Tuesday, August 20, 2013

ဖိနပ်လေး တစ်ရံ

ညီမ ခွန်မြလှိုင်ရဲ့ တက်ဂ်ပိုစ့်ပါ…။
ဖိနပ်လေးတစ်ရံ ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်အောင် ကိုယ် စီးခဲ့ဖူးတဲ့ (သို့) လက်ရှိ စီးနေတဲ့… ဖိနပ် တစ်ရံနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ အကြောင်းအရာတွေကို ပြန်စဉ်းစားသော်လည်း ဘာမှ ရေရေရာရာ စဉ်းစားလို့ မရခဲ့ဘူး… ဘဝမှာ ဖိနပ်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား အမှတ်ရစရာ ရှိမနေဘူး လို့ပဲ ပြောရမယ် ထင်ပါတယ်။ ဒါကြောင့် ဖိနပ်နဲ့ ပတ်သက်တဲ့ ယေဘုယျ အကြောင်းလေးတွေပဲ ရေးလိုက်တယ်…။ ခေါင်းစဉ်နဲ့ လွဲနေတဲ့ စာတစ်ပုဒ် ဆိုပါတော့…။

ဒေါက်မြင့်မြင့်ပါတဲ့ ဖိနပ်တွေစီးပြီး လမ်းလျှောက်ရတာ စိတ်ထဲ အလိုလိုနေရင်း ပိုလှပြီး Confidence ပိုရှိသလို ခံစားရပေမဲ့ ကိုယ့်အရပ်က သာမန် မြန်မာမိန်းကလေး တစ်ယောက်ရဲ့ Above Average မှာ ရှိနေတာမို့ သိပ်မြင့်တဲ့ ဒေါက်တွေ မစီးဖြစ်ပါဘူး။ အနည်းဆုံး နှစ်လက်မခွဲ၊ အများဆုံး သုံးလက်မ ဒေါက်လောက်ဆို တော်ပြီလို့ ဘရိတ်အုပ်ထားရတယ်။ တကယ်တော့ ကိုယ်တိုင်က ဖိနပ်ဆို မြင့်မှ စီးချင်တာရယ်…။ သို့သော်လည်း ကလန်ကလား အရပ် ကို ညှာတာ… နေရာတကာ ရှပ်ပျာ ရှပ်ပျာ လုပ်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ် ဖိနပ်အမြင့်စီးပြီး ချော်လဲလိုက်ရင် မသက်သာဘူးလို့ သတိတွေ အတန်တန် ပေးပြီး ဖိနပ်အမြင့်ကြီးတွေနဲ့ ကားမောင်းတာကို စိတ်မချတဲ့ မေမေ့စကားကို နားထောင်တဲ့ အနေနဲ့ သုံးလက်မ ထက် ပိုမြင့်တဲ့ ဖိနပ်တွေ မဝယ်မိဖို့ ကြိုးစားခဲ့ပါတယ်။

ဒေါက် ဆိုလို့ ပြောရအုံးမယ်…။ ကိုယ်က ခြေလှမ်းလိုက်တိုင်း အသံ အုပ်အုပ်လေးတွေ ထွက်တဲ့ ဒေါက်မျိုးကို သိပ်ကြိုက်တယ်…။ ဒေါက် ဆိုမှတော့ တဒေါက်ဒေါက် အသံပဲ ထွက်မှာပေါ့လို့ ထင်ရင် မှားသွားမယ်။ တံဆိပ်ကောင်းကောင်းနဲ့ ဈေး အသင့်အတင့် ကြီးတဲ့ ဖိနပ်အမျိုးအစားတွေဟာ ဒေါက် နိမ့်နိမ့် မြင့်မြင့် ကြီးကြီး သေးသေး လမ်းလျှောက်လိုက်တဲ့အခါ အသံလေးက အုပ်အုပ်လေးသာ ထွက်တတ်တယ်။ လမ်းသွားလိုက်တိုင်း သူများ နားကြားပြင်းကပ်ပြီး အများသူငါ သတိထားမိချင်စရာကောင်းအောင် တခွပ်ခွပ်၊ တဗျတ်ဗျတ်နဲ့ ပေါ့ပျက်ပျက် အသံ ဆူဆူတွေ မထွက်တတ်ဘူး။ အဲဒါကြောင့် ဖိနပ်ဝယ်ရင် စတိုးဆိုင်တွေမှာ ခင်းထားတဲ့ ကော်ဇောတွေပေါ်မှာထက် ကျောက်ပြား ကြွေပြား ခင်းထားတဲ့ နေရာတွေပေါ်မှာ လမ်းလျှောက်ကြည့်ပြီး ဒေါက်ရဲ့ အသံကို နားထောင်ကြည့်ဖို့ အမြဲ သတိထားတယ်။

