Saturday, June 29, 2013

တိမ် ပျောက် သူ . . .


သူ ပိုင်ဆိုင်သော ပစ္စည်းများကို ပြပါဆိုလျှင် အိပ်ခန်းထောင့်တနေရာတွင် တွေ့မြင်နေရသော တိမ်လိပ်များကို လက်ညှိုးညွှန်၍ ပြမိပါလိမ့်မည်…။ ဟုတ်ပါသည်… သူ နေထိုင်ရာ မကျဉ်းမကျယ် အခန်းထောင့်လေးတွင် ဖြူဖွေးလွလွ ရှိလှသော တိမ်လိပ်များ အစုလိုက် အပုံလိုက်ရှိနေကြပါသည်…။ ဟိုး အဝေး မိုးကောင်းကင်ပေါ်မှ တိမ်လိပ်များ ဤအခန်းထောင့်တွင် မည်သို့ရှိနေနိုင်ပါသနည်းဟု မေးလာပါက သူ ပြုံး၍သာ နေမည် ဖြစ်သည်…။ ဖန်ဆင်းရှင်တဦး (သို့မဟုတ်) တန်ခိုးရှင်တဦးက လူယောင်ဖန်ဆင်းကာ ဥုံဖွ မန်းမှုတ်ပြီး ထိုအခန်းထဲသို့ တိမ်လိပ်များ အစီအရီ ရောက်ရှိစေရန် စီမံသွားသည် ဟူသော ခပ်ဆန်းဆန်း အဖြေမျိုးကို သူ မပေးတတ်ပါ။ ရိုးရှင်း သေချာသည်ကတော့ သူ့ အခန်းထောင့်တွင် သူနှစ်သက်မြတ်နိုးလှသော တိမ်လိပ်များ အများအပြား ရှိနေခြင်းပင်…

သူ့အိပ်ခန်းကို ပုံဖေါ်ပြရသော် ဆေးဖြူသုတ်၊ လေးထောင့် စပ်စပ် မကျဉ်းမကျယ် အခန်းတစ်ခုမျှသာ ဖြစ်သည်။ အဝင်အထွက် ပြုစရာ တံခါးမ တစ်ခုနှင့် လေဝင်လေထွက် သိပ်မကောင်းလှသော ပြူတင်းပေါက် ခပ်သေးသေး တစ်ခုရှိသည်။ သို့သော် ထိုတံခါးများသည် ပိတ်ထားသည်က များပါသည်။ တံခါးပေါက်တွေ ဖွင့်ထားပါလား… ဟု လာပြောသူများကို သူ့ တိမ်လိပ်များ လေနှင့်အတူ လွင့်ပါးသွားမှာ စိုးရိမ်သောကြောင့် မဖွင့်နိုင်ပါ… ဟု တီးတိုး ဖြေရှင်း ပြတတ်ပါသည်။ အခန်း၏ တထောင့်တွင် တယောက်အိပ် ကုတင်တစ်လုံးနှင့် ခပ်ဟောင်းဟောင်း စားပွဲ ကုလားထိုင် တစ်စုံရှိပါသည်။ မနက် ည ထမင်းစားချိန်များတွင် လာခေါက်လေ့ရှိသော တံခါးခေါက်သံ ခပ်ပြင်းပြင်းမှတပါး သူ့ ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လှသည်။ သူ့ဘဝတွင် သူနှစ်သက်သော တိမ်လိပ်များရှိနေလျှင် ပြည့်စုံပြီ ဖြစ်သည်။ သူ့ကမ္ဘာသည် ထိုတိမ်လိပ်များ ဖြစ်သည်…။ သူ့ဘဝသည် ထိုတိမ်လိပ်များ ဖြစ်သည်။ သူ့ အတွေး စိတ်ကူးများသည် ထိုတိမ်လိပ်များထဲတွင် ရှိသည်။ ထိုတိမ်လိပ်များကို စီးမျောရင်း နေရာအနှံ့ ရောက်တတ်ရာရာ သွားလာနိုင်သည်…။ ထိုတိမ်လိပ်များကို အသုံးပြု၍ ဘဝ အမျိုးမျိုး၊ အနေအထား အမျိုးမျိုးကို သူ ဖန်တီးနိုင်သည်…။ အလွန်တရာ အစွမ်းထက်သော တိမ်လိပ်များပါပင်…

