ဒီနေ့ ဇူလိုင်လ တစ်ရက်နေ့မှာ သူသာ သက်ရှိထင်ရှား ရှိနေခဲ့မည်ဆိုလျှင် အသက် ငါးဆယ်ပြည့်… ရွှေရတု မွေးနေ့ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ထူးထူးခြားခြား မွေးနေ့ပွဲများကို သူ ကျင်းပနေလိမ့်မည် မထင်၊ ဖယောင်းတိုင်နှင့် ကိတ်မုန့်တွေလည်း ပါမည် မထင်…။ ဂစ်တာလေး တလက်ဖြင့် သီချင်းများကို သံစဉ်ရှာ ရေးစပ်သီကုံးနေမည်လား… သို့မဟုတ် ဂစ်တာကို တိုးတိုးညင်သာ တီးခတ်ရင်း အမေ့ရဲ့ဒုက္ခအိုးလေး… သီချင်းကို ဆိုညည်းနေမည်လား… သို့တည်းမဟုတ် မိသားစုနှင့် အတူတူ ရိုးရှင်းသော ညစာစားရင်း ရယ်မော ပျော်ရွှင်နေမည်လား…
ထိုအတွေးစတချို့နှင့်အတူ… ဝေးသွားတဲ့ အခါ သီချင်းကို ခပ်တိုးတိုး ဖွင့်ရင်း ဆရာ နိုင်ဇော် ရေးသားခဲ့သော အဆုံးအစမဲ့ မိုးသားထဲ သွားရအုံးမယ် (ထူးအိမ်သင် ပုံတူ ကောက်ကြောင်း) စာအုပ်ကို ပြန်ဖတ်ဖြစ်ပါသည်…။ သူ၏ ကောက်ကြောင်းဆိုသည့် အတိုင်း… သည်စာအုပ်ထဲတွင် ထူးအိမ်သင် - ငယ်နာမည် ဘဲဥ မှ အစချီကာ ကျော်မြင့်လွင် ၊ သျှပ်မှူးကျော်၊ ကဗျာဆရာ စာရေးဆရာ လင်းထင် အလယ်… ကိုငှက် ဟု ချစ်စနိုး ခေါ်ကြသော ထူးအိမ်သင် ရယ်လို့ ဖြစ်လာချိန်အထိ… အားလုံးကို ပြည့်ပြည့်စုံစုံ မြင်တွေ့နိုင်ခဲ့သည်။
*****
ဒုတိယတန်း ကျောင်းသားလေး ကျော်မြင့်လွင်…
စာမေးပွဲမှာ အမှတ်တွေ မနည်းစဖူး နည်းသွားခဲ့သည်။ ရီပို့ကဒ်ကို စစ်ကြည့်လိုက်သောအခါ လစဉ်စာမေးပွဲတွေမှာ အမှတ်တွေ ထိုးကျနေခဲ့သော်လည်း ပထမအစမ်း၊ ဒုတိယ အစမ်းတွေမှာ အမှတ်တွေက ကောင်းနေပြန်သည်…။ ဘယ်လိုဖြစ်တာလဲ… ဘာကြောင့်လဲ ဟု အကြောင်းရင်းကို သေသေချာချာ မေးမြန်းကြည့်သော အခါ မျက်စိ အဝေးမှုန်နေသည့် အကြောင်း မိဘတွေ သိလာခဲ့ရသည်…။
လစဉ်စာမေးပွဲများမှာ စာမေးပွဲမေးခွန်းကို အတန်းထဲက ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားသောကြောင့် သူ့နေရာကနေ မမြင်ရ… အရှေ့ကို ထ ထ ပြီး သွားကြည့်၊ ပြီးမှ နေရာကို ပြန်လာပြီး ဖြေရသည်။ ထိုအခါ အချိန်မမှီ…။ သင်္ချာဆိုလျှင် ကျတောင် ကျနေခဲ့သည်။ ပထမအစမ်း၊ ဒုတိယ အစမ်း စာမေးပွဲများမှာတော့ မေးခွန်းကို စာရွက်ဖြင့် တယောက် တရွက်စီ ဝေငှပေးသောကြောင့် သူ့ အတွက် အဆင်ပြေခဲ့သည်။ ထိုအခါ အမှတ်တွေက ထိပ်ဆုံးမှာ… သည်လိုနှင့် သူသည် အသက် ငယ်ငယ်လေးထဲက မျက်မှန် ထူထူနဲ့ ကျောင်းသားလေး တယောက် ဖြစ်ခဲ့တော့သည်။
*****
သူ့အသက် ၁၉ နှစ်တွင် သူ ပထမဆုံး ရေးဖွဲ့ခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းက ဝေးသွားတဲ့ အခါ….
