့ ပြောခဲ့လေသည်။ ထိုအခါ သူမကပဲ ပေါင်ပေါင့်အစား မခံမရပ်နိုင် ဖြစ်ခဲ့မိသေးတာ… သူမကပဲ ပေါင်ပေါင့်အစား အထပ်ထပ် အာမတွေ ခံပေးခဲ့တာ… ပေါင်ပေါင် ဒီလိုလူစားမဟုတ်ဘူး ဟု သူမကိုယ် သူမ သိပ်သေချာခဲ့တာ…။ ပေါင်ပေါင်နှင့် ခင်မင်လာသော သက်တမ်းတလျောက် သူ့အကျင့် သူ့သိက္ခာကို သူမ သေသေချာချာ သိမြင် ယုံကြည်ခဲ့တာ…။
သို့သော်… ပေါင်ပေါင်ကိုယ်တိုင် ပြန်ပေးမည်ဟု ပြောသွားသော နေ့ရက်ကို ရောက်လာခဲ့ပြီ…။ ပေါင်ပေါင့်ထံမှ ဘာသတင်းစကားမျှ မကြားရချေ။ နောက်ထပ် နောက်ထပ်သော နေ့စွဲများစွာကိုလည်း ကျော်လွန်လာခဲ့ပြီ။ ကာယကံရှင် ပေါင်ပေါင်ကား ပျောက်ချင်းမလှ ပျောက်လျက်…။ မည်သည့်နည်းနှင့်မျှ ပေါင်ပေါင့်ကို ဆက်သွယ်၍ မရခဲ့။ ထိုအခါ သူမ မိဘများထံမှာ သူမ လှလှပပ အရှက်ရခဲ့တာ ဖြစ်သည်။ ထင်သားပဲ… ဒါကြောင့် အစက မပြောလား.. ဟူသော စကားကို ကြားရသောအခါ သူမ အလွန်အမင်း ထိခိုက် နာကျင်ရပြန်သည်။ ငွေဆိုတာ လူတွေရဲ့ သည်းခြေကြိုက်… ငွေနှင့်ပတ်သက်လျှင် လူအတော်များများသည် ကိုယ်ထင်ထားသလို မရိုးသားနိုင်ကြ… ဟုလည်း ဆိုလာခဲ့သေးသည်။ ငွေကြေး အမြောက်အများ လိမ်လည်သွားသူ၊ မရိုးသားသူ၊ ကတိမတည်သောသူ ဟူသော စွတ်စွဲချက်များမှာ ပေါင်ပေါင့်အတွက် မထိုက်တန်ဟု သူမ ယုံကြည်ခဲ့သမျှ အခုတော့ အချည်းအနှီးပင်…။ သိက္ခာ နှင့် ကိုယ်ကျင့်တရားတို့ကို မဆိုစလောက်သော ငွေကြေး နှင့် လဲလှယ်နိုင်ခဲ့လေသူပေပဲ…။
သည်လိုနှင့် သူမ ဘဝထဲက ပေါင်ပေါင့်ကို အပြီးအပိုင် ဖယ်ထုတ်ခဲ့တာဖြစ်သည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီး နောက်ပိုင်း သူ့ဆီမှ ဝင်လာသော ဖုန်းကောလ်များကိုလည်း သူမ ရှောင်ခဲ့သည်။ နောက်ဆုံး သူမကိုယ်တိုင် ပေါင်ပေါင် မဆက်သွယ်နိုင်သော နေရာအသစ်တခုမှာ ပြောင်းရွှေ့နေထိုင်ဖြစ်ခဲ့တာ…။ မစုံစမ်း မမေးမြန်း၊ နားမစွင့်သော်လည်း သူငယ်ချင်းများထံမှ သူနှင့် ပတ်သက်သော သတင်းများ တစွန်းတစ ကြားဖြစ်သည်။ နှစ်အနည်းငယ်ကြာသောအခါ ကြားလိုက်ရသော သတင်းမှာမူ ပေါင်ပေါင်တယောက် ကုသရန် ခက်ခဲသော