Happy Blog Day လို့ စာရေးဖေါ် ဘလော့ဂါ အားလုံးကို နှုတ်ဆက် ဆုတောင်းပါတယ်…။
Blog Day ရဲ့ အစဉ်အလာ မပျက်… ကြိုဆို မိတ်ဆက်ပေးစရာ ဘလော့ဂ် အသစ် ငါး ခု ရှိပါတယ်…။ ဒီမှာပါ…
၁) ရွှေအိမ်စည်
၂) ကြယ်ပြာရဲ့ အိမ်ကလေး
၃) Adora & etc.
၎) ရိုးမြေကျ
၅) ရင်လှိုင်းခတ်သံ
တော်တော်များများကတော့ သိပြီးသားတွေ ဖြစ်နိုင်ပါတယ်... မသိသေးဘူး... အလည် မရောက်ဖူးသေးဘူးဆိုရင်တော့ သွားလည်ပြီး စာဖတ်ကြဖို့ မိတ်ဆက်ပေးတာပါ...။
Blog တွေရဲ့ ရေစီးကြောင်းနဲ့ Blogger တွေရဲ့ သမိုင်းကြောင်းကို ဝါရင့် ဘလော့ဂါတွေ ဖြစ်ကြတဲ့ ကိုအောင်သာငယ် ၊ ကိုရန်အောင် ၊ ညီမ ပန်ဒိုရာ နဲ့ ညီမ ကေ တို့ ရေးထားပြီး ဖြစ်တဲ့အတွက် ကျွန်မ အချောင်ခိုလို့ ရသွားပါတယ်…။ သူတို့ရေးတာတွေ ဖတ်ပြီး ကုန်လွန်ခဲ့တဲ့ အချိန်တွေ… အရှိန်ကောင်းကောင်းနဲ့ စီးဆင်းခဲ့တဲ့ ဘလော့ဂ်ရေစီးကြောင်းနဲ့အတူ ပျောက်နေတဲ့ စာရေးဖေါ် ဘလော့ဂါတွေကိုလည်း သိပ်သတိရမိပါတယ်။
အခုလို Blog Day ဆိုတဲ့ အမှတ်တရ နေ့ကြီးမှာ အဆက်မရှိ အစပ်မရှိနဲ့ ဘာကိုမှ မငဲ့ပဲ ဖွင့်ပြောရမယ်ဆိုရင် လောလောဆယ်မှာ ကိုယ့်ကိုယ်ကိုယ် ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်…။ ကျန်တဲ့ ဘလော့ဂါတွေ ဘယ်လို ခံစားရတယ် ဆိုတာ ကျွန်မ မမှန်းတတ်ပါဘူး…။ ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မတော့ တကယ်ပဲ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်။ ဝါသနာအရ စာရေးခြင်းနဲ့ အတူ ကန့်ကွက်မဲ့သူ မရှိ၊ တားမြစ်မဲ့သူ မရှိ၊ စီစစ်မဲ့သူမရှိ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဘလော့ဂ်က ပေးခဲ့တယ်။ ရေးတယ် ဖတ်တယ်… စိတ်ရှိသလို ရေးတယ်… လွတ်လွတ်လပ်လပ် ရေးတယ်… ရေးချင်သလို ရေးခဲ့ပါတယ်…။ ရေးပြီးတဲ့နောက် စာဖတ်သူ မျှော်တတ်တာလည်း ငြင်းစရာ အချက် မဟုတ်ပါဘူး…။ ဟုတ်ကဲ့… ကျွန်မ စာတစ်ပုဒ် ရေး တင် လိုက်တိုင်း စာဖတ်သူ မျှော်တတ်ပါတယ်…။
အဲဒီလိုနဲ့ ဘလောဂင်း ခဲ့တာ ၆ နှစ်ကျော်ခဲ့ပါပြီ…။ လွန်ခဲ့တဲ့ နှစ်ပိုင်းကစလို့ ဘလော့ဂ်မှာ စာဖတ်သူ သိသိသာသာ ကျသွားပါတယ်… ဆိုရှယ် နက်ဝတ်ကင်း လို့ ခေါ်ရမဲ့ Facebook ကြောင့်ပါ…။ (ကေ ကတော့ နတ်ဆိုးကြီး တဲ့…) ဒါပေမဲ့လည်း မတတ်နိုင်ဘူး… ကိုယ်တိုင်က အွန်လိုင်းမှာ ရပ်တည်နေတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်တဲ့အတွက် ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ စီးမျောရတာပါပဲ…။ ဘလော့ဂ်မှာလည်း စာရေး… FB မှာလည်း တချိန်ထဲ တင်… စာရေးသူ စာဖတ်သူ မိတ်ဆွေတွေ တိုးပွား… ချိုသာစကား ပျူပျူငှာငှာ ပြောဆို… ဒီလိုနေခဲ့ပါတယ်။ ပျော်စရာ ကောင်းသလောက်လည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဘလော့ဂ်တွေမှာ စာဖတ်သူ သိသိသာသာ လျော့နည်းသွားတယ် ဆိုတာပါပဲ…။