"ဝေးသွားတဲ့အခါ မင်းအနားမှာ မောင့်ရဲ့ ချစ်လိပ်ပြာ ဟိုသည် ပျံဝဲလို့ နေချင်တာ…
ကြင်နာသူ မေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ… ဟိုတုန်းက တို့များရဲ့ ချိုမျက်ဝန်းလွှာ…
နွေအိပ်မက်များထဲမှာ… တွေ့ကြမယ်နော် သီးခြားကမ္ဘာတခုမှာ…"
*****
ရှုမဝ မဂ္ဂဇင်းကို ကဗျာများ ဝတ္ထုတိုများ ရေးပို့သောအခါ သူ့ ကလောင်နာမည်က လင်းထက်… သူ့ ခံစားချက်တချို့ကို အမေ့ထံ တိုင်တည်ဟန်ဖြင့် တစွန်းတစ ရေးသားခဲ့သော ကဗျာလေးက…
အမေ… သားတော့ မီးလောင်နေပြီ…
လူတွေကတော့ ရယ်မှာပဲ…
သားရင်ထဲမှာ ကဗျာ… ကဗျာ… ကဗျာ…
သက်သာရာ ရမလားလို့ပါ…
(ဒီတခါတော့ဖြင့်) ဝမ်းရည်စပ်ရင်လည်း
နည်းနည်း ခွင့်လွှတ်ပါ အမေ…
သားတော့ မီးလောင်နေပြီ…
ပထမဆုံး ဝတ္ထုတိုဖြစ်သော "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည် ဖြစ်၍..." ရှုမဝ မဂ္ဂဇင်းမှာ ဖေါ်ပြခြင်းခံရချိန်မှာ သူ့အသက်က ၁၉ နှစ်…
*****
တကယ်တော့ သူ့ရဲ့ စိတ်ဆန္ဒက အဆိုတော်ဖြစ်ဖို့ မဟုတ်ခဲ့… သူရေးထားတဲ့ သီချင်းတွေကို သီဆိုမဲ့သူ ရှာတွေ့ဖို့သာ…။ ဆိုတဲ့သူ ရှိလျှင် ရောင်းမည်… လူတွေ ကြားထဲ သူ့သီချင်းလေးတွေ ပျံ့နှံ့သွားရင် ကျေနပ်ပြီ ဆိုတာမျိုးသာ…။ သို့သော်လည်း ကံကြမ္မာက သူ့ကို သီချင်းတွေ ဆိုဖြစ်အောင် တွန်းပို့ ခဲ့သည်..။ နာရီပေါ်မှ မျက်ရည်စက်များ ၏ အစ… အိုအေစစ် စတူဒီယိုတွင် သူ အရင်ဆုံး စသွင်းခဲ့သော သီချင်းက သီချင်းလေး သက်သေ…
"သာယာချိုမြန်ပါစေ သူ့စိတ်မှာ…
ကိုယ်လေ ရည်ရွယ်ပါတယ် သူတယောက်သာ….
ရင်မှာ ဆိုနေမယ် သီချင်းလေးများ နားဆင်ပါ…"
ထူးအိမ်သင်၏ နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တပုဒ်က အမေ့အိမ်…
အဲဒီသီချင်းကို သူ သုဝဏ္ဏအိမ်မှာ နေထိုင်စဉ် အချိန်… မီးရထားလမ်းနှင့် နီးနေသောကြောင့် မီးရထား အဝင်အထွက် ဥသြသံကို နေ့စဉ် နားထောင်ရင်း ရေးဖြစ်ခဲ့…။
"မွန်းကြပ်တဲ့ မြို့ပြ လူနေမှုစနစ်မှာ စီးမျောရင်းလေ…
မပြီးသေးတဲ့ ခရီးတခု အဆုံးအထိရောက်ဖို့ ကြိုးစားနေသူမှာ...
