မနက်စောစော ရုံးခန်းအတွင်းသို့ လှမ်းအဝင်၊ ကျွန်မ၏ အလုပ်စားပွဲပေါ်တွင် ဖဲပြား နီညိုရောင်ဖြင့် လှပသေသပ်စွာ စည်းနှောင်ထားသော လေးထောင့်စပ်စပ် ဗူးကလေးတစ်ခုကို တွေ့လိုက်ရသည်။ ဗူးကလေး၏ အရွယ်မှာ တစ်ပေ ပတ်လည်ခန့်ရှိသည်။ ထိုဗူးကို ဖွင့်ကြည့်စရာ မလိုအပ်ပါ။ အထဲမှာ ရှိနေသော ပစ္စည်းကို ကျွန်မ အတပ်သိနေခဲ့သည်။ ထိုဗူးကလေးကို လက်ဖြင့် မထိချင်၊ မကိုင်ချင်သလို ဖြစ်နေပြီး တစ်ချိန်ထဲမှာ ကျွန်မ စိတ်အတွေးထဲ၊ ကျွန်မရင်ထဲသို့ ဝမ်းနည်းစိတ်တစ်ချို့နှင့်အတူ နောင်တများက တိုးဝှေ့ ဝင်ရောက် လာခဲ့တာဖြစ်သည်။ ထိုနောင်တတို့နှင့်အတူ နေရာတကာ အချိန်ဆွဲတတ်သော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ မည်သို့ပင်ဖြစ်စေ နာရီလက်တံများကတော့ သူ့အလုပ် သူလုပ်ရင်း တစ်ရက်ပြီးတစ်ရက် တရွေ့ရွေ့နှင့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
******
သည်အချိန်ဆိုလျှင် အနီးအနားက ဈေးဆိုင်တန်းလေးတွေမှာ၊ ရပ်ကွက်ထဲက စူပါမားကက် ခပ်သေးသေးတွေမှာ၊ နာမည်ကြီးလမ်းတွေပေါ်က စူပါမားကက် အကြီးကြီးတွေမှာ၊ နာမည်ကြီး ဟိုတယ်များနှင့် နာမည် သိပ်မကြီးသော ဟိုတယ်များမှာပါ အရောင်စုံ ပုံသဏ္ဌာန်စုံ၊ ထုတ်ပိုးပုံ ဒီဇိုင်း အစုံ အလင်နှင့် Moon Cake ဟု ခေါ်ကြသော လမုန့်များကို သူ့ထက်ငါ အပြိုင်အဆိုင် ရောင်းချနေသည်ကို တွေ့ကြရမည် ဖြစ်သည်။ ထိုလမုန့်များမှာ ကျွန်မတို့ မြန်မာပြည်က မန္တလေး ဧလမုန့်များကဲ့သို့ ခပ်ပါးပါး ခပ်ပြားပြား မဟုတ်၊ လက်နှစ်လုံးသာသာ အထူရှိပြီး အထဲတွင် Red Bean သို့မဟုတ် Lotus Seed ဖြင့်ပြုလုပ်ထားသော အနှစ်များကို ဌာပနာထားသော တရုတ်ရိုးရာ မုန့်တစ်မျိုးဖြစ်သည်။ ထိုဌာပနာများထဲတွင် ဆားစိမ် ဘဲဥ အနှစ် တစ်လုံး (သို့မဟုတ်) နှစ်လုံး ထည့်ထားတတ်ကြသည်။ ထိုအနှစ် တစ်လုံး၊ နှစ်လုံး ပါဝင်မှုကိုလိုက်၍ ဈေးနှုန်းလည်း ကွာခြားလေသည်။ မုန့်၏ အပေါ်မျက်နှာပြင်တွင်မူ တရုတ်စာလုံးများ ရေးထိုး ပုံဖေါ်ထားသေးသည်။
Mid-Autum Festival ဟု သတ်မှတ်ကြသော ထိုလမုန့်ပွဲတော်သည် ကျွန်မတို့ဆီမှ သီတင်းကျွတ်ပွဲတော်နှင့် ခပ်ဆင်ဆင်တူသည်ဟု ပြောရမလိုပင်။ ထိုအချိန်ကာလများတွင် လမုန့်များကို ဝယ်ယူကာ သက်ကြီးရွယ်အို မိဘ ဖိုးဖွားများ၊ ဆရာသမားများကို ဂါရဝပြုကြသည်။ လုပ်ငန်းသဘာဝအရ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အဆက်အသွယ်ပြုနေကြရသော အလုပ်ဌာနများတွင်လည်း ရုံးတစ်ရုံးမှ တစ်ရုံး လက်ဆောင်အဖြစ် ပေးပို့တတ်ကြသည်။ ထိုအချိန်မျိုးတွင် ရုံးတိုင်းလိုလိုမှာ လမုန့်များ အလျှံအပယ်။ ထို့ကြောင့်လည်း သည်အချိန် သည်ကာလ သည်မနက် ကျွန်မစားပွဲပေါ်မှာ တွေ့လိုက်ရသော လေးထောင့်ဗူးလေးမှာ လမုန့်ဗူး ဖြစ်သည်ဟု ကျွန်မ အတပ်သိနေခဲ့ခြင်း ဖြစ်သည်။ လမုန့်ဟု သိလိုက်သည်နှင့် တပြိုင်နက် ကျွန်မ စိတ်မကောင်းစွာ နောင်တ ရနေခဲ့ခြင်းလည်း ဖြစ်ပါသည်။