ဖိနပ်ဝယ်ရင်း ကြုံခဲ့ရတဲ့ မခံချိမခံသာ ဖြစ်စရာ အကြောင်းတစ်ခုတော့ မှတ်မိနေသေးတယ်။
ငယ်ငယ်က စကော့ဈေးက နာမည်ကြီး ဖိနပ်ဆိုင် တစ်ဆိုင်မှာ ဖိနပ်ဝယ်ဖို့ ရွေးကြတော့ ပိန်ပိန်ရှည်ရှည် ကိုယ့်ကိုကြည့်ပြီး ဆိုင်ရှင်က ကိုယ် တောင်းတဲ့ ဖိနပ် လေး ငါး ရံ ချပေးတယ်…။ ဒီ့ထက် ဆိုဒ်ကြီးတာ ပေးပါလို့ ပြောပေမဲ့ သူက ခပ်ငယ်ငယ် ဖိနပ်တွေကိုသာ တွင်တွင် ယူချပေးတယ်။ ကိုယ့်ခြေထောက်အကြောင်း ကိုယ်သာသိတဲ့အတွက် အဲဒီဖိနပ်ဆိုဒ်တွေနဲ့ ဘယ်လိုမှ မတော်ဘူးလို့ သေချာနေတော့ သူ့ထက်ကြီးတဲ့ နံပါတ်တွေတောင်းမိတယ်။ ဒါပေမဲ့ ဆိုင်ရှင်က သူ့စိတ်မှန်းနဲ့ ယူချလာတာတွေပဲ ကိုယ့်ကို အတင်း ထိုးပေးတယ်။ ခက်လိုက်တာဆိုတာ…

အရင်တုန်းက ဖိနပ်ဆိုင်တွေဆိုတာ အခုလို စတိုးဆိုင်ကြီးတွေမှာ မြင်ရတဲ့ အခင်းအကျင်းမျိုးနဲ့ မဟုတ်ဘူး။ ဒီဇိုင်း တူရာ တူရာ ဖိနပ်တွေကို ပလတ်စတစ်အိတ် ထူထူကြီးတွေထဲမှာ တဖက်နဲ့ တဖက် လျှိုပြီး ထပ်ထားတာ။ အိတ်တစ်လုံးဆို ဖိနပ်အရံပေါင်း များစွာနဲ့…။ သူက တအိတ်ထဲက ဖိနပ် တရံကို ထုတ်… ပြီးရင် အိတ်ကို ပြန်ချည်… စင်ပေါ်ကို ပြန်တင်… နောက်တအိတ်ကို ချ… နောက်တရံထုတ်… အိတ်ကို ပြန်ချည်… သိမ်း… အဲဒီလိုနဲ့ ကိုယ့်ရှေ့မှာ ဖိနပ်တွေ ဆယ်ရံလောက် ဖြစ်လာတယ်…။ ကိုယ်ကလည်းး ကိုယ်နဲ့ တစ်ရံမှ မတော်ဘူးဆိုတာ သိနေတယ်… ကိုယ့်ပုံစံ ပိန်ညောင်ညောင်ကိုကြည့်ပြီး အထင်စမောတဲ့ သဘောပေါ့…။ ကိုယ်ပြောနေတာကိုလည်း သေသေချာချာ နားမထောင်ပဲ ဖိနပ်တွေသာ တစ်ရံပြီး တစ်ရံ တွင်တွင် ထုတ်ပေးနေတော့တယ်။

