Saturday, January 11, 2014

အမှတ်စဉ် ၄၅



၄၅ ဆိုတာ နံပါတ်တွေထဲမှာ ကျွန်မ အလွန်နှစ်သက်တဲ့ နံပါတ်တစ်ခုပါ…။
၉/၁၈/၂၇/၃၆ အစရှိတဲ့ နံပါတ်လှလှတွေကို စီကာ စဉ်ကာ ကျော်ဖြတ်ပြီး အခု ၄၅ ကို ရောက်လာပါပြီ…။ အသက်တွေ တော်တော်ကြီးလာပြီပဲ လို့ စိတ်ထဲမှာ ခပ်တိုးတိုး ရေရွတ်နေမိပါတယ်။ အမှန်ပြောရရင် အသက်ကြီးလာရခြင်းအပေါ် ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး… တကယ်ပါ… ဘဝတလျောက်လုံးမှာ အသက်ကြီးလာတာနဲ့ပတ်သက်ရင် ဘာမှ ထွေထွေထူးထူး ပြောစရာမလိုအောင်ကို သက်တောင့်သက်သာရှိလှပါတယ်။ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ တာဝန်ဝတ္တရားတွေ လုပ်ငန်းဆောင်တာတွေကို သူ့အသက်အရွယ်နဲ့သူ… သူ့အချိန် အပိုင်းအခြားနဲ့သူ အတတ်နိုင်ဆုံး ကျေပွန်ခဲ့ပြီးပြီလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ကျေနပ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ အတွေးအခေါ်၊ ခံယူချက်၊ စိတ်နေစိတ်ထား၊ အကောင်း အဆိုးတွေကို မှန်မှန်ကန်ကန်နဲ့ မျှမျှတတ ဝေဖန်ပိုင်းခြားနိုင်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကို ကိုယ်တိုင် ကျေကျေနပ်နပ်ရှိသလို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအပေါ်မှာလည်း ရာခိုင်နှုန်းအပြည့်မဟုတ်တောင် အတော်အတန် ကျေနပ်နိုင်ပါတယ်။ မအို မနာ မသေ တဲ့သူမှ မရှိတာပဲ…။

အခုပဲ ကြည့်လေ… ဒီနှစ် မွေးနေ့မှာ ဘာလိုချင်သလဲ ဆိုတဲ့ သူ့မေးခွန်းကို အေးအေးဆေးဆေးပေါ့ လို့ ရယ်ရင်း ပြုံးရင်း ပြန်ဖြေနေမိပြီ…။ အရင်ကလို မွေးနေ့နားနီးလာပြီဆိုထဲက ဟိုဟာ ပူဆာရမလို ဒီဟာ ၀ယ်ခိုင်းရမလိုတွေ၊ စီကာ စဉ်ကာ ရေးသားထားတဲ့ wish list တွေလည်း မရှိတော့ပါဘူး…။ ဘယ်သွားချင်လဲ… ဘာစားမလဲ… ဆိုတဲ့မေးခွန်းတွေကိုလည်း အဆင်ပြေသလို လုပ်ကြတာပေါ့ လို့ ဖြေလိုက်ပြန်တယ်…။ ဒါ့အပြင် တိုပါးရိုးကျောင်းကို ဘုရားသွားဖူးရအောင် လှူစရာရှိတာလေးလည်း လှူရအောင်လို့လည်း ပြောလိုက်သေးတယ်…။ ကြည့်ပါအုံး… ပြောင်းလဲလာတာတွေ…

ဖေဖေနဲ့ မေမေကတော့ မေမြို့ရောက်နေကြလို့ သမီးမွေးနေ့အတွက် ပန်းပုံတွေ ရိုက်ပြီး ပို့ပေးလိုက်တယ်…။ သဘာဝအလျောက် ပွင့်ဖူးနေကြတဲ့ ရောင်စုံပန်း လှလှတွေမြင်တော့ သမီးကို သတိရသတဲ့… အမှန်က သူတို့သမီးက မိန်မဆန်ဆန်နဲ့ ပန်းတွေကို ကြိုက်လှတာမဟုတ်… ဓါတ်ပုံရိုက်ဖို့ subject ရှားလွန်းတဲ့ စကာင်္ပူမှာ နေရတော့ တနေ့တနေ့ ပန်းတွေပဲ အလုပ်လုပ်ပြီး ရိုက်နေရတာ သူတို့ မသိရှာ… (ဟိဟိ)