အခုနောက်ပိုင်းမှာ ဘလော့ဂ်ပေါ်မှာ စာရေးသူတွေရဲ့ စာတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကို တစ တစ ရောက်ရှိဖို့ အကြောင်းဖန်လာပါတယ်…။ ကျွန်မ ကိုယ်တိုင်လည်း တချို့စာလေးတွေ မဂ္ဂဇင်းမှာ ပါ လာပါတယ်။ ဘယ်လိုခံစားရလဲ… ဟုတ်လား… ပျော်တာပေါ့… ကိုယ်စာလေးတွေ ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ပျော်တာပေါ့…။ ကြိုးစား ပမ်းစား ရေးချင်စိတ်လည်း ပေါ်လာတယ် ဆိုတာ အမှန်ပါ…။ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်စာတွေ စာမျက်နှာ တော်တော်များများမှာ ပါလာတယ်။ ဘလော့ဂါတွေ စုပြီး ထုတ်ကြတဲ့ စာအုပ်တွေလည်း ပေါ်လာတယ်…။ တကယ် ဝမ်းသာစရာပါ။
ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ အရင်ကဆို ဘာအကြောင်းအရာလေးပဲ တွေ့တွေ့ စာလေးစီပြီး ဘလော့ပေါ် ချက်ချင်း ချက်ချင်း ပေါ့ပေါ့ပါးပါး တင်ပလိုက်တတ်ပါတယ်…။ အရင်ကဆို ဟင်းတခွက်နဲ့လည်း ပိုစ့် တစ်ပုဒ် ဖြစ်သလို ပန်းတပွင့်နဲ့လည်း ပိုစ့်တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ တခါ တခါဆို တစ်ရက်ထဲမှာ ပိုစ့် နှစ်ပုဒ် ဖြစ်သလား… ဖြစ်ခဲ့ဖူးပါတယ်…။ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ တခုခုဆို ကုန်ကြမ်းတွေ စုထားသလို ရေးစရာရှိတာလေးတွေကို ဘလော့မှာ အကုန် ချမရေးလိုက်ပဲ တေးမှတ်ထားတတ်လာတယ်… တွေ့ရာ မြင်ရာတွေကို ဘလော့မှာ အကုန်ရေးမတင်ပဲ ထိန်းတတ်လာတယ်…။ တခုခုရေးမိပြီဆိုရင်လည်း အချက်အလက်တွေ မမှန်မှာလည်း စိုးရွံ့လာတယ်… ရေးသမျှကို ကောင်းအောင် မှန်အောင် အတင်းကြိုးစားလာတယ်…။ ပြောရရင် ဝါသနာအလျောက် ရေးသားဖန်တီးနေတဲ့ စာတွေကို အမျိုးအမည် နာမည်တပ်လို့မရတဲ့ တစုံတရာကြီးက ထိန်းချုပ်နေသလို ဖြစ်လာတာမျိုး… ဘလော့ဂါ တစ်ယောက် ဘဝကနေ မဂ္ဂဇင်းပေါ် ရေးနေသူ တစ်ယောက်လိုလို စိတ်ကြီးဝင်ချင်လာတာမျိုး… လို့ပဲ ဆိုကြပါတော့။
တခုခု ပေါတိ ပေါတောတွေ ရေးမိရင် ကိုယ့်သိက္ခာပဲ ကျသွားတော့မလို…။ ရောက်တတ်ရာရာတွေ ရေးမိရင်၊ ရယ်စရာတွေ ရေးမိရင် ရှက်ပဲ ရှက်ရတော့မလို… အဲဒီလိုတွေ ဖြစ်လာတယ်…။ တခါတခါမှာ စာတွေ ရေးတယ်… ဝတ္ထု အက်ဆေး စသည်ဖြင့်ပေါ့…။ ရေးပြီး ဘလော့မှာ တင်မယ် ကြံလိုက်တော့ စိတ်က ဒွိဟ ဖြစ်တယ်… ဟယ်… ဒါလေးကို ဟိုကို ပို့လိုက်ရ ကောင်းနိုး… ဒီကို ပို့လိုက်ရ ကောင်းနိုးနဲ့ ချီတုံချတုံဖြစ်လာတယ်… ရေးပြီးသား စာလေးတစ်ပုဒ်ကို ဘလော့ဂ်မှာ တင်လိုက်ရမှာ နှမြောသလိုလို… ဘလော့ဂ်နဲ့ပဲ မတန်သလိုလို စိတ်မျိုး ဝင်လာတယ် ဆိုတာ ကိုယ့်ဟာကိုယ် သတိထားလိုက်မိတယ်…။ တစ်ခါကနေ နှစ်ခါ… နှစ်ခါကနေ သုံးခါ… အဲဒီလိုတွေ သတိထားမိတဲ့ အကြိမ်ပေါင်း များလာတော့ ဘုရား တ မိတယ်…။ တစ်ခုခုတော့ မှားနေမှန်း သိလာတယ်…။
