Thursday, September 4, 2014

အတောင်ပံပါရင် မင်းဆီကို

ဒီပိုစ့်ကို မရေးခင် ပြောပြချင်တာက ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စင်္ကာပူမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ ပြီးတော့ အဲဒီအဖြစ်ဟာကျွန်မတို့ သူငယ်ချင်း အသိုင်းအ၀ိုင်းမှာ အတော်လေး နာမည်ကျော်ကြား လူသိများပြီး ဘယ်နှစ်ကြိမ်ပြန်ပြောပြော ပြောဖြစ်တိုင်း မျက်ရည်ထွက်အောင် ရယ်ခဲ့ရတာချည်းပါပဲ။ အခုလည်း ဟိုတစ်နေ့က ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့အခါ အဲဒီအကြောင်းကို ပြောမိကြရင်း၊ အူလှိုက်သည်းလှိုက် ရယ်မောကြရပြန်တယ်။ ပြီးတော့ ကျွန်မ စာရေးမှန်းသိနေတဲ့ သူငယ်ချင်းတစ်ယောက်က အဲဒီအကြောင်းကို နင်ပြန်ရေးပါလား လို့ အကြံပြုတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ၀ိုင်းထောက်ခံကြတယ်၊ ကာယကံရှင် ကိုယ်တိုင်ကလည်း "အေး.. အေး.. ရေးမယ်ဆို ရေး... ငါ ခွင့်ပြုတယ်..." လို့ဂုဏ်ယူဝံ့ကြွားဟန် အပြည့်နဲ့ မျက်နှာကို မော့ပြီး ဖြေလို့ ကျွန်မ ရေးပါတယ်။ အခု ဒီစာကို ဖတ်နေတဲ့သူတွေထဲမှာလည်း ဒီအကြောင်းကို သိနေပြီးသားသူတွေ အများကြီး ရှိလိမ်မယ်ဆိုတာ သေချာပါတယ်။ ဖတ်ကြည့်ပါအုံး။
ဟိုး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ဆီက… အင်မတန်ရိုးသားတဲ့ဖိုးသခွား လူပျိုလူလွတ် ကျောင်းပြီးကာစ အင်ဂျင်နီယာပေါက်စကလေး တစ်ယောက်ရှိသတဲ့ကွယ်။ အဲဒီဖိုးသခွားလေးဟာ ဘွဲ့လွန်ပညာရပ်တွေ ဆက်လက်ဆည်းပူးဖို့၊ ပြီးတော့ အလုပ်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စင်္ကာပူကို ရောက်လာခဲ့တယ်ပေါ့။ ဒီလိုနဲ့ ရောက်ပြီး တစ်နေ့ကျတော့လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ချို့နဲ့ စားစရာ သောက်စရာ တစ်ချို့ ၀ယ်ဖို့အတွက် NTUC လို့ ခေါ်တဲ့ စူပါမားကတ်တစ်ခုကို ဈေးဝယ်ထွက်လေသတဲ့။ တစ်ယောက်ထဲ ဆွဲခြင်းကလေးကိုင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ လိုချင်တာလေးတွေ ၀ယ်နေတုန်း တစ်နေရာအရောက်မှာ မျက်နှာသုတ်စရာ တစ်ရှူးထုတ်ကလေးတွေကို သူ တွေ့တယ်။ စင်္ကာပူ ရာသီဥတုကလည်း ပူ၊ သူကိုယ်တိုင်ကလည်း အတော်လေး ချွေးထွက်များတတ်တယ် ဆိုတော့ သွားရင်း လာရင်း လိုအပ်ရင် သုံးဖို့ ဆောင်သွားစရာ မျက်နှာသုတ် တစ်ရှူးဝယ်ဖို့ သူ တွေးတယ်။ ဒီလိုနဲ့ အရောင် အသွေး အရွယ်အစား၊ အမျိုးအမည် စုံလင်လှတဲ့ တစ်ရှူးထုတ်တွေကို သေသေချာချာ လိုက်ကြည့်ပြီး ဈေးကြီးပေ့ဆိုတဲ့ တစ်ရှူးတစ်ထုတ်ကို ရွေးချယ်ပြီး ဆွဲခြင်းထဲ ကောက်ထည့်ခဲ့တယ်။ သူ့စိတ်ထဲတော့ ပစ္စည်းဆိုတာ ဈေးကြီးလေ ကောင်းလေ၊ ပြီးတော့ မျက်နှာအတွက်ဆိုတော့ ကောင်းတာလေးပဲ သုံးမယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

