မူရာကာမိသည် ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ဟု ဆိုကြပါသည်။ ဗမာပြည်တွင် မဆိုထားနှင့် ကမ္ဘာ့အကျော်အမော်စာဆို တစ်ယောက် ဟူသတတ်။ သိပ်မသိပါ။ 'မူရာကာမိကို သိပ်မသိပါ' ဟု မကြာမတင်ကလေးတွင်ပင်လျင် ချစ်ခင်ရပါသော ကဗျာရေးတဲ့ လူငယ်တစ်ဦးရဲ့ သူထင်တာ (သို့မဟုတ်) သူယုံကြည်တာကို ရေးတင်သည့်ပို့စ်မှာ ကွန်မင့်ရေးမိ (ရေးဖြစ်) ပါသေးသည်။ ဘာကြောင့် မူရာကာမိ ရပါသလဲ။ သူ့ ဘယ်သို့သော အရေးအသားတွေကများ ကိုယ့်ဘ၀အရှိ (အခြား မည်သူမဆိုရဲ့) ဘ၀အရှိရဲ့ ကတုန်ကရင်ဖြစ်မှုနဲ့ မထုံတက်တေးအသိကို လှုပ်ခါပစ်သလို မူရာကာမိ ရပါသလဲ။ မိုးဝေးဆီမှ လက်ဆောင်ရသဖြင့် မြင့်သန်း မြန်မာဘာသာဖြင့် ပြန်လည်ရေးသားသည့် မူရာကာမိ အရေးအသားများကို ဒီရက်ပိုင်းအတွင်းမှာ ဖတ်နေဖြစ်ပါသည်။ ဘာကြောင့် မူရာကာမိရဲ့ အရေးအသားများဟာ ဗမာစာပေလောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်ရပါသလဲ ဟူသော ခေါင်းစဉ်အောက်မှာ မည်သူမဆိုနဲ့ ဆွေးနွေးလိုပါသည်။အဲဒါကို ဖတ်ရတော့ ကိုယ်နဲ့ မူရာကာမီ ဘယ်ကနေ ဘယ်လို စတင်ရင်းနှီးလာခဲ့သလဲ ဆိုတာကို ပြန်တွေးမိသွားပါတယ်။ အဲဒီအကြောင်းကို ပြောမယ်ဆိုရင် Murakami ထက် အရင် ရင်းနှီးခဲ့တဲ့ ဂျပန်စာရေးဆရာ Kazuo Ishiguro အကြောင်းက ပြန် စရပါလိမ့်မယ်။ Ishiguro ဟာ ဂျပန်မှာမွေးပြီး အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ နာမည်ကြီး ဂျပန်စာရေးဆရာ တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အိမ်ကိုလာလည်တဲ့ မိတ်ဆွေတစ်ယောက် လက်ထဲမှာကိုင်ထားတဲ့ Ishiguro ရဲ့ The Remains of the Day စာအုပ်ကို တွေ့ပြီး သူက ဖတ်ကြည့်ပါလား လို့ ညွှန်းတာကြောင့် Library မှာ သွားရှာပြီး ငှားဖတ်ခဲ့ပါတယ်။ ကမ္ဘာစစ်ကို နောက်ခံပြုပြီး ရေးတဲ့စာမို့ အမှန်အတိုင်း ပြောရရင် ဖတ်ရတာ ပျင်းပါတယ်။ ဒါပေမဲ့ သူ့လက်ရာ နောက်ထပ် နှစ်အုပ်ဖြစ်တဲ့ Never let me go နဲ့ Nocturnes ကိုတော့ စိတ်လိုလက်ရ ၀ယ်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ ဖတ်တုန်းကတော့ Review ရေးမလို့ပါ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ပါဘူး။ Review မရေးဖြစ်ခဲ့ပေမဲ့လည်း အဲဒီ ဂျပန်စာရေးဆရာနဲ့ ဂျပန်တွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ၊ ဂျပန်နိုင်ငံရဲ့ လှပတဲ့ ရေမြေ တောတောင် သဘာဝတွေ၊ ဂျပန်နိုင်ငံအကြောင်းကို နောက်ခံပြုတဲ့ ဇာတ်လမ်းတွေ ကိုတော့ စိတ်ဝင်စားခဲ့ပါတယ်။