အဲဒီနောက်တော့ ကျွန်မ ကိုယ် ကျွန်မ သေသေချာချာ လေ့လာ သုံးသပ်ပါတယ်…။ အဖြေတစ်ခု ထွက်ပါတယ် အဲဒါကတော့ ကျွန်မ ဟိုမရောက် ဒီမရောက် ဖြစ်နေပြီ ဆိုတာပါပဲ…။ အဲဒီ ဟိုမရောက် ဒီမရောက် ဆိုတဲ့ အနေအထားကနေ ပြောင်းပစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ရေးဟန်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ ထိန်းချုပ် ချည်နှောင်ခြင်း ကင်းတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ သဘာဝကျကျ ရိုးသားပြီး လတ်ဆတ် သစ်လွင်တဲ့ စာတပုဒ် ရေးဖွဲ့ဖြစ်ဖို့ ကျွန်မ ပြန်ကြိုးစားတော့မယ်…။ စာရေးခြင်းရဲ့ အစဟာ ဘလော့ဂါ ဘဝကနေ စခဲ့တာမို့ အွန်လိုင်း ဒိုင်ယာရီလေးတစ်ခုနဲ့ တူတဲ့ ဘလော့ဂ်မှာ အတတ်နိုင်ဆုံး စာမှန်မှန် ပြန်ရေးတော့မယ်လို့ တွေးထားပါတယ်။
ကျွန်မ ဆက်လက် ဖန်တီးမယ့် စာတွေထဲက ဇာတ်ကောင်ဟာ ကိုကိုလည်း ဖြစ်နိုင်သလို မောင်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ လက်ရှိဘဝနဲ့ ဘာမှ မသက်ဆိုင်တဲ့ ဇာတ်ကောင်စရိုက်မျိုးတွေလည်း ပါကောင်း လာပါလိမ့်မယ်…။ ဒီအခါမှာ စာတစ်ပုဒ်ကို ဖတ်ပြီး စာရေးသူနဲ့ ယှဉ်တွဲ ကြည့်မြင်တတ်တဲ့ အမြင်လေးတွေကို ဖျောက်ပေးဖို့ စာဖတ်သူတွေကို တောင်းဆိုရပါလိမ့်မယ်…။
နောက်တခုက ဘလော့ရေးကြတဲ့ အထဲမှာ ယနေ့ထိတိုင် ဘလော့ဂင်းရဲ့ သဘော သဘာဝအတိုင်း ဘာကိုမှ ဂရုမစိုက်ပဲ သူ့ ရပ်တည်ချက်နဲ့သူ၊ သူ့ ယုံကြည်ချက်နဲ့သူ ဘလော့ဂါတယောက် ပီသစွာ မပျက်မကွက် ရေးနေသူကတော့ ချစ်ရတဲ့ အမ မခင်ဦးမေ ပါ…။ မမကိုလည်း ဒီနေရာကနေ Happy Blog Day လို့ နှုတ်ဆက်ပါတယ်နော်…။
တနေ့က ကျွန်မ လက်ကိုက်တာကို အကြောင်းပြုပြီး အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ဆိုတဲ့ ပိုစ့်ရေးခဲ့ပါတယ်…။ ပြီးတော့ မနော် နဲ့ မချစ် က အစပြုလို့ စာရေးဖေါ် မောင်နှမတွေ အချင်းချင်း Tag လိုက်ကြတာ ပုံစံစုံ ဒီဇိုင်းစုံ အရောင်စုံ အသွေးစုံ အိတ်တွေ သွန်ကြ မှောက်ကြတာ တပျော်တပါးကြီး မြင်တွေ့ရပါတယ်။ အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ၊ အိတ်မှောက် သွန်ပစ် နှစ်ဆယ့် ရှစ် ၊ အိတ်မှောက် သွန်ထိုး နှစ်ဆယ့်ကိုး ၊ အိတ်ကလေး ပြင်တယ် ရက်သုံးဆယ် ၊ ရှားတား ပါးတား အိတ်မှောက်ထား (ညီမ ရွှေအိမ်စည် ရဲ့ စပါယ်ရှယ် ခေါင်းစဉ်) ၊ အိတ်ကို ထုတ်စစ် သုံးဆယ့်တစ်…. စတဲ့ ခေါင်းစဉ်တွေနဲ့ Tag Post လေးကို ချစ်ခင်စွာ ရေးသားကြတဲ့ စာရေးဖေါ် မူလလက်ဟောင်း ဘလော့ဂါ အဟောင်းများ နဲ့ မကြာသေးမီကမှ ခင်မင်သိကျွမ်းခဲ့ရတဲ့ ဘလော့ဂါ အသစ် ညီမငယ်များ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ၂၀၁၃ ခုနှစ် Blog Day မှာ အမှတ်တရ မှတ်တမ်းတင်အပ်ပါတယ်။
ချစ်မိတ်ဆွေ ဘလော့ဂါများ အားလုံးအတွက် Happy Blog Day ဖြစ်ကြပါစေ…။
ပထမဆုံး...ပဲ မမ ..<3... Happy Blog Day ပါလို့... ရည်မှန်းထားတဲ့ အတိုင်း ဘလော့ထဲမှာ စာမှန်မှန် ရေးနိုင်ပါစေလို့ ....ဆန္ဒမွန်ဖြင့် ...ညီမလေး :)
ReplyDeleteဟုတ်တယ် ခုနောက်ပိုင်း ဘလော့ တစ်ပုဒ်ရေးတော့မယ်ဆိုရင် လက်ကမရဲတော့ ဘူး
ReplyDeleteတစ်ခုခုကြီးက controlလုပ်နေသလို ခံစားရတယ်။
ပြီးတော့ အရင်ကလို ဘလော့လောကကြီးက တက်တက်ကြွကြွမရှိတော့ပဲ အေးနေတယ်။
ဘာပဲဖြစ်ဖြစ် စာတွေတော့ လည်ပြီးဖတ်ဖြစ်တယ်.