လိုအပ်တာတွေ စုံစုံလင်လင် ဝယ်ပြီးတော့ ငွေရှင်းကောင်တာပေါ်ကို ဆွဲခြင်းလေး တင်လိုက်တယ်။ ကောင်တာက အမျိုးသမီးလေးက သူ့ဆွဲခြင်းထဲက ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု စက်ကလေးနဲ့ ဖြတ်နေတုန်းမှာ တစ်ရှူးထုတ်ကိုတွေ့တော့ သူ့ကို တစ်လှည့် တစ်ရှူးထုတ်ကလေးကို တစ်လှည့် ပြုံးစစနဲ့ ကြည့်သတဲ့။ အဲဒီအချိန်မှာ သူက မာန်တက်သွားတယ်။ ကြည့်စမ်း… ငါ အဖိုးတန် ပစ္စည်းကောင်းလေး သုံးနိုင်လို့ ဒင်းက အထင်တကြီးနဲ့ ကြည့်နေတာပဲ ဖြစ်ရမယ်… ဆိုပြီး ခပ်ထည်ထည် အမူအရာနဲ့ မျက်နှာကို မော့ပြီး မိန့်မိန့်ကြီး ပြုံးနေလိုက်တယ်တဲ့။ ခေါင်းလေးတောင် တဆတ်ဆတ် ညိတ်လိုက်သေး ဆိုပဲ။ အဲဒီနောက်တော့ ပစ္စည်းတွေအတွက် ကျသင့်ငွေ ပေးချေပြီးတဲ့အထိ ကောင်မလေးကလည်း ပြုံး သူကလည်း သူ့အတွေးနဲ့သူ ကျေနပ် ဂုဏ်ယူစွာနဲ့ပြုံး… အပြုံးချင်း ပြိုင်ပြီး ဆိုင်ထဲက ထွက်လာခဲ့လေတယ်။

ဆိုင်အပြင်ဖက်ကိုရောက်တော့ အတန်းထဲက မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ နှစ်ယောက်စလုံးက အတန်းတူ မေဂျာတူ အတော်ကြီးရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ နောက်တော့ သူတို့နှစ်ယောက်ဟာ ဆိုင်အပြင်ဖက်က ခုံတန်းလေးမှာ ခဏထိုင်ပြီး အမောဖြေရင်း အလ္လာပ သလ္လာပ ရောက်တတ်ရာရာ စကားတွေ ပြောနေကြတာပေါ့။ ရုံးပိတ်ရက်မို့ ဈေးလာဝယ်ကြတာဆိုတော့ လက်ထဲမှာလည်း အထုတ်တွေ ကိုယ်စီနဲ့။ ဖြစ်ချင်တော့ အဲဒီသူငယ်ချင်းမ ဝယ်လာတဲ့ အဝတ်လျှော် ဆပ်ပြာရည်ဗူးက အဖုံးမလုံပဲ ဆပ်ပြာရည်တစ်ချို့ ဖိတ်ကျလာတယ်။ ဒီအခါမှာ သူက သူငယ်ချင်းမကို ကူညီလိုစိတ်နဲ့ "ငါ့အိတ်ထဲမှာ တစ်ရှူးတွေရှိတယ်၊ အခုပဲ ဝယ်လာတာ အဲဒါနဲ့ ယူသုတ်လိုက်လေ..." လို့ ပြောသတဲ့။ သူငယ်ချင်းမကလည်း သူ့ ဈေးဝယ်အိတ်တွေထဲ တစ်ရှူးထုတ်ကို လိုက်ရှာတယ်။ ဒါပေမဲ့ ရှာမတွေ့တော့ "ဟဲ့ နင့်တစ်ရှူးထုတ်က ဘယ်မတုန်း..." လို့ လှမ်း မေးလိုက်တယ်။ ဒီတော့သူက ဒီမှာလေဟာ ဆိုပြီး သူ အခုနက ဝယ်လာတဲ့ တစ်ရှူးထုတ်ကို ထုတ်ပေးလိုက်သတဲ့။

