Thursday, July 24, 2014

မြူတွေလား ချစ်သူလား...

ဖြောင့်ဖြူး ပြေပြစ်တဲ့ အနက်ရောင် ကတ္တရာလမ်းလေးပေါ်မှာ ဖြေးဖြေး နဲ့ မှန်မှန် လျှောက်လာခဲ့တယ်။ မြူတွေနဲ့ ပိတ်ဆည်းနေတဲ့ ဒီလျှောက်လမ်းကလေးက သာသာယာယာ။ ကိုယ့်အာရုံနဲ့ ကိုယ်မို့ ဘေးဘီဝဲယာကိုလည်း လှည့်မကြည့်မိဘူး။ သေချာတာကတော့ လမ်းကလေးရဲ့ ဘယ်ဖက်မှာ ရေစီး သိပ်မသန်တဲ့ စမ်းချောင်းကလေး ရှိမယ်။ လမ်းကလေးရဲ့ ညာဖက်မှာကတော့ မြက်ခင်းစိမ်းစိမ်းတွေနဲ့ သစ်ပင်အုပ်ကလေးတွေ၊ သစ်သားမီးတိုင်လေးတွေနဲ့ အမောပြေ နားနေစရာ သစ်သားခုံတန်းလျား ခပ်ဟောင်းဟောင်းလေးတွေ။ ဒါတွေဟာ ဒီလမ်းလေးကိုရောက်တိုင်း မလွဲမသွေ မြင်နေကျ ရိုးအီနေတဲ့၊ ပြီးတော့ အလွတ်ရနေတဲ့ မြင်ကွင်းတွေပဲ။


အဲဒီအချိန်မှာ ရွှေညိုရောင် မြင်းပုပုလေးတစ်ကောင်ကို ကြိုးနဲ့ဆွဲရင်း လမ်းလျှောက်လာသူ တစ်ယောက်နဲ့ ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်တယ်။ မြင်ကွင်းဟာ မြူတွေနဲ့ေ၀၀ါးနေတာ၊ အနားရောက်မှ ဗြုန်းကနဲ တွေ့လိုက်ရသလို ဖြစ်သွားတာဆိုတော့ ရှောင်ချိန် တိမ်းချိန် မရလိုက်ဘူး။ သူနဲ့ ကျွန်မ ခန္ဓာကိုယ်ချင်း ထိတော့မတတ်ကို ဖြစ်သွားတယ်။ တကယ်ဆို မြင်းကလေးရဲ့ ခွာသံလောက်တော့ ကျွန်မ ကြားသင့်တာပေါ့။ ရှက်စိတ်နဲ့အတူ အားနာပြီး တောင်းပန်စကားဆိုဖို့ မော့ကြည့်လိုက်တော့ သူ့မျက်နှာက ကိုယ်နဲ့ သိပ်ရင်းနှီးနေတဲ့မျက်နှာမျိုး။ ထူးဆန်းလိုက်တာ၊ တကယ်ကိုပဲ အနှစ်နှစ် အလလက အကျွမ်းတ၀င် ရင်းနှီးခဲ့ဖူးသူ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်လို။

“ဆောရီးနော်… ကျွန်မ မမြင်လိုက်လို့ပါ…”

ကျွန်မ သူ့ကို မော့ကြည့်ပြီး ခပ်တိုးတိုး တောင်းပန်လိုက်မိတယ်။ 

“ရပါတယ်၊ ကိစ္စမရှိပါဘူး… ဒါပေမဲ့ ကိုယ် မင်းကို ဒီမြင်းကလေးနဲ့ မိတ်ဆက်ပေးချင်တယ်…”
 
“ရှင်… ဟုတ်ကဲ့…”

အယောင်ယောင် အမှားမှားနဲ့ ဟုတ်ကဲ့ လို့ ပြောလိုက်ပြီးကာမှ တွေးမိတယ်။ ဘုရား ဘုရား… သူ့မြင်းနဲ့ ကျွန်မကို မိတ်ဆက်ပေးချင်တာတဲ့၊ ဘယ်လိုလူပါလိမ့်။ တကယ်ဆို သူ့ကိုယ်သူ ကျွန်တော်ဘယ်သူ ဘယ်ဝါ ပါလို့ အရင် မိတ်ဆက်သင့်တယ် မဟုတ်လား။ အံ့သြစိတ်တစ်ဝက်၊ ရယ်ချင်စိတ်တစ်ဝက်နဲ့ ကျွန်မ သူ့ကို နောက်တစ်ကြိမ် မော့ကြည့်မိပြန်တယ်။