******
ကျွန်မ နေအိမ်မှ ဆယ်မိနစ်ခန့် လျှောက်ရသော နေရာတွင် အမိုးနီနီမိုးထားသော ကားမှတ်တိုင်လေး တစ်ခုရှိပါသည်။ ဘတ်စ်ကား သုံးမျိုးသာ ရပ်လေ့ရှိသော ကားမှတ်တိုင်ငယ်လေးတစ်ခု ဖြစ်သော်လည်း လူနေထူထပ်သော ရပ်ကွက်ဖြစ်သောကြောင့် ထို မှတ်တိုင်လေးတွင် ကားစောင့်နေသူ တစ်ဦးမဟုတ် တစ်ဦး အမြဲရှိနေတတ်ပါသည်။ ကျွန်မ အလုပ်သွားချိန်မှာ နံနက် ခြောက်နာရီခွဲဖြစ်ပြီး ထိုအချိန်တွင် ကျွန်မလိုပင် အလုပ်သွားမည့်သူများ၊ တွန်းလှည်းလေးများဖြင့် ဈေးဝယ်သွားမည့်သူများ၊ ကျောင်းဝတ်စုံကိုယ်စီဖြင့် ကျောင်းသား ကျောင်းသူကလေးများဖြင့် မှတ်တိုင်ကလေးသည် စည်ကားလျက်ရှိနေပြီ ဖြစ်သည်။ အလုပ်သွား အလုပ်ပြန် ကျွန်မစီးရသော ကားနံပါတ်မှာ ၂၁၆ ဖြစ်ပါသည်။ မနက် ခြောက်နာရီခွဲတိတိတွင် ထိုဘတ်စ်ကားသည် မှတ်တိုင်ကလေးသို့ အချိန်မှန်မှန် ရောက်လာတတ်သည်။ တစ်ခါတစ်ရံတွင်မူ တစ်မိနစ် နှစ်မိနစ်ခန့် နောက်ကျတတ်၏။ အမှောင်ကောင်းကောင်း အပြယ်သေး၊ အလင်းရောင် မသဲကွဲသေးသော နံနက်ခြောက်နာရီခွဲတွင် ထိုကားမှတ်တိုင်လေးမှာ ကျွန်မနှင့်အတူ ဘတ်စ်ကားအမှတ် ၂၁၆ ကို စောင့်နေတတ်သောသူမှာ အသက် ခြောက်ဆယ်ခန့်ရှိမည်ဟု ယူဆရသော အသားဖြူဖြူ ပိန်ပိန်ပါးပါး အရပ်မနိမ့်မမြင့်နှင့် အဖိုးအိုလေးတစ်ယောက် ဖြစ်သည်။
နေ့စဉ် နံနက်တိုင်း အလုပ်သွားချိန်များမှာ ကားတစ်စီးထဲ အတူစီးကာ ခရီးသွားရသောကြောင့် သူ့၏ လှုပ်ရှားသွားလာပုံများနှင့် သူ့ဟန်ပန်ကို ကြည့်ကာ သူ့အသက်ကို ခြောက်ဆယ်ခန့်ဟု ကျွန်မ မှန်းဆသော်လည်း တခြားသူများသာဆိုလျှင် သူ့ခေါင်းပေါ်မှာ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော ဆံပင်ကျဲကျဲနှင့် အတန်ငယ် အိုမင်းရင့်ရော်နေသော နီကျင့်ကျင့် မျက်နှာကို ကြည့်ကာ သူ့အသက်ကို သည့်ထက်မက မှန်းဆ ကောက်ချက်ချမည်မှာ သေချာသလောက်ပင်။ ထိုသို့ မနက်တိုင်း အချိန်မှန် ကားစောင့်စီးကြရင်း တစ်လကျော် နှစ်လခန့် ကြာလာသောအခါ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် အတော်လေး မျက်မှန်းတန်းမိလာကြသည်။ အဖိုးအိုလေးသည် နေ့စဉ် ကျွန်မ မရောက်ခင် ကားမှတ်တိုင်သို့ အရင်ရောက်နေလေ့ရှိသည်။ တစ်ဦးကို တစ်ဦး မျက်မှန်းတန်းလာသော အခါတွင် ကားမှတ်တိုင်လေးကို ရောက်သွားတိုင်း အမှတ်မထင်သော်လည်းကောင်း၊ မှတ်မှတ်ထင်ထင်သော်လည်းကောင်း ထိုအဖိုးအိုလေးကို ကျွန်မ ရှာကြည့်တတ်လာသည်။ သူကလည်း ကျွန်မ ရောက်သွားချိန်များတွင် ကျွန်မ၏ ဒေါက်ဖိနပ်သံကြောင့်လားတော့ မသိ၊ ကျွန်မကို နောက်ခိုင်း ထိုင်နေရာမှ မသိမသာ စောင်းငဲ့ ကြည့်တတ်လေသည်။ သူ့အကြည့်များထဲတွင် ခရီးဖေါ်တစ်ယောက်အဖြစ် အသိအမှတ်ပြုသော အရိပ်အရောင်များ ပါဝင်နေသည်ကို ကျွန်မ ခံစားမိပါသည်။