အဲဒီအခါမှာ သူငယ်ချင်းမက အလန့်တကြားနဲ့ "ဟဲ့ နင့်ဟာကြီးက ဘာကြီးလဲ တစ်ရှူးမှ မဟုတ်တာ..." လို့ ထအော်တာပေါ့။ ဘေးပတ်ဝန်းကျင်မှာကလည်း ဈေးသွား ဈေးလာတွေ စည်စည်ကားကားရှိနေလေတော့ ရုတ်တရက် သူလည်း လန့်သွားတယ်။ အထုတ်ကြီးကလည်း လက်ထဲမှာ ကိုင်ရက်သား၊ ဘာလုပ်လို့ လုပ်ရမှန်းကလည်း မသိ၊ သူငယ်ချင်းမက ရှက်ပြီး မျက်နှာတွေနီလာတာ တွေ့လိုက်ရတော့ သူ တစ်ခုခုတော့ မှားယွင်းနေပြီ လို့ ခပ်ရေးရေး သဘောပေါက်လာသတဲ့။ အဲဒါနဲ့ သူလည်း ရှက်ရှက်နဲ့ "ဒါဆို နင်ပဲ ယူသွားလိုက်လေ..." လို့ ပြောပြီး အဲဒီအထုတ်ကို သူငယ်ချင်းမလက်ထဲ အတင်း လှမ်းပေးလိုက်တယ်။ ဟိုကလည်း"ဟာ မယူပါဘူး ငါက ဘာလို့ ယူရမှာလဲ..." ဆိုပြီး သူ့ ပြန်ထိုးပေးပြီး ငြင်းတာပေါ့။ ဖြစ်ပုံကို မြင်ယောင်ကြည့်ပါ… အင်မတန်လူစည်ကားတဲ့ ဆိုင်ရှေ့မှာသူက အဲဒီအထုတ်ကို အတင်းထိုးပေး၊ မိန်းကလေးက ရှက်ရှက်နဲ့ မယူပါဘူး လို့ ငြင်း။

နောက် ဘယ်လို ပြေလည်သွားကြသလဲ လို့ သူတို့နှစ်ယောက်ကို မေးတော့ လွှင့်ပစ်လိုက်သလိုလို ပြောကြတာပဲ။ တစ်ခါ တစ်ခါ စကားတွေ နည်းနည်း ကားလာတဲ့အခါမျိုးမှာတော့ သူငယ်ချင်းမက ငါနဲ့မှ မတော်တာ… လို့ ကယောင်ကတမ်း ပြောတယ်လို့ သူက ဖွတယ်။ သူကိုယ်တိုင်ကလည်း ရိုးသားသူဆိုတော့ အော်… မတော်ဘူးဆိုတာ ဟုတ်မှာပါလေ ဆိုပြီး အနီးက အမှိုက်ပုံးထဲကို သွားထည့်လိုက်တယ်လို့လည်း ပြောကြသေးတယ်။ ဘယ်ဟာက အမှန်လည်းတော့ ခုထိ မသိဘူး။