ံHAPPY BLOG DAY ပါ အစ်မ သက်ဝေ ရေ..
အစဉ်အလာ မပျက်လို့ပဲ ပြောရမလား... ညီမရေ့...
ReplyDeleteအဲဒီတုန်းက..တဘလော့ နဲ့ တဘလော့..ဟိုလူလိုလို ဒီလူလိုလို..။ မသက်ဝေ ဆိုတာကို သိသလိုလို ဖြစ်နေတုန်း ၊ သူပဲ ဆိုတာ သိတော့ ပျော်လိုက်တာ။ ခန့်မှန်းတာ မှန်လို့လေ။ ပန်ပန်ကလည်း အနီးကပ်ဆုံးဘလော့ဂါ ဖြစ်နေလို့.. အံ့သြကြ နဲ့။ မချစ်ကြည်အေး ကို မသက်ဝေ မိတ်ဆက်လာတော့ ၊ တခါတည်း တန်းသိနေပြန်ရော။
ReplyDeleteဘာပဲဖြစ်ဖြစ် အဲ့ဒီတုန်းကလိုပဲ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ပြီးတော့ ရိုးရိုးသားသား စာတွေ ရေးချင်သေးတယ်။
ဟိ.တို့က မဂဇင်းတွေ မှာ ရေးဘို့အတွက် လက်ရည်မရှိလို့ ကိုယ်ရေးတတ်တာလေး ရေးနေတာပါ.။
ReplyDeleteအမှတ်တရ ကြီးရေးလို့ အားနာ ကျေးဇူးတင်မိပါတယ် တစ်ကယ်ပါ. သိတ်ချစ်တယ်ပေါ့ (ဟမ်)
ReplyDeleteခံစားချက် တူတူပဲ အစ်မ။ ပုံရိပ်လည်း ဟိုမရောက်ဒီမရောက် ခံစားချင် ဖြစ်နေတယ်။ တစ်ခါတစ်လေ ဘလောက်ဂ်ပေါ် မတင်ဖြစ်တာက စာဖတ်တဲ့သူ နည်းလွန်းလို့။ (ဒါပေမယ့် အမြဲ လာဖတ်တဲ့ အစ်မတို့လို သူငယ်ချင်းတွေ ရှိနေတာကိုပဲ ကျေးဇူးတင်မိသေး။) ကိုယ့်ဟာကိုယ် ရေးချင်လို့ ရေးမိနေတယ် ဆိုပေမယ့် တတ်နိုင်သလောက် စာဖတ်သူများများဆီကို ရောက်ဖို့ ရည်ညွှန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဘလောက်ဂ်ရေးရင်း သူငယ်ချင်းတွေ တိုးလာကို ကျေနပ်မိပါတယ်။ Happy Blog Day အစ်မ။
ReplyDeleteအိတ်တွေ သွန်ခွင့်ရတဲ့ အတွက် မမကို ကျေးဇူးပါလို့
ReplyDeleteကြာလေ လက်နှေးလေးဖြစ်လာတာတော့ ဝန်ခံမိပါတယ်မမရယ်
နှင်း
ဘလော့ဂ်လောကကြီး ခြောက်သွေ့နေတာ အတော်ကြာကြာ ရှိနေရာကနေ ဟိုတစ်နေ့က အစ်မသက်ဝေရဲ့ အိတ် ပို့စ်တွေရယ်၊ အခုတစ်ခါ ကိုရန်အောင်က တိုက်တွန်းတဲ့ ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်တွေရယ်ကို အကြောင်းပြုပြီးတော့ လှုပ်လှုပ်ရှားရှားလေး ပြန်ဖြစ်လာတာကိုပဲ ကျနော့်မှာ ဝမ်းသာနေမိတယ်...၊း)
ReplyDeleteစာတွေ ပုံမှန်ပြန်ရေးဖို့ ကြိုးစားမယ်ဆိုတာက တကယ့် သတင်းကောင်းပါပဲ..၊ ဘလော့ဂါ တကယ်ပီသတဲ့ အစ်မခင်ဦးမေ အပေါ် အစ်မသက်ဝေရဲ့ အမြင်နဲ့ ကျနော့်ရဲ့အမြင် တစ်ထပ်တည်း ပါပဲ၊း) ထိန်းချုပ်မှုတွေနဲ့ ကင်းပြီး လွတ်လပ်ပေါ့ပါးစွာ ဘလော့ဂင်း နိုင်ပါစေကြောင်း ဘလော့ဂ်ဒေး အမှတ်တရ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျား....။း)