အချိန်ရှိသ၍ ထိုတိမ်များအနီးတွင် သူ နေထိုင်သည်…။ တိမ်များသည် လှပသည်၊ နူးညံ့သည်၊ ဖြူစင်သည်၊ အေးချမ်းသည်။ ထိုတိမ်များတွင် တပါးသူကို စွတ်စွဲ ရန်မူလိုခြင်း၊ အထင်သေး နှိမ်ချလိုခြင်း၊ မတူမတန် ဖယ်ခွာ ရှောင်ရှားလိုခြင်း၊ နေရာ မပေးလိုခြင်း၊ မိမိကိုယ် မိမိ အထင်ကြီးခြင်း၊ ကြွားဝါလိုခြင်း၊ ပြိုင်ဆိုင် အနိုင်ယူလိုခြင်း၊ အထက်စီးမှ နေထိုင်ကာ မောက်မာလိုခြင်းများ အလျဉ်းမရှိ… ပကတိ ရိုးသား ဖြူစင်လှသည်…။ ထို တိမ်လိပ်များကို ထိတွေ့ ကိုင်တွယ်ကြည့်သည်၊ ဆုပ်ကိုင် ပွေ့ဖက်ကြည့်သည်၊ ထွေးလုံး ပေါင်းစည်းကြည့်သည်၊ တခါတရံတွင် တစစီ ခွဲခွာကြည့်သည်။ တိမ်လိပ်များနှင့် စကားပြောသည်၊ တိမ်လိပ်များပေါ်တွင် သူ ရေးလိုရာကို ရေးသားသည်…။ ထို့အပြင် အိပ်ချိန်များတွင် တိမ်များကို ခေါင်းအုံး၍ပင် အိပ်နိုင်သေးသည်…။ တခါတရံ စိတ်ဆိုးလာပါက တိမ်လိပ်များကို လက်သီးနှင့် ထိုးကြိတ်လိုကလည်း ထိုးကြိတ်နိုင်သေးသည်…။ သူ့စိတ်အစဉ်ကို တိမ်လိပ်များက ရာနှုန်းပြည့် နားလည်မှုပေးနိုင်သည်ဟု သူ ယုံကြည်သည်…။ တိမ်လိပ်များက သူ့ကို အချိန်ပေးသည်၊ သူ ပြောသမျှ နားထောင်သည်၊ သူ ဆူသမျှ နာခံသည်၊ သူ ထားသလို နေသည်၊ သူ အလိုမကျသမျှ သည်းခံသည်။ ထို့ကြောင့် သူ… တိမ်တွေကို အလွန်တရာ မြတ်နိုး ခုံမင်လှသည်…။ တိမ်လိပ်များနှင့် အမြဲတစေ နီးနီးကပ်ကပ် နေထိုင်လိုလှသည်…။