အဲဒီနောက်မှာ မှတ်မှတ်ရရ ဂျပန်နိုင်ငံနောက်ခံ စာအုပ်တစ်ချို့ ဖြစ်တဲ့ Memoirsof a Geisha / Totto-Chan – The Little Girl at the Window / Momose Shinobu ရဲ့ Okuribito (Departures) နဲ့ Tomiko Higa ရဲ့ The Girl with the White Flag ဆိုတဲ့ စာအုပ်လေးအုပ် ဖတ်ဖြစ်ခဲ့ပါတယ်။
တစ်ခြားစာအုပ်ဆိုင်တွေတော့ မသိ၊ Kinokuniya ဆိုတဲ့ စာအုပ်ဆိုင်မှာတော့ အဲဒီလို ဂျပန်စာရေးဆရာတွေရဲ့ ၀တ္ထုတွေကို Fiction ဒါမှမဟုတ် Literature လို့ Category ခွဲထားတဲ့နေရာမှာ ရောနှောထားတာ မတွေ့ရပါဘူး။ Asian Literature ဆိုပြီး ကောင်တာလေးတစ်ခုနဲ့ သပ်သပ်ထားပါတယ်။ ပြောရရင် အဲဒါကိုလည်း အကြောင်းမဲ့ နှစ်သက် စွဲမက်မိပါတယ်။ အမှန်တော့ ကိုယ်တိုင်က Asian ဆိုတဲ့ စိတ်ကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုနဲ့ Kinokuniya ကို ရောက်တိုင်း အဲဒီကောင်တာလေးရှေ့မှာ ရပ်ရင်း စာအုပ်တွေ ကြည့်ရင်းမှာ "မူရာကာမီ" ကို တွေ့ဖူးခဲ့ပါတယ်။ မူရာကာမီ ဆိုတာ ဘာမှန်းညာမှန်း မသိခင်၊ မူရာကာမီရဲ့ စာအုပ်တွေကို တစ်လုံးမှ မဖတ်ဖူးသေးခင်မှာ သူ့စာအုပ် မျက်နှာဖုံးတွေကို မြင်တွေ့ပြီး သဘောကျစိတ် ဖြစ်မိတယ် ဆိုတာ ၀န်ခံပါတယ်။ အဖြူ၊ အမည်း နဲ့ အနီရောင်တွေကို အဓိကထား သုံးစွဲဖွဲ့စည်းထားတဲ့ သူများနဲ့ မတူ၊ တမူထူးတဲ့ သူ့စာအုပ် အဖုံးတွေကို အမြဲတမ်း သဘောတကျ ကြည့်မိပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ (၂၀၀၈ ခုနှစ် နှစ်စပိုင်း လောက်လို့ ထင်ပါတယ်) အင်တာနက်မှာ ဟိုရှာဒီရှာ ရှာရင်း မူရာကာမီရဲ့ On Seeing the 100% Perfect Girl ဆိုတဲ့ PDF လေး သွားတွေ့တယ်။ ဖတ်ကြည့်တော့ ရေးထားတာလေးနဲ့ အတွေးကို သဘောကျမိတယ်... ချစ်စရာလေး။ စာဖတ်ပြီးတော့ သူပေးချင်တဲ့ message ကို မစဉ်းစားနိုင်ပဲ ဘ၀မှာ ကိုယ့်အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံတဲ့သူတစ်ယောက် ဆိုတာ… အင်း မဖြစ်နိုင်ဘူးပဲ လို့ တွေးနေမိတယ်။ ပြီးတော့ အဲဒီ ၁၀၀ ရာခိုင်နှုန်းဆိုတာ ကိုယ်တိုင် သတ်မှတ်ချက်၊ ကိုယ့်ရဲ့ မျက်နှာသာပေးမှု၊ ကိုယ့်ရဲ့ လိုတိုး ပိုလျှော့ Discount ပမာဏနဲ့ ကိုယ့်စိတ် တစ်ခုတည်း အပေါ်မှာသာ မူတည်မှာပါလားလို့လည်း တွေးမိတာပါ။ ဒါ ကိုယ့်ရဲ့ ပထမဆုံး အကြိမ် မူရာကာမီနဲ့ မိတ်ဆွေဖြစ်ရခြင်းပါပဲ။ ပြီးတော့ သိပ်မကြာခင်မှာပဲ ပန်ဒိုရာ ဘလော့ဂ်မှာ အဲဒီ ၀တ္ထုတိုလေးကို ညီသစ် ဘာသာပြန်ထားတာ ဖတ်ရတယ်။ ချောမွေ့လှပတဲ့ ဘာသာပြန် အရေးအသားမှာ မူရာကာမီ နဲ့ ဒုတိယအကြိမ် ပြန်တွေ့ရတာပါ။
