သီရိလင်္ကာဘုရားဖူးပိုစ့်တွေ အပြီးမှာ ခရီးတစ်လျောက် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအနည်းငယ်နဲ့ သူတို့ဆီမှာ စားဖြစ်ခဲ့တဲ့ အစားအစာတွေအကြောင်း နည်းနည်း ရေးပြချင်ပါတယ်။
အဆင်မပြေမှုတစ်ခုက ရန်ကုန်ကနေ လာကြတဲ့ ကျွန်မ ဖေဖေ မေမေ နဲ့ နောက် အန်ကယ် အန်တီ စုံတွဲ၊ အဲဒီ လူကြီးလေးယောက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်ကို ရောက်တဲ့အချိန်က စပါတယ်။ လေယာဉ်ပျံ ဆိုက်ရောက်ပြီး တစ်စီးလုံး လူအကုန်နီးနီး အပြင်ရောက်လာပေမဲ့ လူကြီးလေးယောက် ပါမလာပါဘူး။ လေယာဉ်ဆိုက်တဲ့အချိန်နဲ့ တစ်နာရီကျော်လောက် ကြာမှ သူတို့လေးယောက် စိတ်တွေတိုပြီး ထွက်လာပါတယ်။ အင်မီဂရေးရှင်းက သူတို့တွေကို ရစ်နေတာ တဲ့။ ရစ်တာမှ တော်တော်ကြီးကို ရစ်နေတာလို့ သိရပါတယ်။ တကယ်ဆို ဘုရားဖူးလာတဲ့ အသက် ၇၀ ကျော် (အန်ကယ်ဆို အသက် ၈၀ ကျော်ပါ) လူကြီး လေးယောက်၊ စာရွက်စာတမ်း ဗီဇာ အပြည့်အစုံ ပါပါရက်နဲ့ ဒီလောက်တောင် အကြာကြီး ရစ်နေတယ်ဆိုတာ တော်တော်အရုပ်ဆိုးတဲ့ ကိစ္စပါ။ ဒီလိုနဲ့ နောက်ဆုံးမှာ အလွန်တရာ စိတ်တို စိတ်ပျက်နေတဲ့ လူကြီးလေးယောက် အပြင်ရောက်လာကြတယ် ဆိုပါစို့။ အန်ကယ်ဆို စိတ်တွေတိုနေတာ သီရိလင်္ကာကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ပါဘူး တွေ ဘာတွေတောင် ဖြစ်လို့။ နောက်နေ့တွေမှာတော့ ဘုရားတွေဖူးရင်း စိတ်ပြေသွားပြီး ဒီအကြောင်းကို ရယ်ရယ်မောမော ပြောနိုင်သွားကြပါတယ်။ တဆက်တည်း ပြောရရင် အပြန်ခရီးမှာလည်း ဖေဖေနဲ့ အဲဒီအန်ကယ်ကို ထပ်ရစ်နေပါသေးတယ်။ အင်မီဂရေးရှင်း ကောင်တာရှေ့မှာ အကြာကြီး စောင့်ခိုင်းထားတာ၊ နောက် အခန်းထဲခေါ်သွားပြီး နိုင်ငံကူးလက်မှတ်တွေကို ဟိုဟိုဒီဒီ လှန်လှောပြီး စစ်နေတာ အကြာကြီးရယ်။
ဒါနဲ့ အပြင်ဖက်မှာ ရှိနေတဲ့ (အနည်းငယ် သဘောကောင်းတယ်လို့ ထင်ရတဲ့) အင်မီဂရေးရှင်း အရာရှိ အမျိုးသမီးတစ်ယောက်ကို ပြုံးပြရင်း ဘာကြောင့် လူကြီးတွေကို အဲဒီလောက် စစ်ဆေး မေးမြန်းနေရတာလဲ လို့ မေးကြည့်မိပါတယ်။ အဲဒီတော့မှ အဖြေပေါ်ပါတယ်။ ဒီလိုပါ… ဖေဖေနဲ့ အဲဒီအန်ကယ်ရဲ့ နာမည်က မြန်မာနာမည်တွေထဲမှာ နာမည်တူ အတော်လေး များတဲ့ နာမည်မျိုးလို့ ဆိုရပါမယ်။ အဲဒီနာမည်မျိုးတွေက အစိုးရ အဖွဲ့ဝင်တွေ၊ သူတို့ဆီမှာ စာရင်းပေါက်နေတဲ့ နာမည်တွေထဲမှာ ပါနေတာကိုး။ အဲဒါကြောင့် အတင်း စစ်စစ်ပေါက်ပေါက် စစ်ဆေးနေတာ လို့ နားလည်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် အသက်ကြီးတဲ့ လူကြီးတွေ အ၀င်မှာရော အထွက်မှာပါ စိတ်တထင့်ထင့်နဲ့ နာရီနဲ့ချီပြီး မတ်တပ်ရပ် စောင့်ဆိုင်းနေရတာ သူတို့သာမက ဘေးလူတွေပါ စိတ်ရော လူရော အင်မတန် ပင်ပန်းလှပါတယ်။
အန်ကယ်ကတော့ သီရိလင်္ကာ အင်မီဂရေးရှင်းက အရာရှိတွေ ဆိုးတဲ့အကြောင်း စာတစ်ပုဒ် ရေးဖြစ်အောင် ရေးမယ်လို့ အလာတုန်းက ကြိမ်းဝါးခဲ့ပေမဲ့ အဲဒီက မြန်မာဘုန်းကြီးကျောင်း သုံးကျောင်းကို ရောက်အပြီးမှာ မရေးတော့ပါဘူး… လို့ ပြောပါတယ်။ အဲဒီလို သီရိလင်္ကာ မကောင်းကြောင်းပြောလိုက်လို့ လူတွေ ဘုရားဖူး မလာကြတော့ရင် မြန်မာဘုန်းကြီးကျောင်းတွေမှာ အလှူအတန်း နည်းပါးသွားမှာကို မလိုလားလို့ပါ။ ကျွန်မကတော့ သတင်းတစ်ခုအနေနဲ့ ရေးပြတာပါ။ အဲဒီလို နာမည်ဆင်တူရှိနေသူတွေ အင်မီဂရေးရှင်းက ရစ်နေရင် ဘာကြောင့် ဆိုတာ ကြိုသိထားရတာပေါ့။
ဒါကတော့ ကိုလံဘိုမှာ ကျွန်မတို့ တည်းခဲ့တဲ့ ဟိုတယ်ရဲ့ အရှေ့ပိုင်း ခြံဝင်းလေးပါ။
အစားအသောက်အနေနဲ့ကတော့ ဈေးတော့ တော်တော်သက်သာတယ် ဒါပေမဲ့ ချက်တဲ့ စတိုင်လ်လိုက်လို့ အရသာကတော့ နည်းနည်း ညံ့တယ်၊ ဆန်လည်း ကြမ်းတယ်၊ အစားဆင်းရဲတယ် လို့ Tour Guide က ပြောပါတယ်။ ကျွန်မတို့ကလည်း ဘာဖြစ်ဖြစ် ရပါတယ် ကြိုးစားပြီး စားကြတာပေါ့ လို့ ပေါ့ပေါ့ပါးပါးပြန်ဖြေကြပေမဲ့ စိတ်ထဲတော့ တထင့်ထင့်နဲ့ပါ။ စားစရာ တစ်ခုခု မှာပြီးတိုင်း ဘယ်လိုဟာတွေများ ရောက်လာပြီး ဘယ်လိုများ စားရပါ့မလဲ ပေါ့။ ဒါပေမဲ့လည်း ထင်သလောက် မဆိုးတဲ့ စားစရာတွေကို စားရ သောက်ရတော့မှ မဆိုးပါဘူး ကောင်းပါတယ် ကျွန်မတို့ စားလို့ ဖြစ်ပါတယ်လို့ မှတ်ချက်ချရတယ်။
သီရိလင်္ကာနိုင်ငံက အုန်းသီး သိပ်ပေါတဲ့နိုင်ငံ ဆိုတော့ ဘာမဆို အုန်းသီးနဲ့ ချက်ကြတယ်။ ကြက်သားဟင်း၊ ပုဇွန်ဟင်း၊ ငါးဟင်း စတဲ့ ဟင်းတိုင်းလိုလိုမှာ အုန်းသီးနဲ့ အုန်းနို့ ပါတယ်။ သူတို့ဆီက မြင်းခွာရွက်သုပ်ဆိုတာ မြင်းခွာရွက် ပါးပါးလှီးရယ် အုန်းသီး ခြစ်ထားတာတွေရယ်နဲ့ ငရုတ်သီးစိမ်း