*****

ဟိုးအရင် အချိန်များကတော့ သူ့ဘဝသည် ထိုတိမ်များ မဟုတ်သလို ထို အခန်းကျဉ်းလေးထဲမှာလည်း မဟုတ်ခဲ့ပါချေ။ လှပသာယာသော သစ်တောလမ်းကလေးရှိ နီညိုရောင် တထပ်အိမ်ကလေးထဲတွင် ပျော်ရွှင် ချမ်းမြေ့ဖွယ် မိသားစုကလေး တစ်ခု၏ အိမ်ရှင်မ ဟူသော ရာထူးဖြင့် လွန်စွာ ခန့်ညားခဲ့ဖူးလေသည်။ ခေတ်ပညာတတ် ခင်ပွန်းသည်နှင့်အတူ သားတစ်ယောက် သမီးတစ်ယောက် ရှိသော မိသားစုလေးအတွက် အရာရာသည် သူ့ ခြေ သူ့ လက်… တန်ဖိုးရှိခဲ့ဖူးသည်။ ကိုယ်တိုင်က ပညာ ပါရမီ နည်းခဲ့သော်လည်း သားနှင့် သမီးကို ပညာတတ်ကြီး ဖြစ်စေရန် သူ တတ်သမျှ မှတ်သမျှ ပံ့ပိုးခဲ့သည်။ ယခုတော့ သားနှင့် သမီးလည်း ပညာတွေ ကိုယ်စီ ရကြပြီး လောကအလယ်မှာ တင့်တယ်စွာ လူလားမြောက်ခဲ့ပြီ။ တစ တစ သူတို့ လူလားမြောက် ကြီးပြင်းလာသည်နှင့်အမျှ သူနှင့် ကလေးနှစ်ယောက်အကြားမှာ ဘာသာဗေဒများ စတင် ကွဲလွဲလာခဲ့တာ ဖြစ်သည်။ သူတို့ ပြောသော ဘာသာဗေဒများကို သူ နားမလည်… သူ နားလည်သော ဘာသာစကားမျိုးကိုလည်း သားနှင့် သမီးက မပြောတော့ချေ။ ဧည့်ခန်းထဲမှာ သူတို့ ဖေဖေနှင့်အတူ သူ နားမလည်သော ရုပ်ရှင် ဇာတ်လမ်းများကို အသံ အကျယ်ကြီး ဖွင့်ကာ ကြည့်ကြသည်။ သူ နားမလည်သော စကားများကို ပြောကြသည်။ တစ်ခါ နှစ်ခါတော့ သူတို့နှင့် အတူတူ ရုပ်ရှင် လာကြည့်ရန် သူ့ကို ခေါ်ပါသေးသည်။ သူ သွားထိုင်ကြည့်သော်လည်း ဘာမျှ နားမလည်ချေ။ တခွန်းစ နှစ်ခွန်းစ ဝင်မေးကြည့်သော်လည်း မည်သူ တဦးတယောက်ကမျှ အရေးတယူ ပြန်မဖြေ။ သည်လိုနှင့် သူ ဧည့်ခန်းထဲမှာ တစတစ နေရာ ပျောက်ခဲ့တာ ဖြစ်သည်။

နောက်ပိုင်းတွင် သူ မီးဖိုခန်းထဲမှာသာ အနေများသည်။ ခင်ပွန်းနှင့် သား သမီး တို့အတွက် ဟင်းလျာများကို အကောင်းဆုံးဖြစ်အောင် ချက်ပြုတ်သည်။ သို့သော် ညနေစာ လူစုံစုံ ထမင်းဝိုင်းတွင် အသားဟင်းများက ဆီများသည်၊ အရွက်ကြော်များက နွမ်းနေသည်၊ အရည်သောက်များက အငန်ကဲသည်… ကျန်းမာရေးနှင့် မညီညွတ်… ဟူသော အဖြစ်များ၊ အဝတ်လျှော်လျှင် အရောင်စွန်းတတ်သော အဝတ်များကို အဖြူရောင် အဝတ်များနှင့် အတူ ရောလျှော်မိသော အဖြစ်များ၊ သူတို့၏ တန်ဖိုးကြီး အဝတ်များကို မီးပူတိုက်လျှင် အချိန်အဆ မမှန်းတတ်ပဲ မီးကျွမ်းသွားသော အဖြစ်များနှင့်အတူ သူ့ကို ဟင်းချက်ခွင့် အဝတ်လျှော် မီးပူတိုက်ခွင့် ပိတ်လိုက်ကြသည်…။ အိမ်အကူ တစ်ယောက်နှင့် သမီးက မီးဖိုချောင်နှင့် အိမ်မှုကိစ္စ အဝဝကို ဦးစီးသည်။ ထိုအချိန်မှာပဲ သူ အနှစ် နှစ်ဆယ်ကျော် ကျင်လည်ခဲ့သော မီးဖိုခန်းမှ ဖယ်ခွာခဲ့ရပြန်လေသည်။

