Monday, September 9, 2013
ပေးစာတစ်စောင်
မျက်နှာစာအုပ်မှာ တွေ့ သိ ခဲ့ရတဲ့ ညီမ တစ်ယောက်ဆီက ပေးစာပါ။
ချစ်ရတဲ့ သက်ရေ... လို့ အစချီထားတဲ့ စာလေးမှာ တပ်ထားတဲ့ ခေါင်းစဉ်က "သက်ထံသို့ ပေးစာ" တဲ့...
မျှော်လင့်မထားတဲ့ စာတစ်စောင်မို့ အံ့သြခြင်းတွေနဲ့အတူ ကြည်နူး ၀မ်းသာခြင်းတွေကိုပါ တပါတည်း သယ်ဆောင်လာခဲ့တဲ့ ပေးစာလေး... သူ လက်ရှိသယ်ပိုးထားတဲ့ အိတ်ကလေး တစ်လုံးနဲ့ ပတ်သက်တဲ့ အတွေး အမြင်လေးနဲ့ အရာရာကို အတတ်နိုင်ဆုံး ပေါ့ပါးလွတ်လပ်စွာ သယ်ပိုးထားလိုတဲ့ စိတ်ကလေးက ချစ်စရာမို့ အမှတ်တရ ပြန်လည် ဝေမျှ လိုက်ပါတယ်…
အပြင်မှာ တွေ့ပြီး လှမ်းခေါ်လိုက်ဖို့ အခွင့်ကြုံချင်ပါတယ် ချစ်သော ချယ်ရီ…
သက်ထံသို့ ပေးစာ
September 7, 2013 at 12:14am
(အသက်ချင်းကွာလို့ ကိုယ် ညီမနဲ့ အမ နဲ့ မသုံးချင်ဘူး။ ခွင့်လွှတ်ပါကွယ်။)
ချစ်ရတဲ့ သက်ရေ...
ဒီလို tag ပို့စ်ကို ရေးရအောင် ကိုယ် blogger တယောက် မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကိုယ် သက်ဆီ စာရေးချင်တယ်။ သက်ရဲ့ သူငယ်ချင်းတွေအပေါ် စာရေးစေချင်တဲ့ logic လေးရယ်၊ အမြဲ check နေအောင် ကပ်ပေးလိုက်တဲ့ သတိလေးတစ်ခုကို message ပေးနိုင်တဲ့ အတွက် သက်သူငယ်ချင်းတွေ ကိုယ်စား ဒီကလေးမ တယ်တော်တာပဲ လို့ ကိုယ် ကောက်ချက်ချမိလိုက်တယ်။ ကိုယ် သက်ရဲ့ blog လေးကို ကိုယ်ဟိုး လွန်ခဲ့တဲ့ ၃ ၄ နှစ်လောက်ကထဲက ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုရင် ကိုယ်ဟာ အမာခံ ပရိသတ်လို့ ဆိုရတော့မလားဘဲနော်။ ကဲ.. ဆရာမ.. ကိုယ်လေရှည်တာများသွားဘီ။ Main ကို အဓိကထားတော့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာက အိတ်။
ကိုယ် ငယ်ငယ်ကတော့ ခပ်လေးလေး အိတ်တွေကို လွယ်ဘူးတယ်။ ကိုယ့်မှာ အမြဲ နှစ်ဖက်ခွတတ်တဲ့ စိတ်ရှိတယ်ကွ။ အိတ်ရဲ့ Purpose က ထည့်ဖို့၊ ထည့်လို့ရရင် ပြီးပီ ဆိုတဲ့ ဒဿနရယ်၊ brand လေးလွယ်ရင် confidence ရှိတဲ့ စိတ်မျိုးရယ်။ (အဲ... ၀ယ်ပြီးမှ ၀ယ်မိတာ မှားပြီဆိုပြီး နောင်တ ရတတ်တဲ့ ချစ်တီးဆန်ဆန် စိတ်ကလေးလဲ ရှိပါ့ကွယ်)
ကဲ.. ကဲ... အထဲမှာ ဘာတွေရှိမလဲ... ကိုယ် တစ်ပတ်တစ်ခါ အိတ်နဲ့ အထဲက ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်တယ်။ ပါတဲ့ ပစ္စည်းတွေ ကိုယ်အလွတ်ရနေတာပေါ့ကွာ။ သက်ကလေးသိအောင် ကိုယ်ပြောပြမယ်။ နားထောင်နော်။