ကျွန်မ၏ အလုပ်မှာ တစ်ပတ်ကို ခြောက်ရက် ဆင်းရသော်လည်း ထိုအဖိုးလေးကတော့ တစ်ပတ်လျှင် ငါးရက်သာ သွားရလေသည်။ ထိုအခါ စနေနေ့ မနက်ပိုင်းများတွင် သူ့ကို မတွေ့ရတတ်ပါ။ အညိုရောင် သားရေအိတ်ငယ်ကလေး တစ်လုံးကို ကိုင်ဆောင်ထားပြီး နံနက်တိုင်း အချိန်မှန် တွေ့ရသောကြောင့် သူ အလုပ်သွားသည်ဟု ကျွန်မ ကောက်ချက်ချမိသော်လည်း တကယ် ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်။ အေးအေးဆေးဆေး သက်တောင့်သက်သာ လှုပ်ရှားသွားလာပုံကို ကြည့်ခြင်းအားဖြင့် ချစ်စဖွယ် မြေးငယ်လေးများကို အချိန်မှန် သွားရောက် ထိန်းကျောင်းပေးနေသူ အဖိုးလေးတစ်ယောက်ရော မဖြစ်နိုင်ဘူးလားဟု ကျွန်မ တွေးကြည့်မိပါသေးသည်။ ကျွန်မ အလုပ်ကို ရောက်ရန် ထိုဘတ်စ်ကားကို တစ်နာရီခွဲခန့် စီးရပါသည်။ သူကမူ ကျွန်မ ဆင်းလေ့ရှိသော မှတ်တိုင်ကို ကျော်လွန်ပြီး ဆက်စီးသွားတတ်ပါသည်။ ဘယ်လောက်ဝေးဝေး ဆက်စီးသွားရသည်ကို ကျွန်မ မသိပါ။
နေ့စဉ် နံနက် ခြောက်နာရီခွဲလုလုတွင် မှတ်တိုင်လေးသို့ ကျွန်မ ရောက်သွားတိုင်း သူသည် ခုံတန်းလေးမှာထိုင်လျက် ကားလာရာ လမ်းမဖက်သို့ မသိမသာ မျှော်ငေးနေတတ်သည်။ ဟိုး ခပ်ဝေးဝေးမှ ကားလာနေသည်ကို မြင်လျှင် သူက ဟိုမှာ ငါတို့ စီးရမဲ့ ကားလာနေပြီ ဟူသော သဘောဖြင့် ကျွန်မကို တစ်ချက် လှည့်ကြည့်မည်။ မှတ်တိုင်လေးရှေ့မှာ ကားရောက်လာလျှင် မရယ် မပြုံး မျက်နှာတည်တည်ဖြင့် အသာ မေးဆတ်ပြ၊ တစ်ခါတစ်ရံတွင် ခေါင်းညိတ်ပြကာ ကျွန်မကို အရင်ပေးတက်လိမ့်မည်။ ကျွန်မ တက်ပြီး အနောက်မှ သူက လိုက်တက်လေ့ရှိသည်။ နေ့စဉ် သူ ထိုင်လေ့ရှိသောနေရာမှာ ကားမောင်းသူ၏ နောက်တည့်တည့် တစ်ယောက်သာ ထိုင်နိုင်သော ခုံကလေးဖြစ်သည်။ ကျွန်မကမူ သူ့အနောက်တည့်တည့် ပြတင်းပေါက်နံဘေးတွင် ထိုင်လေ့ရှိပါသည်။
ကားစီးချိန် တစ်နာရီခွဲအတွင်းမှာ အနည်းငယ် ပျင်းရိစွာ လမ်းဘေးဝဲယာကို ငေးမောရင်း ကျွန်မ အတွေးများ ဟိုရောက် သည်ရောက်နှင့် ပျံ့လွင့်နေတတ်သည်။ လန်းလန်းဆန်းဆန်းရှိသောနေ့များတွင် ကားပေါ်မှာ ကျွန်မ စာဖတ်လေ့ရှိပါသည်။ တစ်ခါတစ်ရံတွင်မူ နားကြပ်ကို နားထဲထည့်ကာ ဖုန်းထဲမှ သီချင်းသံကို မျက်စိမှိတ် နားထောင်ရင်း ငိုက်မြည်းကာ လိုက်ပါသွားတတ်ပါသည်။