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့….
မြင်ယောင်ကာ အိပ်မက်ရင်… အလိုလို ငိုချင်တယ်…
အိမ်ပြန်ချင်တယ်… ဟူး… အငြိမ်းချမ်းဆုံး အမေ့အိမ်…
အိမ်ပြန်ချင်တယ်… ဟူး… အနွေးထွေးဆုံး အမေ့အိမ်…
အိပ်မရတဲ့ ညများစွာထဲ…. အိုး… ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး…."
နာရီပေါ်က မျက်ရည်စက်များ၊ မှော်ဆရာ အိပ်မက် နှင့် သက်ငြိမ် တေးစီးရီးစ် သုံးခွေ ထွက်ပြီးချိန်… မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ သူ့ သီချင်းသံတွေ နေရာယူ လွှမ်းမိုးနေသော အချိန်တွင် ထို သီချင်းခွေများအတွက် သူရခဲ့သည်ကတော့ ငွေ ငါးထောင်ကျပ်ရယ်… ဆယ့်လေးလက်မ တီဗွီ တလုံး ရယ်… ဟု ရယ်စရာ ပြောခဲ့သည်…။
*****
တနေ့တွင် ဆရာ စိုင်းခမ်းလိတ်က သူ့ကို အော်တိုရေးခိုင်းဖူးသည်…။ သူက ဆရာ ကျွန်တော့ကို မနောက်ပါနဲ့.. ဟု ပြောတော့ ဆရာ စိုင်းခမ်းလိတ်က ပြုံးစိစိဖြင့် သူ့ အော်တို မဟုတ်… သူ့ သမီး အော်တိုစာအုပ် ဖြစ်ကြောင်း ရှင်းပြ… အမှတ်တရအဖြစ် တခုခု ရေးပေးစေလိုကြောင်းပြောလေသည်…။
ထိုအခါ ထူးအိမ်သင်က
"ကြွေနေတဲ့ ပန်းလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့်အဝရတဲ့ ချစ်သမီးလေးရယ်…
ဒီလိုသာ အမြဲ ရောင့်ရဲ နေတတ်ရင် ဘယ်လောက်ကောင်းမလဲ…" အစချီသော နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ် ကို အစအဆုံး တလုံးမကျန် ရေးပေးကာ သူ့ လက်မှတ် ထိုးပေးလိုက်သည်။
ထိုသီချင်းကို အစအဆုံး တလုံးမကျန် အလွတ်ရနေခြင်းသည် ဆရာ စိုင်းခမ်းလိတ်နှင့် ဆရာ့ အနုပညာကို သူ မည်မျှ လေးစား တန်ဖိုးထားကြောင်း ဖေါ်ပြပြီးသား ဖြစ်သွားခဲ့သည်သာမက ဖခင်တယောက် သမီးအပေါ် ထားရှိသော မေတ္တာကိုလည်း ပိုမို ထင်ရှား သွားစေခဲ့သည်…။
*****
အဲဒီနောက်တွင်…………….. ဂီတငှက် အမြင့်ပျံ ခရီးကို ပျံသန်း ခရီးနှင်သွားခဲ့သည်…။
အိပ်မက်ထဲက ရထားကြီး ခုတ်မောင်း သွားခဲ့…. ဘယ်တော့မှ ပြန်လာမည် မဟုတ်တော့…
"အိပ်မက်ဆန်းတခု ညစဉ်တွေ့မြင်… ကိုယ်လေ ရထားကြီး တစင်းနဲ့ပေါ့…
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်… အမှောင်မှာ ခုတ်မောင်းရင်း…
ကိုယ်ဟာ တဦးတည်းသော အမြဲတမ်း ခရီးသည်…
နေရာ အချိန် ပညတ်ချက်မဲ့… ဆူညံ ကွဲအက်တဲ့ နှလုံးသား ခေါင်းလောင်း မြည်သံတွေ…
အမှောင်နဲ့ အလင်း မကွဲပြားတဲ့ ကောင်းကင်… ညလွင်ပြင်ကို ဖြတ်သန်းတိုးဝင်…
မီးရထားကြီးတစင်း ကိုယ့်ဝိညာဉ်ကို သယ်ဆောင် ခုတ်မောင်းရင်း…
သံသရာ ရှည်မယ့် ခရီး… ဘယ်မှာ ဆုံးမယ် ကိုယ်လည်း မသိ….
