စွယ်တော်ရိပ်ပွဲကို နှစ်စဉ်လုပ်နေကျ ဖြစ်သော်လည်း မနှစ်က ၂၀၁၂ မှာ မလုပ်ဖြစ်တဲ့အတွက် ဒီနှစ် ပွဲ ကြော်ငြာတွေ့တော့ ဝမ်းသာသွားပါတယ်။ ညနေ ငါးနာရီ တိတိမှာ ထူးခြားတဲ့ အစီအစဉ်တခုနဲ့အတူ အခန်းအနားကို စတင်မယ်လို့ Facebook မှာ ရေးထားတာ တွေ့ရတာမို့ အချိန်မီ အရောက် သွားခဲ့ပါတယ်။ ငါးနာရီ တိတိ မဟုတ်သော်လည်း ငါးနာရီ နဲ့ ဆယ့်ငါးမိနစ် မှာ ပွဲကို စပါတယ်။
အဲဒီ ခန်းမကို ဟိုးတနှစ်က စာပေဟောပြောပွဲတုန်းက တစ်ခေါက် ရောက်ဖူးပါတယ်…။ ဒီတစ်ခေါက် ခန်းမထဲရောက်တော့ သတိထားမိတာကတော့ အရင်နဲ့ မတူ ထူးခြား သပ်ရပ်တဲ့ အဆင်အပြင်ပါ။ ကျွန်မထင်တာ မမှားဘူးဆိုရင် ထိုင်ခုံတွေရော၊ အောက်က ကြမ်းခင်း ကော်ဇောတွေရော အသစ်တွေ လို့ ထင်ပါတယ်။ ပြီးတော့ တတန်းနဲ့ တတန်းလည်း ထိုင်ခုံတွေ ခြားထားတာ အရင်ကလို ဒူးတိုက်မနေပဲ အနည်းငယ် ပိုကျယ်ဝန်းလာပါတယ်….။ သန့်စင်ခန်းကတော့ အရင်လိုပဲ ခန်းမရဲ့ အရှေ့ညာဖက်မှာ ရှိနေတုန်းပါ။ ဒါပေမဲ့ အသစ် ပြန်လည် ပြုပြင်ထားတဲ့အတွက် သန့်ရှင်း သပ်ရပ်နေတာ တွေ့ရပါတယ်။
ပွဲစစချင်းမှာ ပုပ္ပါးမယ်တော်ကို ပူဇော်ပသတဲ့ ကကွက်၊ ပွဲကြိုက်ခင် သီချင်း အဆိုနဲ့ အက၊ ခေတ် လေးခေတ် ရခိုင်လူမျိုးတို့ရဲ့ ဝတ်စား ဆင်ယင်မှု ရိုးရာကို ဖေါ်ပြတဲ့ ကကွက် တွေနဲ့ စပါတယ်။ ရိုးရာအက လှလှပပတွေ မမြင်ရတာ ကြာနေပြီဆိုတော့ စိတ်ထဲမှာ တော်တော် ကြည်ကြည်နူးနူးနဲ့ နှစ်သက် သဘောကျမိပါတယ်။ အဲဒီနောက်မှာ ကပြတာကတော့ မောရ မာယာ ဆိုတဲ့ အစီအစဉ်ပါ… အဲဒီ ကိန္ဒရီ ကိန္ဒရာ ကကွက်မှာ ကတဲ့ မင်းသား မင်းသမီး နှစ်ယောက်စလုံး တကယ် အက ကောင်းကြတာ တွေ့ရတယ်။ ပြီးတော့ သူတို့ရဲ့ ဝတ်စုံတွေ သိပ်လှတယ်လို့ သိသိမှတ်မှတ် သတိပြုမိပါတယ်…။
အဲဒီနောက်မှာတော့ ဂီတပဒေသာလို့ ခေါ်တဲ့ တခန်းရပ် ပြဇာတ်ဆန်ဆန် ကကွက်… အဲဒါပြီးတော့ ပန်းကောက်တေး သီချင်းနဲ့ တေးသရုပ်ဖေါ် အစီအစဉ်ပါ။ ပန်းကောက်တေး သီချင်းကို ငယ်ငယ်တုန်းကသာ ကြားဖူးပြီး နောက်ပိုင်းမှာ မကြားရတာ ကြာလှပြီ ဖြစ်လို့ အခုလို မမျှော်လင့်ပဲ ပြန်ကြားရတော့ တော်တော် သဘောကျမိပါတယ်။ အဲဒီလိုချစ်စရာသီချင်းလေးကို လိုက်လိုက်ဖက်ဖက် ရွေးချယ် ကပြတဲ့ စိတ်ကူး အတွေးလေးကိုလည်း တကယ် သဘောကျမိပါတယ်။ ပန်းကောက်တေး တေးသရုပ်ဖေါ် ပြီးတော့ မင်းသား မင်းသမီး စုံတွဲ သုံးတွဲရဲ့ စန်းနွေဦး ခေတ်ဆန်း နှစ်ပါးသွား အစီအစဉ်ပါ။ အကတွေ များနေလို့ ပျင်းသလိုလို ဖြစ်လာတဲ့ အချိန်မှာ မေဓါဝီနဲ့ ဗေဒါရီ တခန်းရပ် ပြဇာတ်ကို ကပါတယ်။ ရယ်လည်း ရယ်ရ ကြည့်လို့လည်း ကောင်းတဲ့ ပြဇာတ်လေးပါ။ အဲဒါပြီးတော့ သင်္ကြန်အမှတ်တရအဖြစ် ရေတွေ စိုကုန်ပြီ သီချင်းနဲ့ အဆို အက… သီချင်းလိုက်ဆိုရင်း လက်ခုတ်တီးရင်းမှာပဲ တွေးမိကြတာက ဒါပြီးရင် ပထမပိုင်းတော့ ပြီးလောက်ပြီ.. ညနေစာ စားရတော့မယ်လို့ပါ…။
ဒါပေမဲ့ ချစ်သော ငွေတောင်သူ လို့ အမည်ရတဲ့ ကကွက်တခု လာပြန်ပါတယ်…။ ဗိုက်တွေလည်း ဆာနေကြပြီမို့ အဲဒီကကွက်မှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ မငြိမ်လှတော့ပါဘူး..။ အချိန်ကလည်း အတော်လင့်နေပြီမို့ ညနေစာ စားဖို့ ကြေငြာတဲ့အသံကို မျှော်နေကြပါတယ်။ အဲဒါပြီးတော့ စားရပြီဟဲ့လို့ ထင်ထားရာကနေ နောက်ထပ် အစီအစဉ်တခုအတွက် ဆက်ကြေငြာတော့ အပြင်ထွက်တော့မလို စားရတော့မလို ဖြစ်နေကြတဲ့ ပရိတ်သတ်ကြီးလည်း နေရာမှာ ပြန်ထိုင်လိုက်ကြတာ တွေ့ရပါတယ်။ ပြဇာတ်ကတော့ အထေ့ အငေါ့လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်ရပါတယ်…။ ဝ.ဝ.က ဆိုတာ ဝိညာဉ် ဝင်မှု ကြီးကြပ်ရေး ဆိုလို့ ရယ်လိုက်ရတာ…။ နာရီကြည့်လိုက်တော့ အချိန်ကလည်း ရှစ်နာရီခွဲကျော်ကျော်ဆိုတော့ နာရီဝက်နီးပါး ကပြနေတဲ့ ဒီပြဇာတ်ပြီးရင်တော့ ညစာ စားရတန်ကောင်းရဲ့ လို့ ထင်ထားမိတာပေါ့…။
ပြဇာတ်လည်း ပြီးရော အစီအစဉ်ကြေငြာသူတွေ တခေါက် ပြန်ထွက်လာပြီး Hip Hop တေးသရုပ်ဖေါ်လို့ ကြေငြာပြန်ပါတယ်…။ သူငယ်ချင်းအချို့ကတော့ အပြင်ထွက်လာခဲ့… စားလို့ရနေပြီလို့ Message လှမ်းပို့ပါတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ ကပြနေတဲ့ ကလေးတွေကို အားနာတာကတကြောင်း၊ စားလို့ရပြီလို့ တရားဝင် မကြေငြာသေးတာက တကြောင်းမို့ ထွက်မသွားဖြစ်ပါဘူး…။ အဲဒီ Hip Hop အကတွေ ပြီးမှ ညစာ စားလို့ရပြီ ဆိုတဲ့အကြောင်း ကြေငြာပါတယ်။
