အင်မတန် ငြီးငွေ့စရာကောင်းတဲ့ ညနေခင်းတစ်ခုပဲ ဟု ခပ်တိုးတိုး အသံပြုကာ ညည်းညူနေခဲ့မိသည်။ လက်ထဲတွင် ကိုင်ထားသော စာအုပ်ထဲမှ ယနေ့ဖတ်ဖြစ်သော စာမျက်နှာကို အမှတ်အသားပြုကာ ဘေးသို့ ချထားလိုက်သည်။ အရေးပေါ်ကားတစ်စင်း အသံကုန်မြည်ဟီး၍ အိမ်နားမှ ဖြတ်သွားသံ၊ အချိန်အခါမရွေး နေပူမရှောင် မိုးရွာမရှောင် အော်မြည်တတ်သောကြောင့် တွန်သံချိုသည်ဟု မခံစားရတာ့သော ဥသြငှက်၏ အသံ၊ အိမ်နီးချင်းအခန်းမှ မွေးပေါက်စ ကလေးငယ်လေးတစ်ယောက်၏ ငိုသံ၊ လူသံသူသံများနှင့် ညစာ စားသောက်ပြီး ပန်းကန်ခွက်ယောက်များ ဆေးကြောနေသော အသံ၊ အိမ်ပေါ်ထပ်မှ ကုလားထိုင်များကို ဒရွတ်တိုက် ဆွဲရွှေ့သောအသံ၊ ထိုအသံများအားလုံး တိတ်ဆိတ်သွားသည်အထိ နေရာမှာ ငြိမ်သက်စွာ ထိုင်နေမိသည်။ ထိုင်နေသော နေရာနှင့် မျက်နှာချင်းဆိုင် တည့်တည့်တွင် အိမ်အဝင် တံခါးမဟု ဆိုရမည့် တံခါးတစ်ချပ်ရှိနေသည်။ ထိုတံခါးချပ်ကို အဓိပ္ဗါယ်မဲ့ ငေးကြည့်ဖြစ်သော အချိန်များနှင့် သာမန်နှင့် မတူ၊ တမူထူးခြားသော၊ ကွဲကွဲပြားပြား ခွဲခြားနိုင်သော တံခါးခေါက်သံတစ်ခုကို မျှော်လင့် တောင့်တနေမိသော အချိန်များ ရှိခဲ့ဖူးသည်။ ထိုတံခါးချပ်တွင် အပြင်သို့ တွေ့မြင်နိုင်သော ချောင်းကြည့်ပေါက် သေးသေးလေးတစ်ခု ပါရှိသည်။ တစ်အိမ်လုံးတွင် ကိုယ် တစ်ယောက်တည်းသာ ရှိနေခဲ့သော အချိန်များအတွက် ထိုချောင်းကြည့်ပေါက်ကလေးသည် များစွာ အထောက်အကူပြုပြီး နှစ်သက် ဖွယ်ရာလည်း ဖြစ်နေခဲ့ပါသည်။
ထိုချောင်းကြည့်ပေါက်ကလေး မရှိခင်က တံခါးချပ်သည် ခပ်ရိုးရိုးနှင့် ဘာမျှ မပြောပလောက်သော သာမန် သစ်သားတံခါး တံခါးဟောင်းဟောင်း တစ်ချပ်သာ။ ထိုတံခါးချပ်ကို တစ်စုံတစ်ယောက်က တဒေါက်ဒေါက်နှင့် ခပ်ပြင်းပြင်း ခေါက်လိုက်သောအခါတိုင်းတွင် တပွေ့တပိုက်သော ထိတ်လန့် ကြောက်ရွံ့စိတ်တို့ဖြင့် တံခါးချပ်ဆီသို့ မဝံ့မရဲ ခြေလှမ်းများနှင့် တိုးကပ်သွားရတတ်စမြဲ။ အချို့သော ရုပ်ရှင်ဇာတ်ဝင်ခန်းများ၊ စုံထောက်ဝတ္ထုများထဲတွင် ပါလေ့ရှိသော သေနတ် (သို့) ချွန်မြမြဒါးတစ်ချောင်းကို ကိုင်ဆောင်သူ လူဆိုးတစ်ယောက်တစ်လေများ အိမ်ပေါက်ဝတွင် ရောက်နေလေမည်လားဟု ပူပူပန်ပန်တွေးရင်း တံခါးခေါက်သံကြားတိုင်း အလိုလို မူပျက်ကာ ထိတ်လန့်နေတတ်စမြဲ။