မညက်တညက်ထောင်းကို ဆီမပါ ပျားမပါ ဒီတိုင်း ရောမွှေထားတာပါ။ အုန်းသီးကြိုက်တဲ့ ကျွန်မကတော့ အဲဒီမြင်းခွာရွက်သုပ်ကို သဘောတွေ တွေ့လို့။ ငရုတ်သီးအစပ်ကို အုန်းသီးက ပြန်ထိန်းသွားပြီး စားလို့ ကောင်းနေတာပဲ။ ထမင်းကြော်ကတော့ နည်းနည်းမာတယ်။ ပုဇွန်ဟင်းနဲ့ ကြက်ဥဟင်း က ချက်ပုံချက်နည်း တစ်မျိုးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဟင်းတွေက အရောင်နီနေသော်လည်း မစပ်ပါဘူး။
မြေပဲဆံထောင်းနဲ့ အုန်းသီးခြစ်ထားတာတွေကို ငရုတ်သီးစပ်စပ်နဲ့ ငါးပိကြော်လို ကြော်ထားတာကို ပေါင်မုန့်နဲ့စားတာမျိုးလည်း တွေ့ခဲ့သေးတယ်။ အုန်းစိမ်းရည်နဲ့ အုန်းသီးဇွန်းခြစ်ကတော့ နေရာတိုင်းမှာ ပေါပေါများများ တွေ့ရပါတယ်။ သူတို့တွေက ဆေးဖြစ်ဝါးဖြစ် တစ်နေ့ကို အုန်းသီးစိမ်းရည် တစ်လုံးတော့ သောက်တယ်လို့ သိရပါတယ်။ သောက်တဲ့အခါမှာလည်း နေ့လည် မွန်းမလွဲမီ သောက်မှ ဆေးဖက်ဝင်တယ်လို့ သိရတာမို့ ကျွန်မတို့တွေလည်း နေ့တိုင်း တစ်ရက်မပျက် မွန်းမလွဲခင် ရောက်လေရာ နေရာမှာ အုန်းရည် သောက်ကြပါတယ်။
ဒီမှာ King Coconut လို့ ခေါ်တဲ့ အုန်းသီး နီဝါ၀ါလေးတွေပါ။ တစ်လုံးကို စလုံးငွေနဲ့ဆို ပြားသုံးဆယ် ပြားလေးဆယ်လောက်ပဲ ပေးရပါတယ်။ အရည်ရော အသားရော သိပ်ချိုပါတယ်။ အဲ… တစ်ခုတော့ရှိတယ်။ ဇွန်းခြစ်အတွက် ဘယ်နေရာ ဘယ်ဆိုင်မှာမှ ဇွန်းမရှိပါဘူး။ အုန်းသီးအလုံးကိုယ်ထည်ကို ခပ်ပါးပါး ရှပ်လှီးလိုက်တဲ့ အုန်းခွံအဖတ်ကို ဇွန်းလို လုပ်ပြီး ဇွန်းခြစ်အုန်းသီးကို စားခဲ့ရတာ အမှတ်တရပါပဲ။
ဒါကတော့ လေဆိပ်မှာ ကျွန်မ မှာစားခဲ့တဲ့ Egg Puff နဲ့ ကော်ဖီပါ။ Chicken Puff တို့ Tuna Puff တို့လို အသားတွေ မစားချင်တာမို့ အလွယ်တကူ Egg Puff ကို ယူလိုက်တာ၊ စားတော့မှ အဲ့ဒီအထဲမှာ ကြက်ဥပြုတ်ကို အလုံးလိုက် ထည့်ထားတာ တွေ့ရလို့ တစ်ယောက်တည်း ကြိတ်ရယ်ရတဲ့ Egg Puff ပါ။ ခုထိလည်း ပြန်တွေးမိတိုင်း ရယ်နေရတုံး။