သူငယ်ချင်း မိတ်ဆွေတချို့ကတော့ ဒီနေ့ထဲက မွေးနေ့ဆုတောင်းတွေ ပို့ကြတယ်…။ အဲဒါတွေကိုတွေ့တဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်… သူတို့တွေနဲ့ ရောပြီး ဒီနေ့ပဲ wish လုပ်လိုက်ရမှာလား တဲ့…။ (ဟဲ့… နေပါအုံး လို့ အော်ရတယ်…) နောက်အမတစ်ယောက်ကတော့ အများညီ ဤ ကို ကျွဲ ဖတ်ရမှာလား တဲ့… (ဟိုက်… ပလုတ်တုတ်…) နောက်တယောက်ကလည်း ဇဝေဇဝါနဲ့ သူများ ၁၀ ရက်နဲ့ ၁၁ ရက် ပြက္ခဒိန်အကြည့်မှားလေရော့သလား… ဆိုပြီး ဖုန်းဆက်တယ်… ဘာပဲဖြစ်ဖြစ်လေ… ဆုတောင်းဆိုတာ အချိန်တိုင်းအတွက် အလွန်တရာ ချိုမြိန်ပါတယ်…။ စောစောတောင်းတောင်း နောက်ကျ တောင်းတောင်း ဆုတောင်းတွေအတွက် ပျော်ရွှင်ရတဲ့ပီတိကတော့ အချိန်မရွေး အတူတူပါပဲ…။

အဲဒီလို မွေးနေ့အကြိုဆုတောင်းတွေတွေ့တော့ စိတ်ကူးပေါက်သွားပြီး ကျွန်မနဲ့ မွေးနေ့ တစ်ရက်ထဲ… ကျွန်မ အချစ်ဆုံး သူငယ်ချင်းလေး စပါယ့်ဆီ ဖုန်းဆက်ပြီး ဘယ်သူမှ မဦးခင် အချင်းချင်း အပြန်အလှန် မွေးနေ့ ဆုတောင်းလိုက်ပါသေးတယ်…။ ပြီးမှ နှစ်ယောက်စလုံး ကိုယ့်ဟာကိုယ် သဘောတွေကျပြီး ရယ်လိုက်ရတာ…။ နောက် ကျွန်မနဲ့ မွေးနေ့တူ ညီမလေး Vista ကိုလည်း ဒီနေရာကနေ ဆုတောင်းပေးတယ်နော်... Happy Birthday ညီမ...!!

ရုံးက ချစ်ရတဲ့ မြန်မာ မောင်နှမတွေကတော့ ကျွန်မ မွေးနေ့အတွက်ဆိုပြီး  ကြာသာပတေးနေ့က နေ့လည်စာ လိုက်ကျွေးပါတယ်…။ နေမကောင်းလို့ ခံတွင်းပျက်ပြီး ဘာမှမစားချင် မသောက်ချင်ဖြစ်နေတာ… သူတို့တွေရဲ့ စေတနာကြောင့် ထင်ပါရဲ့… ထူးထူးဆန်းဆန်း အဲဒီနေ့က ကျွန်မ ထမင်းကောင်းကောင်း စားနိုင်ခဲ့တယ်…။ ဒီအတွက်လည်း မောင်နှမတွေအားလုံးကို သိပ်ကျေးဇူးတင်ပါတယ်… ငွေကုန်ကြေးကျခံပြီး နေ့လည်စာလိုက်ကျွေးတယ် ဆိုတာတာထက် အဲဒီနောက်ကွယ်က လှပတဲ့ စေတနာလေးကို ကျေးဇူးတင် အသိအမှတ်ပြုလိုတာပါ…။

ဘာကျန်သေးလဲ… ဆိုတော့… ကျန်းမာရေး…
ဟုတ်ပါတယ်… ရှေ့လျှောက် ကျွန်မ လုပ်ချင်တာတွေ ဆက်လုပ်နိုင်ဖို့၊ ဖြစ်ချင်တာတွေ အကောင်အထည်ဖေါ်နိုင်ဖို့၊ သွားချင်တဲ့နေရာတွေ အရောက်သွားနိုင်ဖို့၊ ကိုယ်ဆန္ဒရှိသူတွေနဲ့ တွေ့ခွင့် မြင်ခွင့်ရဖို့… အဲဒါတွေအတွက် စိတ်သွားတိုင်း ကိုယ်ပါ ရာနှုန်းပြည့် ကျန်းမာတဲ့သူတစ်ယောက် ဖြစ်ချင်လှပါတယ်။