ကိုယ်တိုင်က ဘလော့ဂါ တစ်ယောက်လို မဘလော့ဂင်းခဲ့ဖူးပေမယ့် ဘလော့ဂ်လောကနဲ့တော့ ယောင်တောင်ပေါင်တောင် ဆက်စပ်ဖူးပါတယ်။ တကယ်တမ်းပြောရရင် ကဗျာမရေးဖြစ်တာ ၇ နှစ်လောက်ကြာသွားရာက ကဗျာပြန်ရေးဖြစ်တာဟာ ဘလော့ဂါနဲ့ဘလော့ဂ်တွေနဲ့ကြောင့်ဆိုတာ အဖြောင့်အတိုင်း ၀န်ခံရမှာပါပဲ။ မနေ့ကနဲ့ဒီကနေ့မှာ ပထမဆုံး Kay Thwel ပြီးတော့ Pandora နဲ့ အခု သက်ဝေ တို့ရဲ့ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရတာဟာ ၂၀၀၉/၂၀၁၀/၂၀၁၁ ဘလော့ဂ်တွေ လည်ဖတ်ခဲ့တဲ့ ကာလတွေကို တကယ်ပဲ လွမ်းတသက်သက်ဖြစ်စေပါတယ်။ အထူးသဖြင့် သက်ဝေ က ဘလော့ဂ်မှာ စာမှန်မှန်ပြန်ရေးရင်း ဘလော့ဂါ၊ ဘလော့ဂင်း ပြန်လုပ်မယ်ဆိုတာ သိရလို့ အထူးပဲ ကြိုဆိုပါတယ် (ပို့စ် တင်တိုင်း tag လုပ်ပေးဖို့ request လုပ်ပါတယ်) 'ဘလော့ဂါ တစ်ခေတ် ပြန်ဆန်းသစ်စို့' လို့ ကြွေးကြော်သံ ပြုရင်းနဲ့ပေါ့။ (အိတ်သွန်ဖာသွန် ငါးဆယ့်ခွန်)
ReplyDeleteHappy Blogger's Day!
ReplyDeleteဘလော့ဂါ အသစ် တွေနဲ့ ရိုးရာမပျက် မိတ်ဆက်ပေးနိုင်တာ ချီးကျူးတယ်။
ReplyDeleteအနာရောဂါကင်း၍ အသက်ရှည်သူ သက်ဝေ ဖြစ်မည်... ဘလော့ဒေးတွင် ဆုတောင်းမေတ္တာပို့လိုက်သည်။
:D
နိုင်နိုင်... လွတ်လပ်သော အနုပညာများ ဆက်လက်ဖေါ်ထုတ်နိုင်ပါစေ..စမ်းချောင်းလေး အဆက်မပြတ်စီးဆင်းနေသလို လှပစွာ ဖြတ်သန်းနိုင်ပါစေ အားပေးလျှက်
ReplyDeleteအိမ်အိုဟောင်းကို... စွန့်သူ...မင်းရင်ထဲ...လွမ်းလှချည်ရဲ့ဆို...နေရာဟောင်းကို...မြန်သာပြန်ခဲ့ကွယ်... (ဒီသီချင်းလေး ဘာသာပြန်ဖြစ်အုံးမယ် ဒေါ်သက်ရေ...)
ReplyDeleteHappy Belated Blog Day A Ma Thet Wai !
ReplyDeleteဟယ်လို မမသက်ဝေ
ReplyDeleteမတွေ့ရတာ ကြာတော့ နေကောင်းလား အခုမှ မေးဖြစ်တော့မယ်။ စိတ်ဆိုးဘူးမို့လား :D
မမရေးထားတာဖတ်ပြီး ဘလော့ဂါရက်များကို တကယ်လွမ်းပါတယ်။
ညီမလည်း စိတ်သာ ရှိတာမြန်မာပြည်ပြန်ရောက်ထဲက ကိစ္စများမြောင် ဆိုသလို့ (အဲလေ :D) ကိုယ့်ဘလော့လည်း မရောက်။ သူများဆီလည်း မရောက်ဖြစ်နေရတာ။
မမ အရင်လို ပေပဲ ဘလော့မှာ စာတွေကို ပေါ့ပေါ့ပါးပါး ဆက်လက်ရေးနိုင်ပါစေလို့
ကိုလူထွေးတို့ကိုရွာသားတို့ရဲ့ပို့စ်လေးတွေမှာ ခင်မင်စရာဇာတ်ကောင်အနေနဲ့ပါတတ်တဲ့ မမသက်ဝေနဲ့မမမိုးချိုသင်းရဲ့စာတွေကို အမြဲသွားဖတ်ပြီး စိတ်ထဲမှာချစ်ခင်နေခဲ့တာကြာပါပြီ။ တခါတလေတော့ ကွန့်မန့်ရေးဖြစ်တယ်။ တခါတရံကျပြန်တော့ sign in ၀င်ပြီးသားမဟုတ်ရင် ပြန်ဝင်ရတာပျင်းတာနဲ့မရေးဖြစ်ပြန်ဘူး။ စာရေးပြီးရင် စာဖတ်သူမျှော်တတ်တယ်ဆိုတဲ့ ခံစားချက်ကို ထဲထဲဝင်ဝင်ခံစားနားလည်တတ်တဲ့အချိန်ကျတော့ တနေ့မှာ ၄ပုဒ်လောက်ဖတ်ဖြစ်ရင် ၁ပုဒ်မှာတော့ ခြေရာလေးချန်ဖြစ်ခဲ့ပါတယ်။ စာပိုဒ်တိုင်းမှာ ခြေရာမချန်ဖြစ်ပေမယ့် ဘလော့ဂ်ပို့စ်လေးတွေ ဖတ်ရတာကို ဖဘ နုတ်စ်တွေထက်ပိုကြိုက်လို့မကြာခဏ လာဖတ်ဖြစ်ကြောင်းနဲ့ ဘလော့ဂင်းပြန်လုပ်ဖြစ်မယ်ဆိုလို့ ၀မ်းသာမိကြောင်းပါမမ....ပျော်ရွှင်ပါစေ.....
