မျက်နှာစာအုပ် မပေါ်သေးခင် ဘလော့ဂ်များ ခေတ်ကောင်းချိန် အစောပိုင်းကာလများမှာ ဘလော့ဂါတစ်ယောက်အဖြစ် အလွန် တက်တက်ကြွကြွ ရှိခဲ့ဖူးသည်။ အချိန်ရှိတိုင်း ကိုယ့်ဘလောဂ့်မှာ ဘာလေး ရေးရပါ့မလဲ ဟု တွေးနေခဲ့ဖူးသည်။ အလုပ်တစ်ဖက်၊ မိသားစုတာဝန်က တစ်ဖက်၊ အခြားသော လူမှုရေး ဝေယျာဝစ္စများကြားမှ မပျက်မကွက် ဘလော့ဂင်းနိုင်ရန် အိပ်ချိန်ကို လျှော့ချခဲ့ရဖူးသည်။ သောကြာ၊ စနေညမျိုးမှာ ကော်ဖီပြင်းပြင်းတစ်ခွက် ဘေးနားချရင်း ဘလော့ဂ်စာမျက်နှာများပေါ်မှာ တစ်ညလုံးနီးပါး မအိပ်မနေ အချိန်ပေးခဲ့ဖူးသည်။ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု အားနည်းသောကြောင့် မတော်တဆ ဘလော့ဂ် Template မှာ အမှားအယွင်း ဖြစ်သွားချိန်၊Cbox ပျောက်သွားချိန်၊ စာလုံးများ မညီမညာ ဖြစ်သွားချိန်များမှာ ကိုယ့် ဘလောဂ်လေးအတွက် စိုးရိမ်စိတ်က ငယ်ထိပ်ရောက်ပြီး မစားနိုင် မအိပ်နိုင်လည်း ဖြစ်ခဲ့ဖူးသည်။ ရသမျှအချိန်တိုင်းမှာ တစ်ဘလော့ဂ်ဝင် တစ်ဘလော့ဂ်ထွက် လိုက်လည်၊ စာဖတ်၊ မှတ်ချက်ရေးခဲ့ဖူးသည်။ Cbox ဟု ခေါ်သော Chat box များမှာ သူများတွေ စကားပြောနေကြသည်ကို ခဖ၀ရ* လုပ်ခဲ့ဖူးသည်။ နောက်ပိုင်း ထို Cbox များမှာ ကိုယ်နဲ့ မျက်မှန်းတန်းမိပြီး အတန်အသင့် ရင်းနှီးသောသူ တစ်ယောက်စ နှစ်ယောက်စ တွေ့ပါက စကားနည်းနည်းပါးပါး ဝင်ပြောဖြစ်သည်။ ထို့အပြင် သီချင်းစာသားများကို စိတ်ရှည်လက်ရှည် ရေးသားကာ တစ်ယောက် တစ်ပေါက် သီချင်းဆိုခဲ့ကြဖူးသည်။
ရေးထားသောစာ အသွားအလာနှင့် ကလောင်နာမည်ပေါ် မူတည်၍ အနှီဘလော့ဂါ သည် ကျားလော မလော၊ မည်သည့် တိုင်းပြည်တွင် အခြေချ နေထိုင်သနည်း၊ မည်သို့သော အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသနည်း၊ သူ့အသက် မည်၍ မည်မျှရှိနိုင်မည်နည်း၊ ကိုယ့်ထက် ကြီးသူလော ငယ်သူလော တို့ မှ အစချီကာ အိမ်ထောင်ရှိသူလော မရှိသူလော၊ ဘာညာ သာရကာ… အစရှိသည်ဖြင့် စုစုစပ်စပ် ခန့်မှန်းခဲ့ဖူးသည်။ အတန်အသင့်ရင်းနှီးသော ဘလော့ဂါတစ်ချို့နှင့် တိုးတိုးတိတ်တိတ် အဖြေတိုက်ခဲ့ရဖူးသည်။ ကိုယ်မှန်းဆထားသည်မှာ မှန်နေလျှင် ပျော်ရွှင်ခဲ့ရသည်။