ဒီအိပ်မက်က နိုးတိုင်း ရင်မှာ ကြေကွဲမိ…
အိပ်မက်ထဲက ရထားကြီး ခေါ်သံ ကိုယ် ကြားမိ…"
*****
ဝေးသွားသော်လည်း ယနေ့ထက်တိုင် သူ့သီချင်းတွေကို နှစ်ခြိုက်မက်မောစွာ နားထောင်နေဆဲ… တီးတိုး ရေရွတ် သီဆိုနေဆဲ…
အဆုံးသတ်တွင် ဆရာနိုင်ဇော်က ထူးအိမ်သင် ကိုယ်တိုင်ရေးသားခဲ့သော ကဗျာတိုလေး တပုဒ်ဖြင့် နှုတ်ဆက်ခဲ့သည်…။
သက်တံ့မြစ်
ညနေခင်း တစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာ…
လှလိုက်တဲ့
သက်တံ့ကြီး တစ်စင်း
စီးဆင်းနေတာ တွေ့တယ်…
ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့
ဘဝဆိုတာ
သက်တံ့လိုပါလား….
ရှိတော့ ရှိရဲ့
ဒါပေမယ့်
အရှိမဲ့…..
*****
ထူးအိမ်သင် ဟူသော အမည်နာမ တခုအတွက် သူ ဖြတ်သန်းခဲ့ရသော နေ့စွဲများအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရသည့်အတွက် ပုံတူ ကောက်ကြောင်း ဖန်တီးရှင် ဆရာနိုင်ဇော်ကို အထူး ကျေးဇူးတင်ပါသည်။ ထို ပုံတူ ကောက်ကြောင်းကလေးကို ဖတ်ရှုရင်း... စိတ်ကူးထဲတွင် ပြန်လည် ခေါ်ယူ တွေးတော ပုံဖေါ်ရင်း... သူ သီဆိုခဲ့သော သီချင်းများထဲတွင် တီးတိုးညင်သာ စီးမျောလိုက်ပါရင်း… သူ့မွေးနေ့ အမှတ်တရ အဖြစ် သည်ပိုစ့်ကို ရေးပါသည်။
Happy Birthday to You…!!
ဒေါနတောင်တန်းကသူပုန်တွေရဲ့ခံကတုတ်ထဲမှာလဲ၊လနဲ့ချီပြီးကျည်ဆန်နဲ့ဌက်ဖျားကြားမှာသူသီချင်းဆိုအားပေးခဲ့တယ်
ReplyDeleteတိုက်ဆိုင်လိုက်တာ
ReplyDeleteမနေ့ ကသူ့ သီချင်ွးေချည့်နားထောင်နေခဲ့မိတယ်။
အိုင်အိုရာ
ရိုက်နေရင်းမမြင်ရလို့ ...