အဲဒီနောက်မှာ ၂၀၁၁ ခုနှစ် ကိုယ့်မွေးနေ့မတိုင်ခင် တစ်ရက်မှာ မူရာကာမီ ရဲ့ Birthday Stories ဆိုတဲ့ စာအုပ်လေး အမှတ်တရ ၀ယ်လာမိပါတယ်။ ၀တ္ထုရှည်လုံးချင်းတွေထက် (အပျင်းဓါတ်ခံနဲ့) ၀တ္ထုတိုလေးတွေကို ပိုဖတ်ချင်စိတ်ကြောင့် ၀ယ်လာပေမဲ့ အဲဒါက မူရာကာမီရဲ့ စာတွေ မဟုတ်ပဲ တခြားစာရေးဆရာတွေရဲ့ လက်ရာတွေကို သူက စီစဉ်ပြီး ထုတ်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ၀တ္ထုတိုလေးတွေမို့ရယ်၊ မျက်နှာဖုံးက ဖဲကြိုးအနီရောင်လေးရယ်ကို နှစ်သက် ချစ်ခင်ရင်း မူရာကာမီကို တတိယအကြိမ် အဖြစ် ခပ်ဝေးဝေးက လှမ်းတွေ့ဖြစ်ပြန်ပါတယ်။ အဲဒီဝတ္ထုတိုလေးတွေထဲက Russell Banks ရဲ့ The Moor တစ်ပုဒ်ကို ဘာသာပြန်လိုလို၊ ရီဗျူးလိုလို ဟိုမရောက် ဒီမရောက် စာလေး တစ်ပုဒ်တောင် ရေးဖြစ်ပါသေးတယ်။ ပိုစ့်ခေါင်းစဉ်က ရှယ်ရီရဲ့ မွေးနေ့ည ပါ။
နောက်ပိုင်းမှာတော့ မျက်နှာစာအုပ်၊ ဘလော့ဂ်တွေနဲ့ ရံဖန်ရံခါ ကော်ဖီဝိုင်းတစ်ချို့က စကားတွေထဲမှာ မူရာကာမီ ဆိုတဲ့ အမည်နာမဟာ အင်မတိ အင်မတန် တွင်ကျယ်လာတယ်လို့ ခံစားရပါတယ်။ နာမည်ကြီး Norwegian Wood ကို (ထုံးစံအတိုင်း) ဟိုကျော် ဒီကျော်နဲ့ ဖတ်ဖြစ်ပါတယ်။ ပြီးတော့ 1Q84 နဲ့ After Dark… (တိုက်တိုက်ဆိုင်ဆိုင် ညကတောင် After Dark ကို ပြန်ကိုင်နေမိသေးတယ်)။ လုံးချင်းဝတ္ထု အရှည်တွေထက် ၀တ္ထုတိုလေးတွေကိုတော့ ပိုနှစ်သက်တာမို့ တော်တော်များများ ဖတ်ဖြစ်ပါတယ်။ မူရာကာမီ စာအုပ်တွေကို စာအုပ်အဖြစ်နဲ့သာ ၀ယ်သိမ်းချင်မိတယ်လို့ မယ်ကိုးနဲ့ စကားစပ်မိတဲ့ တစ်ရက်မှာ သူက စာအုပ်တွေ ၀ယ်ရတာ ဈေးကြီးပါတယ် သူ့မှာ မူရာကာမီ PDF တွေရှိတယ် ဆိုပြီး မေးလ်ကနေတစ်ဆင့် ပို့ပေးလာတာကို ကျေးဇူးတင်စွာနဲ့ လက်ခံရရှိခဲ့ပါတယ်။ သူပို့ပေးတဲ့ PDF တွေ တော်တော်များပါတယ်။ ဖတ်လည်း ဖတ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀တ္ထုတိုတွေပေါ့။ စိတ်ထဲ မှတ်မှတ်သိသိ ရှိတာကတော့ Birthday Girl / Honey Pie / A Poor-Aunt Story နဲ့ Man-eating-Cats ဆိုတဲ့ ၀တ္ထုတိုလေးတွေပါ။