ဟိုး အစောကြီးထဲက ကိုယ်က တစ်ဖက်သတ် သိနေသော မမခင်ဦးမေကို လူရွှင်တော်တစ်ယောက် လေသံမျိုဖြင့် သိနေတယ်လေ ဟု ပြောပြီး မကြာခဏ သွား စခဲ့ နောက်ခဲ့ ဖူးသည်။ အမ စိတ်တိုသည်ကိုတွေ့လျှင် တိတ်တိတ်ကလေး ပျော်ရွှင်ရယ်မောခဲ့ဖူးသည်။ (သက်ဝေတို့ ဆိုးချက်) ကိုအောင်သာငယ်ကို ငယ်ငယ်ကအကြောင်း အနည်းငယ် အစဖေါ်ပေးကာ သက်ဝေ ဘယ်သူလဲ သိလား ဟု ပဟေဠိ လုပ်ခဲ့ဖူးသည်။ ကေသွယ့်ကိုလည်း ကေနဲ့ တို့ တွေ့ဖူးကြတယ်နော် မှတ်မိလား ဟု လှမ်းပြောခဲ့ဖူးသည်။ ပန်ဒိုရာကတော့ အနီးဆုံးသူမို့ ကိုယ် ဘယ်သူ ဆိုတာ အချိန်အတော်ကြာမှ (ရှက်ရှက်နှင့်) ဖွင့်ပြောခဲ့ရသည်။ ငယ်သူငယ်ချင်း ချစ်ကြည်အေးကို မိုက်ဖေါ်မိုက်ဖက် တစ်ယောက်တော့ တိုးပဟ ဟုဆိုပြီး ဘလော့တစ်ခု ဖွင့်ပေးခဲ့သည်။ တန်ခူး၊ တီတီဆွိ၊ မသီတာ နှင့် စုချစ်သူတို့ကို သူငယ်ချင်းအရင်းကြီးတွေလေ ဟု ပြောင်ချော်ချော် သွားပြောပြီး ပဟေဠိ လုပ်ခဲ့ဖူးသည်။ နောက်မှ ပြန်သိရသည်မှာ သူတို့ကလည်း ကိုယ် ဘယ်သူဆိုတာ တိတိကျကျ မှန်မှန်ကန်ကန် ခန့်မှန်းပြီးသား၊ သိနေပြီးသားတဲ့။ ((((တိန်))))
အနည်းငယ် ပါစင်နယ်ဆန်သော Tag Post များရေးကြရင်း သူ့အကြောင်း ကိုယ့်အကြောင်း၊ သူ့အကြိုက် ကိုယ့်အကြိုက်၊ သူ့ဝါသနာ ကိုယ့်ဝါသနာ…အစရှိသည်တို့ တစ်စ တစ်စ ပေါ်လွင်လာခဲ့သည်။ ဘယ်သူက ဘယ်နိုင်ငံမှာနေသည်ကို သိလာခဲ့သည်။ဘယ်သူက မကြာခဏ ခေါင်းကိုက်တတ်သလဲ သိနေကြသည်။ သောက်စရာ ဆေးအမည် လှမ်းပြောတတ်ကြသည်။ ကိုယ် မီးပူတိုက် အလွန်ပျင်းတာ သူတို့တွေ သိကုန်ကြသလို နေ့လည်စာကို ရုံးမှာ ထမင်းမစားပဲ ပန်းသီးနဲ့ ကော်ဖီ၊ ဘီစကစ် သာ စားသည်ကိုလည်း သိကုန်ကြသည်။ နေထိုင်မကောင်းဖြစ်လည်း သိကြသည်။ အလုပ်များပြီး စာမရေးနိုင်လျှင်လည်း တစ်ယောက် တစ်ယောက် သတင်းမေးကြသည်။ ထိုစဉ်က ပွင့်လင်းမြင်သာသော ကာလ မဟုတ်သေးသောကြောင့် တချို့ကိစ္စများမှာ အချင်းချင်း သဘောထား ကွဲလွဲတတ်ကြသည်။ ကော်မန့်များမှ တစ်ဆင့် ငြင်းခုန်ကြသည်။ စကားနိုင်လုကြသည်။ ပြီးတော့လည်း ပြေပြေလည်လည် ပြန်ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် များစွာ ပျော်ရွှင်ဖွယ်ရာကောင်းလှသော၊ လွမ်းဆွတ်ဖွယ်ကောင်းလှသော အချိန်များ ဖြစ်ပါသည်။
ဘလော့ဂ်တကာမှ Banner များကို ကော်ပီကူးကာ နောက်တစ်နေ့တွင် ကော်မန့်ရေးကာ လာရွေးခိုင်းပြီး ဘလော့ဂ် ကျီးမနိုးပွဲ ကျင်းပဖူးသည်။ သကြံန်အချိန်များတွင် ဘလော့ဂ်တွေမှာ သင်္ကြန်သံချပ်အတွက် မဏ္ဍပ်ဖွင့်ကြသည်။ ဓါတ်ပုံများမှ တဆင့် စတုဒီသာ ကျွေးကြသည်။ ထိုအချိန်က ကလောင်စွမ်းထက်လှသော၊ အသောအထေ့ ပိုင်နိုင်လှသော သံချပ်ပေါင်း အမြောက်အများ ဖတ်ခဲ့ကြရသည်။ သီတင်းကျွတ်ဆိုလျှင် ကြီးသူတွေကို ငယ်သူတွေက ဘလော့ဂ်တစ်ကာ လိုက်လည်ကာ ကန်တော့တတ်ကြသေးသည်၊ မုန့်ဖိုးများလည်း တောင်းတတ်ကြသေးသည်။ ဧပြီလ တစ်ရက်နေ့တွင် ဘလော့ဂ်ပေါ်မှာပင် မရမက ဧပရယ်ဖူးလ် လုပ်ကြသေးသည်။
ထိုမျှသာမက ဒီကိုလာ ဘလော့ဂ်ပိုင်ရှင် တီဇက်အေ ခရီးတစ်ခေါက်သွားလျှင် ပိုစ့် ဆယ်ပိုစ့်မက ဖတ်ရမှန်း သိလာခဲ့သည်။ ကလူသစ် သမီးလေးမွေးသည်ကို သိပြီးနောက် သမီးနှင့် ပတ်သက်သမျှ သူ ဘာရေးရေး မပျက်မကွက် ဖတ်ခဲ့ဖူးသည်။ ကင်မရာအကြီးကြီး ထမ်းထားသော ပုံနှင့် ဘလော့ထိပ်စည်းမှာ ရေးထားသော လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင် ဖြစ်သည် ဟူသော စာသားကို နှစ်သက်ပြီး ထိုဘလော့ဂ်ပိုင်ရှင် အမကိုတော့ သတင်းကြေငြာသော အစီအစဉ်တွင် ကျွန်မ ခင်မင်းဇော်ပါရှင် ဟု ပြောနေစဉ်မှာ အရင်ဆုံး တွေ့ဖူးခဲ့သည်။ ကျွန်တော်တို့ ကျွန်မတို့သည်ဘလော့ပိုင်ရှင် ကိုအန်ဒီ တစ်ယောက် မျက်စိရှေ့တွင်ပင် သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်ကို မှတ်မိနေသည်။ စာရေးကောင်းပြီး မြန်မာစာပေကို တလေးတစားရှိလှသော မေဓါဝီ ပိုစ့်အသစ်တက်တိုင်း မှန်မှန်သွားဖတ်ခဲ့ရသည်။ မောင်မျိုး သူ့ အမေအကြောင်း၊ သူ့မိသားစုကို သတိရကြောင်းရေးလျှင် ကိုယ်ချင်းစာစိတ်ဖြင့် ဖတ်ခဲ့ရဖူးသည်။ ဝတ္ထုတိုများ အရေးကောင်းသော ပုံရိပ်ကို စာများများရေးပါဟု မကြာမကြာ သွားတိုက်တွန်းခဲ့ဖူးသည်။ အိမ်လွမ်းသော ရွှေဂျမ်း၏ လက်စွမ်းပြ ပဲပြုတ်နှင့်ငချိတ်ပေါင်းကို အနီးကပ်ရိုက်ထားသော ဓါတ်ပုံကို ကိုယ် အခုထိ မမေ့သေး။ ဂျပန်ပြည်မှနုစံကို ဂျပန်ကီမိုနိုလေးဖြင့် စိတ်ကူး ပုံဖေါ်ကြည့်ခဲ့ဖူးသည်။ ကိုအောင် ပျူနိုင်ငံ ရေးလေ့ရှိသော သရဲပိုစ့်များကို စေ့စေ့စပ်စပ် မဖတ်ရဲသောကြောင့် အမြဲတမ်း ကျော်လွှားပြီး အသာ ရှပ် ဖတ်ခဲ့ရသည်ကိုလည်း မမေ့။ ကိုယ်နှင့် တစ်တိုက်ထဲ အပေါ်ထပ် အောက်ထပ် နေသော ပြုံးပြုံးပြုံးပြုံးနှင့် ခပ်ဝဝ အနှီလူသားသည် ဘလော့ဂါ ပီတိမှန်း အိမ်ပြောင်းပြီးမှ သိခဲ့ရသည်။ (တော်သေးပါရဲ့… တော်သေးပါရဲ့…)
ထို့အပြင် နှလုံးသားရပ်ဝန်းမှ အသံများ ဘလော့ပိုင်ရှင် ကိုဘွိုင်းဇ် သူ့ဘလော့ဂ်မှာ ကောင်မလေးပုံ တစ်ပုံတင်သည်ကို သေသေချာချာ မှတ်ထားကာ ယခုထက်တိုင် လစ်လျှင် လစ်သလို ကြပ်နေရဆဲ။ စာရေးကောင်းသော ရွာသားလေးကို စာပြန်ရေးဖို့ မကြာခဏ တိုက်တွန်းရပြီး သူ့ဘလော့ဂ်ကို ပိတ်လိုက် ဖွင့်လိုက် လုပ်နေလျှင် စိတ်တိုရဆဲ။ Cbox များတွင် သီချင်းဆိုဖေါ် ဆိုဖက် ချစ်ပေါက်ကို အပြင်မှာ မတွေ့ရသေးသော်လည်း ချစ်ခင်စွာ အမျိုးတော်ထားဆဲ။ နာမည်ရင်း ပျောက်ကာ စင်စင်ဟု အမည်တွင်နေသူ (ယခု မှုံမှုံနှင့် မောင်မောင်တို့ မိခင်) ကို ဘလော့အလည်နိုင်ဆုံး ဆု ပေးချင်စိတ်ရှိနေဆဲ။
ဤသို့ ဤသို့သောချစ်စဖွယ် အလေ့အထများ နှင့် အမှတ်တရ အဖြစ်အပျက်များ ဘလော့ဂ်စာမျက်နှာများပေါ်တွင် တစ်ချိန်က အမှန်တကယ် ရှိခဲ့ဖူးပါသည်။