(၁) ပိုက်ဆံအိတ် (အပေါ့ဆုံးဟာကို ရွေးဝယ်ထားတာ၊ ဘောင်းဘီအိတ်ထဲ ထည့်လို့လွယ်အောင်)
(၂) ဖုန်း (ခေါ်မဲ့ လူလဲ မရှိပါဘူးကွာ။ နောက်ပြီး အမြဲ အသံပိတ်ထားလေ့ရှိတယ်)
(၃) External HardDisk ( ရုံးအလုပ် ရုံးမှာလုပ်၊ ကျောင်းအလုပ် ကျောင်းမှာလုပ်လို့ စိတ်ဖြတ်ထားပေမဲ့ second backup ထားတာအကျင့်ဖြစ်နေလို့ သူ့ကို လေးလေးနဲ့ သယ်နေရသေးတယ်)
(၄) ငုံဆေးဘူးနဲ့ ဆေးဖြန်းတဲ့ဟာ (ငုံဆေးတွေ ဆောင်လွန်းလို့ ကိုယ်နဲ့ စကားမပြောရဲဘဲ နေနေဦးမယ်... ဟဲဟဲ... အမှန်က ကိုယ်က အသားတွေစားမိရင် သွားသိပ်ကိုက်တတ်လို့ ဒါလေးတွေငုံလိုက် ဖြန်းလိုက်ရင် ပူရှိန်းရှိန်းနဲ့ နေလို့ကောင်းနေသလားလို့)
(၅) အကိုက်အခဲပျောက်ဆေး တစ်ကဒ် (ဘာကိုက်ကိုက် အကိုက်ပျောက်ဆေး ဆေးသောက်တဲ့ အကျင့် ရှိတယ်ကွ.. ဒါလဲ ဆိုက်ကို တမျိုးပဲ.. မသောက်ရဘဲ ဆောင်ထားတာနဲ့တင် ပျောက်နေဘီထင်တာ)
(၆) Access Card
(၇) Wet Tissue, Normal Tissue, Oil Control Film (Tissue နဲ့ ပတ်သက်တာ သိပ်များနေတယ်.. :D )
(၈) နားကြပ်ထည့်တဲ့ အိတ်
(၉) လက်ရှိဖတ်နေတဲ့ စာအုပ် (tuesdays with Morrie)
ဒါပဲလားလို့ ဆိုရင် ဒါပါပဲလို့ပဲ ပြောချင်ပါတယ်။
ကိုယ့်မှာ အကြွေစေ့ထည့်တဲ့ အိတ်ကလေး တခုရှိခဲ့ဖူးတယ်။ ခုတော့ အနိစ္စတရားတခုကြောင့် သူ ကိုယ်နဲ့ ဝေးရာကို ထွက်သွားဘီ။ ကိုယ့် အလုပ်က အိမ်နဲ့ သိပ်နီးတယ်လေ။ အမှန်က ကိုယ့် ရုံးက အံဆွဲလေးထဲမှာ ပစ္စည်းတွေ လိုအပ်တဲ့ ပစ္စည်းတွေ ရှိတာပေါ့။ ရုံးဝေးရင်တော့ ဒီထက်ပိုပြီး ပစ္စည်းတွေ ယူမလားဘဲ။
ကိုယ်က လက်လွတ် ခြေလွတ်နေရတာကို သိပ်ကြိုက်တယ်။ ဒါပေမဲ့ ခရီးသွားရင်တော့ ကိုယ် စုံလင်အောင် ထည့်လေ့ရှိပါတယ်ကွယ်။ စာအုပ်တို့ ရေးစရာတို့ ဆောင်လေ့ မရှိဘူး။ သိပ်လုပ်ချင်တဲ့ အရာတစ်ခုရှိရင် ဖုန်းက Notes ထဲမှာ မှတ်ထားတယ်။ အဲဒီထက်များသွားရင်တော့ အသံသွင်းထားတယ်။ များသောအားဖြင့်တော့ task တွေကို ခေါင်းနဲ့ မှတ်လေ့ရှိတယ်။ ဦးနှောက်က အမြဲခိုင်းနေမှ မဟုတ်လား။ ကိုယ် အိမ်ပြန်တဲ့လမ်းမှာ နဲနဲ အားနေရင် ကိုယ့်အကြောင်းကို သုံးသပ်တယ်။ လုပ်စရာရှိတဲ့ Plan တွေကိုတော့ Google Calender ထဲမှာ မှတ်ထားတယ်။
အရင်တုန်းကတော့ တရားစာအုပ်ယူလေ့ ရှိတယ်။ နောက်ပိုင်းတော့ မေတ္တသုတ်နဲ့ ဗုဒ္ဓ နုဿတိကို စိတ်နဲ့ပဲ မှတ်တော့တယ်။ ထွက်လေ ၀င်လေကြားက ကိုယ်ပေါ့။ တခါတလေ Aircon လေ ကြီးစိုးတဲ့ နေ့မျိုးဆို ထိုင်နေရင်း နဲ့ အိမ်မက်တွေက အရောင်ကိုစုံရော။
ကဲ... သက်ရေ....