မူရာကာမီတွေကို ဖတ်ရသလောက်/ ဖတ်မိသလောက် သူ့ အတွေးတွေ၊ ကြွယ်ဝတဲ့ စကားလုံး သုံးနှုန်းပုံတွေနဲ့ သူထည့်ရေးတဲ့ လှည့်ကွက်တစ်ချို့တွေကို နှစ်သက်မိတာလည်းရှိ၊ တချို့နေရာတွေမှာ သူ ပေးချင်တဲ့ message ကို သိပ်နားမလည်လို့ ပျင်းပြီး ရပ်ပလိုက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ထူးထူးခြားခြားနဲ့ ထိထိခိုက်ခိုက် ခံစားရတာမျိုးတော့ မရှိခဲ့ဘူးလို့ပဲ ပြောရမယ်။ (ကိုယ်တိုင်က ညံ့တာလည်း ဖြစ်မှာပါ)။ ပြီးတော့ မူရာကာမီကို မြန်မာဘာသာပြန်တာတွေ ရှိမှန်းလည်း လုံးဝ မသိခဲ့ပါ။ ဆရာ ခင်အောင်အေး ရေးမှ မြင့်သန်း ဘာသာပြန်တယ် ဆိုတာ သိရတာမို့ အိမ်ကို လှမ်းမှာရအုံးမယ်လို့တော့ မှတ်ထားလိုက်တယ်။
အစကို ပြန်ကောက်ရရင် Status မှာ ဆရာ ပြောခဲ့ မေးခဲ့သလို ဘာကြောင့် မူရာကာမိရဲ့ အရေးအသားများဟာ ဗမာစာပေလောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်ရပါသလဲ ဆိုတဲ့ မေးခွန်းအတွက် ကိုယ် တစ်ယောက်တည်းရဲ့ ထင်မြင်ယူဆချက်ကို ဘာမှ မကွယ်ဝှက်စတမ်း၊ ဘယ်သူ့မှ မထောက်ညှာစတမ်း ဖြေရမယ် ဆိုရင်တော့ - ကိုယ် အပါအ၀င် မြန်မာ အများစု (အများစုလို့ ယေဘုယျ ပြောလိုက်တာပါ... တကယ်ကို ရင်ထဲ အသည်းထဲက အူလှိုက် အသည်းလှိုက် နှစ်သက်တဲ့သူ တွေလည်း ရှိနိုင်ပါတယ်) ရဲ့ ထုံးစံအရ ဘာရယ်ညာရယ် မဟုတ်၊ သူတို့ပြောနေတဲ့ မူရာကာမီ ဆိုတာ ဘယ်လိုများပါလိမ့်၊ မူရာကာမီဟာ ဘာတွေများ ထူးထူခြားခြား ဖြစ်နေပါလိမ့် ဆိုတဲ့ အတွေးတွေနဲ့ တစ်ယောက်က မူရာကာမီ ဆို ကျန်တဲ့သူတွေကလည်း လိုက်ပြီး မူရာကာမီ ကြတယ် - လို့သာ ထင်မြင်မိပါကြောင်း။
ဆရာက ကိုယ့်ကို တိုက်ရိုက် မမေးသော်လည်း မေးသလိုသဘောထားပြီး အလုပ်မရှိ အလုပ်ရှာရင်း ရှည်ရှည်ရှောရှော ၀င်ရောက် ဖြေဆိုလိုက်ပါတယ်။ ရှေ့တင်ရော ကွယ်ရာမှာပါ စကားတင်းဆို၊ ကဲ့ရဲ့ အပြစ်တင်၊ ရှုံ့ချ အမြင်ကပ်၊ အခန့်မသင့်ရင် မူရာကာမီချစ်သူများရဲ့ ချောင်းရိုက်တာပါ ခံရမဲ့ အရေးကို သိသိကြီးနဲ့ မနေနိုင် မထိုင်နိုင် ပြောမိ ရေးမိတဲ့ သက်ဝေရဲ့ အင်္ဂါနေ့ အတွေးစာစုပါ။
သက်သက်သာသာ ရှိကြပါစေ။
သက်ဝေ
(၀၈ ဇူလိုင် ၂၀၁၄)
ပန်ဒိုရာ - ၁၀၀% ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း
သက်ဝေ - ရှယ်ရီနဲ့ မွေးနေ့ည
ခေါင်းညိမ့်သွား
ReplyDeleteစာ ဖ တ် ဝါ သ နာ ရှိေ ပ မ ယ့်
ReplyDeleteအေ ခြ အေ န အ ရ စာ အု ပ်ေ တွ နဲ့ေ ဝး ပါ တ ယ်
ဖ တ် ကြ ည့် ချ င် လာ ပါ တ ယ်
ဘာ မှ မ သိေ ပ မ ယ့် စိ တ် ဝ င် စား စွာ ဖ တ် သွား ပါ တ ယ်
ကံ ကြုံ ရ င် အဲ့ ဒီ မူ ရာ ကာ မိ နဲ့ေ တွ့ ရ မှာေ ပါ့
ခုထိ သေချာမဖတ်ဖြစ်သေးပါဘူး။
ReplyDeleteအမသက်ရေ မရောက်တာကြာလို့ အလည်လာသွားတယ်နော်။ မူရာကာမီတော့မဖတ်ဖူးသေးပါဘူး။ တော့တိုးချန်ကတော့ ကလေးဘဝထဲကအခုချိန်ထိအကြိုက်ဆုံးစာအုပ်ထဲမှာပါ ပါတယ်။
ReplyDelete