ReplyDeleteပျော်ရွှင်ပါစေချိုသက်ဝေ
ReplyDeleteအမှတ်တရ ရေးခဲ့ဆိုလို့ Happy Blog Day အမသက်ဝေ။
ReplyDelete၁ ရက်နောက်ကျ။
Happy Blogging Sis ..
ReplyDeletepifpif
ဟုတ်တယ်...ပို့စ်ဖတ်ရင်း ပြန်စဉ်းစားမိတယ်...ရေးသက်ကလေးရလာတော့ သိပ်မရိုးသားချင်သလိုလို ဖြစ်လာတယ်...ပေါ့ပေါ့လေးတွေ ရေးမယ့်အစား ပြင်းပြင်းရှရှလေးတွေ ချချင်လာတယ်...တစ်နည်းပြောရရင် စိတ်ကြီးဝင်တာလို့ ဆိုလောက်ပေမယ့် ချစ်သောမျက်စိနဲ့ကြည့်ပြီး ဘလော့လားမြောက်လာတာလို့ပဲ ဆိုချင်တာပါပဲ...
ReplyDeleteအနောက်နိုင်ငံတွေမှာက ဘလော့ကို အပျော်သဘောနဲ့ ရေးကြတာများပေမယ့် မြန်မာနိုင်ငံမှာတော့ ဘလော့ကို စာရေးလေ့ကျင့်ကွင်းလို့ သဘောထားကြတာကိုး...ဒါကြောင့် ဘလော့ဂါ ဘာပဲတွေးတွေး ဘာပဲရေးရေး မြန်မာ့အမြင်နဲ့ကြည့်ရင်တော့ တရားပါတယ်...
ပျော်ရွှင်ချမ်းမြေ့သော ဘလော့ဒေးဖြစ်ပါစေ...
ံHappy Blog Day ပါတီသက်ရယ်..ဆုမြတ်ဘလော့အသက်ဆက်အောင် အားဆေးပေးခဲ့တဲ့သူထဲက တစ်ယောက်မို့..အမြဲတမ်းအမှတ်တရကျေးဇူးတင်နေမှာပါ ။
ReplyDeleteချစ်ခင်လျက်
ဆုမြတ်
happy belated blog day ပါ မမသက်ဝေ....တော်တော်များများရေးနေကြပီ ဆားချက်လိုက်ရကောင်းမလား ဟဲဟဲ
ReplyDeleteညီမ အိန်ဂျယ်... ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
ReplyDeleteညီမ ဆွေလေး... အဲဒီ Control ဆိုတာကြီးကို ဖယ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်...း-)
အကိုအောင်သာငယ်... ဘလော့ပေါ်မှာ မတွေ့ရတာ ကြာလှပြီဖြစ်တဲ့ အကို့ ကော်မန့်အတွက် ကျေးဇူးတင် ၀မ်းသာ...း-)
ညီမကေ... ရိုးသား ရှင်းလင်း ပြီး သစ်လွင်လတ်ဆတ်တဲ့ စာတွေ ရေးနိုင်ဖို့ အတူတူ ကြိုးစားကြတာပေါ့နော်...
မမ ခင်ဦးမေ... မ ဟမ် ပါနဲ့... သိပ်ချစ်တယ်... တကယ်ပါ... <3
ညီမ ပုံရိပ်... ဟိုမရောက် ဒီမရောက် ခံစားချက်ကို နားလည်တာ ကျေးဇူးတင်ပါတယ်... :-)
နှင်း... ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် စာတွေ ဆက်ရေးကြတာပေါ့..
ကိုညီလင်း... အတူတူပဲ... အမလည်း စာရေးဖေါ်တွေဆီက ပိုစ့်အသစ်တွေ တန်းစီပြီး တက်လာတာမြင်တော့ တကယ်ဝမ်းသာနေတာ...
ဆရာ ကိုခင်အောင်အေး ရဲ့ ဖဘက ကော်မန့်ကို ကူးလာပေးတဲ့သူကို အရင် ကျေးဇူးတင်လိုက်ပါတယ်... ဟုတ်ကဲ့ ဘလော့ဂါ တစ်ခေတ် တကယ်ပဲ ပြန်ဆန်းသစ်ချင်လှပါတယ်...း-)
Rose... ညိုလေး... စင်စင်... လရိပ်အိမ်... Happy Blog Day ပါ...
ReplyDeleteသူငယ်ချင်း သီတာ... လောလောဆယ်မှာ ကောင်းကောင်း နေမကောင်းလို့ သီတာ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ်...
ကိုရဲထွန်း... အသိအမှတ်ပြု အားပေးမှုအတွက် သိပ်ကျေးဇူးတင်ပါတယ်...း-)
ကိုနတ်... နေရာဟောင်းကို...မြန်သာပြန်ခဲ့ကွယ်... (မျှော်နေမယ်...)