ခင်ပွန်းသည်ကလည်း အချိန်တော်တော်များများမှာ အလုပ်ကိစ္စဖြင့် ခရီးသွားနေရတာက များသည်။ မီးဖိုချောင်မှာ စီမံခန့်ခွဲရေးသည် သူ့တာဝန် မဟုတ်တော့သောကြောင့် သူ့ကို ပိုက်ဆံ အပ်ရန်လည်း မလိုတော့ပြီ ဟု ယူဆပုံရသည်။ သူ့တွင် အသေးသုံးငွေစ အနည်းငယ်မျှ အပ ပိုင်ဆိုင်မှု ကင်းမဲ့စွာ…။ သားဖြစ်သူ ကလည်း အိမ်တွင် အနေနည်းလှသည်…။ နေလျှင်လည်း သူ့ အခန်းထဲတွင် သူ့ဟာသူ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်သည်။ စကား ခွန်းငယ် ပြောဆိုခြင်း အလျဉ်းမရှိ…။ အသက်အရွယ် ကွာခြားချက်များ၊ ဘာသာဗေဒ ကွဲလွဲလာမှုများ၊ တန်ဖိုးထားရာ မတူညီကြခြင်းများ အကြားတွင် အိမ်သားများနှင့် သူ များစွာ ဝေးကွာခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံးတွင်တော့ သူ့ဘဝသည် လက်ရှိ သူနေထိုင်နေသော အခန်းကျဉ်းလေးသာ…။ နေ့လည် နေ့ခင်း အချိန်များတွင် ပြူတင်းပေါက်မှ တဆင့် မြင်နေရသော မိုးကောင်းကင်ကြီးကို မော့ကြည့်မိသည်။ ထိုအချိန်မှာပဲ တိမ်တွေကို သူ စတင် စွဲလမ်းခဲ့တာ ဖြစ်သည်။ တိမ်တွေသည် ဖြူစင်သည်၊ လှပသည်၊ အမြင်နှင့်ပင် နွေးထွေး နူးညံ့မှုကို ကူးစက် ခံစားနိုင်သည်…။ တိမ်တွေကို သူ ချစ်သည်။ ကောင်းကင်ပေါ်က တိမ်များကို သူ့အနားကို ခေါ်ယူလိုလှသည်။ ထိုအခါ တိမ်တွေကို သူ့အနားသို့ ရောက်လာစေရန် နည်းအမျိုးမျိုးဖြင့် သူ ကြိုးစား အားထုတ်ခဲ့သည်။ သည်လိုနှင့် နောက်ဆုံးတွင် သူ့ အခန်းထောင့် တနေရာမှာ တိမ်လိပ်များ ရောက်ရှိလာအောင် သူ ကြံဖန် နိုင်ခဲ့သည်။ သည်အတွက် သူ့ဘဝသည် များစွာ နေပျော်စရာ ဖြစ်ခဲ့ရသည်…။

*****

ထိုတနေ့…
ထိုနေ့ကို သူ ဘယ်တော့မှ မမေ့ချေ…။ တဒုန်းဒုန်းနှင့် အခန်းတံခါးကို ထုနှက်သံ ပြင်းပြင်းတို့သည် ထမင်းစားချိန်မဟုတ်သေးသော မနက် စောစောတွင် ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်…။ ထိုအချိန်တွင် သူသည် တိမ်များကို ယုယစွာ ကိုင်တွယ်ရင်း စကားပြောနေချိန်ဖြစ်သည်…။ တံခါးခေါက်သံကြောင့် တိမ်များအနီးမှ လေးလံစွာ ထကာ တံခါးကို ဖွင့်ပေးလိုက်သည်။

”အလုပ်က မအားရတဲ့ အထဲ အမှိုက်သိမ်းဖို့က အလုပ်တခု… အိမ်မှာ ဘာမှလိုလေသေး မရှိထားတာ… အလကားနေရင်း ဒီအမှိုက်တွေကို ဖွနေတယ်... ဒီကလူတွေက အားနေတာ မဟုတ်ဘူးလေ… အခုလည်း ကြည့်ပါအုံး… တခန်းလုံး ဖွထားလိုက်တာ မြင်လို့တောင် မကောင်းဘူး… ဖယ်… ဖယ်… ဒီအမှိုက်တွေ အကုန်ရှင်းပစ်ရမယ်… ကြာလာရင် ပိုးကောင်တွေတောင် ခိုနိုင် အောင်းနိုင်လောက်အောင်ကို ဖွထားလိုက်တာ…”