ကျန်တာတွေကတော့ ပုံမှန်အတိုင်း… စာဖတ်ရင်း… စာရေးရင်း… ဓါတ်ပုံရိုက်ရင်း… ဖဘပေါ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားတွေပြောရင်း… ဟင်းချက်ရင်း… သီချင်းနားထောင်ရင်း... အိမ်ရှင်းရင်း… ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကိုယ့်ကို ချစ်တဲ့သူတွေကို ဆထက်တပိုး ပိုမိုနွေးထွေးစေရင်း… အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ပါးပါး ဆက်လက် စီးမျောသွားဖို့ပါပဲ…။ ဒီလောက်ပဲ မျှော်လင့်ထားပါတယ်…

ချစ်ခင်စွာဖြင့်

သက်ဝေ
၁၁ ဇန်နဝါရီ ၂၀၁၄ 

20 comments:

  1. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ ကျန်းမာပျော်ရွှင်ပါစေ။


    လာလည်သွားတယ်နော်။ ဟိဟိ

    With Love,
    TnT

    ReplyDelete
  2. ချိုမွေးနေ့လေးပါအချိုဆုံး :P

    ReplyDelete
  3. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အမသက် ။
    ၂၀၁၄ တစ်နှစ်လုံး ကျန်းမာပျော်ရွှင်ပါစေ <3

    ReplyDelete
  4. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အမသက် ။
    ၂၀၁၄ တစ်နှစ်လုံး ကျန်းမာပျော်ရွှင်ပါစေ <3

    ReplyDelete
  5. အမှတ်စဉ်၄၅ သာဆိုတယ်... အပြင်မှာလူမြင်ရရင် ၂၅လောက်ပဲထင်ရတယ်... မွေးနေ့မှာ ပျော်ရွှင်ပါစေ... အစ်မသက်... :)

    ReplyDelete
  6. မမချစ်သက်ဝေပြောသွားခဲ့တဲ့အရာတွေအားလုံးလိုလိုမီးမီးနဲ့တော်တော်တူတယ်...။ ဘာပဲဖြစ်ဖြစ် ချစ်သော ချစ်သက်ဝေ မွေးနေ့မှာ ပျော်ရွှင်ပါစေ...ဆန္ဒများအားလုံးပြည့်ဝပါစေ...။ အက်ဆေးလှလှလေးတွေများများရေးနိုင်ပါစေ...း)

    ReplyDelete
  7. လိုချင်တာတွေဆက်လက်ရနိုင်ပါစေ ..ပျော်ရွှင်ပါစေ
    အေးဆေးပါ ၁၅ ၁၅ ၁၅ :)

    ReplyDelete
  8. စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ အစ်မသက်ဝေ..:) အစ်မစာတွေဖတ်ရတဲ့အတွက် ကျေးဇူး တင်ပါတယ်..

    ReplyDelete
  9. ​ပျော် စရာ ​မွေး ​နေ့ ဖြစ်​ပါ ​စေ သား :-) :-) :-)

    ReplyDelete
  10. Happy birthday!!!!!wish you all the best.

    ReplyDelete
  11. happy birthday to you too ma thet .. mwahh

    ReplyDelete
  12. အစ်မရေ... တစ်နေကုန်အပြင်ရောက်နေလို့ ခုမှ ပို့စ်ဖတ်ရတယ်။ အချိန်မနှောင်းသေးခင် အပြေးလေးလာပြီး နှုတ်ဆက်တယ်နော်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံသော မွေးနေ့မင်္ဂလာပေါင်းများစွာကို ချစ်တဲ့မိသားစုနှင့်အတူ ပျော်ရွှင်ဆင်နွှဲနိုင်ပါစေလို့...။း))

    ချစ်ခင်သတိရစွာ
    ဇွန်

    ReplyDelete
  13. ပျော်ရွှင်စရာမွေးနေ့
    ဖြစ်ပါစေ မကြီး

    ReplyDelete
  14. 40s မွေးနေ့တွေရဲ့ အရသာက အပွေးမကုန့်တကုန် သနပ်ခါးတုံးကို သွေးပြီး လိမ်းရသလိုပဲလို့ ထင်မိတယ်... :)

    ReplyDelete
  15. Happy birthday အမသက်ဝေ

    ReplyDelete
  16. ရင်လှိုင်းJanuary 12, 2014 at 6:25 PM

    မမသက် မွေးနေ့ မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. အမှတ်စဉ် ၄၅ အတွက်
    ပေါ့ပေါ့ပါးပါး ရေးထားတာကို
    ပေါ့ပါးစွာ ဖတ်လိုက်ရတယ်၊
    ပျော်ရွှင်ဖွယ်သော မွေးနေ့လေးပါပဲ အမ။

    အပြုံးပန်း

    ReplyDelete
  19. ကျန်းမာပါစေ ချစ်သက်ဝေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...