ထိုသို့ ထိတ်လန့်ရင်းမှပင် တံခါးမ၏ အတွင်းဖက်တွင် တစ်ထပ် ရှိနေသေးသော ပျော့စိစိ၊ မခိုင်မခန့် အလူမီနီယံ အချောင်းလေးများဖြင့် ဖွဲ့စည်းထားသော တံခါးကြားမှ လက်လျှိုရင်း သစ်သားတံခါးကို အပြင်ကို မြင်နိုင်ရုံမျှ အသာဟကာ တစ်ဖက်မှ တံခါးခေါက်သူကို ကြည့်ရစမြဲ။ အများအားဖြင့်တော့ ကျောင်းရန်ပုံငွေအတွက် ရေခဲမုန့်လာရောင်းသော ကျောင်းသားကလေးများ၊ သတင်းစာအဟောင်းများ အလှူခံတတ်သော ကျောင်းသားကလေးများနှင့် တစ်ခါတရံတွင် ဘာသာရေးဆိုင်ရာ လက်ကမ်းကြော်ငြာများ၊ ပိုစ့်ကဒ်များကို ဖြန့်ဝေရင်း သူတို့ဘာသာအကြောင်း ဟောလို ပြောလိုသော အမျိုးသမီးများသာ။ ထိုအခါ အသက်ကို မြန်မြန်ပြန်ရှူရင်းက အားနာနာဖြင့် ဆောရီး ဟု ငြင်းကာ တံခါးချပ်ကို အဆောတလျင် ပြန်ပိတ်လိုက်ရစမြဲ။ ရံဖန်ရံခါလာတတ်သော ဒိန်ချဉ်ဘူးများ လိုက်ရောင်းသည့် အန်တီကြီးကိုတော့ တကျွီကျွီမြည်နေတတ်သော သူ့တွန်းလှည်းအသံကြားထဲက သိနေသောကြောင့် သူ ဘယ်လိုပင် တံခါးကို ခေါက်သော်ငြား ထမဖွင့်ဖြစ်တော့ချေ။
တစ်ခါတရံတွင်မူ လည်ပင်းတွင်ချိတ်ဆွဲထားသော အဖွဲ့အစည်းတစ်ခုခုမှ ကဒ်ပြားကို ပြကာ ပြူတင်းပေါက်များ စစ်ဆေးရန်၊ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ပေါက်ဖွားမှုကို စစ်ဆေးရန် အစရှိသော အကြောင်းပြချက်များဖြင့် တံခါးခေါက်လာသုများကိုလည်း တွေ့ရတတ်၏။ အိမ်ရှင်မရှိသေးပါ ဟူသော အကြောင်းပြချက်ကို (ယုံချင်ယုံ မယုံချင်နေ) ဇွတ်အတင်း ပြကာ တံခါးကို ပြန်ပိတ်လိုက်မိစမြဲ။ ထိုသူတို့သည်လည်း အိမ်အကူတစ်ယောက်နှင့် ဆင်ဆင်တူသော နွမ်းဖတ်ဖတ် ရုပ်ရည်ပိုင်ရှင် ကိုယ့်ကို ကြည့်ကာ အေးအေးချမ်းချမ်း ယုံယုံကြည်ကြည် လှည့်ပြန်သွားကြစမြဲ။ ထိုအခါမှ ရယ်ချင်စိတ်တဝက်ဖြင့် တံခါးကို ပြန်ပိတ်ရင်း အသက်ကို