”ဖယ်လေ… ဖယ်ပေးပါဆို… အဲဒါတွေ အကုန် လွှင့်ပစ်ရလိမ့်မယ်… ဘယ့်နှယ့်… ဂွမ်းတွေ တစ်ရှူးတွေကိုများ ဆော့စရာ အောက်မေ့နေသလား မသိပါဘူး… တနေ့ တနေ့ ဂွမ်းနဲ့ တစ်ရှူးတွေ ဆိုတာ အိမ်မှာ ဝယ်လို့ကို မလောက်နိုင်ဘူး…”

ပါးစပ်ကလည်း ပြော… လက်ကလည်း သူ ချစ်မက်လှသော တိမ်လိပ်များကို အမှိုက်ခြင်း ခပ်ကြီးကြီး တခုထဲသို့ အငြိုးတကြီးဖြင့် ကောက်ယူ ထိုး ကြိတ် ထည့်နေသူကို အငေးသား ကြည့်နေမိသည်…။ ထိုသူသည် သူ၏ သမီး အရင်းခေါက်ခေါက်သာ ဖြစ်သည်။ ဖွင့်ထားသော တံခါးအနီးတွင် ခြေစုံရပ်ရင်းမှ ”သမီးရယ်… မလုပ်ပါနဲ့… ငါ့ တိမ်တွေကို မယူသွားပါနဲ့… တိမ်တွေကို ပြန်ပေးပါ… တိမ်တွေကို ထားခဲ့ပါ…” ဟု တိုးတိုးကလေး ရေရွတ်နေမိသည်…။ သို့သော် အသံကား လည်ချောင်းဝမှာပင် ကွယ်ပျောက်သွားလေသည်…။ တား၍ ရလို ရငြား ရပ်နေရာမှ ခြေကို အသာ ကြွ၍ ရှေ့သို့ တလှမ်း နှစ်လှမ်း တိုးကပ်သွားမိသည်…။

”မလာနဲ့… မလာနဲ့… အဲဒီအနားမှာပဲနေ… ဒီအမှိုက်တွေ ဒီနေ့ ရှင်းကို ရှင်းပစ်မှ ရမယ်… မဟုတ်ရင် အခန်းထဲမှာ ခြင်တွေ ပိုးဟပ်တွေ ကြွက်တွေ လာအောင်းနေလိမ့်မယ်…”

ကြည့်နေရင်းမှာပင် သူ ချစ်သော တိမ်လိပ်တွေ အားလုံးနီးပါး အမှိုက်ခြင်းထဲသို့ ရောက်ကုန်ကြသည်။ သူ့ အခန်းထောင့်မှာ ဟာလာဟင်းလင်းကြီး ဖြစ်သွားသည်…။ ခဏကြာတော့ သူ့ သမီးက သူ့ကို တလှည့် သူ့အခန်းကို တလှည့် ဝေ့ဝဲ ကြည့်ပြီး လက်ထဲမှ ခြင်းတောင်းကို မ ယူကာ အခန်းထဲမှ ခြေသံပြင်းပြင်းဖြင့် ထွက်ခွာသွားတော့သည်…။

သွားပြီ… သူ ပိုင်ဆိုင်သမျှ တိမ်တွေ အကုန် ပါသွားပြီ…။ တိမ်တွေနှင့်အတူ သူ့ ဘဝတခုလုံး ပျောက်ဆုံးသွားသလို နာနာကျည်းကျည်း ခံစားလိုက်ရသည်…။ ထို့နောက် အခန်းတံခါးကို အသံမမြည်အောင် ထိန်း ပိတ်ရင်း တံခါးရွက်များကို မှီကာ အသာ ထိုင်ချလိုက်သည်…။ လစ်ဟာသွားသော အခန်းထောင့်ကို နာကျင်ခံခက်စွာ ငေးမောနေရင်းက သူ့ကိုယ်သူ သတိထားမိချိန်တွင် တိမ်တွေကို ပြန်ခေါ်ပေးပါ… တိမ်တွေကို ပြန်ခေါ်ပေးပါ… ဟု တဖွဖွ ရေရွတ်ရင်း အသံတိုးတိုးဖြင့် သူ ရှိုက်ငိုနေမိပြီ ဖြစ်သည်…။