ထိုအချိန်က စာရေးအသား အလွန်ကောင်းပြီး စာရေးအားလည်း ကောင်းသော ဘလော့ဂါ များအနက်က အခုအချိန်တွင် ဘယ်ဆီ ဘယ်ဝယ်ကို ရောက်နေမှန်း မသိနိုင်အောင် ပျောက်ချက်သားကောင်းလှသော စာရေးဖေါ် ဘလော့ဂါများကို သတိရမိပါသည်။ တစ်ချို့ကိုတော့ စာဆက်မရေးကြတော့သော်လည်း မျက်နှာစာအုပ်တွင် ပြန်တွေ့ရပါသည်။ ပြန်ရှာမတွေ့ပဲ ပျောက်ချင်းမလှပျောက်နေသော ကိုယ် သတိတရ ရှိနေသော ဘလော့ဂါ တစ်ချို့မှာ လေးမ၊ ကိုဇနိ မဇနိ၊ မီယာ၊ နုသွဲ့ တို့ ဖြစ်သည်။
ဘလော့ဂါများသည် သူတို့၏ ကိုယ်ပိုင်ဟန်၊သူတို့ ရေးလေ့ရှိသော အကြောင်းအရာ၊ သူတို့၏ စိတ်ဝင်စားမှုများ တစ်ဦးနှင့် တစ်ဦးမည်သို့ပင် ကွဲပြားခြားနားသည်ဖြစ်စေ ဘလော့ဂ်အပေါ် ချစ်ခင် သံယောဇဉ်ကြီးကြခြင်းမှာတော့ အားလုံး တူညီကြပါသည်။
သည်နေ့ Blog Day အတွက် အမှတ်တရ ပိုစ့်ကိုရေးရန် အန်တီတင့်က လွန်ခဲ့သော နှစ်ပတ်ခန့်ထဲက တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။ မည်သည့်အကြောင်းအရာကို ဦးတည်ရေးရမှန်း မသိသောကြောင့် (ထုံးစံအတိုင်း) နောက်ဆုံးမိနစ် မရောက်မချင်း အချိန်ဆွဲနေမိပါသည်။ သို့သော် အန်တီတင့်က မရေးမချင်း မျက်နှာစာအုပ်ပေါ်တွင် တုတ်ကိုင်ပြီး စောင့်နေဟန်တူသောကြောင့် စာမပြီးမချင်း မျက်နှာစာအုပ်ပေါ်လည်း မတက်ရဲပါ။ သည်လိုနှင့် ဟိုတွေး ဒီတွေး တွေးရင်းက ဟိုး အရင်အချိန်များဆီက အရှိန်အဟုန် ကောင်းကောင်းနှင့် လှလှပပ စီးဆင်းခဲ့သော ဘလော့ဂ်များ နှင့် ဘလော့ဂါများအကြောင်း လက်လှမ်းမီသရွေ့ သတိတရကြိုးစားပမ်းစား ရေးသားလိုက်ရပါသည်။
ချစ်သော အန်တီတင့် ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဒီတစ်ခါ စင်္ကာပူကို လာလျှင် မုန့်ဝယ်ကျွေးပါ အန်တီတင့်…
သက်ဝေ
(၃၁ သြဂုတ် ၂၀၁၄)
*ခဖဝရ - ခိုး ဖတ် ဝိုင်း ရယ်
အဟမ်းးး
ReplyDeleteမကြီးသက်ဝေရေ
ဖဘ မှာဖတ်ပြီးတော့ ဘလော့ကိုလည်း လာခဲ့တယ်နော်..