နောက်ဆုံးမှာ ထုတ်ပေးစရာ ဒီဇိုင်းကုန်သွားလို့လား ဘာလို့လဲတော့ မသိဘူး… ဖိနပ်ဆိုင်ရှင်က ဖိနပ်ထုတ်ပေးတာ ရပ်သွားပြီး ကိုယ့်အနား လာရပ်တယ်…။ အဲဒီအခါမှာ ကိုယ်က ဒါတွေ တစ်ရံမှ ကိုယ်နဲ့ မတော်ဘူးလို့ ပြောလိုက်တော့ သူ တော်တော်စိတ်တိုသွားပုံရတယ်။ ကိုယ့်ကိုလည်း ဖိနပ်တွေကို အတင်း စွတ်ခိုင်းပြန်တယ်… ခြေချောင်းလေးတွေကို အတင်း ရှေ့တိုးခိုင်းပြီး အနောက်ဖက်က ဖနောင့် လွတ်အောင် စီးခိုင်းတယ်…။ ဘယ့်နှယ့်… တော်မှ မတော်တာကြီးကို… နောက်ဆုံးတော့ သူ စိတ်တိုတိုနဲ့ လက်လျှော့သွားတယ်… ဒါနဲ့ ကိုယ်က ကိုယ်ကြိုက်နေတဲ့ ဖိနပ်လေးတစ်ရံကို ရွေးထုတ်ပြီး ဒီဖိနပ်မျိုး ဒီထက် ကြီးတာ ပေးပါလား… လို့ မရဲတရဲ တောင်းမိတယ်။

ဒီအခါမှာ တော်တော်ကျွဲမြီးတိုနေပုံရတဲ့ ဦးလေးကြီးက ဘာပြန်ပြောလိုက်သလဲဆိုတော့ "လူစီးတဲ့ ဖိနပ်ထဲမှာ ဒီအရွယ်က အကြီးဆုံးပဲ..." တဲ့…. ကဲ… ကြည့်ပါအုံး ပြောပုံက… ကိုယ်ပြောတာတော့ သေသေချာချာ နားမထောင်ပဲနဲ့ သူကပဲ တပြန် စိတ်တိုရတယ် ရှိသေးလို့ စဉ်းစားပြီး စိတ်ဆိုး မာန်ဆိုးနဲ့ လက်ထဲ ကိုင်ထားမိတဲ့ ဖိနပ်ကို ဘုတ် ဆို ပစ်ချပြီး ဆိုင်ထဲက လှည့်ထွက်ခဲ့တယ်။ အဖြစ်က အဲဒီလိုပါ…

စက်မှုတက္ကသိုလ် ကျောင်းသူဘဝ တလျောက်လုံးမှာတော့ ရှားရောင် ကတ္တီပါဖိနပ် အပါးလေးတွေပဲ စီးဖြစ်တယ်…။ အဲဒီဖိနပ်လေးတွေဟာ ရှပ်ပွပွတွေ ယောလုံချည် တိုတိုတွေနဲ့ သိပ်လိုက်ဖက်တယ်လို့ ထင်မိတာပဲ…။ ပြီးတော့ စီးရတာလည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိလှတယ်။ အဲဒီ ရှားရောင် ရင့်ရင့် ကတ္တီပါ ဖိနပ်အပါးလေးနဲ့အတူ ခြေထောက်တွေ ခြေချောင်းတွေ ခြေသည်းတွေကိုလည်း အမြဲတမ်း သန့်ရှင်းနေအောင် ဂရုစိုက်ခဲ့တယ်။ ခြေသည်းနီလည်း မှန်မှန်ဆိုးခဲ့တယ်။ ကိုယ့်ခြေထောက်လေးတွေကို ကိုယ်ပြန်ကြည့်မိတိုင်း သဘောတကျ ရှိလှတယ်။

ဆိုက်ကိုလို့ ဆိုရမလားပဲ…။ လူတွေ့ရင် ခြေထောက်ကို အရင် ကြည့်တတ်တဲ့ လူစားထဲမှာ ကိုယ်တစ်ယောက်လည်း အပါအဝင်ပါ။ ခြေထောက်တွေကို ကြည့်ချင်လို့ ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်တာလား… ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်လို့ ခြေထောက်တွေကိုပဲ အရင်မြင်ပြီး ခြေထောက်တွေကိုပဲ သတိထားမိလာတာလား ဆိုတာကတော့ ခုထိ အဖြေမရှိတဲ့ ပုစ္ဆာပါပဲ…။

