ဒီနေ့ မနက်တော့ လဖက်ခင်းတွေအများကြီးရှိတဲ့ တောင်ပေါ်မြို့လေး နောက်တစ်မြို့ကို သွားလည်ဖြစ်ပါတယ်။ မြို့နာမည်က Nuwara Eliya လို့ ခေါ်ပါတယ်။ အဲဒီ တောင်ပေါ်ဒေသ တစ်ခုလုံးဟာ လဖက်စိုက်ခင်းတွေနဲ့ စိမ်းစို လှပပြီး သိပ်သာယာပါတယ်။
အဲဒီလို လဖက်စိုက်ခင်းတွေနဲ့အတူ လဖက်ခြောက်စက်ရုံပါ တွဲရက် တည်ရှိတဲ့ Labookellie Estate က Mackwoods ဆိုတဲ့ နေရာကို ရောက်ခဲ့ပါတယ်။ ဒီနေရာက ခရီးသွားတွေ တစ်ထောက်နားပြီး သူတို့ရဲ့ နာမည်ကြီး Ceylon လဖက်ခြောက်ဝယ်လို့ရအောင် သေသေချာချာ စီစဉ်ပေးထားတဲ့နေရာလေး တခုပါ။
လာသမျှ ခရီးသည်တိုင်းကို လှိုက်လှဲပျူငှာစွာ ကြိုဆိုတဲ့အပြင် ပန်းရောင်စုံတွေ လှလှပပ ဝေဝေဆာဆာ ပွင့်ဖူးနေတဲ့ ပန်းခြံထဲမှာ ရောင်စုံထီးတွေ မိုးထားတဲ့ စားပွဲ ကုလားထိုင်တွေ အများကြီး ချထားပြီး အေးအေးဆေးဆေး အနားယူစေပါတယ်။ ပြီးတော့ အခုလို Ceylon Tea တစ်ခွက်စီ နဲ့ ဧည့်ခံပါတယ်။ ကိတ်မုန့်စားချင်ရင်တော့ ကိုယ့်ဟာကိုယ် ၀ယ်စားရပါတယ်။
ဆိုင်အတွင်းဖက်မှာ လဖက်ခြောက် ဝယ်လို့ရတဲ့နေရာ၊ သီရိလင်္ကာ အထိမ်းအမှတ် တီရှပ်တို့ ကီးချိန်းတို့ စတဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်လေး ရှိပါတယ်။ ကျွန်မကတော့ လက်ဆောင်ပေးစရာ လဖက်ခြောက် နည်းနည်းနဲ့ အမှတ်တရ တီရှပ် တစ်ထည် ဝယ်လာခဲ့ပါတယ်။ တီရှပ်လေးမှာ ရေးထာတာက… The 3 essential things in life (Peace / Love & Tea) တဲ့။ ကျွန်မအတွက်ဆို Tea မဟုတ်ပဲ ကော်ဖီသာ ဖြစ်သင့်တယ်လို့ ကိုယ်တိုင် စဉ်းစားမိသလို ကျွန်မ ကော်ဖီသိပ်ကြိုက်မှန်းသိတဲ့ လူကြီးတွေကလည်း ဒီတီရှပ်မှာ Tea အစား Coffee ဆိုမှ သမီးနဲ့ ပိုလိုက်မှာ လို့ ပြောကြပါတယ်။
အဲဒီမှာ Ceylon Tea တခွက်စီသောက်၊ ကိတ်မုန့်ဝယ်စား၊ အေးအေးဆေးဆေး အနားယူပြီး Little England ဆိုတဲ့နေရာလေးကို ဆက်သွားကြပါတယ်။ စိတ်ထဲကတော့ Little England ဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်လို့ တွေးရင်း ဓါတ်ပုံရိုက်ဖို့ ဟန်ရေးတပြင်ပြင်နဲ့ပေါ့။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ တောင်စောင်းမှာ အစီအရီ ဆောက်ထားတဲ့ အိမ်ကလေးတွေသာ ရှိတဲ့ နေရာက Little England တဲ့။ ဘာမှလည်း ဆင်းကြည့်စရာ မရှိသလို ဓါတ်ပုံရိုက်ဖို့လည်း ဘာမှ ထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ ကမ်းခြေခပ်သေးသေးတခု၊ ဂေါက်ကွင်း နဲ့ လှေစီးလို့ရတဲ့ ဆိပ်ကမ်းတခုတော့ တွေ့ခဲ့ပါတယ်။ တောင်ပေါ်မြို့ရဲ့ နေလို့ကောင်းတဲ့ ရာသီဥတုနဲ့ အေးဆေး ဆိပ်ငြိမ်ရာ နေရာလေးမို့ ညအိပ် ညနေ လာရောက် အနားယူသူတွေများပုံတော့ ရပါတယ်။ ရေဗူးတဗူးစီ ကိုင်ပြီး ကျန်းမာရေးအတွက် လေ့ကျင့်ခန်းယူ လမ်းလျှောက်နေသူတွေ၊ နေရောင်ခြည်အောက်မှာ စာတစ်အုပ်နဲ့ အေချမ်းနေသူတွေ၊ မြက်ခင်းစိမ်းပေါ်မှာ ကလေးငယ်တွေနဲ့ ဆော့ကစားနေသူတွေကို တွေ့ရပါတယ်။ အများစုကတော့ နိုင်ငံခြားသား လူဖြူတွေပါ။ ဒါကြောင့်များ ဒီနေရာကို Little England ခေါ်လေသလားလို့ တွေးနေမိပါတယ်။