ပြဿနာက အဲဒီမှာတင် ရပ်မသွားဘူး။ အကြောင်းစုံကို ရိပ်မိသွားတဲ့ သူက သူငယ်ချင်းမကို ညှိနှိုင်းပြီး အဲဒီကိစ္စကို တိုးတိုးတိတ်တိတ်နေဖို့ နှုတ်ပိတ်သတဲ့။ "သူ မသိလို့ မှားဝယ်လာခဲ့မိတဲ့ ကိစ္စ… အဲဒီကိစ္စကို နင်ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ ဒီမနက်စာ နင်ကြိုက်တာ စားပါ၊ ငါ ၀ယ်ကျွေးပါ့မယ်..." လို့ ပြောသတဲ့။ ဒီတော့ သူငယ်ချင်းမကလည်း သဘောတူတယ်။ အေး… ငါ့ကို KFC ဝယ်ကျွေး… ငါဘယ်သူ့ကိုမှ ပြန်မပြောပါဘူး လို့ ကတိပြုလိုက်တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းက ဆိုင်လေးမှာ KFC သွားစားကြတယ်၊ စားပြီးတော့ လမ်းခွဲပြီး အိမ်ပြန်သွားကြတာပေါ့။

အိမ်ရောက်တော့ သူငယ်ချင်းမက အဲဒီအဖြစ်ကို ပြန်တွေးတိုင်း လူးလှိမ့်ပြီး ရယ်နေမိသတဲ့။ အဲဒီလိုနေရင်းက ညနေလောက်ကျတော့ စားထားတဲ့ KFC ကြက်ကြော်ကလည်း အစာကြေပြီး ဗိုက်တောင် ပြန်ဆာသလိုလို ဖြစ်နေပြီ ဆိုတော့ ကတိတွေ ဘာတွေလည်း မေ့ပြီပေါ့။ အဖြစ်ကလည်း သိပ်ရယ်ချင်စရာကောင်းတော့ သူ ဘယ်လိုမှ မနေနိုင်တော့ဘူး တစ်ယောက်ယောက်ကို အရမ်းပြောပြချင်နေတာ။ နှုတ်ပိတ်ခ ကျွေးတာတွေ စားထားမိလေတော့အရင်ဆုံး သူ့ကို အသိပေးဖို့ လိုမယ်ထင်ပြီး ဖုန်းဆက်သတဲ့… "ဟဲ့… ငါတော့ မနေနိုင်တော့ဘူး နင်ကျွေးတဲ့ KFC တွေလည်း အစာကြေသွားပြီ… ငါ ဖွတော့မယ်..." လို့အတိအလင်း ကြေငြာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆီကို ဖုန်းဆက်ပြီး အကြောင်းစုံ ပြောတော့တာပဲတဲ့။

"အဲဒီကောင်က မလည်မ၀ယ်နဲ့ မျက်နှာသုတ်ဖို့ တစ်ရှူးဆိုပြီး ဝယ်လာတာ ဟိုဟာကြီးဖြစ်နေတာဟဲ့…" ဘာညာပေါ့။ ငါ့ကို နှုတ်ပိတ်တဲ့အနေနဲ့ နေ့လည်စာ ကျွေးပါတယ်… အခုတော့ ငါ ဘယ်လိုမှ မအောင့်နိုင်တော့လို့ နင်တို့ကို အဲဒါ လှမ်းပြောတာ… ဆိုပြီး တစ်ကျွန်းလုံး ရှိသမျှ သူငယ်ချင်းတွေဆီ ဖုန်းဆက်လိုက် ရယ်မောလိုက်နဲ့ တစ်ညနေ ကုန်ပါလေရော။ စလုံးမှာ သူပြောစရာ လူကုန်တော့ နောက်ဆုံး ရန်ကုန်က သူငယ်ချင်းတွေဆီကိုပါ ဖုန်းခတွေအကုန်ခံပြီး ဆက်ပြောတာတဲ့။ အဲဒီလို…