အရေးထဲမှာ မဆီမဆိုင် ကြော်ငြာဝင်ရရင် ကိုယ့်ရဲ့ other half ကို တွေ့တုန်းကတော့ သူ့ ခြေထောက်တွေကို လုံးဝဆို လုံးဝမှ သတိမထားဖြစ်တာပါ…။ ဘာတွေကို သတိထားမိပြီး ဘာတွေက ဆွဲဆောင်သွားသလဲဆိုတာတော့ လာမမေးနဲ့… ပြောမပြဘူး… သတ်ချင် သတ်သွားလိုက်…။ နောက် တော်တော်ကြီးကြာမှ သတိထားမိတော့ သူ့ခြေထောက်တွေဟာ ကိုယ် သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ အကိုက်ညီကြီး မဟုတ်တာ တွေ့ရတယ်။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး… လွန်ကုန်ပြီ… (((ဟမ်))) ဒါနဲ့ သူ့ကိုပဲ ကိုယ့်အကြိုက်တွေ ပြောပြပြီး စည်းရုံးရေး ဆင်းရတော့တာပေါ့…။ အဖြစ်က အဲဒီလိုပါ…

ဒီရောက်တော့ ဖိနပ်ဝယ်ရတာ အတော်ကြီး အဆင်တပြေရှိလှတာ တွေ့ရတယ်။ လူစီးတဲ့ဖိနပ်ထဲမှာ ဒါ အကြီးဆုံးပဲ လို့ ပြောစရာမလိုလောက်အောင် အရွယ်အစား အစုံ ဝယ်လို့ရတယ်။ လက်မဝက် စီသာ ကွာတဲ့ ဆိုဒ်စုံစုံကို စင်ပေါ်ကနေ ကိုယ်တိုင် ယူချပြီး စိတ်ရှည်လက်ရှည် ရွေးချယ်နိုင်တယ်။ ဒီလိုနဲ့ ကိုယ့်ဆီမှာ ဖိနပ်ဗူးတွေ တပုံကြီး ဖြစ်လာပြန်တယ်။

ဖိနပ်တွေကို ပုံစံလေး ကြိုက်လို့ ဝယ်… ပါးတာလေး လိုချင်လို့ ဝယ်… ဒေါက်ကလေး လှလို့ ဝယ်… ထိပ်ပိတ်လေး လိုချင်လို့ ဝယ်… ခြေသည်းနီလေးတွေပေါ်ချင်ပြန်တော့ ထိပ်ပွင့်ကလေး ဝယ်… ရုံးစီးဖို့ Formal ဖြစ်တာလေး ဝယ်… ပိတ်ရက်စီးစရာ ပေါ့ပေါ့ပါးပါး ဖြစ်တာလေး ဝယ်… ဟိုနား ဒီနား ဆင်းရင် စီးစရာ Flip Flop လေးတွေ... Slipper လေးတွေ…. လမ်းလျှောက်ရင် စီးစရာ Walking Shoes တွေက တမျိုး… အဲဒီလို အမျိုးမျိုး စိတ်တိုင်းကျ ဝယ်လို့ရတိုင်း ဝယ်မိပြန်တယ်။ အဲဒီလို ဝယ်မိခြင်းရဲ့ အကျိုးဆက်ကတော့ ဖိနပ်တွေကို မြင်ရအောင် စင်ပေါ်မှာ လှလှပပ တင်ထားတော့လည်း ဖုန်တက်တယ်… အပြင်ထွက်ခါနီး စီးမယ်ဆိုရင် အဆင်သင့်မဖြစ် ဖုန်သုတ်ရသေးတယ်...။ ဖုန်မတက်အောင် ဗူးတွေထဲ ထည့်ထားပြန်တော့လည်း အလွယ်တကူ မမြင်ရတော့ တကူးတက ယူပြီး မစီးဖြစ်ပြန်ဘူး...။ အဲဒီလို မစီးတာ ကြာတော့ ဖိနပ်တွေက ဟိုကွာ ဒီကွာလေးတွေ ဖြစ်လာတယ်…။ တလောကပဲ Leather Shoes သုံးရံ အဲလိုဖြစ်သွားလို့ စိတ်နာနာနဲ့ ပစ်လိုက်ရတယ်။ ဒါကြောင့် အခု နောက်ပိုင်းမှာ ဖိနပ်တွေကို စည်းနဲ့ ကမ်းနဲ့ပဲ ဝယ်တော့တယ်။ အဖြစ်က အဲဒီလိုပါ…