ရဲရဲရှူခွင့် ရလေ၏။ အပြင်ကော်ရစ်ဒါနေရာကို တစ်လတစ်ကြိမ် ရေလာဆေးသော အလုပ်သမားကလေး ဆိုလျှင်တော့ သိသာသည်။ ရေသံ တရှဲရှဲကြားမှ တံခါးကို တစ်ချက်ချင်း ဖြေးဖြေးနှင့် လေးလေး ခေါက်မည်။ သို့ဆိုလျှင် တံခါးကို သွက်သွက်လက်လက် ပြေးဖွင့်ကာ အပြင်ဖက်တွင်ရှိနေသော မိမိပိုင် ဖိနပ်ကလေး နှစ်ရံ သုံးရံကို ရေမစိုခင် အိမ်ထဲသို့ အမြန်သွင်းရတတ်သည်။ ရေများ စိုနစ်နေဖူးသော ဖိနပ်များသည် ရေခြောက်သွားသော်လည်း မည်သည့်နည်းနှင့်မျှ အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ချေ။
ကုသို်လ်ကံကောင်းလာသည်ဟု ဆိုရမည်လား… ဆိုးလာသည်ဟု ဆိုရမည်လား။ တံခါးမကြီး သော့ ပျက်သွားသော တစ်ရက်တွင် ထိုတံခါးချပ်ကို အသစ်တစ်ခုနှင့် အစားထိုး လဲလှယ်စရာ အကြောင်းဖန်လာခဲ့သည်။ အသစ်ရောက်လာသော တံခါးချပ်၏ အသစ်နံ့ (သို့) စိမ်းရွှေရွှေဆေးနံ့ကို မူးဝေ ခေါင်းကိုက်မိသော်လည်း တံခါးချပ်တွင် တပါတည်း ပါလာခဲ့သော စိတ်ဝင်စားစရာ၊ ချစ်စရာ ချောင်းကြည့်ပေါက်သေးသေးလေးက ထိုတံခါးချပ်အသစ်နှင့် အချိန်တိုတိုအတွင်း ယဉ်ပါး ရင်းနှီး ကျွမ်းဝင်စေခဲ့သည်။ အနှီ ချောင်းကြည့်ပေါက်ကလေးသည် အရွယ်အစားအားဖြင့် လက်သန်း လက်သည်းခွံလောက်သာ ရှိသည်။ ထိုမျှပင် သေးငယ်သော်လည်း သူ့အနားကို တိုးကပ်ကာ ကြည့်လိုက်သော် အပြင်ဖက်ကို မြင်ကွင်းကျယ်ကျယ်ဖြင့် ကြည်ကြည်လင်လင် မြင်ရစေသည်။ သူ့အစွမ်းကား မသေးလှချေ။ ထိုချောင်းကြည့်ပေါက်ကလေးနှင့် မိတ်ဆွေဖြစ်ခါစ အချိန်များကို ယခုထိ သတိရနေသေးသည်။
ထိုရက်များအတွင်း အပြင်ဖက်မှ ဘာသံကြားကြား ချောင်းကြည့်ပေါက်ကလေး အားကိုးဖြင့် လှုပ်ကနဲ ထကာ ကြည့်မိသည်ချည်းသာ။ တံခါးချပ်၏ အတွင်းဖက်မှ ကြည့်နေသည်ကို အပြင်ဖက်မှ သူတို့ မသိနိုင် ဟူသော အကြောင်းအရာသည် စိတ်ကို လုံခြုံစေသလို များစွာသော ကျေနပ်မှုကိုလည်း ပေးစွမ်းနိုင်လေသည်။ ပျင်းရိငြီးငွေ့ဖွယ် ညနေခင်းများတွင် အပြင်ဖက်ဆီမှ အသံ တစ်စွန်းတစ်စ ကြားရသည့်အခါတိုင်း ထိုချောင်းကြည့်ပေါက်ကလေး