******
ထိုနေ့မနက်က ကျွန်မ ညဖက် ကောင်းကောင်း အိပ်မပျော်ခဲ့သောကြောင့် မကြည်လင် မလန်းဆန်းပဲ အိပ်ချင်စိတ်ကသာ ကြီးစိုးနေပါသည်။ ကားပေါ်တွင် ကျွန်မ၊ ထို အဖိုးအိုလေးနှင့် နောက်ထပ် ခရီးသည် အမျိုးသမီး တစ်ယောက်၊ ကားမောင်းသူပါ ထည့်ရေတွက်မှ စုစုပေါင်း လေးယောက်သာ။ ထိုအခါ ကားပေါ်မှ လေအေးပေးစက်ကလည်း လိုအပ်သည်ထက် ပို၍ အေးစိမ့်နေခဲ့ပါသည်။ ဝတ်လာသော အနွေးထည်ကို ကြယ်သီးအပြည့်တပ်ရင်း ခေါင်းကို နောက်ဖက်သို့ အသာမှီကာ မှိန်းနေလိုက်မိပါသည်။ တွေ့ကရာနေရာတွင် လွယ်လင့်တကူ အိပ်ပျော်လေ့ရှိသူ မဟုတ်သောကြောင့် ကျွန်မ ဆင်းရမည့် မှတ်တိုင်ကျော်သွားမှာ အနည်းငယ်မျှ မပူပင်တတ်ခဲ့ပါ။ သို့သော် ထိုမနက်က ကျွန်မ တကယ် အိပ်ပျော်သွားခဲ့ပါသည်။ ဆင်းရမည့်မှတ်တိုင်သို့ ရောက်သော်လည်း ကျွန်မ အိပ်ပျော်နေဆဲ။ ထိုအခါ အဖိုးအိုလေးက ကျွန်မ ထိုင်နေသော ခုံတန်းလေးအထိ လျှောက်လာပြီး ခုံကို အသာ ပုတ်ကာ နှိုးခဲ့ပါသည်။ ကားမောင်းသူကလည်း ကျွန်မ နိုးအလာကို စိတ်ရှည်လက်ရှည် စောင့်ပေးနေခဲ့ပါသည်။ ခုံကို ပုတ်လိုက်သော အသံကြောင့် ကျွန်မ နိုးလာပြီး ရှက်ရှက်နှင့် ကျေးဇူးတင်စကားကို ခပ်သွက်သွက်ပြောကာ ကားပေါ်မှ ဆင်းခဲ့ပါသည်။
ထိုနေ့မှအစပြုကာ ကျွန်မ ဆင်းရမည့် ကားမှတ်တိုင်သို့ ရောက်ခါနီးတိုင်း အဖိုးအိုလေးက ကျွန်မကို သမင်လည်ပြန် လှည့်ကြည့်တတ်လာတာဖြစ်သည်။ ကျွန်မ အိပ်ပျော်မနေပဲ ဆင်းရန် အသင့်အနေအထားကို မြင်လိုက်ရသောအခါတွင်မှ စိတ်ချသွားသော အမူအယာမျိုးဖြင့် တစ်ဖက်ကို ပြန်လှည့်သွားတတ်ပါသည်။ ရံဖန်ရံခါ ကျွန်မ မျက်စိကို အသာမှိတ်၍ မှိန်းနေတတ်သော်လည်း ဆင်းရမည့် မှတ်တိုင်မရောက်ခင်တွင် ကျွန်မကို သူ လှည့်ကြည့်နေလိမ့်မည် ဟု မသိစိတ်က သတိရနေကာ ရုတ်တရက်ဆိုသလို မျက်လုံး ပွင့်သွားတတ်ပါသည်။ ထိုအချိန်တွင် မှတ်တိုင်ပါသည် ဟူသော သဘောဖြင့် နှိပ်ထားသော အချက်ပေးသံနှင့် အတူ ကျွန်မ တွေးထင်ထားသကဲ့သို့ပင် ကျွန်မကို အနည်းငယ် ပူပန်သော မျက်နှာမျိုးဖြင့် လှည့်ကြည့်နေတတ်သော အဖိုးအိုကို တွေ့ရပါသည်။ အမှန်ဆိုရလျှင် သူထိုင်နေသောနေရာမှ အနောက်တည့်တည့်ဆီသို့ လှည့်ကြည့်ရသောအလုပ်မှာ သူ့လို အသက်အရွယ်ရ လူကြီးတစ်ယောက်အတွက် သက်တောင့်သက်သာ မရှိလှမှန်း သိသာပါသည်။ လူငယ်တစ်ယောက်လို ခေါင်းကို ဆတ်ကနဲ သိသိသာသာ၊ သွက်သွက်လက်လက် ရုတ်တရက် လှည့်လိုက်နိုင်သည် မဟုတ်… ခန္ဒာကိုယ်ကိုပါ အသာ လှည့်ပြီးမှ ခေါင်းကို လှည့်နိုင်ခြင်းဖြစ်လေသည်။ သို့သော် သူသည် ထိုအပြုအမူကို နေ့စဉ်နေ့တိုင်းအတွက် အမြဲ ပုံမှန် ပြုလုပ်လေ့ရှိပါသည်။ အချိန်အားဖြင့် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်မည်ဖြစ်သော ခင်မင်နှစ်လိုဖွယ်ရာ သူ့မျက်ဝန်း အကြည့်များကို စာဖတ်သူများ မြင်သာအောင် ပုံဖေါ်ပြစရာ စကားလုံး ရှာမတွေ့ပါ။ သို့သော် ကျွန်မ ကြိုးစား၍ ရေးပြချင်ပါသေးသည်။