နောက်ပိုင်းမှာ သူငယ်ချင်းတွေ ဆုံတိုင်းလည်း အဲဒီအကြောင်းပဲ ပြန်ပြန်ပြောကြ၊ ရယ်ကြ၊ မသိလို့ မှားဝယ်တဲ့သူကိုလည်း ရယ်၊ နင်ယူသွားပါလားလို့ အပေးခံရတဲ့သူကိုလည်း ရယ်၊ ငါနဲ့ မတော်ဘူးလို့ တကယ် ပြန်ပြောလိုက်တာလားလို့ မေးရင်း ထပ်ရယ်၊ ကျွေးတာတွေ စားပြီး ဗိုက်ချောင်လာတော့ငါ မနေနိုင်တော့ဘူးလို့ တရားဝင် အသိပေးပြီး ဖွတဲ့အကြောင်း ပြောပြီးတော့ ရယ်… ရယ်လို့ကို မဆုံးနိုင်တာ။

အဲဒီကိစ္စက အဲဒီမှာတင် ပြီးသွားလားဆိုတော့ မဟုတ်ပြန်ဘူး။ နောက် တစ်နှစ်လောက်ကြာတော့ အဲဒီ ဖိုးသခွားလေးနဲ့ အကြောင်းပါမဲ့ ဇနီးလောင်းဟာ စင်္ကာပူ ရွှေမြို့တော်ကြီးကို အလည်အပတ် ရောက်လာသတဲ့။ ဇနီးလောင်းကလည်း အတန်းတူ ငယ်သူငယ်ချင်းတွေပဲဆိုတော့ကာ သူနဲ့အတူ သူငယ်ချင်းတွေအများကြီးက လေဆိပ်မှာ တပျော်တပါး သွားကြိုကြတယ်။ ပြီးတော့ လေဆိပ်က အပြန်လမ်း MRT ပေါ်မှာတင် အခုနက ကိစ္စကို သူငယ်ချင်းတွေက ပြန်ပြောကြတယ်၊ အုံးအုံးကြွက်ကြွက် ရယ်ကြပြန်တယ်။ ဖိုးသခွားလေးကတော့ သူ့ရဲ့ ရိုးဂုဏ်ကို မတော်ရသေးတဲ့ ဇနီးလောင်းရှေ့မှာ အခုလို ဖေါ်ထုတ်ခွင့်ရတာ ဆိုတော့ ပီတိတွေဖြာပြီး တပြုံးပြုံးနဲ့ နားထောင်နေတာပေါ့။

ငယ်သူငယ်ချင်းတွေဆိုတော့ ထုံးစံအတိုင်း နာမည်တွေ တပ်ခေါ် နင်တစ်လုံး ငါတစ်လုံးနဲ့ အားပါးတရ ပြောဆိုကြတာ။ သူတို့ ပြောနေ ရယ်နေတုံးမှာ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကလေးမလေးတွေကပါ တခိခိနဲ့ ရယ်နေကြတာကို ဖြစ်ကြောင်းရယ်ကုန်စင် အစအဆုံး ပြောအပြီးမှာမှ သူတို့ သတိထားမိကြတယ်။ ဖြစ်ချင်တော့ အဲဒီကလေးမလေးတွေက ပိုလီတက်နေတဲ့ မြန်မာကျေင်းသူလေးတွေ၊ ဒီလိုနဲ့ အဲဒီသတင်းဟာ အင်ဂျင်နီယာတွေကြားထဲမှာသာမက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပိုလီက ကျောင်းသားကျောင်းသူတွေကြားထဲမှာပါ ပျံ့နှံ့သွားတော့တာ… ပျံ့တာမှ နာမည်နဲ့ကို အတိအကျတပ်ပြီး ပျံ့သွားလေတာ။