သူတို့ဆီမှာ လဖက်ရည် ပေါပြီး ကော်ဖီကတော့ ရှားတယ်။ နေရာတိုင်း မရဘူး။ တချို့ဆိုင်တွေမှာ စက်က ထွက်လာတဲ့ ကော်ဖီမျိုးတွေ ရတယ်။ ဒါပေနဲ့ ကော်ဖီတွေက နို့တွေများတဲ့အပြင် မသောက်နိုင်လောက်အောင် ချိုတယ်။ သူတို့နိုင်ငံက လဖက်ခြောက်ပေါတဲ့ နိုင်ငံဆိုတော့ Breakfast တွေမှာလည်း Tea ပဲ ရတာများတယ်။ အစားအသောက် နည်းနည်း ခက်ခဲကောင်း ခက်ခဲနိုင်မယ်လို့ ကြိုသိတဲ့ မေမေတို့က ဘုန်းကြီးကျောင်းတွေမှာ လှူဖို့နဲ့ ကိုယ် သောက်ချင်တဲ့အချိန် သောက်လို့ရအောင်ဆိုပြီး ကော်ဖီထုပ်တွေ ယူလာပေးလို့ နေ့တိုင်း ကော်ဖီကို စိတ်ကြိုက် သောက်ခွင့်ရတာ… Starbucks မရှိ Coffee Bean မရှိ နဲ့… ကိုးရက်ဆိုတော့ သေလောက်တယ်။ :P
ကန္ဒီမြို့ကိုရောက်တဲ့ညနေမှာ Tour Guide က ခေါက်ဆွဲကြော်တို့ ချိုချဉ်ကြော်တို့ ရတယ် ကောင်းတယ်လို့ ပြောပြီး Casserole လို့ အမည်ရတဲ့ တရုတ်ဆိုင်တစ်ဆိုင်ကို ခေါ်သွားပါတယ်။ ခေါက်ဆွဲကြော်လို့ မှာလိုက်တော့ အခုလို ချစ်စရာ ကြာဆံကြော်လေး ရလာပါတယ်။ သူတို့က အဲဒါကို Noodle ပဲ ခေါ်ကြတာ၊ ပြီးတော့ သူနဲ့ တွဲစားဖို့ ငရုတ်သီးကြော်လေး ပေးပါတယ်။ စားလို့ အတော်ကောင်းပါတယ်။ ကျွန်မရဲ့ အကြိုက် ကန်ဇွန်းရွက်ကြော်ကလည်း စိမ်းစိမ်းလေးနဲ့ မွှေးနေတာပဲ။ အဲဒီဆိုင်လေးမှာ သုံးကြိမ် စားဖြစ်ပါတယ်။
ဒါကတော့ လမ်းတလျောက်မှာ အုန်းသီးဆိုင်လေးတွေနဲ့ အတူတူ တွေ့ရတတ်တဲ့ မြေပဲလှော်ထုပ်တွေပါ။ အခွံတွေနဲ့မို့ ခွာရ စားရတာ စိတ်မရှည်လို့ ကျွန်မ မစားပေမဲ့ လူကြီးတွေကတော့ ၀ယ်စားကြပါတယ်။ ချိုတယ် တဲ့…။
မနက်အစောကြီး စွယ်တော်သွားဖူးကြတဲ့နေ့က ဘုရားက အပြန် Local ဆိုင်လေးတစ်ဆိုင်မှာ သွားစားကြပါတယ်။ ကြက်သားဟင်း ဆိတ်သားဟင်း ပဲဟင်း ပလာတာ နံပြား တိုဆေးတို့နဲ့ အတူ ဒိန်ချဉ်တို့ လဖက်ရည်တို့ စတဲ့ အမယ်တော်တော်များများ ရတဲ့ဆိုင်ပါ။ လူကြီးတွေက ပလာတာနဲ့ ပဲဟင်း ကြက်သားဟင်းတွေ စားနေကြချိန်မှာ မနက်စောစောစီးစီး အဲလိုအစားအစာတွေ မစားတတ်တဲ့ ကျွန်မအတွက်တော့ ဘယာကြော်နဲ့ ဘလက်ကော်ဖီပါပဲ။ ကြည့်ပါအုံး… သူတို့ဆီက ဘယာကြော်တစ်လုံးတစ်လုံးက ပစ်ပေါက်ရင် တော်တော်အထိနာနိုင်အောင် ကြီးမားပါတယ် နည်းနည်းလည်း မာတယ်၊ ဒါပေမဲ့ စားလို့ ကောင်းပါတယ်။
အဲဒီဆိုင်မှာ နောက်စားစရာတစ်မျိုး တွေ့ရပါသေးတယ်။ အဲဒါကတော့ ကြက်သားကြော်ကို ခပ်သေးသေးစင်းထားပြီး ဂေါ်ဖီထုပ်ရယ် နဲ့ ပလာတာ ကို ပါးပါး လှီးထားတာနဲ့ ရောကြော်တာပါ။ မဆလာလေးလည်း ဖြူးလို့… ဖြတ်ကနဲ ကြည့်လိုက်ရင် ခေါက်ဆွဲကြော်လိုလို ရုပ်မျိုးနဲ့… ဖေဖေစားတာ မြည်းကြည့်တော့လည်း ဘာနဲ့တူမှန်းကို မသိဘူး။ အဆန်းပေါ့… ဓါတ်ပုံကတော့ ပြန်ရှာတာ မတွေ့လို့ မပြရဘူး။