အဲဒီ Little England ကနေ ဆယ်မိနစ်လောက် ဆက်မောင်းလိုက်တော့ မယ်သီတာကို ဒဿဂီရိက ခိုးယူလာပြီး ဖွက်ထားတဲ့ နေရာကို ရောက်ပါတယ်။ လမ်းမျက်နှာပြင်ထက် အောက်ကို ပေနှစ်ဆယ်လောက် နိမ့်တဲ့ နေရာလေးပါ။ ထူးခြားတာတခုကတော့ အဲဒီနေရာလေးက အရမ်းကို စိမ့်နေအောင် အေးပါတယ်။ အထဲကို ဝင်မယ်ဆို ဖိနပ်စီးလို့ မရတာမို့ အေးစက်နေတဲ့ ကျောက်ပြားခင်းတွေမှာ ခြေထောက်ကို မနည်း နင်းရပါတယ်။ အထဲမှာ ကြာကြာမရပ်နိုင်အောင် အေးတဲ့အပြင် လေကလည်း တိုက်လိုက်တာ အေးစက်နေတာပဲ။ ဒီတော့ ဓါတ်ပုံ မြန်မြန်ရိုက်ပြီး မြန်မြန် အပေါ်ပြန်တက်ရပါတယ်။ ဒီပုံလေးတွေကတော့ အပြင်ဖက်က လမ်းမက လှမ်းရိုက်ထားတာပါ။
ဒါကတော့ သုချိတ်နဲ့ ဘာလီ လို့ သိရပါတယ်။
ဒါတွေကလည်း အဲဒီထဲမှာ တွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေပါ။ တချိန်ကတော့ လူကြီးလူကောင်းများ ဖြစ်ဟန်တူပါတယ်။ တခန်းတနားကို ပြင်ဆင်ထားတာပါ။ ပါဠိစာလုံးတွေကို အင်္ဂလိပ်လိုရေးထားတဲ့ အမည်နာမ တချို့ကို မသဲမကွဲ တွေ့ရပါတယ်။ ကျွန်မ မဖတ်တတ်တာကြောင့် ဘယ်သူ ဘယ်ဝါရယ်လို့ ပြန်ရေးပြစရာ မရှိပါဘူး။
ဒီပုံမှာတွေ့ရတဲ့ အချိုင့်အခွက်တွေကတော့ သုချိတ်တို့ ဘာလီတို့ရဲ့ ခြေရာတွေ လို့ သိရပါတယ်။ တချို့ကလည်း ဟာနုမာန်ရဲ့ ခြေရာလို့ ပြောတယ်။ အကြီးကြီးတွေပဲနော်… ဟိ
အပြန်လမ်း တောင်အဆင်း လမ်းတလျောက်က နေပူပေမဲ့ အင်မတန် သာယာပါတယ်။ တောင်တွေ ရေတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာလေးတခုမှာ နေ့လည်စာ ၀င်စားကြတော့ အချိန်က တော်တော်လေး နောက်ကျနေပါပြီ။ ဒီပုံလေး နှစ်ပုံကတော့ ကျွန်မတို့ စားတဲ့ ဘူဖေးဆိုင်ကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းပါ။ မြုတွေရှိနေတာမို့ ဓါတ်ပုံက ကြည်ကြည်လင်လင် မရှိလှဘူး။
ကျွန်မတို့ တည်းတဲ့နေရာကို ပြန်ရောက်တော့ လူကြီးတွေက ပင်ပန်းနေကြပြီ။ ညနေပိုင်းကို အနားယူပြီး ညစာ မစားခင်မှာ ကန္ဒီမြို့က စာသင်တိုက်နဲ့ တွဲရက်ရှိတဲ့ မြန်မာဘုန်းကြီးကျောင်းကို သွားပြီး န၀ကမ္မ လှူခဲ့ပါသေးတယ်။ နောက်တန့မှာ သီရိလင်္ကာရဲ့ မြို့တော် ကိုလံဘိုကို ပြန်ရတော့မှာပါ။ အပြန်လမ်းမှာ ဘုရားတချို့ ၀င်ဖူးပြီး ကိုလံဘို မြန်မာဘုန်းကြီးကျောင်းနဲ့ ကလျာဏီသိမ်ကိုလည်း သွားရမယ်လို့ သိရပါတယ်။ ဆဌမမြောက်နေ့ အဖြစ် ကျွန်မနဲ့ ဘုရားဖူး လိုက်ခဲ့ကြပါအုံးနော်။
- ၂၀၁၅ နိုဝင်ဘာလထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်
သီ ရိ လ င်္ကာ ခ ရီး စ ဉ် ကို မေ မျှာ် လ င့် ပဲ ဖ တ် လို က် ရ လို့
ReplyDeleteေ ကျး ဇူး တ င် ပါ တ ယ် ၊ အ တ န် ကြာ အ ဆ က် ပြ တ်ေ န တဲ့ သီ ရိ လ င်္ကာ ခ ရီး စ ဉ် ရဲ့
စိ တ် ဝ င် စား စ ရာေ န ရာ တ စ် ခု ၊ လှ တဲ့ေ န ရာ တ စ် ခု ၊ေ ရာ က် ဖူး သူ န ည်း ပါး တဲ့
ခု လို စာေ ကာ င်းေ တွ ဖ တ် ခွ င့် ရ တာ ကို လ ည်း ကျေ နာ့် အ တွ က်
essential thing တ စ် ခု အေ န နဲ့ေ ပြာ ချ င် ပါ တ ယ်
ဓာတ်ပုံတွေ လာငေးသွားတယ်။ သိပ်သာယာတာပဲနော်။
ReplyDelete