တကယ်က အဲဒီသူငယ်ချင်းက ကျောင်းမှာထဲက နာမည်ကြီး၊ အရမ်းရယ်စရာ ပြောတတ်တာ။ ဟာသဥာဏ်လည်း သိပ်ရှိတာ။ အတန်းထဲမှာ တစ်ခုခုဆို သူ့အသံကျယ်ကြီးနဲ့ အော်လိုက်ရင်လည်း အမြဲရယ်ရတာ။ စကားဝိုင်းတွေမှာ သူပါရင် ဘယ်သူမှ ပါးစပ်မပိတ်ရအောင်ကို ရယ်ရတာ။ ကိုယ်တွေနဲ့ကလည်း သူငယ်ချင်းသက်တမ်း နှစ်ပေါင်း သုံးဆယ်နီးပါးဆိုတော့ တကယ့် ပြောမနာ ဆိုမနာတွေ၊ အိမ်လာလည်ရင်လည်း သူပြောသမျှ စကားတွေကို နားထောင်ပြီး ဖေဖေ မေမေတို့ပါ အသားကုန်ရယ်ရတာ။ အဲဒါ ဟိုတစ်ပတ်က သူငယ်ချင်းတွေ ဆုံကြတော့လည်း အဲဒီကိစ္စကို ပြန်ပြောကြတယ်။

သူက ပြောတယ်။ ဈေးအကြီးဆုံးဟာကို ရွေးဝယ်လာတာပါတဲ့… အထုတ်ပေါ်မှာရေးထားတဲ့ စာကိုလည်း သေသေချာချာ ဖတ်ခဲ့ပါတယ်တဲ့… ချွေးထွက်သန်တဲ့သူဆိုတော့ Heavy Flow ဆိုတော့ အံကိုက်ပေါ့ တဲ့။ နောက်ပြီး အထုတ်ပေါ်မှာ ပုံလေးကလည်း ပြထားသေးတယ်မဟုတ်လားတဲ့၊ Wing ဆိုတဲ့ အတောင်ပံလေးနဲ့ ဆိုတော့ကာ ပြည့်ပြည့်ဖေါင်းဖေါင်း သူ့မျက်နှာကို အသေအချာ ကာမိတာပေါ့တဲ့… အဲဒါတွေကြောင့် သူ အခုလို ရွေးချယ် ပြီး ဝယ်လာရတာပေါ့တဲ့။ သူ တကယ်ကြီးကိုပဲ မသိတာပါတဲ့။ သူဟာ မိန်းကလေးတွေနဲ့ ပတ်သက်ရင် အင်မတိ အင်မတန်ကို ရိုးသားတဲ့သူတစ်ယောက်ပါ တဲ့။ ပြီးတော့ ဆက်ပြောသေးတယ် အဲဒီအချိန်တုန်းက တီဗီမှာ တင်မိုးလွင် ကြော်ငြာ မလာသေးဘူးလေဟာ တဲ့။ အဲဒီကြော်ငြာမျိုးတွေ ကြည့်ဖူးရင်တော့ ငါ သိမှာပေါ့တဲ့… ငါက သိပ်ရိုးသားတာ နင်တို့သိတဲ့အတိုင်းပဲ ဆိုတာက ပါသေး။ ကျွန်မတို့မှာ ရယ်ရတာ မျက်ရည်ကို ထွက်ရော…

သူ့စကားဆုံးတော့ နင်ယူသွားလိုက်လို့ မေတ္တာလက်ဆောင် အပေးခံရတဲ့ သူငယ်ချင်းမဖက်ကို လှည့်ပြီး သေသေချာချာ စစ်ဆေး မေးမြန်းကြပြန်တယ်။ နင်နဲ့ မတော်ဘူးလို့ တကယ်ကြီး ပြောလိုက်တာလား၊ နင် ယူမလာခဲ့တာ သေချာလား ဆိုပြီးတော့ မေး၊ အူတက်အောင် ထပ်ရယ်။ သူကလည်း ရှက်ရှက်နဲ့ထူပူနေတော့ တော်တယ်ပြောလိုက်လား မတော်ဘူး ပြောလိုက်မိလား ဆိုတာတောင် သဲသဲကွဲကွဲ မှတ်မိတော့ပုံ မရပါဘူး။ ဘာပဲဖြစ်ဖြစ် ရယ်ရတာတော့ အရမ်းပဲ။ အခုတော့ သူငယ်ချင်းမကလည်း အတန်းထဲက သူငယ်ချင်းတစ်ယောက်နဲ့ အိမ်ထောင်ကျ၊ သူကလည်း ခုနကပြောခဲ့တဲ့ ဇနီးလောင်းဆိုသူနဲ့ အိမ်ထောင်ကျပြီး သားသမီး သုံးယောက်နဲ့၊ သာသာယာယာပါပဲ။