အားကိုးဖြင့် အငြိမ်မနေနိုင်ပဲ ထ ထ ကြည့်မိစပြံ။ အများအားဖြင့်တော့ စောစောက ပြောခဲ့သလိုပင် ရေခဲမုန့်လာရောင်းသော ကလေးငယ်များ၊ ဆင်တူ ကျောင်းဝတ်စုံကိုယ်စီဖြင့် သတင်းစာလာသိမ်းသော ကလေးများ၊ သံပုံး ပလတ်စတစ် နှင့် ဟိုပုလင်း ဒီပုလင်းများ လိုက်ဝယ်တတ်သူများ၊ ညနေ ခြောက်နာရီစွန်းစွန်းတွင် ရုံးအပြန် တံခါး အဖွင့် အပိတ် ပြုရင်း စကားကျယ်ကျယ် ပြောနေတတ်သော အိမ်ရှေ့တည့်တည့်အခန်းမှ ညီအမနှစ်ယောက်၊ တစ်ခါတရံ ရုံးပိတ်ရက်များတွင် ဆူညံသံများစွာပြုရင်း သူတို့အခန်းသို့ အလည်လာတတ်သော သူတို့၏ ဆွေမျိုး မိတ်သဂ္ဂဟများ၊ ဘေးချင်းကပ်လျက် အခန်းသို့ သောကြာနေ့ညတိုင်း ရောက်လာတတ်သော ခရစ်ယာန်သီချင်း တီးမှုတ်သီဆိုတတ်သော အဖွဲ့… စသည် စသည်တို့ကိုသာ တွေ့ရတတ်သည်။ တွေ့ရသမျှကို စိတ်ဝင်စားစဖွယ် ဇာတ်လမ်းတစ်ပုဒ်ပမာ မညောင်းမညာ မပျင်းမရိ ရပ်ကြည့်နေခဲ့မိသည်။
ထိုအခါ တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီသော ကျောင်းဝတ်စုံများနှင့် ကျောင်းသား ကျောင်းသူကလေးများ၏ နုနယ်ပျိုမြစ်သော အပျော်စွက်သည့် မျက်နှာလေးများကို မြင်တွေ့ဖူးခဲ့ပြီ။ အဖြူရောင် ဂျာစီအင်္ကျီနှင့် အရောင်မွဲခြောက်ခြောက် ဘောင်းဘီတိုကို ဝတ်ဆင်ထားသော သံပုံး ပုလင်း ဝယ်သော အန်ကယ်ကိုလည်း မှတ်မှတ်သိသိ တွေ့ဖူးခဲ့ပြီ။ အိမ်ရှေ့ခန်းမှ ညီအစ်မနှစ်ယောက်၏ ရုံးတက် ဂါဝန်လှလှလေးများကိုလည်း တွေ့ဖူးခဲ့သည့်အပြင် စိတ်ကူးထဲမှာတောင် ထိုဂါဝန်မျိုး ဝယ်ယူ ဝတ်ဆင်ကြည့်ခဲ့ဖူးလေပြီ။ ထိုမျှသာမက ဒိန်ချဉ်ရောင်းတတ်သော အန်တီကြီးကိုလည်း ချောင်းကြည့်ပေါက်မှ အေးအေးသက်သာ စောင့်ကြည့်ဖူးခဲ့ပြီ။ ရယ်ချင်စရာ တစ်ခုမှာ ထိုအန်တီကြီးသည် သူသယ်ယူလာသော တွန်းလှည်းလေးတွင် ခေါက်ကုလားထိုင် အသေးစားလေး တစ်လုံး ချိတ်တွယ်ထားပြီး အိမ်ရှေ့တွင် ထိုခေါက်ကုလားထိုင်ကို ချခင်းကာ အကျအန ထိုင်ရင်း အမောအပန်း ဖြေနေတတ်ခြင်းပင်။ တစ်ရက်တွင်မူ ထိုသို့ ထိုင်နေရင်း သူ့ပိုက်ဆံအိတ်ထဲမှ ဒိန်ချဉ် ရောင်းရငွေများ ဖြစ်ဟန်တူသော ငွေစက္ကူရွက်အချို့နှင့် အကြွေစေ့များကို ထုတ်ယူ ရေတွက်နေပုံကိုပါ တွေ့လိုက်ရသောအခါ တံခါးအတွင်းဖက်မှနေ၍ တစ်ကိုယ်တည်း တိတ်တဆိတ် သဘောတကျ ရယ်မောလိုက်မိသေးသည်။