“ရှင်က တော်တော်အရပ်ရှည်တာပဲနော်…”

ဘာကြောင့်မှန်းမသိ၊ မဆီမဆိုင် လွှတ်ကနဲ ကျွန်မ ပါးစပ်က ထွက်သွားတာ။ ပြောပြီးမှ ရှက်စိတ်နဲ့အတူ ဒီစကားကို ကျွန်မ မပြောဖြစ်လိုက်သလို ထားပေးပါနော် လို့ ပြန်နှုတ်ယူလို့ရရင် ဘယ်လောက်ကောင်းမလဲ တွေးနေမိတယ်။ သူကတော့ ခုချိန်ထိ ကျွန်မကို ပြုံးကြည့်နေတာပဲ…

“ကိုယ့်မြင်းကလေးနာမည်က ရွှေညိုတဲ့… မင်းနာမည်ကရော…”

“ကျွန်မ… ကျွန်မနာမည် မြူ လို့ ခေါ်ပါတယ်…”

မျက်စိရှေ့မှာ တွေ့နေရတဲ့ မြူတွေကို အလွယ်တကူ၊ ပြီးတော့ မှင်သေသေနဲ့ နာမည်တစ်ခု ချက်ချင်း ကောက်ရသလို လုပ်ပလိုက်တယ်။ ဒါပေမဲ့ သူက နည်းနည်းမှ အံ့သြဟန် မပြပါဘူး။ သူ ပြောလက်စ စကားကို ဆက်ပြောနေတယ်။ သူ့ကိုကြည့်ရတာ သိပ် သက်တောင့်သက်သာ ရှိတာပဲ။

“ရွှေညိုက သိပ်လိမ်မာတဲ့ မြင်းကလေး တစ်ကောင်ကွ၊ ကိုယ်နဲ့ အဖေါ်လုပ်လာတာ အခုဆိုရင် နှစ်ပေါင်း မနည်းတော့ဘူး… မင်း အချိန်ရတယ် မဟုတ်လား… ကိုယ်တို့ ဟိုနားက ခုံတန်းကလေးမှာထိုင်ရင်း စကားပြောကြရအောင်လေ… လာ…”

ပြောပြောဆိုဆိုနဲ့ သူက မြင်းကလေး ရွှေညိုကို ဆွဲရင်း အရှေ့က လျှောက်သွားတယ်။ ကျွန်မကတော့ အိပ်မက်ယောင်နေသူတစ်ယောက် ဒါမှမဟုတ် စိတ်အညှို့ခံထားရသူ တစ်ယောက်လို အနောက်ကနေ တစ်လှမ်းချင်း လိုက်လျှောက်သွားမိတယ်။ သူက ရွှေညိုကို ခပ်လှမ်းလှမ်းက သစ်ပင်တစ်ပင်မှာ အသာ ချည်ထားပြီး ခုံတန်းလေးရဲ့ဘယ်ဖက်အစွန်မှာ ၀င်ထိုင်လိုက်တယ်။ ပြီးတော့ ထိုင်လေ ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်မကို မေးဆတ်ပြတယ်။ ခပ်ဟောင်းဟောင်း သစ်သားခုံတန်း ကျဉ်းကျဉ်းလေးမှာ သူနဲ့ ကျွန်မတစ်ယောက်နဲ့ တစ်ယောက် မထိမိအောင် သတိထားရင်း ခပ်ကျုံ့ကျုံ့နဲ့ ကိုယ်ကို ယို့ပြီး ဝင်ထိုင်လိုက်ကြတယ်။ ခုချိန်ထိ ကျွန်မစိတ်ထဲ အိပ်မက်ယောင်နေတယ်လို့ ခံစားနေရတုန်းပဲ။

“မင်း နာမည် မြူ နော်…”

“ဟုတ်ပါတယ်… ကျွန်မ နာမည် မြူ ပါ…”