ခဖ၀ရ* ဆိုတာကိုစိတ်ဝင်စားနေတယ် ‘APK’ လိုမျိုးပေါ့။ အဆုံးမှာ အဖြေပေးထားလို့ မမေးတော့ပါ :P မသက်ပြောတဲ့ စီနီယာ ဘလော့ဂါ နာမည်တွေမြင်တော့ စာဖတ်သူဘ၀နဲ့ ဘလော့ရွာလေးကို လည်ပတ်တဲ့ အချိန်လေးကို သတိရသွားတယ်။ စုံစုံစေ့စေ့ သတိတရလေး ရေးသွားတာတွေ ဖတ်ရတာ စိတ်ချမ်းသာတယ်။ ဒီတစ်ခေါက် အလည်ရောက်ရင် မြန်မာမုန့် စစ်ကျွေးဘို့ သယ်လာခဲ့မယ် မသက် ♥♥♥
ReplyDeleteခဖဝရ ကို ဘာဟင်းပါလိမ့်လို့
ReplyDeleteကွတ်ဒုက်ခ
ဘေ လာ့ ဂါ ဖြ စ် ချ င် ခဲ့ ဖူး တ ယ်
ReplyDeleteကို ယ် ပို င် ဘေ လာ့ ဂ် ဖွ င့်
စိ တ် ကူး တ ည့် ရာ အ ပြ င် အ ဆ င်ေ တွ လု ပ်
Template ဆို တ ာ ေ တြ ေ ဆ ာ့ က စ ာ း
အ ျခ ာ း သူ ေ တြ ေ ရ း တ ာ ေ တြ လို က် ဖ တ်
ကို ယ် တို င် လ ည်းေ ရး ကြ ည့် ချ င်
ေ ရး လ ည်း မေ ရး တ တ်
ကို ယ် ပို င် ဘေ လာ့ ဂ်ေ လး လု ပ် ထား မိ ပြီးေ တာ့
ဘ ယ် သူ မှ မ ပြ ရဲ
ကို ယ်ေ ရး ချ င် ရာ နဲ နဲေ ရး
ကို ယ် သ ေ ဘ ာ က် မိ တဲ့ သူ မ် ာ း စ ာ ေ တြ ကူ း တ င္
ၾက ာ ေ တ ာ့ ကို ယ် တို င် ေ မ့ ေ လ် ာ့ ေ န မိ
စာ မှ န် မှ န် ေ ရ း ေ န တဲ့ ဘ ေ လ ာ့ ဂ္ ဂါ မ် ာ း ကို
အ ာ း က် ၊ ခ်ီ း က် ဴ း မိ
ေ ဖ့ စ် ဘု တ် ဆို တာ အ သုံး မ် ာ း လ ာ ေ တ ာ့
ဘ ေ လ ာ့ ဂ္ ေ တြ လို က် မ ဖ တ် မိေ တာ့ တာ အ မှ န် ပါ ပဲ
အ ရ င် တု န်း က ဖ တ် စ ရာ စာ အု ပ် မ ရှိ ေ တ ာ့ ဘ ေ လ ာ့ ဂ္ ဂါ ေ တြ ရဲ႕ စ ာ ေ တြ
လို က် ဖ တ် ရ တ ယ်
ေ ကျး ဇူး တ င် ပါ တ ယ်
ရေးထားတာလေး ကောင်းလိုက်တာ။
ReplyDeleteလွမ်းစရာနော်... အဲဒီလိုလေး ရှေးကထက်ပိုပြန်ချစ်ချင်လိုက်တာ.... ဟုတ်တယ်... ကိုဇနိ၊မဇနိ၊မီယာ၊နုသွယ်တို့ ကို လွမ်းလိုက်တာ...မကျွမ်းမကျင်နဲ့ ဘလော့လေးတခုအတွက် ဟိုဟာပျောက်မှာ ဒီဟာပျောက်မှာ စိုးရီမ်ရတာချင်းလဲ တူပါ့သက်ဝေရယ်...
ReplyDeleteခိုးဖတ်ပြီး ဘယ်သူနဲ့ဝိုင်းရယ်တာတုန်းဟင် ? :D
ReplyDeleteသက်ဝေရဲ့ စိတ်ဝင်စားစရာဖြစ်အောင်ရေးတတ်ပုံလေးကို ဂျက်အတုခိုးခဲ့ပါတယ်
ReplyDeleteHappy blog day!
ReplyDeleteအခုတော့လည်း လွမ်းစရာကြီးတွေကို ဖြစ်လို့နော် အချိန်တွေအများကြိး ရှိခဲ့ကြတာပဲလို့ တွေးမိတော့တာပဲ ။
ReplyDeleteကျနော်တော့ အစ်မကို သက်ဝေ ရေလို့ ခပ်တည်တည် ဆီပုံး စဖွင့်ဖွင့်ချင်း သွားနှုတ်ဆက်တာ သွားသတိရမိသေးး))