သည်လိုနှင့် ရက်ပေါင်းအတော်ကြာသောအခါ ထိုချောင်းကြည့်ပေါက်ကလေးနှင့် အလွန်တရာ ရင်းနှီး ကျွမ်းဝင်နေပေပြီ။ ယခင်က မဝံ့မရဲ တိုးကပ်သွားရတတ်သော ထိုတံခါးချပ်ဆီသို့ ရဲရဲဝံ့ဝံ့ တိုးကပ်သွားတတ်အောင် ထိုချောင်းကြည့်ပေါက်ငယ်ကလေးက အကူအညီများစွာ ပေးခဲ့လေသည်။ ယခုဆိုလျှင် အပြင်မှ အသံသဲ့သဲ့ကြားရုံမျှဖြင့် ဘယ်သူ ဘယ်ဝါမှန်း အတတ်ပြောနိုင်နေပြီ။ တစုံတစ်ယောက်က တံခါးကို လာခေါက်သောအခါ (သို့) မကြားဖူးသော အသံစိမ်းများကို ကြားရလျှင်တောင်မှ ကြောက်ရွံ့ထိတ်လန့်နေစရာ မလိုတော့ပဲ ချောင်းကြည့်ပေါက်ကလေးမှ တဆင့် သက်တောင့်သက်သာ ကြည့်ရင်း တံခါး ဖွင့်စရာ လို မလို ဆုံးဖြတ်နိုင်ပေပြီ။ မျှော်လင့်နေသော တံခါးခေါက်သံတစ်ခု ရောက်မလာသေးသော်လည်း တစ်ယောက်တည်းနေ့ရက်များနှင့် ငြီးငွေ့စရာ နေ့စွဲများအတွက် ထိုချောင်းကြည့်ပေါက်ကလေးက တနည်းတဖုံလည်း အပျင်းပြေစေခဲ့သေးသည် မဟုတ်လား။
တညနေ… ထိုညနေက မိုးစက်တို့ တဖွဲဖွဲကျနေခဲ့သည်။ လိုအပ်နေသော တံခါးခေါက်သံတစ်ခုကို မျှော်နေရင်းမှပင် အရင်နေ့များက စားမကုန်ပဲ ကျန်ရှိနေသော အေးစက်စက် ဖြူစုတ်စုတ် ကြာဆံပြုတ် တစ်ပန်းကန်ကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးကာ ခပ်သွက်သွက်စားသောက်ပြီး အိပ်ရာဝင်ခဲ့သည်။ မကြာခင်မှာပင် မျက်လုံးများ မှေးစင်းကာ အိပ်ပျော်သွားသည် ဟု ထင်လိုက်သည်။
သတိရမိသောအချိန်တွင် ကိုယ်တိုင်က ချောင်းကြည့်ပေါက်ကလေးပါဝင်သော တံခါးချပ်ကို ခပ်သေးသေးဖြစ်အောင် အပိုင်းပိုင်း ခေါက်ချိုးကာ လွယ်နေကျ စလွယ်သိုင်းအိတ်ထဲ ထည့်ရင်း သွားလိုရာအရပ်ဆီသို့ တက်ကြွ လွတ်လပ်စွာ ဦးတည်လျက်။ ကိုယ် ကြည့်လို မြင်လိုသော နေရာနှင့် မလှမ်းမကမ်းတွင် အသာ ရပ်တန့်၊ အိတ်ထဲမှ တံခါးချပ်ကို ထုတ်ကာ ဖြန့်လိုက်ပြီး