ကိုယ့် အပါးတော်မြဲလေးက ပေါက်စနကလေးရယ်... နော်။ သြော် ဒါနဲ့.. မိုးသိပ်ရွာတဲ့နေ့ဆို ထီးယူသွားလေ့ရှိတယ်။ + / - က အမြဲ ရှိနေတယ်။ အိတ်ထဲမှာ အရာဝတ္တုတွေက အမြဲ ပုံသေမရှိဘူး။ အင်းပေါ့လေ... လောကမှာ ဘယ်အရာက တည်မြဲပါလိမ့်မလဲနော်။ ကိုယ်ကျောင်းသွားတဲ့ ကျောပိုးအိတ်ကိုတော့ သက်ကို မပြတော့ဘူး။ စာအုပ်တွေနဲ့ အတူ စိတ်တွေပါ လေးလွန်းလို့ သက်ကလေးပါ အလေးဒဏ်တွေ ကူးနေပါဦးမယ်။း)
ဟုတ်ကဲ့ ဆရာမ။ ကိုယ်နိဂုံးချုပ်တော့မယ်။
အိတ်ဆိုတာ စိတ်တစ်ခုရဲ့ ဖွင့်ဆိုချက်ဆိုရင် ကိုယ့်အိတ်ကလေးဟာ လစ်ဟာနေတဲ့ အရာတွေ အများသားပဲ။
ဒါပေမဲ့ ဒီလစ်လပ်မှုတွေကို နေရာတစ်ခုမှာ ပြည့်စုံစွာထားထားတယ်ဆိုတာကိုတော့ အပေါ်ယံကြည့်သူဆိုရင် ဘယ်မြင်နိုင်ပါ့မလဲနော်။ ဒီလိုပဲ လောကကြီးမှာလဲ ကိုယ်မမြင်နိုင်တဲ့ နေရာတွေမှာ ပြီးပြည့်စုံမှုဆိုတာ ရှိနေစမြဲပါ။
လောကမှာ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ပြည့်စုံခြင်းတွေကို တစ်နေရာမှာထားပြီး ကိုယ်လက်ရှိသယ်ပိုးရတဲ့ အရာတွေကိုတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ လွယ်ထားတဲ့ လူတစ်ယောက်ကို အပြင်မှာ တွေ့ခဲ့ရင် သက် လှမ်းခေါ်လိုက်နော်။
သက်ကို ကိုယ် အမြဲ ပြုံးပြ နှုတ်ဆက် နေမှာပါ။
12 comments:
  1. မချယ်ရီ စာရေးတာ ရှယ်ကောင်းတာပဲ
    အိတ်ကလေးကချစ်စရာလေး ။
    ---
    ဒါပေမဲ့ ဒီလစ်လပ်မှုတွေကို နေရာတစ်ခုမှာ ပြည့်စုံစွာထားထားတယ်ဆိုတာကိုတော့ အပေါ်ယံကြည့်သူဆိုရင် ဘယ်မြင်နိုင်ပါ့မလဲနော်
    ----
    စာသားလေးတွေအရမ်းကောင်းတယ်။
    ဖုန်းခေါ်မယ့်သူရှိမှန်းသိနေတဲ့
    ဆုမြတ်
    ReplyDelete
  2. ဘလော့ဂါလုပ်ဖို့ကောင်းတယ် စာရေးကောင်းချက်...အသက်လေးကို ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်နဲ့ ထင်မှတ်မှားပုံရတယ်...မဖြေရှင်းနဲ့ အသေတာခံနော် မမသက်ဝေ ခိခိ
    ReplyDelete
  3. မချယ်ရီ ဘလော့ဂ်ဂါလုပ်လို့ရတယ်..