ရောဂါကြီး တခုနှင့် နောက်ဆုံး အချိန်ကို စောင့်နေရသည် ဟူ၏။ သို့သော်လည်း သူနှင့် ပတ်သက်၍ သူမ ဆုံးဖြတ်ထားပြီးသား ဆုံးဖြတ်ချက်ကို မည်သို့သော အကြောင်းအရာမျိုးကမှ မယိမ်းယိုင်နိုင်စေခဲ့ပါ။ သူမ ဘဝထဲတွင် ပေါင်ပေါင် မရှိနေတော့ပါ။ သူမ ဘဝထဲတွင် ပေါင်ပေါင် အပြီးတိုင် သေဆုံးခဲ့ပြီး ဖြစ်သည်…။
*****
မိုး ပြောခဲ့သော စကားများ အဆုံးတွင် မိုး… နင်တကယ် ပြောနေတာလားဟင်… ဟူသော မေးခွန်းကို သူမ ထပ်ခါတလဲ မေးနေခဲ့မိသည်။ မျက်ရည်များဖြင့် ပြည့်နေသော မျက်ဝန်းအစုံတို့က မိုး ညာမပြောနေကြောင်း သက်သေပင်…။ ဖြစ်မှ ဖြစ်ရလေ… ရောက်လေရာ ဘဝမှ ခွင့်လွှတ်ပါတော့ ပေါင်ပေါင်… ဟု စိတ်ထဲမှ တီးတိုးညင်သာ… ပြီးတော့ ကြေကြေကွဲကွဲ ရေရွတ်နေခဲ့မိသည် ထင်၏။
ငွေကြေးနှင့် ပတ်သက်ပြီး ကတိမတည်သူ၊ လိမ်လည်တတ်သူ၊ သူမကို အရှက်ရစေသူ ဟု မြောက်များစွာသော စွဲချက်တို့ဖြင့် သူမ အထင်လွဲ အထင်သေးနေခဲ့သော ပေါင်ပေါင်…။ သူမကို ဆက်သွယ်၍ မရခိုက်မှာ (သူမထံ မြန်မြန် ပြန်ရောက်စေချင်သော ဆန္ဒဖြင့်) သူမနှင့် အမြဲ တတွဲတွဲရှိနေတတ်သော မိုးဆီမှာ ငွေများ ပြန်ပေးခဲ့သည်… မိုးက လက်ထဲရောက်လာသော ငွေများကို လက်လွယ်စွာ တတိတိ (သို့) ခဏတဖြုတ် သုံးစွဲရင်း ကျွံခဲ့သည်လေ။ ငွေများ တလုံးတခဲထဲ ပြန်ပြည့်ရန် မစွမ်းသာခဲ့…. ထိုအခါ သူမကို လုံးလုံး အသိမပေးတော့ပဲ ပေါင်ပေါင်၏ ရိုးသားမှုတို့ကို သူမထံမှာ ပြောင်းပြန်လှန်ပစ်ခဲ့သည်ကိုး…။ သူမကလည်း အညှိုးအတေး ကြီးလှစွာဖြင့် နာမကျန်း ဖြစ်နေသူကို မစာနာခဲ့ရုံသာမက တမလွန်ဘဝသို့ ရောက်သွားပြီဖြစ်သူကိုပင် နည်းနည်းလေးမျှ ခွင့်မလွှတ်နိုင်အောင် ဖြစ်နေခဲ့သည်လေ…။ သူမ သိပ်မှားခဲ့သည်နော်…
အဖြစ်မှန်ကို သိလိုက်ရသော ထိုအခိုက်အတန့်လေးမှာ သူမကိုယ်သူမလည်း ခွင့်မလွှတ်ချင်၊ မျက်နှာငယ်ငယ်နှင့် ဝန်ခံရင်း တောင်းပန်စကား ပြောနေခဲ့သော မိုးကိုလည်း ခွင့်မလွှတ်ချင်… ဖြစ်နိုင်လျှင် သူမ တစစီ ကြေမွပြီး ပျောက်ဆုံးသွားချင်ခဲ့တာ…။ မပြောမဆိုနှင့် တဖက်သတ် ရှောင်တိမ်းနေခဲ့သော သူမကို ပေါင်ပေါင် ဘယ်လိုများ ထင်မြင်ယူဆ သွားပါသလဲ… နောက်ဆုံးထွက်သက်မှာ သူမနှင့်ပတ်သက်သော နှောင်ငင်မှုမျိုး ကင်းစင်ပါရဲ့လား… အတွေးများနှင့်အတူ သူမကိုယ်သူမ မည်သို့မျှ ခွင့်မလွှတ်နိုင် မငြိမ်းအေးနိုင်အောင် ဖြစ်နေခဲ့ရသည်။
ပြီးတော့… မိုး…
ပြောရလျှင် ငယ်ပေါင်းသူငယ်ချင်း အရင်းအချာတယောက်ကို သူမ လက်လွှတ် ဆုံးရှုံးခဲ့ရပြီးပြီ…။ ပြန်လည် ဖြေရှင်း၍ မရ၊ တောင်းပန်၍ မရသော တဖက်သတ် အထင်လွဲမှုမျိုးကို သူမဘဝမှာ နောက်ထပ်တကြိမ် မဖြစ်စေချင်တော့ပါ။ ငယ်စဉ်ထဲက ရင်းနှီးချစ်ခင်စွာ အကြောင်းသိ သူငယ်ချင်းတယောက်ဖြစ်သော မိုးကိုလည်း မရိုးသားမှု၊ အလွဲသုံးစားမှု၊ ထိန်ချန် လျှို့ဝှက်ထားမှု… အစရှိသော စွဲချက်များဖြင့် အမည်တပ်ရင်း သူမ ထပ်မံ မဆုံးရှုံးချင်တော့ပါ။ လူတယောက်သည် ဘဝတွင် တကြိမ်တခါတော့ မှားယွင်းတတ်ကြမှာပဲ မဟုတ်လား… သူမ ကိုယ်တိုင်ရော ဘယ်လိုအမှားမျိုးမှ မမှားဖူးဘူးလား… အမှားကို ဝန်ခံရဲသော သတ္တိလေးကပင် မိုးကို ပိုမို ချစ်ခင်ဖွယ်၊ အထင်ကြီး ယုံကြည်ဖွယ် ဖြစ်စေခဲ့တာ မဟုတ်လား…
အတွေးတို့ဖြင့် သူမ အတန်ကြာငြိမ်သက်သွားခဲ့သည်…။ အသိဝင်လာသောအခါ မိုးက သူ့ကို ကြင်နာစွာ ဖက်တွယ်ထားဆဲဖြစ်သည်ကို သိလိုက်ရသည်။ ထိုအသိကြောင့် သူမ နှလုံးသွေးတို့ ပိုမိုနွေးထွေးလာကာ မိုးကို ချစ်ခင်နှစ်လိုစွာ ပြန်လည် ဖက်တွယ်လိုက်မိသည်…။ မိုးဆီမှ ရှိုက်ငင်သံ ခပ်တိုးတိုးနှင့်အတူ မိုး ကိုယ်လေး သိမ့်ကနဲ ဖြစ်သွားကြောင်း သူမ သိလိုက်ရသည်…။ ထိုအခါ မိုးကို ပိုမိုတိုးဖက်ရင်း သူမ၏ မျက်ရည်စများကို မိုးမမြင်အောင် ကွယ်ဝှက် ထားလိုက်ချင်သော်လည်း တချိန်တည်းမှာပင် သူမ နှုတ်ခမ်းမှ ကြည်မွေ့သော အပြုံးလဲ့လဲ့ကိုမူ မိုး သေသေချာချာ တွေ့မြင်စေချင်ပြန်သေးသည်လေ…။
- ၂၀၁၃ ဇန်န၀ါရီလ - ရောင်စုံစက္ကူ (Color Papers) E Book
- ၂၀၁၃ ဧပြီလ - Look Magazine
Subscribe to:
Post Comments (Atom)
မိုးတွေ ညိုနေပြီ "ဝေ"