ထိုချောင်းကြည့်ပေါက်ကလေးမှတဆင့် ကြည့်လိုရာကို အလျင်စလို လှမ်းကြည့်လိုက်မိ၏။ ထိုအချိန်တွင် လေပြင်းပြင်းတို့က အနားတွင် ဝေ့ကာဝဲကာ တိုက်ခတ်လျက် သာယာကြည်နူးဖွယ်ရာ။ သေးငယ်သော ချောင်းကြည့်ပေါက်ကလေး၏ အစွမ်းကြောင့် တဖက်မှ မြင်ကွင်းကျယ်ကျယ်ထဲတွင် ကို်ယ် တွေ့လိုသော သူ့ကို ကြည်လင် ပြတ်သားစွာ မြင်တွေ့ရချေ၏။
လှပနွေးထွေးသော နံနက်ခင်း နေရောင်အောက်တွင် အပူအပင် အကြောင့်ကြ ကင်းစင်စွာ၊ ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်ရယ်မောနေသော သူ့ကို တွေ့ရ၏။ မနက်စောစောတွင် ကွေ့ကောက်သော်လည်း ချစ်စဖွယ် လမ်းကလေးအတိုင်း အသက်ဝဝရှူရင်း လက်ကို လွှဲကာ လမ်းလျှောက်နေသော သူ့ကို တွေ့ရ၏။ ရံဖန်ရံခါတွင်မူ အပေါင်းအသင်းများနှင့် စကားတွေ ဖေါင်ဖွဲ့ရင်း၊ လက်ထဲတွင်ကိုင်ထားသော စာအုပ်ကလေးများကို တဖျတ်ဖျတ်လှန်ကြည့်ရင်း ပြုံးနေတတ်သော သူ့ကို တွေ့ရ၏။ မိုးရွာပြီးကာစ စိမ်းလန်းနေသော တောအုပ်ကလေးအနားတွင် စာတစ်အုပ်ဖြင့် သက်တောင့်သက်သာ အနားယူနေသော သူ့ကို တွေ့ရ၏။ အရှိန်နှေးနှေးဖြင့် လှပစွာစီးဆင်းနေသော မြစ်တစ်စင်းဆီသို့ မျက်နှာမူရင်း ဝိုင်နီ တစ်ခွက်နှင့်အတူ တစ်စုံတစ်ခုကို တီးတိုး ရေရွတ်နေသော သူ့ကို တွေ့ရ၏။ ပြာလဲ့လဲ့ကောင်းကင်ပေါ်မှ အဖြူရောင် တိမ်စုများဆီသို့ မော့ကြည့်ရင်း စီးကရက် မီးခိုးငွေ့များအကြား တေးသီချင်းတစ်ပုဒ်ကို စိတ်လိုလက်ရ သီဖွဲ့နေသော သူ့ကို တွေ့ရ၏။ ညနေခင်း နေညိုချိန်များတွင် အဝေးတစ်နေရာကို ရီဝေစွာ ငေးမောနေတတ်သော သူ့ကို တွေ့ရတတ်ပြန်၏။ သူ့အခန်း ဝရန်တာလေးမှ ပန်းအိုးလေးများ၊ သစ်ပင်စိမ်းစိမ်းလေးများကို ရေလောင်းနေသော သူ့ကို တွေ့ရတတ်ပြန်၏။ ဤသို့ဖြင့် ကိုယ်တွေ့လိုသော သူ့ကို အချိန်နှင့်အမျှ ပြောင်းလဲနေသော အနေအထား အမျိုးမျိုးဖြင့် တွေ့ခွင့်ရခဲ့၏။ ထိုသို့တွေ့ရရုံမျှဖြင့် များစွာ ကျေနပ်ရပြန်၏။ နှစ်လိုစိတ်ဖြင့် ပြုံးရယ်ရပြန်၏။ ချစ်ခင်စိတ်ဖြင့် ကြည်နူးရပြန်၏။ ထို့အတူ နာကျင်သော လွမ်းဆွတ်မှုများကို (မလိုလားသော်လည်း) ကြည်ဖြူစွာ လက်ခံရပြန်၏။