ကျွန်မဆင်းရမည့် မှတ်တိုင်ကို လှမ်းမြင်နေရပြီဆိုလျှင် ကျွန်မထိုင်နေသော အနောက်ဖက်ခုံတန်းလေးကို မြင်နိုင်ရန် ခန္ဒာကိုယ်ကို ဖြေးဖြေးချင်း အရင်လှည့် ပြီးမှ ဦးခေါင်းကို လှည့်လာမည်။ ထို့နောက် ကျွန်မ အိပ်များပျော်နေမည်လား၊ ဆင်းရမည့်မှတ်တိုင် ရောက်တော့မည်ကို မသိပဲ မှိန်းနေမည်လား ဟူသော စိုးရိမ်မှု အရိပ်လက္ခဏာ၊ ကျွန်မက နိုးနိုးကြားကြားနှင့် ရှေ့လာမည့်မှတ်တိုင်တွင် ဆင်းရန် အသင့်အနေအထားကို တွေ့လိုက်ရသော် စိတ်ချလက်ချ ရှိသွားဟန် အကြည့်များ၊ ထိုအခါ ကျေကျေနပ်နပ်နှင့် နှုတ်ဆက်သလို ပြုံးယောင်သမ်းသော မျက်နှာ၊ အသိအမှတ်ပြုသလို ခေါင်းကို အသာဆတ်ပြပြီး တဖက်သို့ ပြန်လှည့်သွားဟန် တို့ကို နေ့စဉ် နေ့တိုင်း မြင်တွေ့ရပါသည်။ တစ်ခါတစ်ရံတွင်မူ လက်ကလေး အသာ မြှောက်ကာ နှုတ်ဆက်တတ်ပါသေးသည်။
ထိုသို့ တစ်ရက်ပြီးတစ်ရက် မပျက်မကွက် တွေ့ရဖန်များလာသောအခါ ကျွန်မစိတ်ထဲတွင် သူ့ကို ဆွေမျိုးသားချင်းတစ်ယောက်ပမာ ခင်တွယ် နှစ်လိုလာခဲ့ပါသည်။ သို့သော် ကျွန်မတို့ တစ်ကြိမ်တစ်ခါမျှ စကားမပြောဖူးကြပါ။ အနည်းဆုံး ဟိုင်း၊ ဟဲလို၊ ဂွတ်မောနင်း ဟူသော နှုတ်ဆက်စကားမျိုးပင် မပြောဖြစ်ကြပါ။ ကျွန်မတို့ နှစ်ယောက်အကြား အသံတိတ် ဆက်ဆံရေးတွင် စိုးရိမ်ပူပန်တတ်သော အကြည့်များ၊ အသိအမှတ်ပြုတတ်သော အကြည့်များ၊ စိတ်ချလက်ချရှိသွားသော အကြည့်များကသာ နေရာယူပါသည်။ ကျွန်မစိတ်ထဲတွင် အဆင်ပြေသော တစ်ရက်ရက်မှာ သူ့ကို မိတ်ဖွဲ့ကာ စကားပြော နှုတ်ဆက်ရန်၊ ကျေးဇူးတင်စကား ပြောရန် တွေးထားမိပါသည်။ ထိုအကြောင်းကို ကျွန်မ၏ ရုံးမှ လုပ်ဖေါ်ကိုင်ဖက်နှင့် စကားစပ်ရင်း ပြောပြမိသောအခါ သူက နောက် သုံးလခန့် အကြာတွင် လမုန့်ပွဲတော် ရှိကြောင်းနှင့် ကျွန်မ သူ့ကို ကျေးဇူးတင်စွာ လေးစား ဂါရဝ ပြုလိုပါက လမုန့်တစ်ဗူးကို လက်ဆောင်အဖြစ် ၀ယ်ပေးနိုင်ကြောင်း၊ ယခုအချိန်မှာ စားဖွယ်သောက်ရာ တစ်ခုခု (သို့မဟုတ်) လက်ဆောင်ပစ္စည်း တစ်စုံတရာကို ရုတ်တရက်ကြီး ပေးလိုက်ပါက အနည်းငယ် ကိုးလိုးကန့်လန့်နိုင်လှကြောင်း (သည်နေရာတွင် သူက odd ဟူသော စကားလုံးကို သုံးနှုန်းပါသည်) ပြောပြပါသည်။ ရည်ရွယ်ချက် ကောင်းမွန်ပြီး ဆီလျော်သော အကြံပြုချက် ဖြစ်သောကြောင့် ကျွန်မ အလွန်ဝမ်းသာသွားပါသည်။ သည်လိုနှင့် တစ်ရက်ပြီး တစ်ရက် ကျော်လွန်လာခဲ့ရာ….
******
တိတိကျကျပြောရလျှင် လမုန့်ပွဲတော်အကြောင်းနှင့် ထိုအဖိုးအိုလေးကို လမုန့် လက်ဆောင်ပေးနိုင်ကြောင်း သိရပြီး တစ်ပတ်တိတိ အကြာ တနင်္လာနေ့ နံနက်တွင်ဖြစ်သည်။ ထိုနေ့က ကားမှတ်တိုင်သို့ ရောက်လျှင်ရောက်ခြင်း တစ်ခုခု လိုအပ်နေကြောင်း ကျွန်မ သတိထားမိလိုက်ပါသည်။ ထိုသည်ကား အမိုးနီ မှတ်တိုင်အောက် ခုံတန်းလေးတွင် ခပ်မတ်မတ် ထိုင်နေလေ့ရှိသော အဖိုးအိုကို မတွေ့ရခြင်းပင်။ ရုတ်တရက် ကျွန်မ စိတ်ပူသွားမိသည်။ သူ ဘာများ ဖြစ်လို့ပါလိမ့်၊ နေများ မကောင်းလို့လား၊ မနေ့က တွေ့တုန်းကရော… ဘာများ ထူးခြားနေသေးသည်လဲ၊ သူ့မျက်နှာ ကြည်ကြည်လင်လင် ရှိပါရဲ့လား.. ကျွန်မ မှတ်မိသမျှ ပြန်လည် ပုံဖေါ်တွေးတောနေမိပြီးမှ ကျွန်မ၏ အတွေးများကို အနည်းငယ် ရယ်မောလိုစိတ်ပင် ဖြစ်သွားပါသေးသည်။ အော်… တစ်ခါတစ်လေတော့ သူလည်း အနားယူတာ၊ ခွင့်ယူတာမျိုးတော့ ရှိနိုင်သည် မဟုတ်လား။ ဒီနေ့ မတွေ့ရလည်း မနက်ဖြန်ကျ ပြန်တွေ့ရမှာပဲ မဟုတ်လား… ဘာပူစရာ ရှိသလဲ… ဟု တွေးရင်းက ရုတ်တရက် ခံစားလိုက်ရသော စိုးရိမ် ပူပန်မှုကို မေ့ဖျောက်ကာ ဆင်းနေကျမှတ်တိုင် ကျော်မသွားစေရန်သာ ကျွန်မ သတိထားနေခဲ့ရပါသည်။
ညနေ အိမ်ပြန်ရောက်ပြီးချိန်၊ ညစာ စားသောက်ပြီး အိပ်ရာဝင်ခဲ့ချိန်အထိ နောက်တစ်နေ့ မနက်ကို ရောက်ရန် ကျွန်မ စိတ်စောနေခဲ့ပါသည်။ နောက်တစ်နေ့မနက် မှတ်တိုင်လေးကို ဟိုးဝေးဝေးထဲက ကျွန်မ လှမ်းကြည့်မိပါသည်။ လမ်းဘေးမှ ဓါတ်မီးတိုင်၏ အလင်းရောင်အောက်တွင် အမိုးနီမှတ်တိုင်ကလေးသည် အခါများစွာနှင့် မတူ၊ လူသူလေးပါး ကင်းစင်ကာ ငြိမ်သက် တိတ်ဆိတ်လျက်။ ကျွန်မများ စိတ်စောပြီး ခါတိုင်းထက် အနည်းငယ် စောရောက်နေသောကြောင့်လား ဟု စိတ်ကို လှည်စားကာ လက်ထဲမှ နာရီကို ငုံ့ကြည့်လိုက်ချိန်မှာ နာရီလက်တံများက ခြောက်နာရီခွဲတိတိကို ညွှန်ပြလျှက်ရှိသည်။ ထိုအချိန်မှာပဲ ကျွန်မစီးရမည့် ဘတ်စ်ကားသည် မှတ်တိုင်ကလေးရှိရာဆီသို့ တရွေ့ရွေ့ နီးကပ်လာခဲ့တာ ဖြစ်သည်။ ကားပေါ်သို့ တက်လာခဲ့ရသော်လည်း ကျွန်မ၏ စိတ်များက မှတ်တိုင်ကလေးဆီသို့ လှည့်ကြည့်လှည့်ကြည့်ဖြင့်၊ မြင်တွေ့နေကျ နှစ်လိုဖွယ်ကောင်းသော အဖိုးအိုထံတွင် ရစ်ဝဲလျက်။
သည်လိုနှင့် တစ်ရက် ၊ နှစ်ရက်မှ တစ်ပတ်တိတိ ကြာမြင့်ကာ နောက်တစ်ပတ် တနင်္လာနေ့သို့ ရောက်လာခဲ့ပြန်သည်။ သည်နေ့တော့ သူ့ကို ပြန်တွေ့ရလောက်ပြီဟု ကျွန်မ တွေးရင်း မှတ်တိုင်ကလေးဆီသို့ ခပ်သွက်သွက် လျှောက်လာခဲ့ပါသည်။ သို့သော် မှတ်တိုင်ကလေးတွင် ကျွန်မ တွေးထင် မျှော်လင့်ထားသော ထိုအဖိုးအိုကို မတွေ့ရပါ။ ထိုအခါ ကျွန်မ စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသော အတွေးပေါင်းစုံဖြင့် ယောက်ယက်ခတ်နေခဲ့ပါသည်။ သူ အလုပ် မလုပ်တော့ဘူးလား၊ သို့တည်းမဟုတ် အလုပ်ချိန်ပြောင်းသွားသည်လား၊ အလုပ်လုပ်သော နေရာ ပြောင်းသွားသည်လား၊ အိမ်ပြောင်းသွားသည်လား၊ နေမကောင်း ထိုင်မသာ ဖြစ်နေသည်လား၊ နောက်ဆုံး မပြောကောင်း မဆိုကောင်း တစ်ခု တစ်ခုများ ဖြစ်သွားသည်လား… ဟူသော အဆင့်အထိ ကျွန်မ တွေးမိကြောင်း ၀န်ခံရပါမည်။ ယခုမူ ကျွန်မ၏ စိတ်သောကကို မည်သူ တစ်ဦးတစ်ယောက်ကမှ နားလည်နိုင်မည် မဟုတ်၊ ကျွန်မ မြင်တွေ့နေကျ ထိုအဖိုးအိုကလေး၏ နှစ်လိုဖွယ် ဂရုစိုက်မှုနှင့် မျက်ဝန်းများမှာ တွေ့ရလေ့ရှိသော ခင်မင်မှုကို မည်သူကမှ နားလည်နိုင်လိမ့်မည် မဟုတ်။ ကျွန်မကလည်း သူနှင့် ပတ်သက်သမျှ ဘာဆို ဘာမှ မသိခဲ့၊ သိအောင်လည်း မကြိုးစားဖြစ်ခဲ့။ ယုတ်စွအဆုံး ကားမှတ်တိုင်ကလေး ရှိရာသို့ မည်သည့်အရပ်မျက်နှာဆီမှ လမ်းလျှောက်လာသည်ကိုပင် ကျွန်မ မသိခဲ့ချေ။