ReplyDeleteပေါင်ပေါင်ကိုသနားတယ်။ မိုးရယ် ရက်စက်တယ်လို့ပဲ ပြောရတော့မလားးးး
ReplyDeleteမိုးကလည်း ပေါင်ပေါင့်ကျန်းမာရေးအခြေအနေ မသိလို့သုံးမိတာပါလေ။ သူမခွင့်လွှတ်လိုက်တာလည်းမှန်ပါတယ်။ ပြောင်ပြောင်ကတော့ ပိုက်ပိုက်တွေမကြာခဏဆုံးလို့အဲ့လုပ်ငန်းရပ်လိုက်ရတယ်။ :D အနော်နာမည်ပြောင်လေးနဲ့ကာရံတူလို့ပျော်ပါစေကြောင်း ဝင်နောက်၏ :D
ReplyDeleteသူမ လဲ မှားတာပဲ..။ ပေါင်ပေါင် လဲ မှားတာပဲ..။ မိုးလဲ မှားတာပဲ..။ ဒါပေမယ့် အဲဒီ ကြက်ခြေခတ် တွေရဲ့ နောက်မှာ တစ်ကယ်ကို လှတဲ့ တေး တစ်ပုဒ်ကို ကြားလိုက်မိပါတယ်..။
ReplyDeleteဖတ်လို့ကောင်းတယ် သက်ဝေ... စာအုပ်ထဲပါတာတွေလည်း တင်ပါ... အရင်ကလို ပေါ့ပေါ့ပါးပါးလေးတွေလည်း ရေးပါအုံး... အနည်းဆုံး တပတ်ကို တပုဒ်လောက်တော့ မှန်မှန်ရေးစေချင်တယ်...
ReplyDeleteဆွဲထုတ်သွားတဲ့ ဇာတ်အိမ် ဇာတ်လမ်း ၊ အနုတ်အသိမ်းကောင်းတဲ့ ဇာတ်ကွက် ။
ReplyDeleteခံစားချက် အမျိုးမျိုးပေးသွားတယ် မသက်ဝေ
ခင်မင်စွာဖြင့်
ဗညားရှိန်
ကိုယ်သာဆို မိုးကိုခွင့်လွှတ်နိုင်ပါ့မလား မသိဘူး
ReplyDeleteလှပတဲ့ တေးတစ်ပုဒ်ကို နားထောင်လိုက်ရတော့ ကြည်နူးမှုလေး ခံစားလိုက်ရပါတယ်။
ခွင့်လွှတ်ခြင်းဟာလည်း မင်္ဂလာမဟုတ်လားနော်။
နောက်ဆုံးတော့ ခွင့်လွှတ်ခြင်းပဲ အရာရာကို အနိုင်ယူသွားခဲ့တယ်။
ReplyDeleteHello, I was recommended by mydaydream89 as we have a client who is looking for Myanmar bloggers for an education campaign.
ReplyDeleteWould you be interested? Hope to hear from you soon!
လူ့သဘာဝအတိုင်း ဖြစ်ရပ်မှန်ကို မသိခင် ကောက်ချက်အလွယ်မချမိဖို့ ပါးပါးလေးနဲ့ ကလောင်စွမ်းပြသွားတာ နှစ်သက်မိတယ် အစ်မသက်ဝေ..
ReplyDeleteဘလော့မှာ ဖတ်ဖူးတယ် မှတ်တာ..အီးဘွတ်မှာ ဖတ်ဖူးတာပဲ
ReplyDeleteသစ္စာရှိမှုနဲ့ ကတိတည်ကြည်မှုကို လိုလားလွန်းသူတွေအတွက် ဒီလိုနာကျင်စရာလေးတွေ ရှိမှာအမှန်ပဲနော်...မေတ္တာတရား နားလည်မှုနဲ့ အဆုံးသတ်သွားတာလေး လှတယ် သက်ဝေ...
ReplyDelete