စိတ်ကူးအတွေးဖြင့် သူ့အနားသို့ ညင်ညင်သာသာ တိုးကပ်သွားမိသေးသည်။ သို့ဆိုလျှင် ထင်မှတ်မထားသောကြောင့် သူ ရုတ်တရက် အံ့သြသွားလေမည်လား၊ ချစ်ခင်စုံမက်သော စိတ်အစဉ်ဖြင့် အနားသို့ ဆွဲယူ ပွေ့ဖက် ခေါ်ငင်လေမည်လား၊ ပြီးလျှင်တော့ အခါများစွာမှာ ပြောပြနေကျ ဒဏ္ဍာရီဆန်သော ပုံပြင်ဟောင်းများကို စိတ်ရှည်လက်ရှည် ပြောပြလိမ့်မည်လား၊ မျက်နှာပေါ်သို့ ဖုံးကွယ်လုနီးပါး ရှည်လျားနေသော ဆံနွယ်များကို ညင်သာစွာ သပ်တင်ပေးရင်း ဆိုပြနေကျအတိုင်း လေပြည်အလာ ကေသာလွန့်လူးလွင့်နေ… ဟူသော သီချင်းစာသား တစ်ပိုင်းတစကို တီးတိုး ညည်းလေမည်လား၊ ကိုယ် စွဲလန်းနှစ်သက်မိသော Espresso တစ်ခွက်ကို နှင်းဆီနီ တစ်ပွင့်နှင့်အတူ ကမ်းလိုက်မည်လား၊ သို့တည်းမဟုတ် တခုခုကို အလိုမကျစိတ်များဖြင့် မြည်တွန် တောက်တီးကာ သွား… အနား မလာခဲ့နဲ့… ဟု မာမာထန်ထန် ပြောလိုက်လေမည်လား။ ဝေခွဲမရခဲ့ပါ။
ကျေနပ် ကြည်နူး နာကျင် လွမ်းဆွတ် အစရှိသော ခံစားမှု မျိုးစုံတို့ဖြင့် အိပ်မက်မှ ရုတ်တရက် လန့်နိုးလာခဲ့၏။ မယုံကြည်နိုင်လောက်အောင် ရိုးစင်းသော အိပ်မက်တစ်ခုအတွက် အိပ်ရာဘေးမှာ ကျနေသော စလွယ်သိုင်းအိတ်ကလေးထဲ လက်နှိုက်ကာ ခေါက်ချိုးထားသော တံခါးချပ်ကလေး တကယ် ရှိ မရှိ ရှာဖွေကြည့်နေမိသေးသည်။ အိပ်မက်ဟု သေချာသွားသောအခါတွင်မှ အိမ်ရှေ့သို့ ထွက်ကာ ချောင်းကြည့်ပေါက်ကလေးပါသော တံခါးတစ်ချပ်ကို မမြင်ဖူးသူတစ်ယောက်ပမာ အထပ်ထပ် ကြည့်မိပြန်၏။ ထိုချောင်းကြည့်ပေါက်ကလေးကို လက်ဖြင့် တယုတယ ကိုင်တွယ်ကြည့်မိပြန်၏။ ထို့နောက် မျှော်နေကျအတိုင်း တစ်စုံတစ်ယောက်၏ တံခါးခေါက်သံကို မျှော်မိပြန်၏။
တံခါးခေါက်သံကို မျှော်မိပြန်၏။
မျှော်မိပြန်၏။
သက်ဝေ
(၁၆ ဖေဖေါ်ဝါရီ ၂၀၁၄)
- ၂၀၁၄ စက်တင်ဘာလ - နှင်းဆီဖြူမဂ္ဂဇင်း တွင် ဖေါ်ပြပြီးဖြစ်သည်။
wow.. :)
ReplyDeleteရောက်လာသလား ဖြေပါ
ReplyDeleteဒေါက်..ဒေါက် ..မကြီးးသက်ဝေ...ပစ်လာလည်တယ်..