သူ့အကြောင်းတွေ သူ့ဟာသတွေ ရေးပြရရင် ဆုံးမှာမဟုတ်ဘူး။အခုတော့ ဒီမှာပဲ ရပ်ထားလိုက်ဦးမယ်။ နောက်များမှ အဆင်ပြေရင် သူ ခွင့်ပြုရင်ထပ်ရေးပါအုံးမယ်။

12 comments:

  1. Heavy Flow အတောင်လေးနဲ့ တဲ့ ဟိ ဟိ

    ReplyDelete
  2. ဖတ်နေရင်းနဲ့ ရယ်လိုက်ရတာ။ ဇွန်တို့က အင်ဂျင်နီယာအသိုင်းအ၀ိုင်းက မဟုတ်လို့ အဲဒီ့ကိစ္စ မသိခဲ့ဘူး ထင်တယ်နော်။ :D ခု... မမသက်ဝေကြောင့် သိသွားပြီ။ :P

    ReplyDelete
  3. ဖြစ်ရလေ ...တချို့ ယောက်ကျားလေးတွေကအဲလိုပါဘဲလေ...ဟီးးဟီးး

    ReplyDelete
  4. First, I thought this post is abt food 😬😬

    ReplyDelete
  5. ခွီး ခွီး ခွီး။ ရယ်သာ ရယ်လိုက်ရတယ်။ ဖိုးသခွါးဝယ်လိုက်တဲ့ တစ်ရှူးထုပ်ကြီးက ဘာထုပ်ကြီးမှန်း ခုထိ သိသေးဘူးးးးးးး)

    ReplyDelete
  6. ပြန်ဖတ်ပြီး.. ပြန်အူလိမ့်နေ.. ခိခိ.. ဝါးဟားဟားဟား.. 😄😄😃😂

    ReplyDelete
  7. ကံက သူ့ ဖက်မှာရှိခဲ့ပါတယ် မသက်ဝေရေ။
    လူရှေ့ မှာတစ်ယောက်တည်းခန့် ခန့် ကြီးအထုတ်ဖေါက်မျက်နှာကချွေးတွေသုတ်မှပိုရှက်ရမှာ။ ဥပမာရထားစီးနေတုန်းတို့ ဘာတို့ ပေါ့။
    အဲလိုသူငယ်ချင်းမျိုးခဏခဏတွေ့ ဒါမှအသက်ရှည်မှာများမျာရယ်ရလို့ ။း)
    အိုင်အိုရာ

    ReplyDelete
  8. မသက်ရဲ့...ပို့စ်လေးဖတ်ပြီး...တခွိခွိဖြစ်နေလို့...အနားမှာရှိတဲ့...ညီမနဲ့တူမလေးတွေလည်း..မနေနိုင်မထိုင်နိုင်..လာဖတ်ကြရင်း..၀ါးလုံးကွဲရယ်နေတာကြောင့်..မနေ့က..ခွက်ထိုးခွက်လန်ရယ်နေတဲ့ပုံလေး...တင်လိုက်တယ်..မသက်ရေ.. ♥♥♥

    ReplyDelete
  9. တီတီသက်တို့က အာ့မိုး လက်စွမ်းထက်တာတွေ့လား တွေ့လား အချစ် အလွမ်း ဟာသ ဘာလာလာပဲ...း))

    ReplyDelete
  10. ဒီမှာ တစ်ယောက်တည်း ဘုရားတ လိုက်..
    တခွိခွိ ရယ်လိုက် ဖြစ်ကုန်ပြီ...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...