Bonus အနေနဲ့ ရှူးဖိနပ်တွေနဲ့ ပတ်သက်တဲ့ Tips လေး တစ်ခုတော့ ဝေမျှချင်ပါတယ်…။ အများသူငါ သိနေပြီးသားလည်း ဖြစ်နိုင်ပါတယ်…။ အဲဒါကတော့ ရှူးဖိနပ်တွေ စီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖနောင့်နေရာမှာ ပွန်းတာ… ခြေချောင်းအပေါ်လေးတွေမှာ ပွန်းတာ.. ဖိနပ်ပေါက်တာမျိုးတွေ မဖြစ်ရအောင် ကာကွယ်တဲ့နည်းပါ…။ ငယ်ငယ်က ကြားဖူးသလို မစီးခင်မှာ ဖိနပ် တဖက်ကို ခုနှစ်ချက်စီ ကိုက်ရတဲ့ နည်း မဟုတ်ပါဘူး...။ ရှူးဖိနပ်အသစ်တွေ မစီးခင်မှာ ဖနောင့် (နောက်ပိတ်) နေရာတွေ… အရှေ့ဖက်က ခြေချောင်းလေးတွေနဲ့ ထိနေတဲ့ နေရာတွေကို Lotion တခုခုကို တရက် နှစ်ကြိမ်နှုန်းနဲ့ သုံးရက်လောက် လိမ်းထားပြီးမှ စီးကြည့်ပါ…။ တကယ်ပဲ သိသိသာသာ ဘာအနာတရမှ မဖြစ်တာကို တွေ့ရပါလိမ့်မယ်…။ Lotion ကတော့ Body Lotion / Hand Lotion ဘာ Lotion မဆို လိမ်းလို့ ရပါတယ်…။ ဖိနပ်မှာ လိမ်းရမှာနော်… မှားပြီး ခြေထောက်မှာ မလိမ်းကြနဲ့အုံး…း-)

ဒါလေးတွေကတော့ ကိုယ် လောလောဆယ် စီးနေတဲ့ ဖိနပ်လေးတွေပါ…း-)


ရေးကောင်းကောင်းနဲ့ ရေးလာလိုက်တာ စာကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့လို့ ဒီနေရာမှာပဲ တုံးတိတိနဲ့ ရပ်ထားလိုက်ပါရစီ… Tag Post ဖြစ်တဲ့အတွက် စာရေးဖေါ် အားလုံးကို Tag ပါတယ်... စိတ်ဝင်စားရင် ရေးပေးကြပါနော်... တော်သေးပြီ…။



18 comments:

  1. တီသက်နဲ့ဆုမြတ်နဲ့ပြောင်းပြန်....း(
    ဆုမြတ်ကိုကျလူထွားလို့ ဖိနပ်ဝယ်ရင် အမြဲတမ်းဆိုဒ်ကြီးပေးတယ်..။ အမှန်က သုံးဆယ့်လေး ၊ သုံးဆယ့်ငါးလောက်ပဲစီးတာ... :D tips လေးတွေမှတ်သွားပါတယ်နော် ။

    ReplyDelete
  2. ဟန်ကြည်August 20, 2013 at 5:58 PM

    အင်း ဖိနပ်တွေအကြောင်းကတော့ ရေးချင်စရာ အတော်ကောင်းတဲ့ ခေါင်းစဉ်ပဲ...လူတစ်ယောက်ချင်းစီရဲ့ ဖိနပ်တွေအကြောင်း...ဖိနပ်တွေသာစကားပြောတတ်ရင် ဘာတွေပြောပြကြမယ်ဆိုတာ စိတ်ဝင်စားမိပါရဲ့...