    စာရေးတာလေးက ချစ်စရာကောင်းပြီး ညက်နေတယ်
    ချစ်ခင်မှုနဲ့အတူ အိတ်ကလေးကို ခင်းကျင်းပြ သွားတာ နှစ်သက်စရာ
    ဖိတ်ခေါ်ပါရစေ မချယ်ရီ
    သူသူ
    ReplyDelete
  4. စာရေးကောင်းလိုက်တာ..တစ်ကယ့်ကို ညက်ညက်ညောညောလေ...သဘောကျလိုက်တာမမရေ..
    :)
    ReplyDelete
  5. မချယ်ရီဟာ စာဖတ်နာသူ တစ်ယောက်ဆိုတာ သူရေးတဲ့ စာရဲ့ အသွားအလာ၊ စကားလုံး ရွေးချယ်ပုံ၊ စာရဲ့ စီးဆင်းပုံတွေကို ကြည့်တာနဲ့တင် ချက်ချင်း သိနိုင်ပါတယ်၊ သူ့ရဲ့ အိတ်ကလေးဟာလည်း သူပြောသလိုပဲ ပေါ့ပါး လွတ်လပ်စွာ.....၊း)
    သြော်..ဒါနဲ့ ‘သက်ကလေး.....’ ဆိုတဲ့ အခေါ်အဝေါ်ကို ၂ ခါတောင်မှ သတိထားမိတယ်၊း) ကဲ.. ဒီနေ့ကစပြီး ကိုယ်ဟာ အန်တီအရွယ်ပါ-လို့ ကြီးချင်ယောင် ဆောင်နေတာတွေ ရပ်လို့ ရပါပြီ အစ်မသက်ဝေ(ကလေး)...။းD
    ReplyDelete
  6. ဘလော့ဂါတို့ရဲ့ မိတ်ဆွေ လို့ မပြောရဘူးနော်...
    စကားပြောတာက ညက်ချက်... :)
    ReplyDelete
  7. ဖတ်လို့ကောင်းတယ် (y)
    ReplyDelete
  8. မျှဝေပေးတဲ့အတွက် ကျေးဇူးပါ သက်ကလေးရေ။
    နောက်ဆုံးစာပုဒ်လေးသိပ်သဘောကျတယ်လို့ သက်ကလေးရဲ့ မိတ်ဆွေ ချယ်ရီကလေးကို ကြုံရင်ပြောပေးနော်။း)
    အို်င်အိုရာ
    ReplyDelete
  9. အားပါး အရေးအသား ညက်တာ၊ သွက်တာများ ဘလော့ရေးဖို့  ကောင်းတယ်..း)
    ReplyDelete
  10. ကောင်းလှချည်လား ...............
    အပြင်လူ (ဘလော.ဂါ မဟုတ်သောသူကိုဆိုလိုပါအိ) တွေထဲမှာလဲ ဘလော.ဂ်တွေကို တိတ်တိတ်ဘဲဖတ်ဖတ်နေပြီး ၊ကိုယ်တိုင်မရေးတဲ.သူတွေအများကြီးရှိနေတယ်နော်။
    စာရေးသွားတာများညက်နေတာဘဲ။
ူမချယ်ရီက အနီရောင်အစက်သေးသေးလေးတိုင်းပြည်ကဘဲထင်တယ်။ အဲဒါဆို “သက်ကလေး”(ဟီးဟီး) နဲ.အလွယ်တကူဆုံကြလို.ရတာပေါ.။
    မချယ်ရီ စာတွေရေးပါ။ တိတ်တိတ်လေးအားပေးဖို.လဲ အဆင်သင်.ပါဘဲ။
    ReplyDelete
  11. သက်ကလေး တဲ့
    သူပဲ ခေါ်တတ်တယ် ချစ်စရာလေး...
    ReplyDelete
  12.ွှအိတ်တစ်လုံး ရဲ့ ဖွင့်ဟ၀န်ခံချက် ... :)
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...