ReplyDeleteစာလုံးပေါင်းမှားတာခွင့်လွှတ်ပါ။
အိုင်အိုရာ
ဆရာနိုင်ဇော်ရဲ့ စာအုပ် မဖတ်ဖူးသေးဘူး အစ်မ။ အစိမ်းရင့်ရောင်ရက်စွဲများထဲက ကိုငှက်ရေးခဲ့တဲ့ `အသက်သည် အိပ်မက်´ ကဗျာလေးကို ဖျတ်ကနဲ သတိရမိတယ်။
ReplyDeleteအိပ်မက်သည်သူ
သူသည် အိပ်မက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်းကြွင်းစေ။
ဇွန့်အတွက်တော့ ဘယ်သောအခါမှ မရိုးနိုင်တဲ့ သူ့သီချင်းတွေက သတိရခြင်းကိုကြွင်းစေတဲ့ တစ်သက်စာ အမှတ်တရတွေပါပဲ။
ဒါတွေကိုမသိခဲ့ဘူးအမ
ReplyDeleteငယ်တုန်းကတော့ အေးစက်စက် ဓါးသွားတစ်လက်ရဲ့အနမ်း ဆိုတာကို သိပ်ကြိုက်ဖူးတယ် ။
အမပို့စ်ဖတ်နေတုန်းပဲ ဖုန်းတခုကိုအလုပ်ကိစ္စနဲ့ဆက်လိုက်တာ ဖုန်းလိုင်းလွှဲတော့ ကိုငှက်သီချင်းလေးထွက်လာတယ်...“တကယ်လို့များ..” ဆိုတဲ့ သီချင်းလေး...။ ရှစ်တန်းကိုးတန်းတုန်းက ကျောင်းရှေ့မှာ နာရီပေါ်ကမျက်ရည်စက်များ တို့ ဘာတို့ သီချင်းစာအုပ်တွေဝယ်ရတာနဲ့ တိတ်ခွေနားထောင်ရင်းလိုက်ဆိုရတာနဲ့ အဲငယ်ဘ၀လေးကိုပါလွမ်းသွားတယ်...။ အကြိုက်ဆုံးအဆိုတော်ထဲမှာ ကိုငှက်ထိပ်ဆုံးကပါတယ်...။
ReplyDeleteကလေးဘဝကတည်းက မမပုသိမ်သူ သီချင်းကို လူကြီးတွေ သဘောကျအောင် ဆိုပြနိုင်ခဲ့တဲ့ 'ဇ' နဲ့ လူဖြစ်လာခဲ့တဲ့ မောင်ဘဲဥ....၊ မြတ်နိုးတဲ့ ဂစ်တာလေး အခိုးခံရဖူးသလို သိုင်းရေးတပြင်ပြင် ဖြစ်နေခဲ့ဖူးတဲ့ လူငယ်လေး ကျော်မြင့်လွင်...၊း)
ReplyDeleteအဲဒီစာအုပ်လေးကို ဟိုတလောက အွန်လိုင်းမှာ အမှတ်တမဲ့တွေ့လို့ ဖတ်ခွင့်ရလိုက်တယ်၊ ဆရာနိုင်ဇော်က အတော့်ကို ပြည့်ပြည့်စုံစုံ ရေးထားခဲ့တာပါပဲ၊ သူသာရှိသေးရင် ပုသိမ်ဖက်က ခြံလေးတစ်ခြံမှာ ကလေးတွေကို ဂီတအကြောင်း တိုးတိတ်စွာ သင်ကြားပေးနေမလားလို့ တွေးနေမိတယ်။
ပြန်မျှဝေပေးတာကျေးဇူးပါသက်ဝေရေ
ReplyDeleteဆရာနိုင်ဇော်ကိုလဲ အရမ်းနှစ်သက်မိသလို ကိုငှက်ကတော့ တသက်မမေ့မဲ့သူပါ...
စာတော်ပြီး အရမ်းချစ်စရာကောင်းတဲ့သမီးလေးတယောက် ထူးအိမ်သင်မျိုးဆက်အဖြစ်ချန်ထားပေးခဲ့တာကို အရမ်းကို ကျေးဇူးတင်မိပါတယ်...
ဘာနဲ့ ခံစားချက်တူသလဲဆိုတော့ ကော်လိပ်ဂျင်နေ၀င်းအရမ်းကြိုက်တဲ့ကိုယ် ဟေမာ့ကို တွေ့ လိုက်ရတဲ့အချိန်မှာ အရမ်းဝမ်းသာသွားသလိုမျိုးပါ
မိကွန်ထောလေးလဲ အဖေလို အောင်မြင်ပါစေလို့ 
အမေ့အိမ် သီချင်းလေးတစ်ပုဒ်နဲ့တင် သူ့ရဲ့ အနုပညာဖန်တီးချက်တွေက မှော်ဆန်လွန်းတော့တာ ။ တစ်နေ့စာ အလွဲများကိုလည်း ကြည်နူးစရာနားထောင်ရပြန်တာပေါ့ .။
ReplyDeleteသူ့သီချင်းလေးတွေ ဆွေးမြေ့တဲ့အခါ နားထောင်အုံးမှပါပဲ ။
ပို့စ်လေးအတွက်ကျေးဇူးပါဗျာ။