******
မှတ်မှတ်ရရ အဖိုးအိုလေးကို မတွေ့ရသည်မှာ မနေ့က တနင်္လာနေ့တွင် သုံးလ ပြည့်ခဲ့သည်။ ကျွန်မရုံးမှ မိတ်ဆွေ ပြောခဲ့သော လမုန့်ပွဲတော်ရက်များလည်း ရောက်လာခဲ့ပြီ ဖြစ်သည်။ လူစည်ကားသော နေရာတိုင်းမှာ မီးပုံးရောင်စုံကလေးများနှင့်အတူ လမုန့် အရောင်းဆိုင်များလည်း စည်ကားနေပြီ ဖြစ်သည်။ အရောင်အသွေးစုံလင် လှပသော လမုန့်ဗူးများကို မြင်တိုင်း နေ့စဉ် မြင်တွေ့နေကျ၊ ကျွန်မကို ဂရုတစိုက်ရှိနေကျ အဖိုးအိုကလေးကို လက်ဆောင်ပေးရန် ရည်ရွယ်ခဲ့ဖူးကြောင်း အခါမလပ် သတိရနေခဲ့တာ ဖြစ်သည်။ အဖိုးအိုလေးကို သတိရစိတ်၊ သူ ဘယ်ရောက်သွားပါလိမ့် ဟူသော ပူပန်စိတ်တို့နှင့်အတူ တစ်ခါတစ်ရံတွင် အို… သူ နေကောင်း ကျန်းမာနေမှာပါ၊ အလုပ်က အနားယူပြီး ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းနေမှာပါ၊ သူ စိတ်ရော ကိုယ်ရော ချမ်းသာ နေမှာပါ ဟု တွေးကာ စိုးရိမ်ပူပန်စိတ်၊ သတိရစိတ်တို့နှင့်အတူ နောက်ကျခဲ့လေခြင်း ဟူသော နောင်တတို့ကို ဖြေဖျောက်ရသည်။
ထိုအချိန်များတွင် ကျွန်မ အတတ်နိုင်ဆုံးနှင့် အဆီလျော်ဆုံး အလုပ်မှာ ကျွန်မ စိတ်ထဲမှ တိတ်တဆိတ် ရင်းနှီးခင်မင်လျက်ရှိသော အဖိုးအိုလေး ကျန်းမာ ချမ်းသာပြီး အသက်ရှည် အနာမဲ့ကြောင်း ဆုတောင်းပေးခြင်းသာ ဖြစ်ပါတော့သည်။
သက်ဝေ
(၁၈ စက်တင်ဘာ ၂၀၁၄)
- Look Magazine - February 2015 တွင် ဖေါ်ပြပြီး ဖြစ်သည်။
မှတ်ချက် - မိတ်ဆွေတစ်ယောက်က သူ ကိုယ်တွေ့ကြုံရတဲ့ အဖြစ်အပျက်နဲ့အတူ သူ ခံစားရတာတွေကို အခုလို ပြောပြပါတယ်။ သူနဲ့ ထပ်တူ အတတ်နိုင်ဆုံး အနီးစပ်ဆုံး ခံစားရေးဖွဲ့ထားပါတယ်။
- Look Magazine - February 2015 တွင် ဖေါ်ပြပြီး ဖြစ်သည်။
မှတ်ချက် - မိတ်ဆွေတစ်ယောက်က သူ ကိုယ်တွေ့ကြုံရတဲ့ အဖြစ်အပျက်နဲ့အတူ သူ ခံစားရတာတွေကို အခုလို ပြောပြပါတယ်။ သူနဲ့ ထပ်တူ အတတ်နိုင်ဆုံး အနီးစပ်ဆုံး ခံစားရေးဖွဲ့ထားပါတယ်။
စကားတခွန်းမှ မပြောဖြစ်ခဲ့ပေမယ့်လည်း အချိန်မှန် ဆုံနေကျ လူသား ၂ ယောက်အကြားက အသိအမှတ်ပြုမှုနဲ့ သံယောဇဉ်ကို တိတိပပ တွေ့ခွင့်ရတဲ့ ဝတ္ထုတိုလေးပါပဲ အစ်မသက်ဝေ…၊ လမုန့်တခု မပေးနိုင်ခင်စပ်ကြားမှာ အနည်းဆုံးတော့ နှုတ်ဆက် စကားလေး တခွန်းနှစ်ခွန်းလောက် ပြောဖြစ်ခဲ့မယ် ဆိုရင်…. ဆိုတဲ့ အတွေးလေးတခုလည်း ရသွားခဲ့တယ်…။
ReplyDeleteနောက်ကျခဲ့တယ်....