ReplyDeleteမျှော်တဲ့သူကတခြား ရောက်လာသူတွေ တခြားပါလား။း)
ReplyDeleteအချိန်တန်ရင်တော့ ရောက်လာမှာပါ။ အပေါက်ကလေးတော့ မမှုန်ဝါးစေနဲ့ပေါ့။
ချောင်းကြည့်ပေါက်လေးကို စိတ်ဝင်စားအောင်ရေးတတ်သလို ဇာတ်ကောင်ကို စာဖတ်သူတို့စွဲအောင် ဖေါ်ညွှန်းတတ်တယ်... ဒီဇာတ်ဝင်လေးကို ဖတ်နေရင်း မဆီမဆိုင် ကော်ဖီဆိုင်ထောင့်ကစားပွဲမှာ ထိုင်လေ့ရှိတဲ့ အမျိုးသမီးဆီကိုစိတ်ရောက်သွားတယ်... အဲ့ဒီလိုဆွဲဆောင်မှုရှိတဲ့ အရေးအသားလေးတွေပေါ့ မသက်ရေ...
ReplyDeleteချောင်းကြည့်ပေါက်ကလေးကနေ လာချောင်းကြည့်သွားပါတယ် အမသက်ဝေ
ReplyDeleteချောင်းတောင် ကြည့်ချင်လာပြီ နော်....။
ReplyDeleteသေးဖွဲတဲ့ လူတွေသတိမထားမိတဲ့ အရာဝတ္ထုမျိုးလေးတွေအပေါ် ကျကျနန အသေးစိတ်ပုံဖော်ပြီး ရေးနိုင်တာ အစ်မသက်ဝေရဲ့ ပါရမီလို့ ပြောရင်ရမယ်ထင်တယ်နော်။ အက်ဆေးလေးကို နှစ်ခြိုက်စွာနဲ့ ဖတ်သွားခဲ့တယ် အစ်မ။း)
ReplyDeleteအိမ်က တံခါးမှာလည်း အဲဒီလို ချောင်းကြည့်ပေါက်ကလေး တခုပါပေမယ့် ဒီဝတ္ထုထဲက ဇတ်ကောင်အမျိုးသမီးလောက် စုံစေ့အောင် တခါမှ မကြည့်ဖူးဘူး၊း) ဖတ်နေရင်းနဲ့ ဂျူးရဲ့ “အဝေးကြည့်မှန်ပြောင်း” ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကိုလည်း သတိရမိသွားစေတယ်…၊
ReplyDeleteဧပြီ ၁ ရက်လို နေ့မျိုးမှာ အဲဒီ ချောင်းကြည့်ပေါက်ကလေးရဲ့ မှန်ဘီလူးပေါ်ကို အပြင်ဖက်ကနေ ပန်းချီဆွဲတဲ့ ရေဆေးနဲ့ သုတ်ထားခဲ့ရင် အတော်ပျော်ဖို့ ကောင်းမှာပဲ….။းD
နောက်တစ်ခါလာခေါက်မယ်နော် လိပ်စာပေးထာမမသက်ဝေ
ReplyDeleteဒီ လို လှ ပ သိ မ်ေ မွ့ တဲ့ေ ရး ဖွဲ့ မှု မျိုးေ တွ ဖ တ် ရ တို င်း
ReplyDeleteစာေ ရး သူ သ က်ေ ဝ ရဲ့ လ က် ရာ ပဲ လို့ သ တိ ထား မိ တ ယ်
မိုက်တယ်။ မမသက်ဝေ ဒီလို idea တွေ ဘယ်ကရသလဲနော်။
ReplyDelete