*****

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော လမ်းသွား လမ်းလာများအနေဖြင့် တထပ်တိုက် နီညိုညိုတလုံး၏ အောက်ထပ် အခန်းတခန်းတွင် ပြူတင်းပေါက် ဘောင်ပေါ် မေးထောက်ရင်း မိုးကောင်းကင်ကြီးကို မော့ကြည့်ကာ ပါးစပ်မှ တစုံတရာကို အဆက်မပြတ်… တတွတ်တွတ် ရေရွတ်နေသော အသက် ခပ်ကြီးကြီး အမျိုးသမီး တစ်ယောက်ကို တွေ့မြင်ပါကာ ဝါဂွမ်းစ အနည်းငယ် သို့မဟုတ် တစ်ရှူးစ အနည်းငယ်ကို ကြင်နာသော နှလုံးသားဖြင့် ပေး ပေးပါဟု ကျွန်မ အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်…။ ကျေးဇူး အထူး တင်ရှိပါသည်။


10 comments:

  1. ဟိုးအရင်တုံးကလက်ရာလေးတွေထင်တယ်၊ရင်ကိုထိတာမှနှစ်ပိုင်းကွဲသွားအောင်အလည်တဲ့တဲ့မှန်ပါတယ်၊အန်ကယ်ကြီးတစ်ယောက်တွေ့လဲအဲဒီတစ်သျှူးစနဲ့ဂွမ်းစလေးတွေအပြင်၊ဆေးလိပ်တချို့ပေးသွားနိုင်ပါတယ်... :)

    ReplyDelete
  2. နဝေတိမ်တောင်

    ReplyDelete
  3. တိမ်ချစ်သူ မဖြစ်ခင် ကတည်းက အချိန်လေး ပေးပြီး ဂရုစိုက်ခဲ့ ရင် တိမ်တွေ ပျောက် လို့ ငို တဲ့ အဆင့် ဘယ်ရောက်မလဲ..နော်..။ လမ်းကြုံ ရင် တိမ်တွေ ဖမ်းပြီး ပေးပေး ပါ့မယ်..။ တိမ်ပျောက်သူ အတွက်လေ..။

    ReplyDelete
  4. ရေးဖွဲ့ ပုံနှစ်သက်ပြီးသားမို့ ကျေနပ်စွာဖတ်သွားပါတယ်။
    အပေါ်ဖက်မှာသူကအရင်တုန်းကနီညိုရောင်တထပ်အိမ်ကလေးထဲမှာမိသားစုနဲ့ ပျော်ရွှင်ခန့်  ညားစွာနေခဲ့တယ်လို့ နားလည်မိတယ်။
    အဲဒီတော့လက်ရှိမှာတော့ တခြားနေရာက အခန်းကျဉ်းလေးလို့ နားလည်မိတယ်။ (စိတ်ဝေဒနာဆေးရုံများလားလို့ ..အတွေးဖြန့် ပြီးဆက်ဖတ်ခဲ့တယ်။)
    အောက်ဆုံးစာပိုဒ်မှာနီညိုရောင်အိမ်မှာရှိနေပြန်တော့နဲနဲလယ်သွားလို့  သုံးခေါက်ပြန်ဖတ်သွားပါတယ်။
    အိုင်အိုရာ့ အကြိုက်ဆိုရင်တော့..
    တိမ်တွေကိုပြန်ခေါ်ပေးပါဟု တဖွဖွရေရွတ်ရင်း..အသံတိုးတိုးဖြင့်သူရှိုက်ငိုနေမိပြီဖြစ်သည်။ ….ဆိုတာမှာ….climax…လို့ ခံစားမိတယ်။
    ရင်ထဲကို အဲဒီနေရာမှာအရမ်းငြိသွားတယ်။……
    အောက်ဆုံးစာပိုဒ်ကအိုင်အိုရာခံစားနေရတဲ့ …အငြိလေးကို..ပြန်လျှောသွားစေမိတယ်လို့  ပါဆင်နယ် ခံစားမှုလေးကို ပေးခဲ့မယ်နော်။
    အစဉ်အားပေးနေတဲ့..
    အိုင်အိုရာ

    ReplyDelete
  5. အန်ကယ်... ကိုနတ်... ညီမ သွင်... မှတ်ချက်များအတွက် ကျေးဇူးပါ။

    ReplyDelete
  6. သူငယ်ချင်း အိုင်အိုရာ...