Delete2 sweet :*
Deleteကိုယ်လက်ဆောင်ပို့ ပေးချင်တဲ့သူနှစ်ယောက်ကိုမပေးဖြစ်လိုက်ခင်
ReplyDeleteဆုံးသွားကြတာကိုယ်တွေ့ မို့ ဒီဝတ္ထုလေးကကိုယ့်ရင်ကိုတော်တော်ထိတယ်။
အိုင်အိုရာ
အမြဲတမ်း စာလာဖတ်လို့ ကျေးဇူးတင် ချစ်ခင်...း)
Deleteလမုန့်အကြောင်းလေးဖတ်ရတော့ ၁၉၉၇ ခုနှစ်မှာ တီတင့်အလုပ်လုပ်တဲ့ ကုမ္ပဏီက ပိုင်ရှင်သူဌေး မက်ကာအိုကနေ လမုန့်အမျိုးမျိုးကို မြန်မာပြည် ယူလာပြီး ရုံးဝန်ထမ်းတွေနဲ့ ဌာနတာဝန်ခံတွေကို ဝေကျွေးခဲ့လို့ ပထမဦးဆုံးအကြိမ် မြင်ဘူးတာ။
ReplyDeleteမသက် ခင်မင်သံယောဇဉ်တွယ်မိတဲ့ အဖိုးအိုလေး ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာနဲ့ ရှိနေမှာပါ။ ပို့စ်တစ်ပုဒ်စီကိုဖတ်ရတိုင်း ဇာတ်ကောင်တစ်ယောက်နဲ့အတူ လှုပ်ရှားမှုလေးတွေကို ကွင်းကွင်းကွက်ကွက် စာဖတ်သူတို့ မြင်နိုင်ပြီး ခေါင်းထဲစွဲကျန်ခဲ့အောင် ရေးနိုင်ပါပေတယ်။
တီတင့် ဆုတောင်းသလိုပဲ အမြဲဆုတောင်းမိပါတယ်...း)
Deleteသူငယ်ချင်းက အဖိုးအိုလေးကို ဆက်စောင့်ကြည့်နေမိသေးလား အမသက်ဝေ။
ReplyDeleteKT
ဟုတ်...လူဆိုတာ အကျင့်ရဲ့ ကျေးကျွန် တဲ့... သူ နေ့တိုင်း ရှာကြည့်နေတုန်းပါပဲ...
Deleteဒါဆို အဖိုးအိုတကယ်ဘာဖြစ်သွားလဲဆိုတာ ဒီနေ့ထိမသိဘူးပေါ့နော် အစ်မ...း(
ReplyDeleteဟုတ်တယ် ညီမ... ဒီနေ့အထိ မသိသေးပါဘူး...
Deleteအဖိုးအိုလေး ကျန်းမာအသက်ရှည်ပါစေ...
ReplyDeleteဒါလေးဖတ်ပြီး အိမ်နားမှာ မနက်ဆို အမှိုက်ပုံးတွေထဲက ပစ္စည်းလေးတွေ လိုက်ကောက်တဲ့ အဖိုးအိုကို သတိရသွားတယ်... MRT ဟိုဘက်ကနေ ဒီဘက် လှေကားကို ခက်ခက်ခဲခဲ တက်ရတဲ့အထိ သူအိုမင်းနေပြီး ထမင်းတလုပ်အတွက် ရုန်းကန်ရရှာတာ... သူ့ ကို မြင်တော့ အရမ်းသနားတာနဲ့  အိမ်က သတင်းစာလေးတွေ စုစုပြီး သူ့ ကို လှူဖြစ်တယ်.... ပိုက်ဆံလှူရတာ ကြိုက်မကြိုက်မသိလို့ ... ဒါပေမယ့် ခုသူ့ ကို မတွေ့ ရတာ ၄ ၅လရှိပြီ... တို့ လဲ စိတ်ပူနေတာ...
မတင်မကျကျန်ခဲ့တယ်
ReplyDeleteလောကကြီးထဲမှာ နေပျော်စရာကောင်းအောင် ဖန်တီးထားတဲ့ သံယောဇဉ်တွေ.....
ReplyDeleteမ မြ င် ရ တဲ့ သံေ ယာ ဇ ဉ်ေ တွ နဲ့
ReplyDeleteကို ယ် ခ င် မ င် သံေ ယာ ဇ ဉ် ရှိ တဲ့ သူ
ေ ပ် ာ က် ရှ သွား တဲ့ အ ခါ စိ တ် မေ ကာ င်း စ ရာ ပါ
လွ မ်း စ ရာ စာ တ စ် ပု ဒ် ဖ တ် ရ လို့ေ ကျး ဇူး တ င် ပါ တ ယ်
Not bad..
ReplyDeleteအမသက်ဝေရဲ့ အရေးအသား ကောင်းလွန်းလို့ အမကိုယ်တိုင် ကြုံခဲ့ရတယ်လို့ ထင်မိတာ။ နောက်ဆုံးကျမှ သူငယ်ချင်းရဲ့ အဖြစ်မှန်း သိရတယ်။ မျက်စိထဲမှာ မြင်ယောင်လာတယ် အမရယ် ... ။ တခုပဲ အသက် ၆၀ ကျော်ကို အဖိုးအိုလို့ ခေါ်တာတော့ သိပ် သဘောမကျဘူး အမရဲ့။ ၆၀ ကျော်က ငယ်ပါသေးတယ်လေ အဖိုးအို မဖြစ်သေးပါဘူးနော်။ ကိုယ်က ၄၀ ကျော်နေမှကိုး :P
ReplyDeleteအဖိုးအိုလေးကို ကျန်းမာစွာနဲ့ပြန်တွေ့ပြီး လမုန့်ဘူးလေးလည်းလက်ဆောင်ပေးနိုင်ပါစေလို့
ReplyDelete(မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့ အဲဒီဆုတောင်းလေးပြည့်ပါစေလို့ထပ်ဆုတောင်းတယ်အမရေ )
မ မြ င် ရ တဲ့ သံေ ယာ ဇ ဉ်ေ တွ နဲ့
ReplyDeleteကို ယ် ခ င် မ င် သံေ ယာ ဇ ဉ် ရှိ တဲ့ သူ
ေ ပ် ာ က် ရှ သွား တဲ့ အ ခါ စိ တ် မေ ကာ င်း စ ရာ ပါ . . . . . . )))