ညစာအနေနဲ့ ကျွေးတာတော့ ဖေါ့ဗူးအဖြူရောင်တွေနဲ့ ထည့်ထားတဲ့ ထမင်းကြော်နဲ့ ရေသန့်ဗူး တဗူးစီပါ။ မြန်မာပိုင် ဟိုတယ်တစ်ခုက စပွန်ဆာပေးတယ်လို့ သိရပါတယ်။ အားနာနာနဲ့ ပြောရရင် စားရတာ တော်တော်လေးကို အဆင်မပြေတဲ့ ထမင်းကြော်ပါ။ အရသာ မကောင်းရုံတင်မက တချို့ဗူးတွေမှာဆို ထမင်းကြော်က တဝက်လောက်ပဲ ပါတာ တွေ့ရပါတယ်။ အသားစ တချို့ကို တွေ့လို့ ကြက်သားနဲ့ ကြော်ထားတယ်လို့ ယူဆပါတယ်… ဒါပေမဲ့ ကြက်သားဖတ်ကို ဝါးကြည့်တော့ ဆီနံ့လိုလို အနံ့တမျိုးရပါတယ်…။ တိုတိုပြောရရင်တော့ အရင်ပွဲတွေမှာ စားရတဲ့ ဒန်ပေါက်ထမင်းတို့… ဆီထမင်းနဲ့ ငါးခြောက်ကြော်တို့လောက်ကို ခံတွင်းမတွေ့တဲ့ ညစာပါ…။ စားသောက်ပြီး အထဲပြန်ဝင်ချိန်မှာ ရေသန့်ဗူးတွေ ရုံထဲကို ပြန်မယူသွားရဘူး ဆိုတဲ့ စည်းကမ်းအတိုင်း သောက်လက်စ ရေဗူးတွေကို အပြင်မှာပဲ ထားခဲ့ရပါတယ်... (နည်းနည်းတော့ wasted ဖြစ်တယ်လို့ ခံစားရပါတယ်) အဲဒီလောက် ပြောနေ တားနေတဲ့ကြားထဲကတောင် ရေဗူးတွေကို ဖွက်ပြီး ရုံထဲ ယူလာတဲ့သူတွေကိုလည်း ရယ်ချင်စဖွယ် တွေ့ရပြန်ပါသေးတယ်...။
ညစာစားချိန် ၁၅ မိနစ် ပြီးရင် ပွဲပြန်စမယ်လို့ ကြေငြာထားတဲ့အတိုင်း တကယ် ပြန်စပါတယ်…။ ပရိတ်သတ်ကလည်း စားမကောင်းကြလို့လား… ဆာဆာနဲ့ မြန်မြန် သွက်သွက် စားလိုက်ကြလို့လား… ဗူးတွေမှာ ထမင်းကြော်က တဝက်လောက်ပဲ ပါလို့လား… မသိ… အရင်ပွဲတွေလိုမဟုတ်ပဲ ရုံထဲကို ၁၅ မိနစ်အတွင်းမှာ ပြန်ရောက်လာကြပါတယ်…။
ဒုတိယပိုင်းအနေနဲ့ ကပြတာကတော့ ပရိတ်သတ်ကြီး မျှော်လင့် စောင့်စားနေတဲ့ စွယ်တော်ရိပ်ရဲ့ အငြိမ့်ခန်းပါ။ မင်းသမီးချောလေး နှစ်လက်နဲ့ အတူ လူရွှင်တော် သြဘာ၊ ချိန်သီး၊ ဓါတ်ကြိုးနဲ့ ပူလီ တို့ပါဝင်ပါတယ်…။ တော်တော်လေး ရယ်ရပါတယ်…။ ဒါပေမဲ့ ဒီနှစ်မှာ ပြက်စရာ ပြက်လုံး နည်းသွားသလိုပဲ… လို့ အနားက သူငယ်ချင်းနဲ့ ပြောဖြစ်ပါတယ်…။ အရင်တုန်းကတော့ မြန်မာပြည်က အဆီအငေါ် မတည့်မှုတွေ၊ အစိုးရအပေါ် မကျေနပ်ချက်တွေ၊ ဒီက သံရုံးရဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေနဲ့ အတူ ထေ့စရာ ငေါ့စရာ ပြက်လုံးတွေများပြီး ပြက်ရတာလည်း ပိုပြီး ထိထိမိမိနဲ့ ချက်ကျ လက်ကျ ရှိလှတယ်လို့ ထင်မိပါတယ်။ အခုတော့ ၁၅၀၀ တန် တယ်လီဖုန်း မဲနှိုက်ရတာလောက်… ရန်ကုန်မှာ ကားလမ်းတွေ ကျပ်တာလောက်… သစ်ပင်တွေ ခုတ်တာလောက်သာ ပြောဖြစ်တာကို တွေ့ရပါတယ်။ တဖက်က တွေးတော့လည်း သရော်စရာ ကလော်စရာ နည်းပါးသွားတာဟာ ကောင်းလာတဲ့ လက္ခဏာပဲ မဟုတ်လား… လို့ သူငယ်ချင်းကို ပြောရင်း ကြံဖန် ကျေနပ်ရပါသေးတယ်။ အဲဒီနောက်မှာတော့ အချိန်ကန့်သတ်ချက်အရ လူရွှင်တော်တွေ ပြက်လုံး တကွက် ကျန်နေသေးသော်လည်း ည ၁၁ နာရီမှာ ရွှေမိုး ငွေမိုး သီချင်းနဲ့အတူ ပွဲကို သိမ်းလိုက်ရပါတယ်…။
ဒီပွဲမှာ အရင်နှစ်တွေ အရင်ပွဲတွေကလို မိတ်ဆွေ ဘလော့ကာတွေ များများစားစား မတွေ့ခဲ့ရပါဘူး…။ ကျွန်မတွေ့သလောက်ကတော့ ပွဲအစကနေ အဆုံး ဓါတ်ပုံရိုက်ပေးနေတဲ့ ဂျစ်တူး (မုံရွာ) ရယ်၊ သူငယ်ချင်း ချစ်ကြည်၊ တန်ခူး၊ စင်စင်၊ TOI နဲ့ ခမမ တို့ပါပဲ…။ ပွဲရှိတာကို မသိလို့ပဲလား… အလုပ်တွေပဲ မအားကြလို့လား… လို့ တွေးနေမိပါတယ်။ နောက်တခုက ဒီပွဲကို Sky Net ကလည်း လာရောက် ရိုက်ကူးတယ်လို့ သိရပါတယ်…။ ဒီတော့ နောက်ရက် အနည်းငယ်ကျရင် မြန်မာပြည်က Sky Net ပရိသတ်တွေ ကြည့်ကြရမယ်လို့ ထင်ပါတယ်။
ခြုံကြည့်ရရင် မနေ့ညက ပွဲဟာ အလွန် ကောင်းမွန်ပြီး လှပ သေသပ်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီလို ပွဲတစ်ပွဲဖြစ်ဖို့ စီစဉ်ရတာ လွယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပွဲစီစဉ်သူတွေ၊ ဇာတ်ညွှန်း ဇာတ်ကွက် စီစဉ်သူတွေ၊ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကပြသူတွေဟာ အလုပ်တာဝန်တွေ ကိုယ်စီ၊ မိသားစုတာဝန်တွေ ကိုယ်စီနဲ့ မအားမလပ်တဲ့ကြားက အချိန်ပေးပြီး ဒီပွဲကို ဖြစ်မြောက်အောင် ကြိုးစားခဲ့ကြရလို့ စွယ်တော်ရိပ်အဖွဲ့သူ အဖွဲ့သား တယောက်ချင်းစီရဲ့ ဝါသနာနဲ့ အားထုတ်မှုကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်…။ နောင်နှစ်များမှာလည်း အခုလိုပဲ စွယ်တော်ရိပ်ပွဲကို လှလှပပ စည်စည်ကားကား ကျင်းပနိုင်ဖို့ မျှော်လင့် ဆုတောင်းပါတယ်…။
မြင်တွေ့သမျှ ပြောပြပါမည် (၁)
မြင်တွေ့သမျှ ပြောပြပါမည် (၂)
ကျေးဇူးတင်ပါတယ် အမသက်ဝေ...