ဒီတစ်ကြိမ်မှာတော့ ကျွန်မနာမည်ကို အထစ်အငေါ့မရှိ ရဲရဲတင်းတင်း ပြောဝံ့သွားပြီ။ ကျွန်မ စကားအဆုံးမှာ သူက ဆက်ပြောတယ်။

“ချစ်ခြင်းမေတ္တာအကြောင်းကို မင်း… အဲ… မြူ ဘယ်လောက်သိသလဲ…”

ကျွန်မ ယောင်အအနဲ့ ခေါင်းယမ်းပြလိုက်မိတယ်။ ဒီတော့ သူက ကျေနပ်သွားတဲ့ဟန်နဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်ကို အကျယ်တ၀ံ့ ရှင်းပြတော့မလို၊ စကားတွေ ပြောဖို့ လည်ချောင်းတစ်ချက် ရှင်းတယ်။ အဲဒီအချိန်မှာပဲ ကျွန်မက…

“ချစ်ခြင်းမေတ္တာ ဟုတ်လား… ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ၊ ဘယ်လိုဟာမျိုးလဲ… ရေခဲမုန့်လို ချိုသလား၊ စတော်ဘယ်ရီသီးလို လှသလား၊ နှင်းဆီပန်းလို မွှေးသလား၊ အက်စပရက်စိုလို ခါးသလား၊ မီးတောက်တစ်ခုလို ပူလောင်စွာ လောင်ကျွမ်းစေနိုင်တာလား၊ တိမ်တစ်စလို ဖမ်းဆုပ်မရအောင် မျောလွင့်နေတတ်တာလား၊ ကမ်းစပ်က အုန်းပင်တွေလို ရှည်ရှည်မျောမျောလား၊ မိုးပေါ်က လမင်းကြီးလို ဖြူဖြူဝိုင်းဝိုင်းလား၊ ပိုးပုဝါ တစ်ထည်လို နူးညံ့ပျော့ပြောင်းသလား၊ အဆိပ်ငွေ့တွေ သင့်သလို လူတစ်ယောက်ကို ချက်ချင်း သေစေနိုင်သလား…” 

အဲဒီလို ရုတ်တရက် ပြီးတော့ အဆောတလျင်နိုင်လှစွာနဲ့ ဖြတ်မေးလိုက်မိတယ်။ အမှန်က ချစ်ခြင်းမေတ္တာဆိုတာ ဟိုမှာတွေ့နေရတဲ့ မြူတွေလို မှုန်ရီပြီး ဝေေ၀၀ါးဝါး နိုင်သလား လို့ပါ ထည့်မေးလိုက်ချင်တာ။ ခက်တာက ကျွန်မက ကိုယ့်နာမည်ကို မြူ လို့ ပြောထားမိရက်သားဖြစ်နေတော့ အဲဒီမေးခွန်းကို အားနာနာနဲ့ ချန်ထားလိုက်ရတယ်။ ကျွန်မရဲ့ အမေးစကားအဆုံးမှာ သူက ကျွန်မ မေးခွန်းထုတ်လိုက်တာ သူ့ကို မဟုတ်သလိုနဲ့…

“ဒီမှာ မြူ…. မင်း မြစ် ကို သိတယ် မဟုတ်လား…”  လို့ အဆက်မရှိ၊ မစပ်မရှိ မေးခွန်းပြန်ထုတ်တယ်။

ခုနက ကျွန်မ မေးထားတဲ့ မေးခွန်းတွေကို ရှင် မဖြေရသေးဘူးနော် လို့ စောဒက တက်ချင်စိတ်ကို အသာဖျောက်ပြီး ဟုတ်ကဲ့… လို့ တိုးတိုးပြောရင်း ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ ဟုတ်တယ်လေ… မြစ် ဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သိတာပေါ့။ မျက်စိတစ်ဆုံး ရေတွေပြည့်လျှံကျလုမတတ် ဖွေးနေတဲ့ အလျားရှည်ရှည် မြစ်တစ်စင်းကို အတွေးစိတ်ကူးထဲမှာ ချက်ခြင်း မြင်ယောင်လာတယ်။ ရုတ်တရက် ကျွန်မ ပျော်သွားတယ်။ ကမ်းစပ်တွေနဲ့ ရေတွေကို ကျွန်မ သိပ်သဘောကျတယ်လေ။