ညီမ လသာည... စိတ်မဆိုးပါဘူး ခုလို တခါတခါ ပေါ်လာပါအုံး... အဟိ
ညီမ ကြည်ဖြူပိုင်... အမကလည်း ချစ်စရာ ညီမတယောက်ကို စိတ်ထဲက ရင်းနှီးနေပြီးသားပါ... စာတွေလာဖတ် မှတ်ချက်ရေးခဲ့တာ အမြဲ ကျေးဇူးတင်နေပါတယ်...
Mr. Hmoo လည်း ပျော်ရွှင်ပါစေ... :P
ဆရာကိုဟန်ကြည်... စာရေးသက်ကလေး ရလာတဲ့သူတိုင်း ဒီခံစားချက်ကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်... ပျော်ရွှင်ချမ်းမြေ့သော ဘလော့ဒေးဖြစ်ပါစေ...
ညီမ ဆုမြတ်... အမကလည်း ညီမတို့ အားပေးမှုတွေအတွက် အမြဲ ကျေးဇူးတင် အမှတ်ရနေမှာပါ...
ညီမ မိုးငွေ့... ဒါ ဆားချက်တာ မဟုတ်ဘူးလေ... ရေးကို ရေးရမှာ... It's a must... ပိုစ့် အသစ် မျှော်နေမယ်...
အခုလို မှတ်ချက်ရေးခဲ့ကြသူများ အားလုံးနဲ့အတူ လာလည် စာဖတ်သွားကြသူများ အားလုံးကိုလည်း ကျေးဇူး အကြီးကြီး တင်ရှိပါကြောင်း...း-)
အို သူသူ့ ဘလော့ဂ်လေးကိုလည်း ကြေညာပေးထားတာပါလား..။
ReplyDeleteကျေးဇူးပါ မမသက်ဝေ :))
စာရေးသားခြင်းကို တစ်ခုခုက ထိန်းချုပ်ထားသလိုပဲဆိုတာကို နားလည်မိတယ်...။
တကယ်တော့ မမရယ်...ဘလော့ဂ်ရေးလိုက်ရတာ စိတ်ကို ဘယ်လောက် ပေါ့ပါးမြူးသွက်စေသလဲဆိုတာ တကယ့်လက်တွေပါပဲ...။
စာပေအနုပညာတွေနဲ့ မွမ်းမံတည်ဆောက်နေရတဲ့ စာရေးဆရာတွေ စိတ်ဝိညာဉ်တောင် အဲလိုပေါ့ပါးမှုမျိုး ရပါ့မလားပဲ....။
တစ်ခုခုဆို ဘလော့ဂ်မှာမတင်သေးဘဲ..ဆိုတာမျိုး မကြာခဏကြားမိတယ် မမ...။
ဒါဟာ ကောင်းခြင်းလား ဆိုးခြင်းလား..သေချာ မဆန်းးစစ်တတ်ပေမယ့်
ဘလော့ဂ့်လေးတွေကိုတော့ အမြဲရှင်သန်နေစေချင်မိပါတယ်
မမလည်း စာတွေ အများကြီးရေးနိုင်ပါစေ
ချစ်သော
သူသူ
ဒါနဲ့ မီး ရဲ့ “ရှားတားပါးတား အိတ်မှောက်ထား” ခေါင်းစဉ်လေးထားပစ်ခဲ့တယ်..ဗြဲ
ReplyDeleteသများကတော့ သူတဂ်လို့ ရေးရတာကို :D
မမသက်ဝေ ပြီးခဲ့တဲ့ weekendက အလုပ်တွေရှုတ်၊ အရှုတ်တွေလုပ်နေတာနဲ့ ခုမှ လာနှုတ်ဆက်ရတယ်။
ReplyDeleteHappy Blog Day နော်။ဖဘနဲ့ Blogနဲ့ မတူပါဘူး မရေ။ စာကောင်းကောင်းလေးတွေ ဖတ်ချင်ရင် Blog တွေကိုပဲပြေးပြေးလာရတယ်။
WeSheMe ကစပြီး Blogတွေဖတ်လာတာ၊ မပန်ဒိုရာနဲ့ မကေရဲ့ ကဗျာတွေ စာညွှန်းတွေလဲကြိုက်၊ ဆရာမမေငြိမ်းရဲ့ စာတွေဆိုလဲ မလွတ်၊ မမိုးချိုသင်းနဲ့ တီတီsweeet ရဲ့ စာတွေဖတ်ပြီး တခိခိရီ.. အခုကြ မချစ်ကြည်အေးရဲ့ မမသက်ဝေရဲ့ စာတွေမှာ ထမင်းမဲ့ဟင်းမေ့၊ ကိုညီလင်းရဲ့ ဓာတ်ပုံတွေရယ် သားလေးနဲ့မအိမ်သူအကြောင်းရယ် သွားသွားခိုးကြည့်။ မလေးရဲ့ မိတောကိုလဲမလွတ် ဆရာဟန်ကြည်ရဲ့ မြန်မာစာရေးဟန်တွေလဲ ကြိတ်အတုခိုးနဲ့။ Blog တွေမရှိရင် ဘယ်လိုနေရမှန်းတောင်မသိဘူး
Happy belated blog day thet wai! သက်ဝေရဲ့ပွင့်လင်းတဲ့ ဟိုမရောက်ဒီမရောက်ဆိုတဲ့ ရင်ဖွင့်သံလေးကို သဘောကျမိတယ်. စာရေးကောင်းသူတယောက်မို့ အဲဒီလို ဒွိဟလေးတွေရှိနေတာလို့ ထင်မိပါတယ်. ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့စေတနာပဲမဟုတ်လား.