ReplyDeleteIt is first time for me. I enjoy the show and respect the performers. Regarding with dinner, I have good impression as it came from Hotel. But the taste is really really bad and chicken has smell which is not well cooked.Feeling same like you.
ReplyDeletevery reasonable comments,. thanks (Min AUng Khaing)
ReplyDeleteခမမ နဲ့ မတန်ခူးကို မတွေ့ခဲ့ဘူး.. ။
ReplyDeleteထမင်းကြော်က စားမကောင်းတာ ထောက်ခံပါတယ်...
pifpif
ကျွန်တော် သတ်သတ်လွတ်ဖြစ်တာပဲ ကံ ကောင်းသွားသလိုလို.. ဒါပေမယ့် ဘာမှမစားလိုက်ရဘူးဗျာ :(
ReplyDeleteကျွန်တော် သတ်သတ်လွတ်ဖြစ်တာပဲ ကံ ကောင်းသွားသလိုလို.. ဒါပေမယ့် ဘာမှမစားလိုက်ရဘူးဗျာ :(
ReplyDeleteကျွန်တော် သတ်သတ်လွတ်ဖြစ်တာပဲ ကံ ကောင်းသွားသလိုလို.. ဒါပေမယ့် ဘာမှမစားလိုက်ရဘူးဗျာ :(
ReplyDeleteမသက်ရေ... ခရေစေ့တွင်းကျကျ အမြင်လေးတွေ ဖတ်ရတာ ကိုယ်တိုင်ရောက်သွားသလိုပဲ ကျေးဇူးနော်
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သက်ဝေ ရေ. တို့ ရေဗူးကို မေ့ပြီးယောင်ထည့်သွားတာ. ဟိဟိ. မယူရဘူးဆိုတာ တကယ်ကိုမေ့. လူကြီးတွေက ထမင်းဆာနေပေမယ့် သားကတော့စားဖို့ ဇွတ်ကို ဆွဲခေါ်ရတာ. လွတ်သွားမစိုးလို့ တဲ့လေ. Pifpif ရေ. အမက သုံးတန်းမြောက်မှာပါ. စင်စင့်ကိုလဲမတွေ့ လိုက်ရဘူးနော်.
ReplyDeleteဒီရီဗျူးလေး ဖတ်ရတော့ ကျနော် စင်္ကာပူကို လာတုန်း စာပေ ဟောပြောပွဲ တက်ခဲ့ရတဲ့ အတွေ့အကြုံကို ပြန်အောက်မေ့ မိတယ်၊ အဲဒီတုန်းကလည်း ခရီတာဧရာ ခန်းမမှာ ပါပဲ...၊ အခုခေတ်မှာ ကြည့်ရခဲတဲ့ ဒီလိုသုခုမပွဲမျိုး ကြည့်ခွင့်ရတာ အစ်မသက်ဝေ ကံကောင်းတာပေါ့...။း)
ReplyDelete