ဒါကတော့ မပြန်ခင်တစ်ရက် ဘူဖေးစားဖြစ်တဲ့နေ့ကပါ။ အာလူးမဆလာ၊ ပဲဟင်း၊ နာနတ်သီးသုပ် နဲ့ ကြက်သားဟင်းပါ။ သူတို့ဆီက ဘူဖေးက ရယ်ရတယ်၊ ကျန်တာတွေ ကြိုက်သလောက် ယူလို့ရပေမဲ့ ကြက်သားဟင်းကတော့ တစ်တုံးပဲ ရမတဲ့ နောက်ထပ်ယူရင် ပိုက်ပိုက် ထပ်ပေးရမယ်တဲ့။ ကြည့်ရတာ သူတို့ဆီကလူတွေက ဘူဖေးဆို ထိန်းမရအောင် စားလို့ ဖြစ်ရမယ်လို့ ပြောပြီး ရယ်ရပါသေးတယ်။
ဒါကတော့ တောင်ပေါ်တစ်နေရာက လတ်ဆတ်တဲ့ သစ်သီးဆိုင်လေးတွေပါ။ ၀ယ်ချင်စရာ အသီးအမျိုးအမည် စုံနေတာပဲ ပြီးတော့ စားလို့လည်း သိပ်ကောင်းပဲ။ အသီးတွေကို အဓိကထားပြီး ရိုက်လိုက်တာကြောင့် ဆိုင်ရှင်နှစ်ယောက် ခေါင်းပြတ်နေတာ ခွင့်လွှတ်ကြပါ။
ဒီလိုနဲ့ ကိုးရက်တာ ဘုရားဖူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ဒီခရီးအတွက် အစီအစဉ်တွေကို လူကြီးတွေ ရန်ကုန်ကနေ စီစဉ်လာတာပါ။ ကျွန်မက ဘာမှ မလုပ်ရပဲ ဒီကနေ လေယာဉ်ပျံလက်မှတ်ဝယ်ပြီး လူကြီးတွေ စီစဉ်တဲ့နောက် အချောင်ခိုပြီး လိုက်သွားရတာပါ။ သီရိလင်္ကာ Visa ကလည်း မခက်ဘူး ထင်ပါတယ်။ မေမေတို့က ရန်ကုန်က လုပ်လာကြတာပါ။ Tour နဲ့ ဆိုပေမဲ့ ဟိုမှာရှိတဲ့ မြန်မာတစ်ယောက်ကို လှမ်းဆက်သွယ်ထားရတယ်လို့ သိရပါတယ်။ သူက အကုန်စီစဉ်ပေးတာပါ။ ကျွန်မတို့ သားအမိ သုံးယောက်နဲ့ အန်ကယ် အန်တီ နှစ်ယောက် စုစုပေါင်း ငါးယောက် ကားတစ်စီးနဲ့ Tour Guide နဲ့ Driver နဲ့ပါ။ စင်္ကာပူမှာ သီရိလင်္ကာ Tour ရယ်လို့တော့ မတွေ့ဖူးဘူး လေယာဉ်လက်မှတ်ကတော့ Mustafa Travel & Tour - Online ကနေ လှမ်းဝယ်တာပါ။ ဈေးမှန်ပါတယ်။
ဒါကတော့ စကာင်္ပူ ပြန်ရောက်ရောက်ချင်း အိမ်မပြန်နိုင်သေးပဲ ပြေးလွှားစားလိုက်တဲ့ ရခိုင်မုန့်တီသုပ်နဲ့ မုန့်ဟင်းခါး ဟင်းရည်ပါ။