တဆက်တည်းမှာ ကျွန်မ တွေးမိတယ်။ သူ့ဆီမှာ လူတစ်ဖက်သားကို ညှို့ယူ ဆွဲဆောင်နိုင်တဲ့ တန်ခိုးအာနိသင် တစ်စုံတစ်ရာများ ရှိနေရော့လား လို့။ ဘာလို့ဆို သူက လာ လို့ ခေါ်တော့သူ့ နောက် လိုက်သွားမိပြီး သူက ထိုင် ဆိုတော့လည်း ထိုင်လိုက်မိတာကိုး။ သူနာမည်မေးတော့လည်း ဟုတ်တာ မဟုတ်တာ အသာထား၊ ဖြေတော့ ဖြေလိုက်မိတာပဲလေ။ သူကဖြင့် အခုချိန်အထိ သူ့နာမည်၊ သူ့အကြောင်း တစ်ခွန်းမှ မပြောပဲ သူ့ မြင်းကလေးနာမည်သာ ပြောပြခဲ့တာ မဟုတ်လား။ အဲဒီလို တွေးနေတုန်းမှာ သူ့စကားသံကို ကြားလိုက်ရတာ။

“ဟုတ်တယ် မြူ… ချစ်ခြင်းမေတ္တာဆိုတာ အစဉ် စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပဲ… ဖြေးဖြေးမှန်မှန်နဲ့ တစိမ့်စိမ့် စီးဆင်းတယ်၊ တစ်ခါတစ်ရံမှာတော့ ရေစီးသန်သန် စီးဆင်းတတ်တယ်၊ ဒါပေမဲ့ အချိန် တော်တော်များများမှာတော့ အိနြေ္ဒရပြီး တည်ငြိမ်တယ်၊ အေးချမ်း သိမ်မွေ့တယ်၊ နူးညံ့ လှပတယ်၊ မြစ်ထဲမှာ ရေနည်းနည်းပဲ ရှိနေရင်တောင် မြစ်ဟာ လှနေတုန်းပဲ၊ မြစ်ရေ စီးနေတဲ့အသံကိုရော မင်း နားထောင်ဖူးသလား မြူ… သိပ်ကို သာယာ ငြိမ့်ငြောင်းတာကွ…”

ဒီနေရာမှာ ကျွန်မ တစ်ခု ၀န်ခံချင်တာက သူ့ရဲ့ စကားသံဟာ သူပြောနေတဲ့ မြစ်ရေစီးသံလိုပဲ တော်တော်နားထောင်လို့ ကောင်းတယ် ဆိုတာကိုပါ။ ပြီးတော့ သူ့စကားသံတွေဟာ ဟိုး ဝေးဝေး ဘုရားကျောင်းတစ်ခုက မျောလွင့်လာတဲ့ ခေါင်းလောင်းသံလို သာယာနာပျော်စွာ နှစ်လိုဖွယ်အတိ။ သူက ဆက်ပြောတယ်။

“မြစ်တစ်စင်းနဲ့တူတဲ့ ချစ်ခြင်းမေတ္တာအကြောင်း မင်းနားလည်အောင် ပြောပြဖို့ဆို အချိန်တော်တော်လိုမယ် မှတ်တယ်။ နောက်ပြီး မင်း ကိုကြည့်ရတာ ချစ်တတ်ပုံ မရဘူး… ဟုတ်သလား မြူ…”

“ဟုတ်ကဲ့ ကျွန်မ မချစ်တတ်ဘူး ရှင့်”

ကျွန်မနှုတ်က ထွက်ရတဲ့ စကားအခွန်းပေါင်း များစွာထဲမှာ ဒီစကားကို ပြောထွက်ရတာ အားအရဆုံးနဲ့ အရသာ အတွေ့ဆုံးပဲ။ သေချာချင်တဲ့စိတ်နဲ့ နောက်တစ်ခွန်းတောင် ထပ်ပြောလိုက်သေးတယ်။

“သေချာပါတယ် ကျွန်မ မချစ်တတ်ဘူး…”

စကားအဆုံးမှာ သူ့ကို မော့ကြည့်လိုက်တော့ ခေါင်းကို ခပ်ဖြေးဖြေး ခါနေတာ တွေ့ရတယ်။ ကျွန်မအတွက်တော့ အဲဒီအပြုအမူမျိုးဟာ အထူးအဆန်း မဟုတ်ပေဘူး။ အဲဒီစကားကို ကြားတဲ့သူတိုင်းဟာ ကျွန်မကို ခေါင်းခါလို့ တစ်မျိုး၊ စိတ်ပျက်လက်ပျက် အကြည့်တွေ ဒါမှမဟုတ် သနားစရာ သတ္တ၀ါတစ်ကောင်ကို ကြည့်သလို အကြည့်တွေနဲ့ တစ်ဖုံ၊ ဟုတ်မှ ဟုတ်ရဲ့လား လို့ ဇဝေဇ၀ါနဲ့ ကြည့်သူက ကြည့်၊ သေချာရဲ့လားလို့ ပြန်မေးသူက မေး… အဲဒီလို လှောင်ပြောင်ရိပ်ပါတဲ့ ခါးသက်သက် တုန့်ပြန်မှုတွေကို ကျွန်မ နေသားတကျ ဖြစ်နေခဲ့တာ အတော်ကြာပါပြီ။

“ကိုယ် နည်းနည်းပြောပြမယ်... မှတ်ထား မြူ… တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် မင်းမှာ ချစ်ရမဲ့သူ တစ်ယောက် တွေ့လာမှာ အမှန်ပဲ။ အဲဒီအခါမှာ ချစ်ခြင်းမေတ္တာဆိုတာကို မင်း နားလည်လာလိမ့်မယ်။ လောလောဆယ် မင်း နားလည်လွယ်အောင် ပြောပြရမယ်ဆိုရင် ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်ကို တစ်ယောက်က အစဉ်အမြဲ စိတ်ချမ်းသာမှု ပေးစွမ်းနိုင်ရမယ်၊ 

တစ်ယောက်ရဲ့ လိုအင်ကို တစ်ယောက်က အတတ်နိုင်ဆုံး ဖြည့်စွမ်းနိုင်ရမယ်၊ နီးခြင်း ဝေးခြင်းဆိုတဲ့ အကွာအဝေးတွေကို ဖယ်ခွာ ချန်လှပ်လို့ ယုံကြည်မှုတစ်ခုကို စိတ်တူကိုယ်တူ တည်ဆောက်နိုင်ရမယ်၊ အချိန်တိုင်းမှာ တစ်ယောက်ကြောင့် တစ်ယောက်က ပျော်ရွှင်လှိုက်လှဲစွာ ရယ်မောနိုင်ရမယ်၊ မနာလိုဝန်တိုခြင်း၊ ငြူစူ အပြစ်ဆိုခြင်း၊ အလိုမကျစွာ အမျက်ဒေါသသင့်ခြင်း၊ စိတ်နှလုံး မချမ်းမြေ့စေခြင်း၊ စိတ်အနှောက်အယှက် ဖြစ်စေခြင်း တွေ ကင်းစင်ရမယ်၊ 

အချစ်ဆိုတာ အတ္တတစ်ခုလို့ ဆိုကြရင်တောင် ကိုယ့်အတ္တဟာ ကိုယ်ချစ်တဲ့သူအတွက်၊ သူ့စိတ် ချမ်းမြေ့စေဖို့အတွက် ကိုယ်ကျိုးမပါတဲ့ စေတနာသက်သက်ပဲ… ပြီးတော့ ကိုယ့်အချစ်ကြောင့် တဖက်သားမှာ အမြဲ ပျော်ရွှင်ချမ်းမြေ့နေစေဖို့က အရေးအကြီးဆုံး… သိလား မြူ...”

သူ့ဆီက အဆုံးသတ် အမေးစကား ခပ်ဆတ်ဆတ်ကို ကြားလိုက်တော့မှ သူ့စကားတွေထဲမှာ ကျွန်မ ဘယ်လောက်တောင် စီးဝင် နစ်မျောနေခဲ့သလဲဆိုတာ သတိထားမိသွားတယ်။ သူပြောသလိုသာဆို ချစ်ခြင်းမေတ္တာဟာ တကယ်ကိုပဲ ကြည်နူးချမ်းမြေ့စရာကောင်းလှပါလား လို့ တွေးရင်း သူ့ကို ကဗျာကသီ ခေါင်းညိတ်ပြလိုက်တော့ သူက ဆက်ပြောပြန်တယ်။