    ReplyDelete
  3. ကိုယ့်ခြေထောက်ကလေး ဖွက်ထားမှ... ဖိနပ်ကလည်း အစုတ်ကလေးဆိုတော့..( အားငယ်ပြီး ပြန်သွားတယ်..)း(

    ReplyDelete
  4. ခြေထောက်လေးက လှလိုက်တာ ပြောစရာ မရှိဘူး

    ReplyDelete
  5. မြန်မာပြည်မှာ လူစီးတဲ့ ဖိနပ်တွေနဲ့ မတော်လို့ ‘နတ်သမီး’ ဖြစ်နေရာကနေ စင်္ကာပူရောက်မှ လူအဖြစ်ကို ပြန်ရတဲ့အကြောင်း တွေးမိပြီး သဘောကျ နေမိတယ်၊းD အစ်မသက်ဝေ ပြောတဲ့ tips ကို triathlon အားကစားသမားတွေ အများဆုံး လုပ်ကြတာ တွေ့ဖူးတယ်ဗျ...၊

    ဖိနပ်တွေ ထောင်ချီပိုင်ခဲ့ဖူးတဲ့ အီမဲလ်ဒါမားကို့စ် ကို သတိရရင်း ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးကို နှစ်သက် သွားခဲ့ပါကြောင်း...။း))

    ReplyDelete
  6. ဖိနပ်အကြောင်းသိကောင်းစရာလေးတွေ ဖတ်သွားတယ် သိချင်တာလေး မမေးနဲ့ဆိုလဲ မမေးတော့ပါဘူး မသက်ရေ :P
    ဖိနပ်လေးခြေထောက်ရောင်ကြောင့် ပါးပြောင်နေသလားလို့ :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. သက်ဝေရေ. ချစ်တယ်ဆိုရင်ခြေထောက်မကြည့်ကြေးနော်. ဟဲဟဲ. သူငယ်ချင်းတော်ပြီးသားဆိုတော့ ကိုကြိံးကို မပြစ်နိုင်သလို တို့ ကိုလဲမပြစ်လောက်ပါဖူး. ဟုတ်တယ်ဟုတ်. ရုပ်ဆိုးဆိုးခြေထောက်တွေက အားငယ်တတ်လို့ ပါ. သက်ဝေခြေထောက်လေးတွေက လူလေးနဲ့ လိုက်ဖက်စွာသန့် ပြန့့်ဖူးမို့ နေတာပဲ. ဆုတောင်းကောင်းလိုက်တာ

    ReplyDelete
  8. သက်ဝေရေ. ချစ်တယ်ဆိုရင်ခြေထောက်မကြည့်ကြေးနော်. ဟဲဟဲ. သူငယ်ချင်းတော်ပြီးသားဆိုတော့ ကိုကြိံးကို မပြစ်နိုင်သလို တို့ ကိုလဲမပြစ်လောက်ပါဖူး. ဟုတ်တယ်ဟုတ်. ရုပ်ဆိုးဆိုးခြေထောက်တွေက အားငယ်တတ်လို့ ပါ. သက်ဝေခြေထောက်လေးတွေက လူလေးနဲ့ လိုက်ဖက်စွာသန့် ပြန့့်ဖူးမို့ နေတာပဲ. ဆုတောင်းကောင်းလိုက်တာ

    ReplyDelete
  9. ဖိနပ်အကြောင်း အက်ဆေးလေး ရေးမယ် စိတ်ကူးမိကာမှ
    ဒီလို ဖိနပ်အကြောင်း ရေးထားတဲ့ အမှတ်တရပို့စ်လေး တွေ့လိုက်တာ
    ရေငတ်တုန်း ရေသန့်ဘူး ရသလိုပဲဗျို့ အစ်မရေ

    ReplyDelete
  10. Thanks for the tips.