နိဂုံးချုပ်ရရင်တော့ သီရိလင်္ကာနိုင်ငံကို မရည်ရွယ်ပဲ အလည်အပတ် ရောက်သွားခဲ့တာပါ။ ဖေဖေ မေမေတို့အနားမှာ ကလေးလုပ်ပြီး သွားခွင့်ရတဲ့ခရီးမို့ ပျော်စရာလည်းကောင်း၊ စိတ်ချမ်းသာစရာလည်း အင်မတန်ကောင်းတဲ့ ဘုရားဖူးခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ ဓါတ်တော် မွေတော်တွေနဲ့ ထူးခြားထင်ရှားးတဲ့ ကျောင်းကန်ပုထိုး စေတီတွေ အများကြီး ဖူးမျှော်ခွင့်ရလို့ ကုသိုလ်တွေလည်း အများကြီး ရခဲ့ပါတယ်။ ပြန်လာပြီးတဲ့ရက်တွေမှာလည်း အမြဲတမ်းလိုလို တသသ သတိရနေပြီး ဖေဖေ မေမေတို့နဲ့ စကားပြောဖြစ်တိုင်း အဲဒီအကြောင်းတွေပဲ ပြောကြ၊ ဓါတ်ပုံတွေ ပြန်ကြည့်ကြနဲ့ အချိန် တော်တော်ကြာတဲ့အထိပဲ။ ပြီးပြန်တော့ ခရီးစဉ် အမှတ်တရ မှတ်တမ်းလေး ရေးဖို့ ဓါတ်ပုံတွေ ပြန်ကြည့်၊ ပြန်စီ၊ သွားရင်း လာရင်း ရေးမှတ်လာတာတွေနဲ့ စာရေးဖို့ ပြင်ဆင်၊ လိုအပ်တဲ့ စာတွေ ပြန်ဖတ်၊ မသိတာတွေ အင်တာနက်မှာ ပြန်ရှာနဲ့… အဲဒီအချိန်တွေမှာလည်း ချမ်းသာရတဲ့ ကုသိုလ်စိတ်အစဉ်နဲ့မို့ ကိုယ့်ကိုယ်ကိုယ်လည်း ဒီခရီးကို အင်မတန် သဘောတကျ ကျေနပ်နေမိတာပါ။
မေမေကလည်း သူ့ ဓမ္မာရုံက ထုတ်မဲ့ မဂ္ဂဇင်းအတွက် သီရိလင်္ကာ ဘုရားဖူး ခရီးစဉ်လေးအကြောင်းကို ရေးနေတယ်လို့ သိရပါတယ်။ မေမေကတော့ ခရီးစဉ် တစ်ခုလုံး ခြုံပြီး ရေးမှာမို့ ကျွန်မလို ဓါတ်ပုံလေးတွေ စာထိုးရုံမဟုတ်ပဲ မှတ်တမ်းတစ်ခုအနေနဲ့ ပြည့်ပြည့်စုံစုံ ဖတ်ရလိမ့်မယ် ထင်ပါတယ်။ မေမေ့စာကိုလည်း စာအုပ်ထွက်ပြီးရင် တင်ပေးပါအုံးမယ်။
ကျွန်မရဲ့ သီရိလင်္ကာပိုစ့်တွေကို စိတ်ဝင်စားစွာ လာဖတ်ကြတဲ့ စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကို အထူး ကျေးဇူးတင်ရှိပါတယ်။
(Y) like
ReplyDeleteKT
ကျေးဇူး ကိုသက်...း)
Deleteလင်္ကာဝါးတီးနောက်ဆက်တွဲများကို မျှော်လင့်စောင့်စားငတ်မွတ်လျက်... :)
ReplyDeleteဝါးတီး မရှိတော့ဘူးလေ... ဒါအကုန်ပဲ... :D
Deleteမေမေရေးတဲ့ စာလည်း ဖတ်ချင်တယ်
ReplyDeleteဟုတ်... စာအုပ်ထွက်ပြီးရင် တင်ပေးပါ့မယ်...း)
Deleteစောစောက ကွန်မန့် ရမရ မသေချာလို့ ပြန်မန့်သည်.... အစားအသောက်တွေ ကြည်ရတာတော့ မဗေဒါအတွက် အိုကေလောက်တယ်... ဗီဇာခက်လားမသိဘူး... အစ်မတို့ တိုးနဲ့သွားတာလား... တိုးက မသွားခင်ကတည်းက ၀ယ်တာလား? Singapore မှာ သီရိလကာင်္တိုးတွေ ဘယ်မှာဝယ်ရမှန်းမသိဘူး... တိုးဆိုပေမဲ့ သူက အစ်မတို့ သီးသန့်လား... တခြားလူတွေပါသေးလား... ဟီး... မေးတာတွေ အရမ်းများသွားပြီ... ပိုစ့်အတွက် ကျေးဇူးပါ...