“နောက်ပြီးတော့ ချစ်ခြင်းမှာ နာကျင်စရာတွေနဲ့ ပျော်ရွှင်စရာတွေက အမြဲတမ်း အတူတူ တွဲပါနေတတ်တယ် ဆိုတာလည်း မင်း မှတ်ထားအုံး မြူ… ဒါပေမဲ့ အဲဒီလို နာကျင်စရာကောင်းတဲ့ အခိုက်အတံ့တွေကိုလည်း ချစ်ခြင်းမေတ္တာအစွမ်းနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မယ်၊ မင်း လူတစ်ယောက်ကို တကယ် ချစ်မိတဲ့အခါမှာ အဲဒါတွေ အားလုံး ခံစားတတ်သွားမှာပါ”

“နောက်ဆုံးကွာ… မင်းရဲ့ ဆံပင်အရှည်တွေကို မင်းရဲ့ချစ်သူက မညှပ်နဲ့ဦးနော်လို့ သတိပေးစကားပြောခဲ့ရင် မနက်စောစော အိပ်ရာကထ ခေါင်းဖြီးရတဲ့ အချိန်တွေကအစ မင်းအတွက် အံ့သြစရာကောင်းလောက်အောင် ချိုမြိန်နေလိမ့်မယ်…”

စကားအရှည်ကြီးကို တောက်လျှောက်ပြောပြီး သူ ငြိမ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မ မေးခွန်းတစ်ခုကို ကောက်ခါ ငင်ကာ မေးလိုက်တယ်။

“ရှင့်မှာ အခုလောလောဆယ် အဲဒီလို ချစ်ရမဲ့သူ တစ်ယောက်ယောက် ရှိနေသလား...”

ကျွန်မရဲ့အမေးကို သူက ဘာမှ ပြန်မဖြေပဲ ဟိုး သစ်ပင်မှာချည်ထားတဲ့ မြင်းကလေး ရွှေညိုကို ကြည့်နေတယ်။ ရွှေညိုကို ကြည့်ရတာ ကြိုးနဲ့ ချည်ထားတာ ကြာတော့ နည်းနည်းတော့ ပျင်းနေပုံပဲ။ ခရီးဆန့်ဖို့ ဟန်ရေးတပြင်ပြင်နဲ့… ပြီးတော့ ဘာသံရယ်လို့ သဲသဲကွဲကွဲ ပြောမပြနိုင်တဲ့ အသံတစ်ခု ခပ်တိုးတိုး ပြုလို့။ အဲဒီအချိန်လေးမှာပဲ သူက ကိုယ်ကို မတ်မတ် ပြင်ထိုင်လိုက်တယ်။ ပြီးတော့ ကျွန်မကို ကြည့်ပြီး…

“မြူ… ခုနက ကိုယ်ပြောတဲ့ နာကျင်စရာတွေပါဝင်တဲ့ ချစ်ခြင်းဆိုတာ လောလောဆယ် ကိုယ့်ဆီမှာ အလည်အပတ် ရောက်နေကြတာ၊ အဲဒီနာကျင်စရာတွေကို ချစ်ခြင်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ကိုယ် အားမွေးနေတုန်း၊ သေချာတာတစ်ခုကတော့ ကိုယ် ဘယ်လိုပဲ နာကျင်ခံခက်ရသည်ဖြစ်စေ ကိုယ်အချစ်တွေဟာ သူ့အတွက် ဘယ်တော့မှ မရပ်နားပဲ တသွင်သွင် စီးဆင်းနေမဲ့ မြစ်တစ်စင်းဆိုတာပဲ…”

စကားအဆုံးမှာ သူက ထိုင်နေရာက ထရပ်လိုက်တယ်။ သူ့မျက်နှာက ကျွန်မအတွက် အနှစ်နှစ် အလလက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတယ်လို့ ထင်မှတ်ရလောက်အောင် စွဲမြဲနေတာ သိပ်အံ့သြစရာကောင်းတာပဲ။ ရှင် ဘယ်သူလဲ လို့ မေးအံ့ဆဲဆဲမှာ….