    ReplyDelete
  11. ဖိနပ်လေးအရံရံလို့ ပြောရမယ်။
    ကိုယ်တို့ ကျောင်းတက်တုန်းကလည်းခြေတွေလက်တွေသန့် ရင်အမှတ်အပြည့်ပေးကြတယ်။
    ဖိနပ်လေးတွေလည်းလှခြေလေးလည်းလှ။
    အိုင်အိုရာ

    ReplyDelete
  12. ချစ်စရာကောင်းတဲ့ တဂ်ပို့စ်လေး...ဖိနပ်ဆို ညီမလေးလဲ ခရေဇီသိပ်ဖြစ်တာ.. မမသက်ဝေဖိနပ်လေးတွေအကုန်ကြိုက်တယ် ခြေထောင်ဆိုဒ်ကြီးတာလဲတူတယ် မမသက်ဝေလဲ 39 40 စီးတာထင်တယ်...။ တဂ်ပို့စ်တွေမရေးကြတာကြာပြီနော် ရေးချင်တယ် ရေးဖြစ်အောင်ကြိုးစားဦးမယ်...။

    ReplyDelete
  13. အမသက်ဝေရေ...

    sensitive ဖြစ်တဲ့ အသားအရေမှာ အရေပြား ပါးတာကြောင့် ဖိနပ်ခဏခဏပေါက်တတ်တဲ့ ညီမ အတွက်အင်မတန်အသုံးဝင်တဲ့tips လေးကြောင့် ကျေးဇူးကုဋေကုဋာပါဗျို့။ အမရဲ့ ခြေထောက်ကိုမြင်လိုက်ရမှ အင်မတန် အလိုလိုက်ခံရသော ချစ်ဇနီးဖြစ်မှန်း သိသွားတော့ တယ်။ ဘာလို့သိလဲ လာမမေးနဲ့.. ခြေချောင်းတွေ ကို ကြည့်ပြီး ပြောတာ :P

    ReplyDelete
  14. Tips လေးတွေကို မှတ်သွားပါတယ်..

    ReplyDelete
  15. ဖိနပ် Tag Post ဆိုလို့ရေးချင်သွားပြီ။ ဒါပေမဲ့ ဆက်ရန် ဆိုပီး ရပ်ထားတာတွေ ဆက်ရေးပြီးမှပဲ။ အဟီး

    ReplyDelete
  16. မမရေ မမကိုတွေ့ရင် ခြေထောက်ကို ဘယ်လိုဖွက်ရပါ့လို့ အသည်းသန်စဉ်းစားလိုက်ရတယ် :P မမသက်ဝေ က လက်တင်မက ခြေထောက်လည်းလှတာပဲ။ ကုသိုလ်ကံကောင်းချက်။ ချစ်စရာလေး :)
    အနော့်ကိုတွေ့ရင်တော့ ခြေထောက်ကိုကြည့်နဲ့နော်။ လိမ္မာတယ်။ ဟဲဟဲ :D. (အင်း …တကယ်တမ်း ကိုယ့်ဖာသာ ပြန်သုံးသပ်ကြည့်တော့ ခြေထောက်သာမက …တကိုယ်လုံးလိုက်ရှာလည်း လှတဲ့နေရာ တနေရာမှ ရှိဘူးတော့။ အားငယ်ထှာ :( ) ဖိနပ်သစ်တခါစီးတိုင်း ဖိနပ်တခါပေါက်တော့ ခြေထောက်တခုလုံးအမာရွတ်လွတ်တယ်ကိုမရှိ။ မမမျှတဲ့ နည်းလေးစမ်းကြည့်မယ်။ ကျေးဇူးကမ္ဘာ :)

    ReplyDelete
  17. ဖိနပ်အကြောင်းရေးတာဖတ်လို့ကောင်းပါတယ်၊အဆုံးသပ်မှဖိနပ်ကြော်ငြာနေမှန်းပုံတွေကြည့်ပြီးသိတော့တယ်၊ :)

    ReplyDelete
  18. ဖိနပ်အကြောင်းရေးတာဖတ်လို့ကောင်းပါတယ်၊အဆုံးသပ်မှဖိနပ်ကြော်ငြာနေမှန်းပုံတွေကြည့်ပြီးသိတော့တယ်၊
    :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...