ReplyDeleteVisa မခက်ဘူး ထင်ပါတယ်။ မေမေတို့က ရန်ကုန်က လုပ်လာကြတာပါ။ Tour နဲ့ ဆိုပေမဲ့ ဟိုမှာရှိတဲ့ မြန်မာတစ်ယောက်ကို လှမ်းဆက်သွယ်ရတာပါ။ သူက အကုန်စီစဉ်ပေးတာပါ။ အမတို့ သားအမိ သုံးယောက်နဲ့ အန်ကယ် အန်တီ နှစ်ယောက် စုစုပေါင်း ငါးယောက် ကားတစ်စီးနဲ့ Tour Guide နဲ့ Driver နဲ့ပါ။ အမက ဘာမှ မလုပ်ရပဲ လူကြီးတွေ စီစဉ်တဲ့နောက် အချောင်ခိုပြီး ပါသွားရတာပါ။ ဒီမှာ သီရိလင်္ကာ Tour ရယ်လို့တော့ မတွေ့ဖူးဘူး လေယာဉ်လက်မှတ်ကတော့ Mustafa က လှမ်းဝယ်တာပါ။ ဈေးမှန်ပါတယ်။း)
Deleteမကြီးသက်ဝေ
ReplyDeleteစားစရာတွေက ကြည့်ရတာပစ်တို့ မြန်မာ ပုံစံနဲ့ ခပ်ဆင်ဆင်ဘဲနော်..
ကြည့်ရတာ အိန္ဒိယလောက်တော့ လူတွေသိပ်ရှုပ် ပုံမရဘူးနော်..
စာဖတ်သူကိုဘယ်ပို့စ်မျိုးမဆိုမငြီးငွေ့ရအောင်ရေးနိုင်စွမ်းရှိသူမမသက်ဝေ.. အရမ်းဖတ်လို့ကောင်းပါတယ်.. ရိုးရှင်းစွာစိတ်ဝင်စားဖွယ်ကောင်းသောခရီးသွားမှတ်တမ်းများပါပဲ.. (Y) (y)
ReplyDeleteအမသက်ရေ အမနဲ့အတူခရီးတခုလုံးလိုက်လည်နေတာ။ ပြည့်ပြည့်စုံစုံလေးရေးပေးလို့ ကျေးဇူးတင်ပါတယ်။ ဗီစာလဲမခက်ဘူးဆိုတော့ အမေနဲ့အဖေကို ခေါ်ပြီး ဘုရားဖူးသွားချင်ရင်အဆင်ပြေသွားပြီ။
ReplyDeleteသိုင်းးးးးးးးးးးးကျု
ReplyDeleteချမ်းသာရတဲ့ စိတ်အစဉ်လေးကို ဘေးကနေ တိုးတိုးရို့ရို့ ခိုစီးသွား...
ချစ်စရာ့ ကြာဇံကြော် လေး ヅ
ReplyDeletei can't write myanmar font in here , i don't know why .
ReplyDeleteany way thanks a lot for ur post , got a lot of general knowledge.
ပို့စ်စတင်ကတည်းက အရမ်းဖတ်ချင်နေခဲ့ပြီး ဖတ်ဖို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမယ့် နက်သိပ်မကောင်းလို့ အားလုံးကို တစုတစည်းထဲ ဖတ်ဖို့ အဆင်မပြေတာနဲ့ လက်လျှော့ပြီး လှည့်ပြန်သွားရတာ။ နောက်ဆက်တွဲပို့စ်လေးကိုတော့ စာရောပုံပါ သေသေချာချာဖတ်လို့ရသွားတယ်။ အင်းလေ... ဒီမှာ ည၁၂နာရီတောင် ကျော်မှကိုး။ :D
ReplyDeleteMany thanks for sharing, sis! You know I always love to read travelogue. :)
ကော်ဖီကြိုက်တာချင်း တူတယ် အစ်မသက်ဝေ ... သိရိလင်္ကာခရီးသွားပို့(စ်) တွေ အားလုံး နှစ်သက်တယ်။ ပေါ့ပေါ့ပါးပါး ပျော်ရွှင်ကြည်နူးစရာ..
ReplyDelete