ReplyDeleteစာဖတ်သူတွေ ဘလော့အဖတ်နည်းလာတယ်ဆိုတာ ဘလော့ရေးတဲ့သူတွေသိတ်မရေးတော့လို့လဲပါမယ်ထင်ပါတယ်
ReplyDeleteစာဖတ်သူတယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဘလော့တွေလိုက်ချောင်းရတာလဲအမောပါပဲ ချောင်းတိုင်းလဲ အသစ်မတွေ့တော့ မသွားဖြစ်တော့ဘူး
မေ့လောက်မှတခါ အသစ်တင်တော့ စာဖတ်သူကလဲ မသိတော့ဘူး
အစ်မရေ... ရေးတော့မယ်ဆိုလက်မရဲတော့ သလိုဖြစ်တာ... စရေးခါစကလို မဟုတ်ပဲ control လုပ်ရင်းနဲ့ ဘလော့ပေါ်ရောက်မလာတော့တဲ့ ပိုစ့်လေးတွေ မဗေဒါဆို ပုံနေပြီ... ခုဆို စာလုံးပေါင်းပါမနည်း သတိထားရေးရတော့မယ်ဆိုတော့ (ကိုယ်လိုစားလုံးပေါင်းသတ်ပုံကို သွားကြည့်ဖို့ ပျင်းတဲ့သူအတွက်) ချမရေးဖြစ်တော့ဘူး...
ReplyDeleteဒါတောင် အစ်မတို့လို မဂ္ဂဇင်းတွေမှာ မရေးဖူးသေးလို့... ဖေ့ဘွတ်တွေပေါ်လဲ ဘလော့ကို ပိုချစ်ပါတယ်... လာဖတ်တဲ့သူ အရင်လောက်မရှိတော့လဲ ကိုယ်ရေးနိုင်သလောက်တော့ ရေးနေအုံးမယ်... ဟိုးအရင် ဘလော့တွေစပေါ်ခါစကလည်း လူတွေသိပ်မလာခင် ဘလော့ဂါချင်းချင်းပဲ အားပေးနေခဲ့ကြတာပဲ... :D
အစ်မသက်ဝေရေ.
ReplyDeleteမြသွေးကွန်မန့်က နောက်ဆုံးဘိတ်ဖြစ်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ဒေးမတိုင်မီ အိတ်မှောက်ထားတာမို့ နောက်ဆုံးဘိတ် အိတ်နဲ့လွယ်တယ်လို့ သဘောထားပေးပါနော်။ အစ်မသက်ဝေပို့စ်လေးက ဘလော့ကို ဘယ်လောက်ခင်တွယ်တယ်ဆိုတာ ပေါ်လွင်စေသလို၊ ဘလော့ဂါတွေကို ဘယ်လောက်ခင်တွယ်တယ်ဆိုတာ ထင်ရှားနေတယ်။ ကွန်မန့်တွေကလဲ ဖတ်ရင်း ကြည်နူးမိရပါတယ်။ ဘလော့ဂါဖြစ်ခွင့်ရခဲ့တဲ့ ဘ၀ကို အမြဲတန်ဘိုးထားလျှက်ပါ။
အစ်မသက်ဝေဆီ မှန်မှန်လာဖတ်ဖြစ်ပေမယ့် ကွန့် မန့်  ချန်မထားဖြစ်ဘူးရယ်...အိတ်မှောက်သွန်ဖြိုး နှစ်ဆယ့်ကိုး တဂ်ပို့ စ်မှာ အစ်မသက်ဝေဆီက ကွန့် မန့် ရတော့ ပျော်လိုက်တာ...
ReplyDeleteစာတွေ အများကြီး ရေးပြီး ဘလော့ဂင်းနိုင်ပါစေ...
Happy Belated Blog Day !
မမသက် ရင်လှိုင်း ဘလော့လေးကို မိတ်ဆက်ပေးထားလို့ ကျေးကျေးပါ...။ တဂ်ပို့ စ်လေးကို လည်း ကြိုးစားပြီး ရေးပါ့မယ်..။
ReplyDeleteHappy Belated Blog Day !!!
ReplyDeleteအဆင်မပြေတဲ့ အဝေးတစ်နေရာကို ရောက်နေတာမို့ ဘလော့ဒေးတောင် အများနည်းတူ ပါဝင်ဆင်နွှဲခွင့်မရခဲ့ဘူး မသက်ရေ... ဒီကနေ့တော့ လည်ပတ်ခွင့်ရတုန်း ပို့စ်တွေလိုက်ဖတ်ဖြစ်တယ်။ မသက်ရဲ့ အိတ်သွန်ဖာမှောက်အကြွေးလဲ အခုထိတိုင် ဆပ်ခွင့်မရသေးဘူးကွယ် ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်
မေတ္တာဖြင့်
အန်တီတင့်