“ကဲ… စကားပြောခွင့်ရတာ ကျေးဇူးတင်တယ် မြူ… မင်းအချိန်တွေ တော်တော်ကုန်သွားပြီ၊ ရွှေညိုလည်း ညောင်းနေလောက်ပြီ… ကိုယ် ဒီနေရာကို မကြာခဏ ရောက်တတ်ပါတယ်၊ အဆင်ပြေရင် ကိုယ်တို့ ထပ်တွေ့ကြအုံးမှာပါ၊ ချစ်ခြင်းမေတ္တာဆိုတာကို နားလည်လာတဲ့ တစ်နေ့မှာ မင်းဘဝအတွက် ချစ်ရမဲ့ လက်တွဲဖေါ် တစ်ယောက် မလွဲမသွေ ရှိလာမှာပါ အဲဒီအခါကျရင်သာ ကိုယ်ပြောပြတာတွေကို မင်း မမေ့မလျော့ လိုက်နာဖို့ ကြိုးစား နော်… ဟုတ်ပြီလား”

စကားအဆုံးမှာ သူက ရွှေညိုကို ချည်ထားတဲ့ ကြိုးကို ဖြုတ်ပြီး ကျွန်မကို ကျောခိုင်းရင်း တရွေ့ရွေ့နဲ့ မြူတွေကြားထဲကို တိုးဝင်သွားတော့တယ်။ ကျွန်မ ခုံတန်းကလေးမှ မလှုပ်မယှက် ကြောင်ငေးပြီး ကျန်ရစ်ရာကနေ သတိဝင်လာချိန်မှာ ဖြတ်ကနဲ ထပြီး သူ့နောက်ကို အပြေးတပိုင်းနဲ့ အမှီလိုက်ဖို့ ကြိုးစားတယ်။ ကြည့်ပါအုံး… သူက သူ ပြောချင်တာတွေ တောက်လျောက် ပြောပြီး ကျွန်မကို ချန်ထားရစ်ခဲ့တာ။ သူ့ နာမည် ဘယ်သူဆိုတာနဲ့ သူ ဘယ်မှာနေတယ်ဆိုတာလောက်တော့ ကျွန်မ သိချင်သေးတာပေါ့။

အမောတကော ပြေးလိုက်နေရင်းမှာပဲ ကတ္တရာလမ်းကလေးတလျောက်မှာ မြူတွေက တဖြည်းဖြည်းနဲ့ ပိုထူထည်း သိပ်သည်းလာတယ်။ အရှေ့ တစ်မီတာလောက်ကိုတောင်မှ သဲသဲကွဲကွဲ မတွေ့ရတော့ဘူး။ ကျွန်မ ဘယ်လောက်ပဲ ပြေးပြေး သူ့ကို ဘယ်လိုမှ မှီနိုင်မယ် မထင်တော့ဘူး။ ရွှေညိုလေးရဲ့ ခွာသံ တချပ်ချပ်ကို နားစွင့်ပေမဲ့လည်း အနီးအနားမှာ ဘာသံမှ မကြားရတော့ဘူး။ ကျွန်မ ဘာလုပ်ရမလဲ…။ မောဟိုက်အောင် ပြေးလိုက်လို့ မမှီတဲ့အဆုံး လမ်းကလေးပေါ်မှာ တစ်ယောက်တည်း ခြေစုံရပ်နေလိုက်မိတယ်။

 ပြီးတော့ ကျွန်မ နာမည် မြူ လို့ ခေါ်ပါတယ် လို့ အမှတ်မထင် ပြောလိုက်မိတာက အစ၊ မြူတွေကြားထဲ တိုးဝင် ကွယ်ပျောက်သွားတဲ့ လူတစ်ယောက်၊ မြင်းညိုလေးတစ်ကောင်နဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေကို အစကနေ စပြီး တစ်ခုချင်းစီ အစဉ်လိုက် ပြန်တွေးနေမိတော့တာပါပဲ။



- Look Magazine - August 2014 တွင် ဖေါ်ပြပြီး ဖြစ်သည်။

10 comments:

  1. မ င်း ကို ကြ ည့် ရ တာ
    ချ စ် တ တ် ပုံ မ ရ ဘူး ......
    သ က်ေ ဝ ရဲ့ လ က် ရာ လို့ သိ နို င် တဲ့ စာ တ စ် ပု ဒ် လို့ ထ င် ပါ တ ယ်
    ကြ ည် နှုး စ ရာ ၊ ချ စ် စ ရာ စာ တ စ် ပု ဒ် ဖ တ် ရ လို့
ေ ကျး ဇူး တ င် ပါ တ ယ်

    ReplyDelete
  2. ပြေးမလိုက်ပါနဲ့ တြဲဖြစ်နေအုံးမယ် .. ဂတ်ဂတ်

    ReplyDelete
  3. ချစ်ခြင်းမေတ္တာကို ချစ်ခြင်းမေတ္တာလို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုပေးပါ။

    ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ်ဖွင့်အနက်ပြန်လိုက်ရင် ချစ်ခြင်းမေတ္တာရဲ့ ဂုဏ်သတ္တိတွေ လျှော့ ပါးသွားကုန်ပါလိမ့်မယ်။

    ReplyDelete
  4. ချစ်ခြင်းမေတ္တာကို ချစ်ခြင်းမေတ္တာလို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုပေးပါ။

    ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ်ဖွင့်အနက်ပြန်လိုက်ရင် ချစ်ခြင်းမေတ္တာရဲ့ ဂုဏ်သတ္တိတွေ လျှော့ ပါးသွားကုန်ပါလိမ့်မယ်။

    KT

    ReplyDelete
  5. ချစ်ခြင်းမေတ္တာဆိုတာ အစဉ် စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပဲ… ဖြေးဖြေးမှန်မှန်နဲ့ တစိမ့်စိမ့် စီးဆင်းတယ်၊ တစ်ခါတစ်ရံမှာတော့ ရေစီးသန်သန် စီးဆင်းတတ်တယ်၊ ဒါပေမဲ့ အချိန် တော်တော်များများမှာတော့ အိနြေ္ဒရပြီး တည်ငြိမ်တယ်၊ 

    ReplyDelete
  6. နာကျင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ချစ်ခြင်းမေတ္တာစွမ်းအားနဲ့ ဖြတ်ကျော်နိုင်ပါလိမ့်မယ်...
    (Y) (y)
    ချစ်ခြင်းအားဖြင့်
    အလင်းရတုမေမေ

    ReplyDelete
  7. ဟုတ်ကဲ့...ကျွန်မနာမည် “မြူ”လို့ခေါ်ပါတယ်...း)

    ReplyDelete
  8. ဒီ မှာ စာ ဖ တ်ေ န ရ င်း နဲ့
ေ ပြာ ပြ ချ င် မိ တာေ တွး မိ လို့ စာ နဲ နဲ ထ ပ်ေ ရး လို က် ပါ တ ယ်
    စိ တ် မ ရှိ ပါ နဲ့
    စာ ပို ဒ် တ စ် ချို့ ရဲ့ ပ ထ မ အ စ ဝါ ကျေ တွ မှာ စာ လုံး တ စ် ချို့ကျ န် ရ စ် ခဲ့ တ ယ် လို့
    ထ င် ပါ တ ယ် ၊ အ လား တူ ပဲ အဲ့ လို စာ လုံး တ စ် ချို့  ကျ န် ရ စ် ခဲ့ တာ မျိုး ကို ကြာ သ ပ ေ တ း ေ န့ သ ည် ခ ရ မ်းေ ရာ င် ၊ ကျွ န် မ သိ တဲ့ ပ ညာ ေ ရ း အ စ ရွိ တဲ့ စ ာ ေ တြ မွ ာ ဖ တ် ရ င်း နဲ့ သ တိ ပြု မိ ပါ တ ယ် ၊ ဆ က် စ ပ်ေ တွး ယူ ပြီး ဖ တ် ရ တာ ေ ပါ့ ေ လ ၊ အ ျပ စ္ ေ ပြာ ခြ င်း မ ဟု တ် ပါ ၊ ကျေ နာ် သ တိ ထား မိ တာေ ပြာ ပြ မိ ပါ တ ယ်

    ReplyDelete
    Replies
    1. ဟုတ်... ပြင်တတ်သလောက် ပြင်ကြည့်ပါအုံးမယ်... ကျေးဇူးပါ...း)

      Delete

အမှတ်တရ ရေးခဲ့ပါ...