    အမြဲတမ်း စာလာဖတ်ပြီး ခံစားရသလို ပေးခဲ့တဲ့ မှတ်ချက်အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်...

    ဆိုလိုချင်တာကတော့ သစ်တောလမ်း အိမ်လေးမှာပါပဲ... မိဘနေရာက အမျိုးသမီးတယောက်အတွက် တအား ပီပီပြင်ပြင်ရေးရမှာ စိတ်ထဲ မကောင်းလှတာနဲ့ စာလုံးတွေ လျှော့လိုက်လို့ အဲလိုဖြစ်သွားတယ်လို့ ထင်ပါတယ်... ရေးပြီးခါစမှာ အိုင်အိုရာ ပြောတဲ့ အဆုံးသတ် (Climax) မှာ ရပ်ထားသေးတယ်... တုံးတိကြီး ဖြစ်နေတယ်လို့ ခံစားရပြီး နောက်တော့ စိတ်ကူးထဲ ပေါ်လာတာလေးကို ထပ်ဖြည့်လိုက်တာ...

    နောက်ကိုလည်း အဲလို မှတ်ချက်မျိုးတွေ ရေးပါနော်...

    ချစ်ခင်စွာဖြင့်

    သက်ဝေ

    ReplyDelete
  7. အစ်မသက်ဝေ ဝတ္ထုလေးဖတ်ပြီး ကိုယ်တွေရော တစ်ချိန်ချိန်မှာ တိမ်တွေနဲ့ အဖော်ပြုရတဲ့နေ့မျိုး ရောက်မလာဘူးလို့ ပြောနိုင်ပါ့မလား မသိဘူးလို့ အတွေးဝင်မိတယ်။
    ဒါပေမဲ့ ကျွန်မတော့ အဖြူရောင်တိမ်တွေထက် ဘာမှမရှိတဲ့ ကောင်းကင်ပြာပြာကြီးကို ပိုစွဲမက်တယ်.
    အဲဒီခါကျရင် တစ်ခန်းလုံးရဲ့ နံရံတွေကို ကောင်းကင်ပြာရောင် ဆေးခြယ်ပစ်မယ်။

    ReplyDelete
  8. မမသက်ဝေ

    ဒီအရေးအဖွဲ့ပုံစံလေးကို သဘောကျမိတယ်။
    တကယ့်ကို နူးနူးညံ့ညံ့လေး ရေးပြထားပေမယ့်
    ပေးချင်တဲ့ မက်ဆေ့ကို ထိထိမိမိပေးနိုင်တဲ့ စာကောင်းတစ်ပုဒ်ပါပဲ။

    ချစ်ညီမ
    နှင်းနဲ့မာယာ

    ReplyDelete
  9. မိဘတွေကိုဂရုစိုက်နေရာပေးဖို့မေ့နေတတ်ကြတဲ့သားသမီးတွေဖတ်သင့်ပါတယ်။လူကြီးတွေကအသက်ကြီးလာလေလေ။နောက်ပြီးအလုပ်မရှိတော့ဘဲယောင်တောင်တောင်နဲ့ဖြစ်သွားချိန်တွေမှာစိတ်ဓာတ်တွေကျတတ်လို့ပိုတောင်ဂရုစိုက်သင့်ပါတယ်ဆိုတာလေးလည်းထင်သာအောင်msg ပေးနိုင်တယ်မမသက်ဝေရေ။သဘောကျမိပါတယ်။

    ReplyDelete
  10. တိ မ်ေ တွ နှ င့် အ တူ သူ့ ဘ ဝ တ စ် ခု လုံး ေ ပ် ာ က် ဆုံး သွား သ လို
    နာ နာ ကျ ည်း ကျ ည်း ခံ စား လို က် ရ သ ည် . . . . . . . . )))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...